Tuesday, March 24, 2015

သမိုင်းတစ်ခုနှင့် နေထိုင်ခဲ့ခြင်း

++++
Tribute to Mr Lee Kuan Yew
++++

စင်္ကာပူရဲ့ဖခင်ကြီးဘဘလီ (မစ္စတာလီကွမ်ယူ) ကွယ်လွန်သွားပြီ ကြားရတော့ ကိုလိုနီခေတ် မြန်မာပြည်မှာ ရာဇဝတ်တရားသူကြီး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာမောရစ်ကောလစ်ကို အမှတ်ရမိလိုက်တယ်။

အမေလူထုဒေါ်အမာဘာသာပြန်တဲ့ မောရစ်ကောလစ်ရဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သောအမှုအခင်းများ Trials in Burma စာအုပ် ဖတ်ပြီး မောရစ်ကောလစ်ဆိုတာ ဘယ်လိုလူမျိုးလဲ၊ သူများတွေ ပြောနေကြသလို အင်္ဂလိပ်လူမျိုးတွေထဲမှာ သူဟာ မြန်မာပြည်သားတွေအပေါ် စိတ်စေတနာ မေတ္တာထားသူ တစ်ယောက်လား ဆိုတာ လေ့လာစူးစမ်းမိတယ်။
 

မြန်မာပြည်မှာ ဗြိတိသျှတွေ အုပ်စိုးတဲ့ခေတ်က အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ မြန်မာတိုင်းရင်းသားများယှဉ်လိုက်ရင် မြန်မာတိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေဟာ များသောအားဖြင့် တစ်ဖက်သတ်အနှိမ်ခံခဲ့ရမယ်ဆိုတာ ယုံမှားနေစရာ မရှိပါဘူး။ မြန်မာပြည်အကြောင်း မြန်မာရာဇဝင်အကြောင်း အင်္ဂလိပ်လူမျိုးတော်တော်များများရဲ့ ရေးသားပြောဆိုတာတွေကို လေ့လာကြည့်လိုက်ရင်လည်း
မြန်မာလူမျိုးတွေကို အထင်သေးတာတွေ၊ အမှန်ထက်အမှားကို သာသာထိုးထိုးရေးထားတာတွေ မြန်မာတို့ရဲ့ ဂုဏ်သရေထိခိုက်အောင် ဖတ်မိသမျှလူ ရွံရှာမုန်းတီးစေအောင် လုပ်ကြံထားကြတာမျိုးတွေ တွေ့ရပါတယ်။ 

အဲ့ဒီထဲမှာ ရာဇဝတ်တရားသူကြီးအနေနဲ့ မြန်မာပြည်မှာ အမှုထမ်းခဲ့တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်တဲ့ မစ္စတာကောလစ်ကတော့ သူများနဲ့မတူ တမူထူးပြီး မြန်မာ့အရေးနဲ့ မြန်မာလူမျိုးတွေအပေါ် သမာသမတ်ကျအောင် အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ခဲ့တယ်လို့ မြင်ပါတယ်။ အဲ့သလို ဆောင်ရွက်လို့ မစ္စတာကောလစ်ဟာ မြန်မာလူမျိုးတွေအပေါ် လူသားချင်းစာနာမှုနဲ့လုပ်ခဲ့တာလား ကြင်နာသနားလို့လား ကရုဏာထားလို့လား စိတ်စေတနာ မေတ္တာထားသူလား ဆိုတော့ အဲ့သလိုလည်း တထစ်ချ မသတ်မှတ်ချင်ပါဘူး။ 

မစ္စတာကောလစ်ဟာ ဗြိတိသျှရဲ့အကျိုးစီးပွားကို ကာကွယ်ပေးရတဲ့ စက်ယန္တရားကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ရပေမဲ့ တာဝန်ကျေတဲ့ နယ်ချဲ့သမားလို့ ဆိုရပါမယ်။ သူဟာ အင်္ဂလိပ်တရားဥပဒေရဲ့နာမည်ကောင်းကို မထိခိုက်ချင်သူ၊ သူတို့လူမျိုးကို ကမ္ဘာပေါ်မှာကြီးကျယ်မြင့်မြတ်တဲ့လူမျိုးလို့ ယူဆထားတဲ့သူပီပီ အင်္ဂလိပ်တွေဟာ တရားသဖြင့် အလုပ်ကိုသာ လုပ်တဲ့သူတွေလို့ ဂုဏ်ယူချင်သူ၊ မတရားမှုပြုရမှာအတွက် ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူ၊ ဒါတွေကြောင့်သာ ကိုယ့်လက်အောက်ကလူမျိုးပင်ဖြစ်စေ မှန်ကန်တဲ့ စိတ်စေတနာကို ရှေ့ရှုထားပြီး ကိုယ့်အကျိုးစီးပွားကိုဆောင်ရွက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ အလုပ်လုပ်ခဲ့တာလို့ ထင်ပါတယ်။

