Thursday, September 18, 2014
ဓူဝံကြယ် မြေမှာခကြွေ
"ဘယ်လိုလဲ ကိုကိုနဲ့ ညီညီတို့ ထမင်းစားလို့ ကောင်းကြလားဟေ့..."
"ဟာ... စားကောင်းလားတော့ မမေးနဲ့၊ ကြီးစုလက်ရာဆို သားတို့က ကြိုက်ပြီးသား။"
ဒီတစ်ပတ် ပိတ်ရက်တနင်္ဂနွေတွင် ဦးရေချမ်းရဲ့အမွှာတူတော်မောင်နှစ်ယောက် အိမ်အလည်ရောက်လာကြသဖြင့် နေ့လည်စာ ထမင်းကျွေးပြီး သူတို့အတွက် အချိုပွဲ ပြင်ဆင်နေရာမှ မေးလိုက်ခြင်းဖြစ်သည်။ သူတို့ညီအစ်ကိုက စင်ကာပူရောက်တာ သိပ်မကြာကြသေး၊ ပြည်တွင်းစက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း အချိန်ပိုင်း မာစတာ ကျောင်းတက်နေကြသူများဖြစ်သည်။
"အေး... စားကောင်းရင်လည်း ခဏ ခဏ လာစားကြလေ၊ ခုတော့ဖြင့် မင်းတို့ဟာက ပျောက်သွားလိုက်ရင် တမေ့တမောကြီး..."
မရွှေစုက သူတို့ရှေ့မှာ လက်ဘက်သုတ်နဲ့ ကော်ဖီခွက်တွေ ချပေးရင်း ငေါက်သလို ပြောလိုက်သည်။
"သြော်... ရီးစားတွေ ဘာတွေနဲ့ လျှောက်လည်နေတာ ဖြစ်မှာပေါ့... ဒေါ်ရွှေစုရယ်..."
"ဟာ... ဟုတ်ပါဘူး လေးလေးရ၊ သားတို့ စာကျက်နေရလို့ပါ၊ ရီးစားလည်း မရှိသေးပါဘူး၊"
"ဘယ်ရှိသေးမလဲ... မင်းကို ဟိုက ပြန်မှ မကြိုက်သေးတဲ့ဟာ..."
"အမယ်... မင်းကရော... အတန်းထဲကစလုံးတရုတ်မကြီး ငယ်မှန်းမသိ ကြီးမှန်းမသိ အသက်ဘယ်လောက်မှန်းမသိ လိုက်ငမ်းနေပြီးတော့... "
"အေး...အေး... ရန်ဖြစ်ကြ... အဲ့သာမှ မင်းတို့ အကြောင်းတွေ မမေးရပဲ အကုန်ပေါ်ပြီး ငါတို့ သိရမှာ... ကဲ... ကိုကိုက အရင်စပြောပါဦး... ဘယ်က တရုတ်မကို သွားကြိုက်တာတဲ့တုန်း..."
မရွှေစုက စလုံးတရုတ်မအသံကြားလိုက်ရသဖြင့် စိတ်ပူပြီး ကိုကို့ဘက်ကို လှည့်ကာအရင်မေးလိုက်ရခြင်းဖြစ်သည်။ ဘယ့်နှယ် ရောက်တာဖြင့် မကြာသေး၊ သူက စလုံးတရုတ်မတောင် တက်ချိန်နေပြီ ဆိုပါ့လား၊ ကောင်းကောင်းကန်းကန်း ဆိုရင်တော့ဖြင့်တော်ရဲ့၊ အိမ်မှုကိစ္စကျ ဘာမှ မလုပ်ချင် လူကြီးသူမကျ ရိုသေရမယ်မှန်းမသိ ဘရန်းမှ ဘရန်းဖြစ်နေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား စလုံးတရုတ်မမျိုး ဆိုရင်တော့ဖြင့် သူတို့မိဖတွေ ရင်ကျိုးရချည်ရဲ့။
"အာ... မကြိုက်ပါဘူး၊ ဒီလိုပဲ ခပ်ပါးပါးလောက်ပါ... "
"ကဲ... ကဲ... ဆိုစမ်းပါဦး... သူက ဘယ်ကလဲ၊ ဘာလုပ်လဲ... "
ကိုကိုက ရှက်ရှက်နှင့် ငြိမ်နေတော့ ညီညီက သူများအကြောင်းမို့ အားရဝမ်းသာ ချွန်လေတော့သည်။
"သားတို့ အတန်းထဲက ကြီးစုရဲ့၊ အတူတူ ပရောဂျက် လုပ်ရင်းခင်သွားတာ၊ စလုံးတရုတ်မ ပေတဲ့ တော်တော်သဘောကောင်းတဲ့ စလုံးတွေထဲမယ်ပါတယ်၊ လူကြီးလဲဆန်တယ်၊ သားတို့ကိုလည်း ခင်နေတော့ ဟိုဟာလိုက်ကျွေး သည်ဟာလိုက်ကျွေးနဲ့၊ ကျောင်းစာတွေလဲ သူပဲ ဒိုင်ခံလုပ်တာ၊ တော်တော်ထက်ပုံလဲရတယ်၊ သူ့ရုံးမှာလည်း ရာထူးကြီး လစာကောင်းပုံရတယ်ထင်တာပဲ..."
"နေပါဦး... သူ့အသက်က ဘယ်လောက်တဲ့လဲ..."
"ဟိဟိ.. အဲသာ ခက်နေတာပေါ့... စလုံးမယ် မိန်းမတွေကို လစာမမေးရ၊ အသက်မမေးရ ဆိုတာကြီး ရှိနေတော့ သားတို့လဲ သူ့အသက် ခန့်မှန်းရခက်တာ... နုကလည်း နု ဝတ်တတ်စားတတ်လဲရှိ အလှတွေကလည်းပြင်ထားတော့ ..."
"မင်းတို့ အဲ့သာတော့ ညံ့ပါ့ကွာ...ဒီလိုပဲ စကားပြောရင်းဆိုရင်းကနေ ခန့်မှန်းလို့ရကြတာပဲဥစ္စာ၊ အထက်တန်းကျောင်းပြီးတဲ့အချိန်မေးရင်း မှန်းလို့ရသကွာ၊ အလုပ်စဝင်တာဘယ်လောက်ကြာပြီလဲ မေးရင်း ခန့်မှန်းလို့ရသကွာ၊ ယုတ်စွအဆုံး သူတို့တရုတ်မွေးနှစ် အကောင်တွေ မေးရင်း မှန်းလို့ရသကွာ...၊ ဒါကျ မြန်မာမ တွေက ပွင့်လင်းတယ်ဗျာ... "
ဦးရေချမ်းက မရွှေစုဘက်လှည့်ကြီးပြီး ပြုံးပြုံးကြီးပြောလာတော့ သူ့ မျက်စောင်းထိုးရင်း အမယ်...ဘယ်လိုတဲ့လဲ ပြောစမ်းပါဦး လို့ မေးလိုက်မိသည်။
"ဥပမာ... အပျိုကြီးတစ်ယောက်က သူ့အသက် ၄၀ ရှိနေပြီဆို... မမေးပဲလည်း ပြောတာပဲ ဘာမှလျှို့ဝှက်မနေဘူး၊ အဲ့မှာ တစ်ဘက်လူက ဟယ်... အဟုတ်လား၊ မထင်ရဘူးနော်... ၃၀လောက်လို့ ထင်နေတာ... တကယ် တကယ် ဆိုရင် သူတို့မှာ ဖရဏာပီတိဂွမ်းဆီထိပြီး သဘောတွေကို ကျလို့... အဲ့သာကို ပြောတာ.... "
"ဟားဟား ဟားဟား... လေးလေးပြောတာ အစစ်ပဲ...အစစ်ပဲ... ကြီးစုဆို မမေးပဲ ၄၅ တွေ ၅၀ တွေ လျှောက်ပြော...ပြီး သူ့ နုတယ်ပြောရင် တပြုံးပြုံးနဲ့... ဟီးဟီး..ဟီးဟီး...."
