Tuesday, December 17, 2013

ရှစ်စပ်က ဂျင်ခြေလည်သူ (စာအုပ်အညွှန်း)

Harold Robbins 
(May 21, 1916 – October 14, 1997)

ဟာရိုးရော်ဘင် (Harold Robbins) ရေးပြီး အထောက်တော်လှအောင် ဘာသာပြန်ခဲ့တဲ့ ရှစ်စပ်က ဂျင်ခြေလည်သူ (The Carpetbaggers) စာအုပ်ဟာ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ စာဖတ်သူအများဆုံး စာအုပ်တွေထဲက နံပါတ်၎ နေရာမှာရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနောက်တိုင်းနာမည်ကျော်စာရေးဆရာတွေက များသောအားဖြင့် သူတို့ဖန်တီးတဲ့ဇာတ်လမ်းတွေကို လူတွေ အထူးစိတ်ဝင်စားအောင် နဲ့ စာအုပ်ရောင်းအားကောင်းအောင်လုပ်တဲ့နေရာမှာ စာအုပ်ထဲကဇာတ်လိုက်တွေကို အပြင်မှာတကယ်ရှိတဲ့ နာမည်ကျော်ကြားလူသိများသူတွေနဲ့ ကိုယ်စားပြု ဇာတ်အိမ်ဖွဲ့ပြီးရေးလေ့ရှိကြပါတယ်။ ဒီစာအုပ်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျိုနပ်စ်ကော့ ဂျူနီယာ ဆိုတာ နာမည်ကျော်အမေရိကန်သူဌေးကြီး (Howard Hughes) ဟောင်းဝပ်ဟူးစ် ဘဝကို စံထားပြီး ရေးထားတာပဲဖြစ်တယ်။ သန်းပေါင်းများစွာကြွယ်ဝတဲ့ သူ့အဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အသက်၁၈နှစ်ကစလို့ အမွေ ဆက်ခံခဲ့တဲ့ ဟောင်းဝပ်ဟူးစ်ဟာ လေယာဉ်ပျံ ပေါ်ဦးစကတည်းက လေယာဉ်စက်ရုံတွေ တည်ထောင်ခဲ့ပြီး လေယာဉ် ဒီဇိုင်းအသစ် အမျိုးမျိုးကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်စက်ရုံက တီထွင်ထားတဲ့ လေယာဉ်တွေ ကိုယ်တိုင်စမ်းသပ်မောင်းနှင်ပြပြီး အမောင်းစံချိန်သစ် တင်နိုင်ခဲ့တဲ့ စွန့်ဦးစွန့်စားလိုစိတ်ရှိသူ တစ်ယောက် ဖြစ်တယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ  ထုတ်လုပ်သူလည်း လုပ်ခဲ့ပြီး ဟောလိဝုဒ်က နာမည်ကြီး မင်းသမီးချောများနဲ့ ထည်လဲတွဲ ရည်းစားများသူ မိန်းမပွေသူ ရှုပ်သူ အဖြစ် နာမည်ကြီးခဲ့ပါတယ်။

 Howard Robard Hughes, Jr. 
(December 24, 1905 – April 5, 1976) 

မြန်မာမှာ ကုဋေရှစ်ဆယ် သူဌေးသားဆိုတဲ့ ပုံပြင်လေး ရှိပါတယ်။ အဲ့ဒီပုံပြင်မှာ မိဖတွေဆုံးပါးသွားတော့ အမွေမြောက်မြားစွာရခဲ့တဲ့ သူဌေးသားဟာ အတတ်ပညာဘာမှမရှိ ဘာအလုပ်ကိုမှလည်း မည်မည်ရရ ကြိုးစားမလုပ် ဘေးနားမှာရှိတဲ့ မြှောက်စားပေါင်းစားသူတွေရဲ့ဒဏ်နဲ့ နောက်ဆုံးတော့ လမ်းဘေးမှာ ဆင်းရဲငတ်ပြတ်ပြီး သေဆုံးသွားတယ်။ ဟောင်းဝပ်ဟူးစ်လည်း သူ့အသက် ၁၈နှစ် ပညာမစုံသေးခင်မှာပဲ မိဖ၂ပါးလုံး ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားလို ထင်သလို ပျော်ပါးသောက်စားသက်သက်နဲ့ ဘဝကို ရေစုန်မျှောမပစ်ပဲ စီးပွားရေးလုပ်ငန်းပေါင်းစုံ တည်ထောင်ပြီး ဒီထက်မက ချမ်းသာကြွယ်ဝအောင် စွမ်းဆောင် ကြိုးစားလို့ သူ့ကိုယ်ပိုင် အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ ရိုဘင်ရဲ့ဇာတ်ကောင် ဂျိုနပ်စ်ကော့ဟာလည်း သူ့ အသက် ၁၈နှစ်မှာ မိဖတွေ ဆုံးပါးပြီး တစ်ကောင်ကြွက်ဖြစ်ခဲ့ပေတဲ့ တစ်ပါးသူရဲ့ ချုပ်ကိုင်မှုကို မခံ၊ မြှောက်ပင့်မှုတွေကို အရေးမထား၊ ဘဝကို အရှုံးမပေးပဲ ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် အံတုခဲ့တာတွေ၊ ငွေရဖို့အတွက်ဆို ဘယ်သူ့ကိုမှမညှာနိုင် ဘီလူးစီး စီးသလို အချင်းချင်းလည်လှီးခုတ်ထစ်ပြီး လောဘဇောတိုက်နေကြတဲ့ အမေရိကန်စီးပွားရေးလောကကို ခိုင်မာတဲ့စိတ်ဓါတ်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုအံတုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာတွေ အားကျအတုယူဖွယ်ရာ ဇာတ်လမ်းဖွဲ့ရေးသားထားပါတယ်။