စင်္ကာပူမှာ နိုင်ငံခြားသားနေနဲ့ ကျောင်းတက် အလုပ်လုပ် နေထိုင်နေတဲ့ နှစ်၂၀နီးပါးအတွင်း ဘဘလီအုပ်ချုပ်တဲ့နိုင်ငံမှာ နေထိုင်ရခြင်းဟာ မောရစ်ကောလစ် နဲ့ ဆက်ဆံနေရသလိုလို့ ခံစားမိတယ်။ နိုင်ငံခြားသားအဖြစ်နဲ့ နေထိုင်ခြင်းဟာ နိုင်ငံခြားသား အခွင့်အရေးနဲ့ပါပဲ၊ သူ့နိုင်ငံသားအတိုင်း အခွင့်အရေးအပြည့် မခံစားရပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားတွေကို မတရားသဖြင့် လုပ်လားဆို စင်္ကာပူဟာ အများအမြင်မှာ တတ်နိုင်သမျှတော့ ဘယ်သူ့ကိုမှ မတရား လုပ်လို့ မရပါဘူး။ သူတို့နိုင်ငံဟာ ဒီမိုကရေစီ စစ်စစ်နိုင်ငံ မဟုတ်ပေတဲ့ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာ့အလယ်မှာ ထယ်ဝါချင်သူများလို့ ထင်ပါတယ်။ ဒါကြောင့် ဆန်ပေးရင် ဆီရမယ်ဆိုတဲ့ ဘဘလီတို့ နိုင်ငံမှာ ကိုယ်လုပ်နိုင်ရင် လုပ်သလောက် ကိုယ်အရည်အချင်းရှိရင် ရှိသလို နိုင်ငံက ချမှတ်ထားတဲ့ မူအတိုင်း မှန်ကန်တဲ့အခွင့်အရေးကို ရရှိခဲ့ ရရှိဆဲဖြစ်ပါတယ်။

ဘဘလီဟာ နိုင်ငံခြားသားတွေကို အောက်ခြေအလုပ်သမားကစလို့ နယ်ပယ်ပေါင်းစုံက အတတ်ပညာရှင် အသိပညာရှင်တွေ အထိ သူ့နိုင်ငံမှာ လွတ်လပ်စွာ နေထိုင်ခွင့်ပေးရေးမူကို ချမှတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အိမ်နီးချင်းနိုင်ငံများက ဆင်းရဲတဲ့နိုင်ငံတွေမို့ တတ်နိုင်သလောက် ကူညီမယ်ဟဲ့ဆိုတဲ့ စေတနာ မေတ္တာနဲ့လို့တော့ ထင်စရာအကြောင်းမရှိပါဘူး။ တကယ်တော့ သူ့ နိုင်ငံ သူ့လူမျိုး အကျိုးစီးပွားအတွက်ကို အဓိက ရည်ရွယ်ခဲ့တာပါ။ 


ကိုယ့်နိုင်ငံက လူမျိုးတွေ မလုပ်ချင် မလုပ်နိုင်တဲ့ ခက်ခဲပင်ပန်းတဲ့ အန္တရယ်များတဲ့ အောက်ခြေ အလုပ်သမား အလုပ်တွေကို ပြင်ပနိုင်ငံက ဈေးပေါပေါနဲ့ တင်သွင်းပါတယ်။ ကိုယ့်နိုင်ငံမှာ မရှိသေးတဲ့ လိုအပ်နေတဲ့ အသိပညာ အတတ်ပညာတွေအတွက် ပြင်ပနိုင်ငံကပညာရှင်တွေကို ဈေးကြီးပေးပြီး နိုင်ငံအတွက် မြှပ်နှံပါတယ်။

 နိုင်ငံခြားကုန်ထုတ်လုပ်ငန်းတွေအတွက် မြေနေရာတွေကို ဈေးသက်သက်သာသာနဲ့ ငှားရမ်းခွင့်ပေးပြီး သုတေသန လုပ်ငန်းတွေအတွက်လည်း အစိုးရအနေနဲ့ တတ်နိုင်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ သုတေသန လုပ်တဲ့ ကုမ္ပဏီတွေကို တခြားထောက်ပံ့မှုတွေပေးတဲ့အပြင် ဝန်ထမ်းလစာတွေကို ကုမ္ပဏီကတစ်ဝက်ပဲ ပေးရပြီး စင်္ကာပူအစိုးရက တစ်ဝက် စိုက်ထုတ်ထောက်ပံ့ပေးတာမျိုးတွေလုပ်ပါတယ်။ ဒီလိုထောက်ပံ့မှုတွေနဲ့ ဆွဲဆောင်ပြီး သုတေသနလုပ်ငန်းတွေ စင်္ကာပူက လွယ်လွယ်နဲ့ထွက်ခွါမသွားအောင် ထိန်းနိုင်ခဲ့ပါတယ်။