မရွှေစုက ပြောင်နောက်နေသော ညီညီကို ခေါင်းခေါက်မလို ရွယ်လိုက်ရင်း မျက်စောင်းထိုးပြီး ကောင်စုတ်လေးတွေဟု ရေရွတ်လိုက်သည်။
"အမယ်.. အသက်မသိတာဆိုတော့ ပုံပြင်လေး တစ်ခုတောင် သတိရမိတယ်၊ တခါက လူပျိုကြီးတစ်ယောက် မိဖချင်းသဘောတူပေးစားလို့ အပျိုကြီးတစ်ယောက်နဲ့ ယူရရောတဲ့၊ အပျိုကြီးက သူ့အသက်ကို အတိအကျမပြောပဲ ၃၀ကျော် ၄၀လောက်လို့ ခပ်ဝါးဝါးလုပ်နေတာတဲ့၊ အဲ့မှာလူပျိုကြီးကလည်း ဒီမိန်းမအသက်အစစ်အမှန် ဒီညပဲသိစေရမယ် ကြိတ်ကြိမ်းဝါးပြီး ညမအိပ်ခင် သူ့မိန်းမကို မီးဖိုချောင်သွားပြီး ဆားအိုးအဖုံးပိတ်လိုက်ပါဦး၊ ဆားတွေကြွက်စားမှာစိုးလို့ပါ ပြောလိုက်တယ်တဲ့။ ဒီတော့ အပျိုကြီးက တခစ်ခစ်ရယ်ပြီး ကျုပ်အသက် ၅၀ကျော်ပြီ၊ ဆားကို ကြွက်စားတယ်လို့ ခါမှ ကြားဖူးပေါင်တော်လဲဆိုရော အသက်လဲပေါ်သွားရောတဲ့... ဟိဟိ..."
မရွှေစု ပုံပြင်နားထောင်ပြီး ဦးရေချမ်းတို့ တူဝရီး ၃ယောက်ရယ်သံက တအိမ်လုံး ဆူညံသွားသည်။
"အလကားပါ... ကြီးစုရာ၊ သားက ဘာမှမဟုတ်ဘူး၊ ကြိုက်လွန်းလို့ ဒုက္ခရောက်နေတာ ညီညီ မှ ညီညီ အစစ်၊ ကြီးစု သိမှာပါ... ဟို... ကြီးစုနဲ့ခင်တဲ့အန်ကယ်ကြီးဦးအောင်လှသမီးအငယ်ဆုံးစန္ဒီကို ဒီကောင်အသေကြိုက်နေတာရယ်.. "
"အဲ့... တကယ်လားဟဲ့..."
မရွှေစုက ကိုကို့အပြောကို စိတ်ဝင်စားသွားသည်။ အန်ကယ်ဦးအောင်လှတို့ဆိုသည်မှာ မရွှေစုတို့မိသားစုနှင့် ငယ်ကတည်းက ခင်မင်ရင်းနှီးခဲ့ပြီး ဘုရားတရားနှင့် အေးအေးချမ်းချမ်း ရှိကြသောမိသားစု ဖြစ်ကြသည်။ စန္ဒီက ငယ်ကတည်းက စင်ကာပူမှာ ကျောင်းတက်ဘွဲ့ရခဲ့ပြီး စာလည်းတော် အင်မတန်ထက်မြက်မြက်နှင့် ချောမောသိမ်မွေ့လှပသူလေးဖြစ်သည်။
"စန္ဒီဆိုရင် သဘောတူတယ်ဟေ့... မင်းဘက်က သေချာတယ်လို့ကတော့ ဝီရိယ စိုက်ထုတ်ပြီးရအောင်ကြိုးစားပေတော့ပဲ၊ ဟိုက တော်ရုံလောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး၊ သူ့မယ် အနားမှာ ဝိုင်းဝိုင်းလည်နေတာ..."
မရွှေစုက အတည်ပြောတော့ ညီညီက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါပြလေသည်။
"မလွယ်ပါဘူး ကြီးစုရာ၊ ကျွန်တော့်များ ဖုတ်လေတဲ့ငါးပိ ရှိလေတယ်လို့တောင် ထင်တာမဟုတ်ဘူး..."
"ဟဲ့... မင်းဘက်က ထိုက်သင့်တဲ့ကြိုးစားမှုတော့ လုပ်ရမှာပေါ့၊ အိမ်ထဲ ဒီတိုင်းထိုင်နေပြီး မလွယ်ဘူးလုပ်နေလို့ ရမလား... တန်ဖိုးရှိတဲ့ မိန်းကလေးဆိုတာ လွယ်လွယ်နဲ့ရမလားဟ... "
"မင်းကွာ... အရှက်မရှိဖြစ်တဲ့အထိ ကြိုက်ပြ... လိုက်.. အဲ့သာဆို ရရော... "
ဦးရေချမ်းက ကော်ဖီကို ဂျိုက်ခနဲကျိုက်လိုက်ရင်း ပြုံးစိစိနဲ့ ဝင်ပြောလေသည်။
"ဟိတ်... ကလေးကို ပေါက်ကရ လျှောက်မပြောနဲ့... "
မရွှေစုက ဦးရေချမ်းကို ငေါက်လိုက်ရင်း... " ဒီမယ်... ပုံပြင် တစ်ခု ပြောပြဦးမယ်..."
"ဟီး.. ကြီးစုမယ်တော့ ပုံပြင်က ထာဝစဉ် အဆင်သင့်ရှိတယ်..."
ကိုကိုက ပြောင်စပ်စပ်လုပ်နေသေးသည်။
"ဘုရားလက်ထက်က ရောဟီနီမင်းသမီးလေးဆိုတာ ရှိခဲ့တယ်။ သူက အရှင်အနုရုဒါရဲ့ နှမလေး...၊ ရှည်မှာစိုးလို့ ဇတ်လမ်းအပြည့်အစုံ မပြောတော့ဘူး၊ အဲ့ဒီမင်းသမီးလေးက ကောင်းမှုကုသိုလ်တွေပြုပြီး သေလွန်တော့ နတ်ပြည်မှာ ရွှေအဆင်းလိုဝင်းတဲ့ တအားကိုလှတဲ့ နတ်သမီးလေးသွားဖြစ်တယ်တဲ့။ နတ်သမီးလေးကလှလွန်းတော့ သူ့နတ်ဗိမ္မာန်နဲ့ နီးရာ လေးဘက်လေးတန်က နတ်သား၎ယောက်က သူ ရထိုက်တယ် ကိုယ် ရထိုက်တယ်ဆိုပြီး ဝိုင်းလုကြပါရောတဲ့။ နောက်ဆုံး ဘယ်သူရသင့်သလဲဆိုတာ သကြားမင်းဆီ အဆုံးအဖြတ် သွားတောင်းခံရတယ်တဲ့..."
"အဲ.. စိတ်ဝင်စားဖို့ကောင်းသား..."
"အဲ့မှာ သကြားမင်းက မေးတယ်... ရောဟီနီမင်းသမီးလေးကိုမြင်တဲ့အခါ မင်းတို့ ဘယ်လိုခံစားရသလဲတဲ့.. ဒီတော့ ပထမနတ်သားက နတ်သမီးလေးကို မြင်လိုက်တာနဲ့ တောင်ထိပ်မှာ စိုက်ထူထားတဲ့ အလံတိုင်တံခွန်လေတိုက်တဲ့အခါ တဖြတ်ဖြတ်လူးနေသလို သူ့စိတ်တွေလဲဘာလုပ်ရမယ်မှန်းမသိ ယောက်ယက်တွေခတ်ပြီး တဖြတ်ဖြတ်လူးနေတာပဲတဲ့..."
"အမယ်... နတ်သားက အလာကြီးဟ..."
"လာဦးမှာ... လာဦးမှာ... မပြီးသေးဘူး၊ ဒုတိယနတ်သားကတော့ စစ်ထွက်ခါနီးထုလိုက်လို့ စည်ကြီးတုန်ခါသွားသလို နတ်သမီးလေးမြင်တာနဲ့ သူ့ရင်တွေ ဝုန်းခနဲ တုန်ခါသွားပြီး စိတ်တွေခြောက်ခြောက်ခြားခြားနဲ့ ရိုးတိုးရိုးတွဖြစ်ရပါတယ်တဲ့..."
"ရွှီ..."
ကိုကိုနဲ့ ညီညီက နားထောင်ရင်း လေချွန်လိုက်လေသည်။
"တတိယ နတ်သားကကျတော့ နတ်သမီးစတွေ့ရပြီးကတည်းက သူ့မျက်လုံးဟာ ပုစွန်မျက်လုံးလိုပဲ ပြူးထွက်လာတာသာကြည့်ပါတော့တဲ့..."
"နောက်ဆုံးနတ်သားကကျတော့ ဘာပြောလဲဆို နတ်သမီးလေး မြင်ပြီးကတည်းက သူ့မေတ္တာရေအလျင်ဟာ တောင်ကျချောင်းရေ ဒလဟောကျတာကို တားဆီးမရသလို တသွင်သွင်းစီးဆင်းနေတာပါတဲ့... အဲ့သလို အပြိုင်အဆိုင်ပြောပြီး သူက ပိုချစ်တာ ကိုယ်က ပိုချစ်တာ ငြင်းကြရောတဲ့..."
"ဒီတော့ သကြားမင်းက လက်မြှောက်ပြပြီး...ဟေ့...ဟေ့... နေကြပါဦး... နေကြပါဦး... ငါလည်း ပြောပါရစေဦး... ငါကတော့ ဒီနတ်သမီးလေး မြင်ပြီးကတည်းက သူ့မရရင် ခုချက်ချင်းပဲ သေရတော့မှာကွ... ဒီတော့ ငါက မင်းတို့ထက်စာရင် အဆိုးဆုံးခံစားနေရလောက်အောင်ချစ်တော့ ငါပဲ ရထိုက်တယ်ဆိုပြီး သကြားမင်းက ကောက်ယူသွားပါရောတဲ့ကွယ်..."
"ဟိုက်.... အပိုင်သိမ်းပုံကတော့ သင်းပဗျာ..."
"အေး... အဲ့သာ ကြီးစု ပြောချင်တာက... မရရင် မနေနိုင်လောက်အောင်ဆိုတဲ့သူဟာ နောက်ဆုံးတော့ ကိုယ်လိုချင်တာကို ရကြမှာပဲ၊ ဒီ မိန်းမကိစ္စမှ မဟုတ်ဘူး၊ ဘယ်အလုပ်ဖြစ်ဖြစ် မဖြစ်မနေရအောင်လုပ်မယ် မရရင်သေမတတ်ပဲဆိုတဲ့ စိတ်နဲ့သာ လုပ်ကြည့်နောက်ဆုံးတော့ အောင်မြင်ကြတာပဲ... ကဲ..."
မရွှေစုက ကလေးတွေကို မျက်စပြစ် မေးထိုးပြပြီး ပြောလိုက်မိသည်။
"ဟီး.. ကြီးစုပြောမှ သားလဲ အားတက်လာပြီ... သားက သူများတွေလို မဖောတတ်ဘူး ကြီးစုရ... အဲ့သာ ခက်နေတာ..."
"ဟဲ့...လူဆိုတာ Sincere ဖြစ်ဖို့ ရိုးသားဖို့ပဲ လိုတာ... အဲ့လို ဖောရှောနေတဲ့ယောက်ျားတွေကို မိန်းမတွေက အထင်ကြီးမယ်များ မင်းမှတ်နေလား၊ အေး... အနည်းဆုံးတော့ စန္ဒီက အဲ့လိုလူမျိုးတွေကို အထင်ကြီးတဲ့အစားထဲ ပါမယ်မထင်ဘူး။"
"မသိပါဘူး ကြီးစုရာ စန္ဒီက US မှာ ကျောင်းဆက်တက်ဖို့လည်း ရှိတယ် ပြောလို့ နောက်ဆို ကိုယ်နဲ့ ပိုတောင်အလှမ်းဝေးဦးမှာ...ဟိုရောက်ရင် သူက ကိုယ့်ထက်သာတာတောင် တွေ့ဦးမှာ..."
"အဲ့သာဆို သူ မသွားခင် မင်းပိုတောင် လှုပ်ရှားသင့်တယ်၊ ယောက်ျားတွေ ပလီပလာ ပေါက်ကရလျှောက်ပြောတာထက် တည်တည်ကြည်ကြည်စကားတစ်ခွန်း ပြောတာကို မိန်းမတွေက ပိုအရေးထားကြပါတယ်ကွာ..."
မရွှေစုက လက်ဘက်တစ်ဇွန်းစားလိုက်ရင်း ညီညီ စိတ်ဝင်စားရဲ့လား ကြည့်ရသေးသည်။ သူ စိတ်ဝင်တစားနားထောင်နေတာကို သိမှ ဆက်ပြောရ၏။
"ကြီးစု သူငယ်ချင်း နိုင်ငံခြားမှာ ကျောင်းတက်ဖို့ တစ်ယောက်တည်းထွက်လာတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ သူ့ရီးစားက ဘယ်လိုမှာတယ်ထင်လဲ.. သိလား..."
"အင်း..."
"သူတို့က အကြာကြီးခွဲရဦးမှာဆိုတော့တဲ့... အိမ်ထောင်သည်တွေလဲ မဟုတ်တော့ တစ်ယောက်ကိုတစ်ယောက် မချည်နှောင်ထားချင်ဘူးတဲ့၊ ကောင်မလေးကို လွတ်လပ်ခွင့်ပေးတယ်တဲ့၊ တကယ်လို့ နိုင်ငံခြားမှာ သူ့ထက်သာတဲ့သူ တော်တဲ့သူ ကိုယ်လည်းကြိုက်တဲ့သူတွေ့ရင် စိတ်ချမ်းသာမယ်ထင်ရင် ဘဝအတွက်အဆင်ပြေမယ်ဆိုရင် သူ့ကို ငဲ့မနေပဲ ထားသာထားခဲ့ပါတဲ့။ ကြီးစု သူငယ်ချင်းက ဘာမှ ပြန်မပြောဘူး၊ မလုပ်ဘူးလဲ မပြောဘူး၊ ဘာလို့ ဒါတွေ ပြောတာလဲ လည်း မမေးဘူး၊ ဒါပေမယ့် ၅နှစ်ကြာတော့ ရန်ကုန်ပြန်လာ မင်္ဂလာဆောင်ကြတာပဲ...ဟိုလည်း ပြန်မသွားတော့ဘူး... ကြီးစုကို ဘာပြောလဲဆိုတော့ သူ့ရီးစားက အဲ့လိုမှာတာလေးကို ရင်ထဲမှာ ခံစားရလွန်းလို့ ပိုတောင် ချစ်ပြီး သစ္စာရှိမိတာပဲတဲ့... ကဲ.... "
"မိုက်တယ်နော်... "
"အေးပေါ့... ဒါကြောင့် ဖောရှောတွေထက် ရိုးသားတာ နားလည်မှုရှိတာကို မိန်းမတွေက ပိုကြိုက်တယ် သဘောကျ ကြတယ်...၊ ဒီခေတ်မိန်းကလေးတွေက လက်တွေ့ပိုဆန်တယ်... ဟိုခေတ်ကလို ဓူဝံကြယ် မြေမှာခကြွေလုပ်နေလို့ ကြည်နူးမယ့်သူတွေ မဟုတ်ကြတော့ဘူး၊ သတိရလို့ ပြောရဦးမယ်...၊ ကြီးစု သူငယ်ချင်းတစ်ယောက်... မာနကြီးတဲ့သူ့ကောင်မလေးကို စကားတစ်ခွန်းတည်းနဲ့ ကြွေအောင်လုပ်ခဲ့တာတဲ့၊ ဟဲ့... ဘာများလဲဟယ် ဆိုတော့... မင်းကို ပိုက်ဆံချမ်းချမ်းသာသာ ထားနိုင်မယ်လို့တော့ ကတိမပေးနိုင်ပါဘူးကွာ၊ ဒါပေမယ့် နောက်ဆုံး ထမင်းတစ်လုပ်ပဲစားစရာရှိတယ်ဆိုရင်တော့ အဲ့ဒီ တစ်လုပ်ဟာ မင်းအတွက်ဖြစ်ရပါစေမယ် လို့ ပြောလိုက်တာတဲ့... ကဲ..."
"ဝိုး... ပိုင်တယ်ဗျာ.... "
"ဟေးဟေး... အဲသာ တို့ ဦးရီးတော်များလားမသိ... "
"အမယ်လေး... ဟုတ်ပါလိမ့်မယ်... "
မရွှေစု မဲ့ကာရွဲ့ကာ တမင်လုပ်ရင်း နေရာက ထလိုက်သည်။
"ဒါဆို ကြီးစု ဒီလောက်စွာတဲ့သူကို.... လေးလေးက ဘယ်လိုကြွေအောင်ပြောခဲ့လဲ..."
"တော်ပြီ... တော်ပြီ... ပုံပြင်တွေလည်း ပြီးပြီ... လူကြီးတွေ ပေါက်ကရ လိုက်မမေးနဲ့..."
"ဟော.. ကြီးစု ထွက်ပြေးပြီ... လေးလေးပြောပြ...ပြောပြ..."
"မေ့ကုန်ပါပြီကွာ... အသက်ကကြီးပဲ ကြီးလှ...."
"နည်းနည်း သတိရသလောက်ပြောပြ... "
"ငါက မင်းတို့ကြီးစုလို စကားပြောမကောင်းဘူးကွာ... သူ့ပဲ မေးကြည့်ပါကွာ..."
စားပြီးသားပန်းကန်များကို သိမ်းရင်း မီးဖိုချောင်ဖက် ရှောင်ထွက်လာသော မရွှေစုက သူတို့တူဝရီးရဲ့ ဆူညံစွာ ငြင်းခုန် ပြောင်နောက်သံများကိုနားထောင်ရင်း ပြုံးနေမိလေတော့သည်။
+++++
Tuesday, September 16, 2014
တော်လေးဝ ဝင် နှင့် “မချစ်ဖို့” လို မိန်းမသား - ၂
ဇနီးမယား ပုံပြင်များ - ၂
“အဲဒီ ဝတ္ထုလေးကို ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့ဖူးတာ...
ခုထက်ထိကို မမေ့သေးပဲ စွဲနေတုန်း သိလား...။ ဒေါ်ခင်နှင်းယု ရေးတဲ့ဝတ္ထုတိုပေါင်းချုပ်စာအုပ်ထဲက...
ဝတ္ထုနာမည်က လူ့ပြည်ဆိုသည်မှာ တဲ့... “
“ဘာလို့ စွဲတာလဲ... ဇာတ်လမ်း ပြောပြစမ်းပါအုံး။
“
“ဇာတ်လမ်းက သိပ်ထူးခြားတယ်ရယ်လည်း မဟုတ်ပါဘူး။
လင်မယားစုံတွဲအကြောင်း ရိုးရိုးပါပဲ”
“အင်း”
“ယောက်ျားဖြစ်တဲ့သူက ဇာတ်ကြောင်း ပြောသလိုရေးထားတာ၊ သူ့ဇနီးမချစ်ဖို့ သူ့ကိုဘယ်လိုချစ်တဲ့အကြောင်း၊ သူရှာဖွေရသမျှချွေတာစုဆောင်းပြီး နောက်ကွယ်ကနေ ဘယ်လိုစီးပွားတိုးတက်အောင်ကြံဆောင်တဲ့အကြောင်း၊ သူတို့မှာ ငွေကြေးအဆင်ပြေပြီးတတ်နိုင်ပေတဲ့ သူ့ဇနီးက ပပလွှားလွှားမနေပဲ ရိုးရိုးအေးအေးပဲ နေတဲ့အကြောင်း၊ အစားအစာကအစ သူ့ကိုပဲ ဦးစားပေးတဲ့အကြောင်း ... သိတယ်မှုတ်လား... တချို့ဇနီးမောင်နှံတွေမှာ မိန်းမက တအားကို အနစ်နာခံတတ်တာမျိုးလေ... "
“အဲ့ဒီတော့…”
“အဲ့ဒီတော့…”
“သူကတော့ သူ့မိန်းမကို လောကကြီးမယ် ကောင်းကောင်းဝတ်
ကောင်းကောင်းစားပြီး ဇိမ်နဲ့ ကောင်းကောင်း နေစေချင်တာပေါ့။ မစားရက် မသောက်ရက် မသုံးရက်နဲ့
အဲသလောက် ခြစ်ခြစ်ချုတ်ချုတ် လုပ်နေတာကို မကြိုက်ဘူးပေါ့။ သူတို့မှာ သားသမီးလည်း မရှိတော့ ငွေတွေစုနေဖို့လည်း မလိုဘူး ထင်တာပေါ့”
“အင်း”
“သူဘာပဲပြောပြော မချစ်ဖို့ကတော့ ပြုံးပြုံးပဲတဲ့။
မလှူရက်မတန်းရက် ငွေစုတာမျိုး မဟုတ်ဘူးဆိုတော့ သူလည်း ဘာမှအပြစ်ပြောလို့ မရဘူးပေါ့။
ကိုယ်တိုင်အတွက်သုံးဖို့ဆို ချွေတာလွန်းလို့ မချစ်ဖို့ သေရင်တော့ ဥစ္စာစောင့်ဖြစ်တော့မှာပဲလို့ အမြဲ နောက်တာတဲ့။ ဒါပေသိ သူတို့ ၁ဝနှစ်မြောက် မင်္ဂလာနေ့ကျတော့ သူ့မိန်းမ စုဆောင်းထားတဲ့ငွေနဲ့
ကိုယ်ပိုင်အိမ်လေး စဝယ်နိုင်တဲ့အခါ သူအရမ်းကိုပျော်ခဲ့တယ်တဲ့၊ ဂျပန်ခေတ်မှာလည်း သူများတကာတွေ
ဝတ်စရာကောင်းကောင်းမရှိလို့ ဖျဉ်ကြမ်းထည်တွေကနေ ဝဲတွေပေါက်ပြီး ဒုက္ခရောက်ချိန်မှာ သူ့မိန်းမက
သူ့အတွက် ကြိုတင်စုဆောင်းပေးထားတဲ့ အဝတ်အထည်တွေကြောင့် မချို့တဲ့ပဲနေခဲ့ရတာတွေ၊ ဂျပန်ခေတ်မှာ
သူ့မိန်းမကအကွက်ကျကျနဲ့ စီးပွားရှာနိုင်ခဲ့တာတွေ၊ နောက်ဆုံး တိုက်အိမ်ကလေး ဝယ်နိုင်တဲ့အထိ
စီးပွားဖြစ်ခဲ့တာတွေပေါ့”
“သြော...”
“တိုက်ဝယ်မယ်ဆိုတော့လည်း... သူက သူ့မိန်းမကို
ပြောမိခဲ့သေးတာတဲ့။ တိုက်လိုချင်တဲ့ဒုက္ခနဲ့ မင်း အဲဒီလောက် ချွေတာနေရတာ စိတ်မချမ်းသာဘူးပေါ့။
မချစ်ဖို့ သေရင်တော့ တိုက်စောင့်သရဲ ဖြစ်တော့မှာပဲလို့တောင် ပြောင်နောက်မိတာတဲ့၊ အဲဒီလို
ပြောင်နောက်တာသာနောက်တာ စိတ်ထဲမတော့ သူ့မိန်းမကို ကျေးဇူးတွေတင်မိတာပေါ့။ အဲသလိုသူ့မိန်းမက
ဘယ်သူ့ကိုမှမှမထိခိုက်စေပဲ စည်းစနစ်ရှိရှိ အမျှော်အမြင်ကောင်းကောင်းနဲ့ ရှေ့ရေးအတွက်
စီမံခန့်ခွဲတတ်လို့လည်း သူ့ဘဝ အေးအေးဆေးဆေး နေနိုင်တာကို သူ သဘောပေါက်လာမိတာကိုး...”
“အေးပေါ့...”
“ဒီလိုနဲ့ သူတို့ အသက် ၆ဝပြည့်တော့ မချစ်ဖို့က
ဘာပြောသလဲဆို၊ တရားရိပ်သာမှာ တရားအားထုတ်ပြီး ရှိတဲ့ ပစ္စည်းဥစ္စာတွေကို စိတ်ဖြတ်နိုင်ဖို့
ကြိုးစားရတော့မယ်ပေါ့။ အဲသလိုပြောတော့ သူက ... အောင်မလေးကွာ... တစ်သက်လုံးခြစ်ကုတ်ခြွေတာပြီး
ဒီပစ္စည်းဥစ္စာတွေကို ကြိုးစားရှာခဲ့ရတာ၊ အစကတည်းကမရှာရင် ပစ္စည်းတွေလည်း မရှိဘူး၊ မရှိတော့
ပြတ်အောင် ကြိုးစားစရာ မလိုတော့ဘူးပေါ့လို့ ပြောတာပေါ့”
“အဲဒီတော့...”
“အဲဒီတော့ မချစ်ဖို့ကသူ့ကို ရှင်းပြသတဲ့။
မချစ်ဖို့ ပြောတာကို နားလည်သလောက်ပြန်ပြောပြမယ်နော်… “
“ လူ့ပြည်ဆိုတာ ကိုယ့်အသက် ငယ်ရွယ်နုပျိုစဉ် လိုအပ်သလောက် စွမ်းအားထုတ်ကြိုးစားရမှာဖြစ်သလို မသုံးမဖြုန်းပဲ သင့်တင့်လျောက်ပတ်ရုံလည်း ခြိုးခြံရမယ်တဲ့။ ပြီး… စိတ်နှလုံးငြိမ်းချမ်းမှုရအောင်လည်း ကြိုးစားရမှာတဲ့။ ငယ်ကတည်းက ကြိုးစားအလုပ်လုပ်ပြီး ရှာဖွေ မစုဆောင်းထားရင်၊ သင့်တော်တဲ့ ခြိုးခြံမှုတွေကို မလုပ်ခဲ့ရင်တဲ့ ကြီးလာတဲ့အခါ ဘယ်လိုလုပ်ပြီး စိတ်နှလုံးအေးအေးချမ်းချမ်း နေနိုင်မလဲတဲ့၊ အိုတဲ့အထိ စားဝတ်နေရေးကို ပူပန်နေရသေးရင် အသက်ကြီးလာတဲ့အခါ အနားယူရမယ့်အရွယ်ရောက်တဲ့အခါ ဘယ်လိုလုပ် စိတ်အေးအေးနဲ့ တရားအားထုတ်နိုင်မလဲတဲ့။“
“ဟုတ်ပ ဗျ… “
“နေဦး။ ဇာတ်လမ်းက မပြီးသေးဘူး။ တစ်နေ့ကျတော့
ကျောင်းတုန်းကသူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်ဆုံကြရောတဲ့။ အဲ့မှာ သူ့သူငယ်ချင်းက
စီးပွားရေးအဆင်မပြေ ဆင်းဆင်းရဲရဲဖြစ်နေတာ တွေ့မိတာပေါ့နော်… နေတဲ့အိမ်ကလည်း ရွံ့တွေဗွက်တွေ
ယင်တွေခြင်တွေတလောင်းလောင်းနဲ့ နံစော်ညစ်ပတ်နေတာပဲတဲ့။ အားတဲ့ရက်လေး ရိပ်သာအတူသွားဖို့
အဖော်စပ်တိုင်း သူ့သူငယ်ချင်းကဘာပြောလဲဆို... အသက်ကြီးလာပေမယ့် စီးပွားရေးက စိတ်မအေးနိုင်တော့
တရားနှလုံးမသွင်းအားပါဘူးကွာလို့ ပြောသတဲ့”
“အဲဒီတော့မှ သူ့မိန်းမကို သူ ပိုကျေးဇူးတင်သွားတယ်ပေါ့...
အဲသလိုလား...”
“သူ့မိန်းမပြောတာကို သူ ပိုနားလည်သွားတာပေါ့။
ဇာတ်လမ်းက ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် ဖတ်ရတာ သိပ်သဘောကျဖို့ကောင်းတာပဲ။ မချစ်ဖို့ကိုလည်း
သိပ်ချစ်မိတာပဲ၊ ကိုယ်သာ ယောက်ျားဖြစ်လို့ကတော့ အဲ့ဒီလိုမိန်းမမျိုးရရင် သိပ်ကံကောင်းမှာပဲလို့
တွေးမိတယ်၊ ကိုယ်က ယောက်ျားမဟုတ်တော့လည်း ကိုယ် အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အခါ
အဲ့ဒီလိုဇနီးမယားမျိုးဖြစ်ဖို့ အတတ်နိုင်ဆုံးကြိုးစားရမှာပဲလို့ တွေးမိတယ်။”
“တော်လိုက်တဲ့ မချစ်ဖို့… အဲ့လေ… မရွှေစု…
“
”စဉ်းစားကြည့်လေ… တော်လေးဝဝင် ဇနီးမယား မိန်းမမြတ်တွေအကြောင်းကို ဖတ်သာဖတ်ရတာ…
အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလာတို့ကျတော့ သူတို့ရဲ့ဖြည့်ဆည်းနိုင်စွမ်းအားပါရမီက သိပ်ကိုကြီးမြင့်လွန်းတယ်၊
ဒါကြောင့် သူတို့လို ဖြစ်ရမယ်လို့ တခါမှမတွေးမိပေါင်...။ ဖြစ်နိုင်မလားဆိုတာလည်း မသိပေါင်၊
ဒါပေမယ့် ကိုယ့်အိမ်ထောင်ကို စနစ်တကျထိန်းသိမ်းပြီး ကိုယ့်ခင်ပွန်း ကိုယ့်မိသားစုကို
စိတ်ချမ်းသာအောင် ပြုစုစောင့်ရှောက်နိုင်တဲ့ဇနီးမယားမျိုး၊ အဲ့ဒီ မချစ်ဖို့လိုလူမျိုးတော့ တကယ့်ကို
ဖြစ်ချင်ခဲ့တာပဲ...။ ဒါပေမယ့် မရွှေစု အခုထက်ထိ မချစ်ဖို့လိုလူမျိုး မဟုတ်သေးဘူး၊ မချစ်ဖို့ကို
မမှီဘူးလို့ ကိုယ့်ကိုယ်ကို ထင်တာပဲ...”
စိတ်ပါလက်ပါ ပြောပြနေတဲ့ မရွှေစုကို ကိုရေချမ်းက
အိပ်နေရာကနေ ခေါင်းထောင်ပြီး ပြုံးကြည့်လာတယ်။
“ကျနော်ကတော့ ကျနော့် မိန်းမကို မချစ်ဖို့လို
လူစားမျိုးတမျိုးလို့ ထင်တာပဲ။ ကျနော့်အတွက်တော့ ကျနော်လိုချင်တဲ့စံနဲ့ မှီတဲ့ ညီတဲ့
စံပြဇနီးကောင်းပေါ့...”
“တကယ်လား...”
ကိုရေချမ်းက ပြောရင်းဆိုရင်း မရွှေစု ခေါင်းကို
အသာပုတ်ပြီး အိပ်ရာက ထတယ်။
“အေးပေါ့... တကယ်ထင်တာကို တကယ်ပြောတာပေါ့။
ကဲကဲ... အဒေါ်ကြီးမရွေစုချစ်ဖို့... ကျနော် အလုပ်ဆက်လုပ်လိုက်ဦးမယ်နော်...”
ကိုရေချမ်းက မရွှေစု စိတ်ချမ်းသာအောင် နှစ်သိမ့်တဲ့စကားလေးပြောပြီး
သူ့စာကြည့်စားပွဲကို ပြန်သွားတယ်။
မရွှေစုကတော့ ကိုယ့်ကိုယ်ကို တော်လေးဝဝင်ဖြစ်ဖို့မပြောနဲ့
မချစ်ဖို့လိုကျင့်ကြံနိုင်ဖို့တောင် မနည်းကြိုးစားရဦးမယ်လို့ စဉ်းစားရင်း
ဖတ်လက်စ စာအုပ်ကို ပြန်ကောက်ကိုင်လိုက်တော့တယ်။
ကိုးကား။။
ဒေါ်ခင်နှင်းယု - လူ့ပြည်ဆိုသည်မှာ
+++++
(သူကြီးမင်းရေ…
ဟောဒီမှာ BPP-Challenge အတွက် ပြီးသွားပြီနော်။)
သူကြီးမင်းရဲ့တိုက်တွန်းနှိုးဆော်ချက်အရ ချစ်ခင်ရတဲ့အောက်ပါဘလော့ဂါများအား BPP-Challenge လုပ်ပါတယ်။ ကျေးဇူးပြုပြီး
တုန့်ပြန်ပေးကြပါနော်။ BPP-Challenge ဆိုတာ ဘာလဲနဲ့ စည်းကမ်းများကို ဟောဒီလင့်မှာ
ဖတ်နိုင်ပါတယ်နော်။
ကျေးဇူး
အထူးတင်ပါတယ်။
၁) ကေသွယ်
၃) ပန်ပန်
၅) အစ်မရွှေစင်
၆) ညီမလေး Adora
၇) တီတီဆွိ
၈) မြ
၉) မေ
၁၀) မယ်သံ
Thursday, September 4, 2014
တော်လေးဝ ဝင် နှင့် “မချစ်ဖို့” လို မိန်းမသား
ဇနီးမယား ပုံပြင်များ - ၂
“ဘာ စာအုပ်တွေ ဖတ်နေတာလဲ...”
ည ဘုရားရှိခိုးပြီးကတဲက
အိပ်ရာပေါ်မှာ အလျားမှောက်ပြီး စာအုပ်တစ်အုပ်ကိုဖတ်နေ ဘေးနားမှာလည်း စာအုပ်တွေကို ဗုံတွေစီသလို
စီထား၊ ပြီးတော့ ဘော့ပန်တွေ ဟိုင်းလိုက်တွေနဲ့ ထုံးစံအတိုင်း ရှုပ်ရှက်ခပ်နေတဲ့ မရွှေစုကို
ကြည့်ပြီး ကိုရေချမ်းက လှမ်းမေးလိုက်တယ်။ သူကတော့ ကုတင်ဘေးက စာကြည့်စားပွဲမှာထိုင်ပြီး
သီချင်းလေး နားထောင်ရင်း ဆိုညည်းလိုက်၊ ရုံးအလုပ်တွေ တွက်ချက်လိုက်နဲ့ နေတာကိုး။
“ဒီမှာလေ၊
ကြာတော၌ရွာသောမိုးတဲ့... ခင်နှင်းယုရေးတဲ့ ဝတ္ထုတိုလေးတွေ အရမ်းကောင်းတာပဲ... မရွှေစု
၁၅နှစ်၊ ၁၆နှစ်သမီးလောက်ကတဲက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ပေါ့... “
ကိုရေချမ်းက
ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး စိတ်ဝင်စားဟန်မပြ။ အမျိုးသမီးစာရေးဆရာတွေရေးတဲ့ စာအုပ်တွေဆို
သိပ်စိတ်ဝင်စားတာမှ မဟုတ်တာကိုး။ သူက ငယ်ငယ်ကတဲက ဘာသာပြန် စာအုပ်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်
ဖတ်တဲ့သူကိုး။
“ကိုရေချမ်းကေ...
တော်လေးဝဝင် အမျိုးသမီးကောင်းများ အကြောင်း သိသလားဟင်...”
စကားအဆက်အစပ်မရှိ
မရွှေစုက မေးလိုက်တော့ ကိုရေချမ်းက လုပ်လက်စ အလုပ်ခဏနားရင်း စဉ်းစားရတော့တယ်။
“သိတာပေါ့။
ဘာလဲ... တော်လေးဝဆိုတာ ... အမရာ၊ ကိန္နရီ၊ မဒ္ဒီဒေဝီ... အဲ... အဲ... နောက်တစ်ယောက်က...ဘယ်သူပါလိမ့်...”
“သမ္ဗုလာ
လေ... အဲဒီ ဇာတ်လမ်းတွေကိုရော သိလားဟင်”
“အမရာက
မဟောသဓာ မိန်းမကွာ၊ ကိန္နရီဆိုတော့ ကိန္နရာ ကိန္နရီကွာ၊ မဒ္ဒီဒေဝီက ဝေသန္တရာ ဇာတ်တော်ကကွာ၊
အဲ... ဘာတဲ့... နောက်ဆုံးတစ်ယောက် သမ္ဗုလာ တော့ မသိဘူးကွ”
“အဲသာဆို
သူများ ပြောပြရ မလား၊ အချိန်ရလား “
“အေး၊
ပြောပြ... ခဏနားရင်း နားထောင်တာပေါ့”
ကိုရေချမ်းက
ပြောပြောဆိုဆို စားကြည့်စားပွဲကနေ ထလာပြီး အိပ်ရာပေါ် အသာလှဲရင်း ဇိမ်လေးနဲ့ မျက်စိတွေတောင်
မှိတ်ထားလိုက်သေးတယ်။
“အမရာဒေဝီ
အကြောင်း စပြောမယ်လေ... မရွှေစုတော့ ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲမှာဆို မဟောသဓာ ဇာတ်တော်ကို
အကြိုက်ဆုံးပဲ။ သူများတို့ ငယ်ငယ်တုန်းကလေ... ရွှေသွေးမှာ ဆရာဦးဘကြည်ဆွဲတဲ့ ပုံလေးတွေနဲ့
အခန်းဆက်ကို ပါဖူးတာလေ...”
“အေး...
အေး ... မှတ်မိတယ်လေ... ကျနော်ဆို အရမ်းကြိုက်တာ... မဟောသဓာ တရားစီရင်ခန်းတွေဆို အရမ်းကောင်း...။
မဟောသဓာ က အမရာကို စတွေ့တွေ့ချင်းမှာ လက်သီးဆုတ်ပြတော့ အမရာက လက်ဝါးဖြန့်ပြတာ မဟုတ်လား...နေပါဦး...
အဲသာ ဘာလုပ်ပြတာပါလိမ့်... မေ့တောင် မေ့သွားပြီ”
“လက်သီးဆုတ်တာက
ကာမပိုင် လင်ယောက်ျား ရှိမရှိ မေးတာလေ... အမရာက လက်ဝါး ပြန်ဖြန့်ပြပြီး မရှိသေးကြောင်းပြောတာလေ...”
“သြော်...
အေး... ဟုတ်သားပဲ။ အင်း... ကျနော်ထင်တာကတော့ ... မရွေစုဆိုလည်း အမရာလို နေမှာပဲ။ “
“အန်...
ဘာလို့”
ဒီနေရာရောက်တော့
ကိုရေချမ်း မျက်နှာက ပြုံးစနဲ့နဲ့ လုပ်ပြီး ပြောလာတယ်။
“အေးလေ...
တကယ်လို့ ဟိုတုန်းက ကျနော် လက်သီးဆုတ်ပြမိခဲ့ရင် မရွှေစုလည်း အမရာလို လက်ဝါးပြန်ထောင်ပြမှာ
အသေအချာပဲ... ကြည့်စမ်း... ဒင်းက စော်ကားမော်ကား လက်သီးဆုတ်လုပ်ပြနေတာ လက်ဝါးတော့ပြန်ပြလိုက်အုံးမှ
လုပ်မယ့်သူပဲ။ ဒီလောက်စွာတာ... ဟားဟား..”
စိတ်မြန်လက်မြန်
မရွှေစုက တချက်ထုတော့ ကိုရေချမ်းက လက်ကိုရှောင်ရင်း တဟားဟား အော် ရီနေသေးတယ်။
“အောင်မလေး...
အခုကို လက်ဝါးရနေပါပြီခင်ဗျ...”
“မနောက်နဲ့ဟာ။
ဒီမှာ အကောင်းပြောပြမလို့ ဥစ္စာကြီးကို...။ တော်ပြီ... အဲသလိုဆို မပြောတော့ဘူး”
“အေးပါ...။
အလကား စတာပါဟာ။ စိတ်ဝင်စားဖို့ ကောင်းတယ်ဟ... ကျနော်လည်း မေ့ကုန်ပြီ... ဆက်ပြောပါအုံး...
အစ်မကြီးရယ်...စိတ်မဆိုးပါနဲ့ “
“တကယ်တန်း
ပြောရရင် အဲဒီတော်လေးဝဝင် ဇနီးတွေအားလုံးက နှယ်နှယ်ရရတွေ မဟုတ်ဘူးလေ။ တော်လေးပါးမှာ
သမ္ဗုလာ ကလွဲရင် သုံးပါးက ဘုရားလောင်းရဲ့ ပါရမီဖြည့်ဖက်တွေကိုး။ အဲသာကြောင့် သူတို့က
သစ္စာတရားကလည်း အင်မတန် ကြီးမားကြတယ်။ လင်ယောက်ျား အပေါ်မှာလည်း တကယ့်ကို အနစ်နာခံပြီး
ပါရမီ ဖြည့်ခဲ့တဲ့သူတွေတဲ့။ မဟောသဓာက အမရာကို မယူခင်မှာ အမျိုးမျိုး စမ်းသပ်ခဲ့တာတဲ့။
ဟီး... အဲဒီလို အစမ်းသပ်ခံနိုင်မှ ယောက်ျား ရမယ်ဆိုရင်တော့ သူများတော့ အပျိုကြီးဖြစ်မှာသေချာတယ်...
ဟီးဟီး...”