ဂျိုနပ်စ်ကော့အပြင် စာဖတ်သူတွေကို ဆွဲဆောင်သွားတဲ့ တခြားအဓိကဇာတ်ကောင်တွေကတော့ သူငယ်စဉ်ကတည်းက သူ့ကိုသားအရင်းလို ချစ်မြတ်နိုး ပြုစုစောင့်ရှောက်ခဲ့တဲ့ နီဗားဒါးစမစ်၊ ဂျိုနပ်စ်ဘဝမှာ တစ်သက်တာလုံး အတွက် ချစ်မြတ်နိုးခဲ့ရတဲ့ ချစ်ဦးသူ ဒါပေမဲ့ သူ့မိထွေးဖြစ်သွားတဲ့ ရီနာမာလိုး၊ ရိုးသားကြိုးစားတဲ့ ဂျူးလူမျိုး ဒေးဗစ်ဝုဖ်နဲ့ အတ္တကြီးမားလွန်းတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူ့ဦးလေးနော်မန်၊ ဘဝအမှောင်ထဲ မမျှော်လင့်ပဲရောက်ရာက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဖြစ် အဲဒီကနေ ဘဝဟောင်းရဲ့အရိပ်မဲကြောင့် အေးချမ်းတဲ့ သာသနာပြု သီလရှင်ဘဝကို ကူးပြောင်းသွားတဲ့ သနားစရာကောင်းလှတဲ့ ဂျင်နီဒင်တန်။

ဒီစာအုပ်မှာ အနောက်တိုင်းက နာမည်ကျော် ဇာတ်လမ်းတွေရဲ့ သဘောသဘာဝအရ မိန်းမကိစ္စ အညှီအဟောက်တွေနဲ့ ရက်စက်တဲ့လက်စားချေမှုတွေ စသဖြင့် ကိုယ့်မြန်မာ့ယဉ်ကျေးမှုမျက်စိနဲ့ မကိုက်ညီတဲ့ ဇာတ်ကွက်တွေတော့ တွေ့ရမှာပဲ၊ ဒါပေတဲ့ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်စရိုက် ပီပီပြင်ပြင် နိုင်နိုင်နင်းနင်းရေးသားနိုင်မှု အတတ်ပညာကို စာရေးချင်တဲ့သူတွေ လေ့လာနိုင်သလို၊ လူငယ်တွေအတွက်တော့ စီးပွားရေးမှာ ကိုယ့်အားကိုယ်ကိုးပြီး စွမ်းစွမ်းတမံ ဘယ်လိုမျိုး ကြိုးစားအားထုတ်မှုတွေ လုပ်ရမယ်ဆိုတာတွေ အတုယူအားကျစေနိုင်ပါတယ်။ ကိုယ့်စီးပွား ငွေတစ်မျက်နှာအတွက် ကိုယ့်သွေးရင်းသားရင်းကိုမှ မညှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ချင်တာတွေ၊ မိမိ အာဏာတည်မြဲရေးအတွက် တခြားသူတွေရဲ့ဘဝကို နင်းခြေသွားရက်တာတွေ... စတဲ့ လောဘ ဒေါသ မောဟတွေရဲ့ ဆိုးယုတ်မှုတွေကိုလည်း ကြည့်တတ်ရင် တွေ့နိုင်ပါသေးတယ်။ ဆရာမြဟောပြောဖူးတဲ့ ရပ်စကင်းရဲ့စကားလိုပဲ စာတစ်အုပ်မှာ ပါနေတာ ရွှေတွေချည်းပဲလည်း မဟုတ်ဘူး၊ ကျောက်ဖြုန်းတွေချည်းပဲလဲ မဟုတ်ဘူး၊ ဒီတော့ စာတစ်အုပ်ဖတ်တဲ့အခါ အဲ့ဒီထဲက မလိုတဲ့ ကျောက်ဖြုန်းတွေကိုဖယ် ကိုယ့်အတွက် အကျိုးရှိစေနိုင်တဲ့ အဖိုးထိုက်တန်တဲ့ ရွှေကိုသာမြင်ပြီး ယူတတ်ရမယ်။

ကျွန်မ အသက်၁၈နှစ်လောက်က ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်ခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ နောက်တစ်ခေါက်ပြန်ဖတ်တော့ အံ့သြစရာ ကျွန်မ မမေ့မလျော့ မှတ်မိနေတဲ့ ဇာတ်ကောင်ဟာ အဓိက ဇာတ်ကောင် ဂျိုနပ်စ် မဟုတ်ပဲ နီဗားဒါးစမစ်၊ ဒေးဗစ်ဝုဖ်နဲ့ ဂျင်နီဒင်တန် တို့ပဲ ဖြစ်တယ်။ ရီနာကိုလည်း သနားစရာကောင်းတဲ့ ဇာတ်ရုပ်အဖြစ်ကလွဲလို့ သူ့အကြောင်းက ခေါင်းထဲ အမှတ်ထင်ထင် မကျန်ရစ်ဘူး။

နီဗားဒါး စမစ်က လူဖြူအဖေ ရက်အင်ဒီယန်းအမေ တို့က မွေးဖွားလာသူ  ဇွဲသတ္တိ ခွန်အား အပြည့်နဲ့ ရဲရင့်တဲ့ လူငယ် တစ်ယောက်ဖြစ်တယ်၊ တစ်နေ့ သူ့အဖေနဲ့ အမေကို သတ်မဲ့လူဆိုးတွေကို လူဆိုးတွေမှန်း မသိပဲ သူကိုယ်တိုင် သူ့အိမ်သွားတဲ့လမ်း ပြမိလိုက်တယ်။ အဲ့ဒီလူဆိုးတွေကို သူ့လက်နဲ့ ပြန်လက်စားချေခဲ့ပြီးနောက် ဝရန်းပြေးဖြစ်တဲ့အခါ သူ့ နောက်ကြောင်းကို ဖျောက်ဖျက်လိုက်ပြီး ဂျိုနပ်စ် အဖေဆီမှာ အလုပ်ဝင်လုပ်ရင်း ဂျိုနပ်စ်ကို သားအရင်းလို ပြုစု စောင့်ရှောက်ခဲ့သူဖြစ်တယ်။ နီဗားဒါးစမစ်က လူဆိုးတွေကို ပြန်သတ်တဲ့ အခန်းမှာ
ကျွန်မဟာ လူငယ်ပီပီ လူငယ်တို့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့  လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ဖူးတာ မှတ်မိနေပါတယ်။ ခုချိန်ထိ မမေ့မလျော့ ရှိနေတဲ့ စကားတစ်ခွန်းက နီဗားဒါးစမစ်ရဲ့အမေကို လူဆိုးတွေက အင်ဒီယန်း အရေဆုတ်ဖို့ အရှင်လတ်လတ် ကိုယ်ကို ဓါးနဲ့ခွဲတော့ မိန်းမပေမဲ့ လူဆိုးတွေကို ဘာမှတောင်းပန်ငိုယိုနေတာတွေ မလုပ်ပဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြောလိုက်တဲ့ စကားတစ်ခွန်းပါပဲ၊ အဲဒါကတော့ ... " ကျွန်မ မကြောက်ပါဘူး၊ သူတို့ အကုသိုလ်နဲ့ သူတို့ သွားကြမှာပါ " ။ ကျွန်မဟာ သတ္တိရှိတဲ့ မိန်းမတွေကို အစဉ်အမြဲ လေးစားတယ်။

ဒုတိယ ကျွန်မမှတ်မိနေတဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ ဒေးဗစ်ဝုဖ်ပဲဖြစ်တယ်၊ ဒေးဗစ်ဝုဖ်က ဂျူးလူမျိုး၊ သူ့ အဖေနဲ့ အမေ ဂျာမဏီကထွက်ပြေးလာပြီး အမေရိကန်ရောက်မှ သူ့ကိုမွေးခဲ့တယ်၊ သူ့အဖေဟာ အဝတ်ဟောင်းရောင်းသူ အဖြစ် ခက်ခက်ခဲခဲ အသက်မွေးရတယ်၊ အဲ့ဒီအချိန် သူ့အမေရဲ့ အစ်ကို ဖြစ်သူ ဦးလေး နော်မန်က ဂျာမဏီကနေ အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ အမေရိကန်ရုပ်ရှင်လုပ်ငန်းမှာ သန်းကြွယ်သူဌေးဖြစ်နေပြီ။ သူဌေးမဖြစ်ခင်ကတော့ သူ့အဖေရဲ့ မရှိမဲ့ရှိမဲ့ အဝတ်ဟောင်းရောင်းရတဲ့ ငွေထဲက ဦးလေးနော်မန်ကို ထောက်ပံ့ခဲ့ဖူးပေတဲ့ သူ သူဌေးဖြစ်တဲ့အခါ ဒေးဗစ်အလုပ်တောင်းတာတောင် မပေးချင်ပဲ နောက်ဆုံး မတတ်သာတော့မှ ဘယ်သူမှ မသွားချင်တဲ့ ကုန်လှောင်ရုံတစ်ခုမှာ ခွေးစားစား နွားစားစားဆိုပြီး အလုပ်ပေးခဲ့တယ်။ ဒေးဗစ်က ဉာဏ်ကောင်းတယ်၊ လာဘ်မြင်တယ်၊ စီးပွားရေးအမြင်ရှိတယ်၊ သတ္တိရှိတယ်၊ ကျွန်မသဘောအကျဆုံး မမေ့နိုင်တဲ့ ရင်တထိတ်ထိတ်နဲ့ ဖတ်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ခုကတော့ သူ့ဦးလေးရဲ့ ကုန်တိုက်ကို ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ လောဘကြီးတဲ့ ပလက်ဖောင်းလူကြီးရယ်၊ ထင်သလို ချယ်လှယ်နေတဲ့ ဖိုမင်ရယ် အလုပ်သမားတွေနဲ့ရယ်ကို သူရင်ဆိုင်ဖြေရှင်းခဲ့တာတွေကိုပဲ။

ရင်နာနာနဲ့ မှတ်မိနေတဲ့ နောက်ဇာတ်ကောင်တစ်ယောက်အကြောင်းကတော့ သနားဂရုဏာသက်စရာကောင်းလှတဲ့ ဂျင်နီဒင်တန်နဲ့သူ့အဖေတို့ရဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။ ဆင်းရဲလှတဲ့ မျက်နှာမွဲ သားအဖတတွေ ဒုက္ခရောက်ပြီး ကူသူမဲ့ဖြစ်ခဲ့ပုံတွေ၊ ဂျင်နီ မတရားစော်ကားခံရမှန်းသိသိကြီးနဲ့ အကျင့်စာရိတ္တကောင်းမွန်တယ်ဆိုတာလည်း ယုံကြည်ပါလျက်ကနဲ့ သူ့ရဲ့ဆရာတွေဖြစ်တဲ့သီလရှင်တွေကအစ၊ သူတို့တွေ ယုံကြည်လေးစားစွာ ကိုးကွယ်ခဲ့တဲ့ဘုန်းတော်ကြီးပါမကျန် ဘယ်သူကမှ သူတို့ဘက်မှာ ရှိမနေခဲ့ဘူး။ သာသနာပြု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့သူပဲ ဖြစ်ဖြစ်၊ လူသားတွေရဲ့စိတ်ထားမြင့်မြတ်လာအောင် တရားဟောနေပါဆိုတဲ့ဘုန်းတော်ကြီးပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ လူဆိုတာ ငွေရှိသူ အာဏာရှိသူ မျက်နှာဖက်ကိုသာ လိုက်ပါချင်တတ်တဲ့ အကျင့်ရှိသူတွေပါလားဆိုတာ နားလည်မိတော့တယ်။

ဒီဇာတ်ကောင်တွေကို မမေ့မလျော့ ထူးထူးခြားခြား ကျွန်မ မှတ်မိနေတာ အကြောင်း တစ်ခုထဲကြောင့်ပါပဲ။ ကျွန်မက မကြောက်တတ်တဲ့သူတွေ (no fear) ကို သဘောကျလေ့ရှိတယ်၊ လောကမှာ မကြောက်တတ်ဖို့ဆိုတာ မှန်မှန်ကန်ကန်ရပ်တည်တဲ့လူ (upright) ဖြစ်ဖို့လိုပါတယ်။



First edition cover

စာ အညွှန်းလဲ ရှည်နေပြီဆိုတော့ စာအုပ်နာမည်လေး အကြောင်း ခံစားမိသလို ပြောပြီး နိဂုံးချုပ်ပါမယ်နော်။ ဟာရိုးရော်ဘင် (Harold Robbins) က သူ့စာအုပ်ကို ပေးထားတဲ့ နာမည် Carpetbaggers ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ့်နယ်မဟုတ်တဲ့ စီးပွားရေးနယ်ပယ်သစ်ကို ချဲ့ထွင်သူ ဒါမှမဟုတ် စီးပွားရေးကို အောင်မြင်အောင် မျိုးစုံလုပ်သူ လို့ ခပ်တိုတိုပြောရမယ်နဲ့ တူတယ်။

ဆရာအထောက်တော်လှအောင်ရဲ့ စာအုပ်နာမည်လေးကို ပိုသဘောကျမိပါတယ်၊ ရှစ်စပ်က ဂျင်ချေလည်သူ တဲ့...။ တောင်သူဦးကြီးတွေ လယ်ထွန်တဲ့အခါ ထွန်တုံးမှာတတ်ထားတဲ့ ထွန်သွားနဲ့ အရပ်ရှစ်မျက်နှာ အသွားအပြန် လွန်းထိုးပြီး ထွန်ရေးညက်တဲ့အထိ နှံ့စပ်အောင် ထွန်ရပါတယ်။ အဲ့ဒီ ထွန်သွားက မြေကြီးကို ယက်တဲ့အခါ ဂျင်လည်သလိုမျိုး လည်နေတာပေါ့၊ မွမွညက်ညက်ဖြစ်တဲ့ လယ်ကို ရနိုင်ဖို့ အဲ့ဒီဂျင်လေးက လယ်အစပ် ရှစ်စပ်ကို နှံ့အောင်ရောက်နေသလို အရာရာနှံ့စပ်တဲ့သူ ကျွမ်းကျင်လည်ပတ်တဲ့သူကို ရှစ်စပ်ကဂျင်ခြေလည်သူလို့ မြန်မာတွေက ခိုင်းနှိုင်းပြီးပြောကြပါတယ်။ နောက်တစ်ခုက အလုပ်အလွန်များတာကို ဂျင်ချေလည် လို့ မြန်မာအဘိဓါန်က ဖွင့်ဆိုပါတယ်။

စာကောင်းပေမွန်များ ဖတ်ခြင်းဖြင့်
ဖြောင့်မတ်မှန်ကန်သော စိတ်ဓါတ်ခွန်အားများ တိုးပွားကြပါစေ။ 

ကိုးကား။
ရှစ်စပ်က ဂျင်ခြေလည်သူ (အထောက်တော်လှအောင်)
http://www.biography.com/people/howard-hughes-9346282
http://en.wikipedia.org/wiki/Howard_Hughes
http://en.wikipedia.org/wiki/Harold_Robbins
http://en.wikipedia.org/wiki/The_Carpetbaggers


မေတ္တာဖြင့်... မရွှေစု

 ++++

2 comments:

kay said...

အဲဒီ ဟိုဝပ် ဟူးခ်ျ က.. နောက်ဆုံး ကိုယ့်ဖာကိုယ် သတ်သေ သွားတယ်နော်...

စုချစ် said...

ကိုယ်သိတာတော့ ကျောက်ကပ်ပျက်စီးပြီး ဆုံးတယ် ဆိုတာပဲ... သူဆုံးတော့ လေယာဉ်ပေါ်မှာပဲလေ... မဆုံးခင် စိတ်ရောဂါလည်း ဖြစ်နေ... နာတာရှည် ရောဂါလည်း ဖြစ်နေတော့ အရိုးပေါ်အရေတင်ကို ဖြစ်လို့ မှတ်မိစရာတောင် မရှိဘူးလို့ ဖတ်ရတာပဲ... ကေရဲ့...
တော်တော်တော့ တရားရစရာပဲ... သုံးမကုန်အောင် ငွေတွေရှိပေတဲ့ နာခြင်း သေခြင်းတွေကို မလွန်ဆန်နိုင်... ပြီးတော့ ကိုယ်သေတော့လည်း ဒီငွေတွေ ဘာမှ ယူမသွားနိုင်...