ရေတို တွေးတဲ့သူတွေကတော့ ဒီကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှု ပံ့ပိုးမှုတွေကို ကိုယ့်နိုင်ငံက ပိုက်ဆံတွေ အလကား ရေစုန်မျှောပစ်နေတယ်လို့ ထင်မယ်။ နိုင်ငံခြားသားတွေကြောင့် နိုင်ငံဟာ လူတွေရောထွေးများပြားလာတယ်၊ ပြည်တွင်းကလူတွေ အလုပ်လက်မဲ့ဖြစ်ရတယ်လို့ မိုက်ရူးရဲစွာတွေးမယ်။
 
တကယ်ကတော့ နိုင်ငံခြားကလာတည်တဲ့ စက်ရုံအလုပ်ရုံတွေကြောင့် ပထမဆုံး ပြည်တွင်းကလူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာပါတယ်။ နိုင်ငံခြားကလာရောက်တည်ထောင်ထားတဲ့ သုတေသန အလုပ်ရုံတွေကို ထောက်ပံ့မှုတွေပေးပြီး အတိုင်းတိုင်းအပြည်ပြည်က အတတ်ပညာရှင်တွေ ဆွဲဆောင်ငှားရမ်းထားနိုင်မှုကြောင့် ပြည်တွင်းက လူငယ်မျိုးဆက်သစ်တွေအတွက် ဒီအတတ်ပညာရှင်တွေဆီက လေ့လာသင်ယူခွင့် အလွယ်တကူရရှိစေပါတယ်။ ကိုယ့်ထက်သိတဲ့ တတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ရင်း ပြည်တွင်းက မျိုးဆက်သစ်တွေဟာ အတတ်ပညာရှင် အသိပညာရှင်တွေ အဖြစ်ကို မလွှဲမသေ ရောက်ရှိလာတာပါပဲ။

ကျွန်မတို့လို နိုင်ငံခြားတိုင်းပြည်က သူတွေကို ကျောင်းတက်ခွင့်ပေးခဲ့လို့ အလုပ်ပေးခဲ့လို့ နေစရာတစ်ခုပေးလို့ ဘဘလီ ကို ကျေးဇူးရှင်ရယ်လို့ ကျွန်မ မဆိုချင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မတို့သာ အရည်အချင်းမမှီခဲ့ရင် သူတို့နိုင်ငံက ကျောင်းကိုတက်ဖို့ ဘယ်လိုမှဝင်ခွင့်ရမှာ မဟုတ်ပါဘူး၊ ကျွန်မတို့သာ အတတ်ပညာရှင်မဟုတ်ရင် ဒီနေ့ ဒီနိုင်ငံမှာ ဒီလိုအလုပ်နဲ့ ဒီလိုလခမျိုး မရနိုင်ပါဘူး။ ကျွန်မတို့သာ ကျွန်မတို့တတ်နိုင်သလောက် ဒီနိုင်ငံကို ပြန်အကျိုးကျေးဇူးမပြုနိုင်ဘူးဆိုရင် ယနေ့ထိ ဒီနိုင်ငံမှာ ဆက်နေခွင့်ပေးမယ် မထင်ပါဘူး။

ကျွန်မက ဘဘလီရဲ့ တခြားနိုင်ငံရေးပေါ်လစီတွေကို ဝေဖန် ဆန်းစစ်တာတွေ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ စိတ်ရော ကိုယ်ပါ ပင်ပန်းကြီးစွာ သူ တည်ထောင်ခဲ့တဲ့ နိုင်ငံမှာ သူကိုယ်တိုင်ရော သူ့မိသားစုရော သူ့နိုင်ငံသားတွေပါ ကောင်းစားရေးအတွက်၊ တနွယ်ငင်တစင်ပါပြီး ကျွန်မတို့လိုနိုင်ငံခြားသားတွေပါ အထိုက်အလျောက် အဆင်ပြေစေရေးအတွက် ခေါင်းမာစွာနဲ့ အမျှော်အမြင်ကြီးစွာနဲ့ နိုင်ငံကို စနစ်တကျ ဖော်ဆောင်ခဲ့သူ၊ သူ့ပြည်တွင်းက မျိုးဆက်သစ်တွေအတွက် သူ့နိုင်ငံအတွက် သမိုင်းတစ်ခုကို ဖန်တီးသွားသူအဖြစ် လှိုက်လှိုက်လှဲလှဲ ဦးညွှတ် ဂုဏ်ပြု လိုက်ရပါတယ်။
 
မစ္စတာလီကွမ်ယူ ဟာ စင်္ကာပူ ဖြစ်ပါတယ်။
စင်္ကာပူဟာ မစ္စတာလီကွမ်ယူဖြစ်ပါတယ်။ 

ကျွန်မရဲ့ဘဝသက်တမ်းမှာ သမိုင်းတစ်ခုနဲ့အတူ နေထိုင်တွေ့ဆုံခဲ့ရခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
 
စုချစ်သူ
၂၃ မတ် ၂၀၁၅
 
 +++++

No comments: