မီးခိုးရောင်လဲ့လဲ့အဆင်းနဲ့ တိမ်လိပ်လေးတွေ အဆုပ်လိုက် အဆုပ်လိုက် ပြေးနေတဲ့
ကောင်းကင်ပြာပြာဟာ မနက်ခင်းတစ်ခုလုံးကို ကြည်လင်အေးမြစွာနှုတ်ခွန်းဆက်သလို့..။ ကားမောင်းသွားရာ
အရှေ့ဘက်ယွန်းယွန်းဆီမှာ မြင်နေရတဲ့ ဒေါင်းဖန်ဝါနေမင်းက တရိပ်ရိပ်ပြေးနေသလို ထင်ရတဲ့
သစ်ပင်အုပ်ကြား မိုးမျှော်တိုက်တွေကြားက မခို့တရို့စောင်းငဲ့ကြည့်ရင်း လိမ်မော်ရောင်အသွေး
နဲ့ ၀င်းပလို့...။ သုတ်ခနဲ အပြေးအလွှားနဲ့ ကားလမ်းတစ်ဖက်တစ်ချက်ကို ဖြတ်ကူးသွားတဲ့ ငှက်တစ်အုပ်ကို
မီးပွိုင့်မှာ ကားရပ်လိုက်စဉ် ရုတ်တရက် မြင်လိုက်မိတယ်။
“ဟယ်... ဦးရေချမ်းရေ... ကြည့်ပါဦး... ဟိုငှက်အုပ်ကို....”
“ဘာဖြစ်လို့...”
“ဟိုမယ်လေ... ဟိုဘက်ကားလမ်းကနေ ကသုတ်ကရက်နဲ့ တစ်အုပ်ကြီး ဖြတ်လာပြီး ဒီဖက်ထိပ်လည်းရောက်ရော
ဗြုန်းခနဲ နောက်ပြန်လှည့်သွားရောတော့... ဟော...ဟော... ခုနက ငှက်အုပ် နောက်ဆုံးကနေ တစ်ကောင်တည်း
နောက်ကျကျန်ရစ်ခဲ့လို့ ကသောကမျော အပြေးအလွှားလိုက်လာတဲ့ ငှက်ကလေးကလည်း ကမန်းကတန်းနဲ့
နောက်ပြန်လှည့်ရရော....”
ဦးရေချမ်းက မရွှေစု လက်ညိုးညွှန်ပြနေတဲ့ ငှက်အုပ်ကလေးကို လိုက်ကြည့်နေတယ်။
“ဟော... ၀ိုင်းကြီးပတ်ပတ် လုပ်နေပြန်ပြီ... ဘာတွေလုပ်တာလဲ မသိဘူးနော်...၊
ငှက်ကလေးတွေကို ကြည့်ရတာ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ကြည့်... ကြည့်... ဟိုဖက်သွားမယ့်ဟာ
မသွားသေးပဲ ဟိုဝဲ သည်ဝဲ လုပ်နေကြတယ်...”
“ပတ်ဝန်းကျင် အခြေအနေကို လေ့လာစုံစမ်းတာဖြစ်မှာပေါ့... ပြီးတော့ ရှေ့ကသူတို့ခေါင်းဆောင်ငှက်လုပ်သမျှ
နောက်ကငှက်တွေက လိုက်လုပ်ကြတာလေ...”
“ဟယ်တော့... ဟယ်တော့... ဦးရေချမ်းရေ... သူများတို့လဲ ဘာမှမမှားပဲ ဟိုလူက
လက်ကြီးထောင်ပြီး အသားလွတ် ဆဲသွားတယ်...”
မီးပွိုင့်စိမ်းသွားလို့ ကားကို အသာမောင်းထွက်ရင်း ဘေးက ဖြတ်သွားတဲ့ ဆိုင်ကယ်သမားလုပ်ပုံကြောင့်
မရွှေစုက အံ့သြတကြီးပြောလိုက်မိတယ်။
“ဘယ်သူတုန်း...”
“ဟိုမယ်... ဟိုဆိုင်ကယ်သမားလေ... ဟော... ဟိုမှာ... တွေ့လား... သူများ ကိုယ့်လမ်းအတိုင်း
ကိုယ်မောင်းနေတာ ဘာမှားလို့တုန်း...”
“အေးပါ... ဟုတ်ပါတယ်... မရွှေစု မမှားပါဘူး... မှားနေတာက ဟောဒီ သုံးမြှောင့်တြိဂံပဲ...”
“ဘာ... ဘယ်လို... ဘာလို့....”
“ဒီလိုလေ... ကျွန်တော်တို့ ကားမှာ သုံးမြှောင့်တြိဂံဆိုင်းကလေး တတ်ထားတော့
ဒီကားကိုမောင်းတဲ့သူက ကားလိုင်းစင် အခုမှရမှန်း သိတယ်လေ... ဒါကြောင့် လူတွက မရိုသေချင်ဘူး၊
အလကားပါကွာ... အခုမှကားမောင်းတတ်တဲ့သူပါဆိုပြီး အထင်သေးချင်တယ်... လူ့သဘောဆိုတာ ဒါပဲ...”
“အို... ဒီဆိုင်းလေးပြထားတဲ့သဘောက ဒီကားမောင်းတဲ့သူဟာ လိုင်စင်ရခါစမို့
မောင်းတာကျွမ်းပြီးသားသူတွေက ဒီကားကို သတိထားဖို့၊ ဦးစားပေးဖို့၊ လမ်းပေးဖို့၊ ခွင့်လွှတ်ပေးဖို့
သဘောမျိုးလို့ မရွှေစုက ယူဆထားတာ...”