“ဘယ်လို
စမ်းသပ်တာတဲ့တုန်း”
“ပညာဉာဏ်
ရှိမရှိ၊ အမျက်ဒေါသ ရှိမရှိ၊ သစ္စာ ရှိမရှိ တွေကို စမ်းသပ်တာပေါ့။ သူက အမရာကို စပြီး
ပိုးပန်းတုန်းကလည်း အပ်ချုပ်သမား ဆင်းရဲသားယောင် ဆောင်ခဲ့တာ။ သူတို့ နှစ်ယောက် စတွေ့တွေ့ချင်းပြောတဲ့
စကားတွေဆိုလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတာ၊ မဟောသဓာက အမရာကို တွေ့တွေ့ချင်း ပညာဉာဏ်
ရှိမရှိ စမ်းသပ်ဖို့ စကားပြောပြီးတာနဲ့ ပညာဉာဏ်ကြီးတဲ့မိန်းမပေပဲ ဆိုပြီး သဘောကျပြီး
အိမ်ကို လိုက်သွားရော။ ပြီးတော့ ဆန်တစ်ခွက်ပေးပြီး ယာဂု၊ ထမင်း၊ မုန့်ကြွပ် ၃မျိုးရအောင်
ချက်ဆိုပြီး ပြောတာလေ။ အမရာကလည်း ပညာဉာဏ်ကြီးတဲ့သူဆိုတော့ ရအောင် ချက်နိုင်တာပေါ့။
ချက်ပြီး ကျွေးလဲကျွေးရော အရသာ ကောင်းပါရဲ့ကနဲ့ မကောင်းဘူး ညံ့လိုက်တာဆိုပြီး မဟောသဓာက
ထွီ ဆိုပြီး ထွေးထုတ်ပစ်တာတဲ့။ ပြီးတော့ အဲဒီ ချက်ထားတဲ့ထမင်းတွေ ယာဂုတွေနဲ့ အမရာကိုယ်ပေါ်
လောင်းချပြီး တံခါးဝမှာ သွားရပ်နေစမ်းဆိုပြီး လုပ်တာတဲ့...”
“အဲသာ
အမရာက စိတ်မဆိုးဘူးလား”
“ဘယ်...
စိတ်မဆိုးပေါင်။ သခင်နေခိုင်းတဲ့ နေရာမှာ နေပါမယ်ဆိုပြီး နေတာတဲ့”
“မရွှေစု
ဆိုရင်ကော...”
“ဟီး...
မကြိုက်ရင် ကိုယ့်ဘာသာချက်လို့ ပြန်ပြောမှာပေါ့။ အာ... မနောက်နဲ့ဟာ။ ပြောနေတာ ဘယ်တောင်
ရောက်သွားပါလိမ့်။ အဲ...အဲသာ မဟောသဓာက သူယူမယ့် မိန်းမ အမရာကို ဒေါသ အမျက်ကြီး မကြီး
စမ်းသပ်တာပေါ့။ နောက်ဆုံးကတော့ သစ္စာကြီးမကြီး စမ်းသပ်တာပဲ။ အမရာကို ခေါ်သွားပြီး နန်းတော်ထဲ
မဝင်ခင် တံခါးမှူး အိမ်မှာ ထားခဲ့ပြီးတော့ တခြားလူတစ်ယောက်ကို အသပြာထောင်ထုတ်နဲ့ ဖျားယောင်း
သွေးဆောင်ခိုင်း၊ မင်းအာဏာနဲ့ ဖျားယောင်း သွေးဆောင်ခိုင်း အမျိုးမျိုးကို စမ်းသပ်တာတဲ့လေ”
“သူတို့
စမ်းသပ်တာကလဲ... ကြောက်စရာကြီး...”
“မစမ်းသပ်လို့
မဖြစ်ဖူးလေ...။ သူကိုယ်တိုင်က မင်းတိုင်ပင်ခံ ပညာရှိအမတ်ကြီး ဆိုတော့ ခပ်နုံနုံ အအ
မိန်းမ၊ လောဘကြီးတဲ့ မိန်းမ၊ သစ္စာမရှိတဲ့ မိန်းမကို ဘယ်ယူလို့ ရမလဲ”
ကိုရေချမ်းက
သဘောတူစွာ ခေါင်းငြိမ့်တယ်။
“အမရာကတော့
သူ့ယောက်ျားကလွဲ ဖွဲဆန်ကွဲဆိုပြီး ဘယ်လိုမှ သွေးဆောင်လို့ မရဘူးတဲ့။ အဲသလို သစ္စာရှိပြီး
ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ မိန်းမကိုရထားလို့ နောက်ပိုင်း မဟောသဓာ မင်းရာဇဝတ်သင့်တော့
အမရာက ကယ်နိုင်ခဲ့တာပေါ့... မှတ်မိသေးတယ်။ ဟို မနာလိုတိုရှည် ဖြစ်တဲ့ အမတ်ကြီး၎ယောက်ကို
အမရာက ပညာသားသားပါပါနဲ့ လုပ်လိုက်တာ ချေးတွင်းထဲကို အကုန်ကျကုန်ကြတဲ့ အခန်းလေ... မိုက်တယ်နော်...”
ကိုရေချမ်းနဲ့
မရွှေစုတို့ နှစ်ယောက် ဦးဘကြည် ပန်းချီပုံလေးတွေ မြင်ယောင်ပြီး ပြိုင်တူ ရယ်လိုက်မိကြတယ်။
“အေးလေ...
အဲသာလည်း ရွှေသွေးထဲမှာ အကုန်ပါတာပဲ။ ကျနော်မှတ်မိတယ်။ ကိန္နရီ ဇာတ်လမ်းလဲ ဆက်ပါဦး...”
“ကိန္နရီ
ကိန္နရာ ဇာတ်လမ်းကကျတော့ လူအများစုသိနေကြတာက လေပြင်းမုန်တိုင်းတိုက်လို့ တစ်ညလေးကွဲတာကို
နှစ်ပေါင်း ၇ဝဝ တိုင်အောင် ဝမ်းနည်းပူဆွေးပြီး ငိုတဲ့ ဇာတ်လမ်း မှုတ်လား။”
“အေးလေ...
အဲသာ မဟုတ်ဘူးလား”
“အဲသာက
၅၅ဝ နိပါတ်တော်ထဲက ဇာတ်လမ်းတော့ ဇာတ်လမ်းပဲ။ ဒါပေမယ့် တော်လေးပါးထဲက တစ်ပါးဖြစ်တဲ့
စန္ဒကိန္နရီ ဇာတ်လမ်းကတော့ မြတ်စွာဘုရားက ခင်ပွန်းအပေါ်မှာ ချစ်မြတ်နိုးတဲ့ ယသော်ဓရာ မိဖုရားကို
အကြောင်းပြုပြီး ပြန်ဟောထားတာလေ။ သူ့ယောက်ျားက ဘုရားအလောင်း စန္ဒကိန္နရာ၊ တနေ့ ဗြဟ္မဒတ်မင်းက
တောထွက်လာတုန်း စန္ဒကိန္နရီမလေးကိုတွေ့ပြီး သဘောကျသွားတော့ သူ့ယောက်ျား ကိန္နရာကို မြားနဲ့
ပစ်သတ်ပြီး သူ့ကို ယူဖို့ ကြံတာ။ ဘုရင်က အာဏာနဲ့ စည်းစိမ်ဥစ္စာတွေနဲ့ သွေးဆောင်ဖျားယောင်းတာကို
ဘုရင့်နောက်ကို နည်းနည်းလေးမှ စိတ်မယိုင်ပဲ သေသွားတဲ့ သူ့ယောက်ျားကိုပဲ တမ်းတနေတာ။
အဲဒီမှာ စန္ဒကိန္နရီက သစ္စာဆိုပြီး နတ်သိကြားတွေကို တိုင်တယ်တော့ သိကြားမင်းက မနေနိုင်လို့
လာကယ်ရတဲ့ သစ္စာကြီးတဲ့ ဇာတ်လမ်း”
“အော်...
အဲသာဆို စန္ဒကိန္နရီကလည်း ဘုရားလောင်းရဲ့ ပါရမီ ဖြည့်ဖက်ပဲပေါ့။ ကျနော်က ဇာတ်တော်ကြီး
ဆယ်ဘွဲ့ထဲက မဒ္ဒီဒေဝီ နဲ့ အမရာဒေဝီ ကိုပဲ ဘုရားလောင်းရဲ့ ပါရမီဖြည့်ဖက်တွေလို့ ထင်နေတာ...
“
“အင်း...
မဒ္ဒီဒေဝီကလည်း ဝေသန္တရာ ဇတ်တော်ထဲကဆိုတော့ လူအများ သိကြပြီးသားပေါ့။ ဒါပေမယ့် မဒ္ဒီဒေဝီလို
ပါရမီဖြည့်နိုင်ဖို့ဆိုတာကလည်း စဉ်းစားကြည့်ရင် မလွယ်ဘူးနော့။ မရွှေစုထင်တာကတော့ အမရာလို
ဖြစ်ချင်ဖြစ်နိုင်မယ်။ ကိန္နရီလို ဖြစ်ချင် ဖြစ်နိုင်မယ်။ မဒ္ဒီဒေဝီလို ဖြစ်နိုင်ဖို့တော့
ပိုခက်မလား မသိဘူးတော့။”
“ဘာဖြစ်လို့...”
“ကိုယ့်ယောက်ျားက
သူတော်ကောင်းမို့ ဆင်ဖြူတော်လှူမိလို့ မြိုင်ရပ်နှင်လွှတ်ခံရတာကို နောက်ကလိုက်သွားရတာမျိုးကိုတော့
လုပ်နိုင်လိမ့်မယ်။ သားရဲ တိရစ္ဆာန်ဘေးကိုမကြောက် တောထဲမှာ ရှာဖွေကျွေးရတာကိုလည်း ကုသိုလ်ရတာမို့
လုပ်ချင် လုပ်ပေးနိုင်ဦးမယ်၊ ကိုယ့်သားသမီးကို သူတပါးကို ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်ရတာရယ်၊
ကိုယ့်ကိုလည်း သူတပါးလက် လှူလိုက်တာရယ်ကတော့ ဘယ်လိုမှတွေးပြီး လွယ်လွယ်သဘောတူလို့ရတဲ့
နည်းနည်းနောနော ပါရမီ မဟုတ်ဘူး။ တော်ရုံတန်ရုံ မိန်းမ ဘယ်နည်းနဲ့မှ မလုပ်နိုင်ဘူး”
“သမ္ဗုလာ
ကျတော့ရော...”
“သမ္ဗုလာဇာတ်လမ်းကလဲ
၅၅ဝ နိပါတ်တော်ထဲကပဲ။ သူ့ရဲ့ယောက်ျား ဘုရင့်သားတော် သောတ္ထိသေနမင်းသားကတဲ့ အနာကြီးရောဂါ
နူနာတွေစွဲလာတော့ တောကို နှင်ထုတ်ခံရတော့တာပေါ့၊ အဲသာ သမ္ဗုလာ မင်းသမီး က သူ့ ယောက်ျားနဲ့
အတူ လိုက်ပြီး မရွံမရှာ ကျိုးကျိုးနွံနွံနဲ့ ပြုစုလုပ်ကျွေးတာတဲ့။ တော်ရုံမိန်းမဆိုရင်
မိဖုရား ဘဝကနေ ကုဋ္ဌနူနာတွေစွဲနေတဲ့ ယောက်ျား နောက် ဘယ်လိုက်ချင်ပါ့မတုန်းနော်။ အဲဒီလိုတောထဲမှာနေပြီး
ယောက်ျားကို ပြုစုလုပ်ကျွေးနေတုန်း ဒါနောဘီလူးက အတင်းပဲ လာကြိုက်၊ ခြိမ်းချောက်ဖျားယောင်းပြန်ရော။
အဲတာကို ရဲရဲဝံ့ဝံ့နဲ့ မကြောက်မလန့် မဖောက်မပြန်နဲ့ တုံ့ပြန်ခဲ့ပြီး ယောက်ျားက အထင်မှားမှာစိုးလို့
သူ့ရဲ့ သစ္စာကြီးမားပုံကို နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်သစ္စာပြုလိုက်တော့ သူ့ယောက်ျားရဲ့
နူနာရောဂါပါ တခါထဲ ပျောက်သွားရောတဲ့”
“အော်...
အဲသလိုကိုး...”
“ဒါနဲ့
သူများ... ကိုရေချမ်းကို မေးမလို့...”
“မေး...”
“ကိုရေချမ်းရော...
မိန်းမယူတော့ ကိုယ့်မိန်းမကို တော်လေးဝဝင် မိန်းမမြတ်တွေလိုမျိုး ဖြစ်စေချင်ခဲ့သလား
ဟင်...”
“ကျနော်တော့
အဲသာကို တခါမှ မစဉ်းစားမိပါဘူးဗျာ။ ကိုယ်ကိုယ်တိုင်ကမှ ဘုရားလောင်းလို မြင့်မြတ်တဲ့
စိတ်မျိုး မရှိပဲ ဘယ်လိုလုပ် တော်လေးဝလို မိန်းမမြတ်ကို လိုချင်နေလို့ ဖြစ်မလဲ။ ကိုယ့်ဖာသာ
အကောင်းဆုံး အတော်ဆုံး မကျင့်ကြံနိုင်ပဲ သူများတကာကျတော့ အကောင်းဆုံး အတော်ဆုံးကို
ဖြစ်ကိုဖြစ်ရမယ်လို့ သွားမှန်းနေရင် ဘယ် တရားပါ့မလဲ... မဟုတ်ဘူးလား။”
“မရွှေစုလည်း
တော်လေးဝ မိန်းမမြတ်တွေအကြောင်းဖတ်ပြီး အဲဒီလောက်ထိ သူတို့လို မြင့်မြတ်တဲ့စိတ်မျိုး
ရှိနိုင်မလား ဆိုတာ မသေချာဘူး။ ဒါပေမယ့်...”
“ဒါပေမယ့်...
ဘာဖြစ်လဲ...”
“တော်လေးဝ
ဝင် ဇနီးမယားတွေက တကယ့် ပါရမီရှင်တွေ။ သူတို့ ခေတ် သူတို့အဆင့်နဲ့ ကိုယ့်အခြေအနေနဲ့က
စဉ်းစားရတာ အလှမ်းကွာလွန်းတယ် ထင်တယ်လေ။ “
“အေးလေ...
ဟုတ်တာပဲ”
“မရွှေစုကတော့
... ကိုယ့်ကိုယ်ကို တော်လေးဝလို မိန်းမစားမျိုး ဖြစ်ရမယ်လို့ တခါမှ မစဉ်းစားဖူးဘူး။
ဒါပေမယ့် ယောက်ျားယူရင် ကိုယ့်ယောက်ျားအပေါ် မချစ်ဖို့ လို ဇနီးမယားမျိုးတော့ ဖြစ်ချင်ခဲ့တယ်။”
“ ဘာလဲ...မချစ်ဖို့လို
ဖြစ်ချင်တယ် ဆိုတာက... ပြောပြပါအုံး...”
“ဒီမှာလေ...
မချစ်ဖို့ ဆိုတာက ခင်နှင်းယု ရေးတဲ့ ဝတ္ထုတိုလေးထဲက။ သူက ချစ်ဖို့ကောင်းလို့ သူ့ ယောက်ျားက
သူ့ကို “မချစ်ဖို့” လို့ ခေါ်တာတဲ့...”
မရွှေစုက
သူ့လက်ထဲက စာအုပ်လေးကို ထောင်ပြရင်း ပြောလိုက်တယ်။
+++++
ဆက်ရန်...
+++++
ကိုးကား။
မင်းယုဝေ - ဇာတ်ကြီးဆယ်ဘွဲ့ အနှစ်ချုပ်
ဦးအောင်ညွန့်ဝင်း - ငါးရာ့ငါးဆယ် အနှစ်ချုပ်
မင်းယုဝေ - ဇာတ်ကြီးဆယ်ဘွဲ့ အနှစ်ချုပ်
ဦးအောင်ညွန့်ဝင်း - ငါးရာ့ငါးဆယ် အနှစ်ချုပ်
ဘလော့ဂါ စိန်ခေါ်ရမယ့်သူတွေ မစဉ်းစားရသေးလို့ ဥပုသ်ထွက် နောက် ၈ရက်မှ ဒီအဆက်ကို တင်ပြီး ရေးမယ်…
မျှော်နော်… ဟိဟိ… )
Subscribe to:
Posts (Atom)