“ခုနက မရွှေစု ပြတဲ့ ငှက်ကလေးတွေ တွေ့လား၊ စဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့
အသိဉာဏ်က လူတွေလိုမမြင့်မားတော့ ရှေ့ကငှက်သွားရာနောက် အစဉ်တစိုက် လိုက်ကြတာပဲ၊ ရှေ့ကငှက်ဘာဖြစ်လို့
နောက်ပြန်လှည့်လဲ၊ ဘာဖြစ်လို့ ပတ်ပတ်လည် ကနေလဲ၊ သူလုပ်တာနဲ့ အစာရှာဖို့ အချိန်ကုန်တယ်
ဘာညာ ဘယ်ငှက်ကမှ အထွန့်မတက် ပြဿနာမရှာကြဘူး... “
“အင်း...”
“လူတွေမှာကြတော့ စဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့အသိဉာဏ်မြင့်မားကြတယ်၊ တချို့က
အဲ့ဒီအသိဉာဏ်ကို ကောင်းတဲ့နေရာမှာ အသုံးချတယ်၊ တချို့က ဆိုးယုတ်တဲ့နေရာမှာ အသုံးချတယ်၊
တချို့က အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ကိုယ့်အတွက် မနစ်နာရအောင် အဆင်ပြေသလို အသုံးချကြတယ်...၊
ကိုယ့်အတွက် နည်းနည်းလေးနစ်နာတယ် ထင်လိုက်တာနဲ့ လူတွေမှာ ကောက်ကျစ်စိတ်တွေ ၀င်လာတတ်ကြတယ်...
“
“အင်း... လူတွေဟာ အသိဉာဏ်မြင့်မားကြတဲ့အတွက် တခြားသူတွေအပေါ် ဘယ်လိုကောက်ကျစ်ရမလဲဆိုတာ
ပိုသိကြတာလဲ ဖြစ်နိုင်တယ်....”
“အဓိက ကတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်ကြတယ်၊ လူတွေ ကိုယ့်ကိုယ်ကိုယ်
အချစ်လွန်ကြရင် ဒုက္ခများကြတော့တာပါပဲ...”
“ဟုတ်တယ်... မရွှေစုလည်း ကိုယ်တိုင် ကားမောင်းကြည့်တော့မှ လမ်းပေါ်က စရိုက်ပေါင်းစုံနဲ့
ကားမောင်းတဲ့လူတွေ တွေ့ရပြီး လူတွေဘယ်လောက် အတ္တကြီးမှန်း လောဘကြီးမှန်း ဒေါသကြီးမှန်း
ပိုသိလာတယ်။ ဒီလမ်းဟာ ငါအရင်ရောက်တဲ့လမ်း၊ ငါပိုင်တဲ့လမ်း၊ ငါ အဆင်ပြေရင် ပြီးရောဆိုတဲ့သူကခပ်များများ...”
“ခုနကလေ... ဦးရေချမ်းတွေ့လိုက်လား... မရွှေစုက ဒီဘက်ကွေ့မယ့်လမ်းကို လိုချင်လို့
အချက်ပြပြီး ခေါင်းလေးတည်ထားတာ... ဘေးက အမျိုးသမီးတစ်ယောက်မောင်းနေတဲ့ကားက သူ့လမ်းကို
ယူမှာစိုးလို့ အတင်းပိတ်ပြီး မောင်းနေတယ်၊ မရွှေစုတို့ ရှေ့ကကားကလည်း လမ်းလိုချင်လို့
တောင်းတာကို သူကမပေးပဲ အတင်းပဲ ပိတ်ထားတာ....၊ နောက်တစ်လမ်းရောက်တော့ သူက မရွှေစုတို့
လမ်းကို လိုချင်လို့ ပြန်တောင်းတာ ရှေ့ကကားက ဘယ်... လမ်းပေးမှာလဲ... သူ့အလှည့်တုန်းက
ပေးမှမပေးခဲ့တာကိုးနော်...၊ မရွှေစုကတော့ လမ်းပေးလိုက်တယ်... သိလား... ဘာပဲဖြစ်ဖြစ်
သူများတကာ အဆင်ပြေရင် ကိုယ်ကအလကားနေရင်း ကုသိုလ်ရတာပဲ...နော်...”
“Give and Take ဆိုတဲ့ စကားမှာ ကိုယ်က အရင်ပေးမှ ပြန်ရတာလေ၊ ကိုယ်ကတော့မပေးချင်၊
သူများဆီကချည်းပဲ လိုချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲ...။ ဒါပေမယ့် ကိုယ်သွားရမဲ့ လမ်းကြောင်းအတိုင်း
စနစ်တကျ တန်းမစီပဲ ဘေးကနေ ဖြတ်ဝိုက်ပြီး အတင်းကျော်တက်ချင်တဲ့ကားမျိုးကြတော့ ကျွန်တော်က
လမ်းမပေးချင်ဘူး...”
“မရွှေစုကတော့ အဆင်ပြေရင် လမ်းပေးလိုက်ပါတယ်၊ စောနကပြောသလို ဒီလမ်းတွေဟာ
ကိုယ်ပိုင်တဲ့ လမ်းမှ မဟုတ်တာ၊ အဲသာ ဟိုတစ်နေ့က ကားတစ်စီးရယ် အတင်းဖြတ်ကျော် လုတက်လွန်တာ အရှိန်မထိန်းနိုင်တော့ပဲ ရှေ့ကကားကို ဝင်ဆောင့်ပါလေရောလား...၊ တကယ်တော့ ရှေ့ဆုံးကို သူများထက်
အရင်ဦးအောင် ရောက်ချင်တိုင်းလည်း အရင်ရောက်သွားကြတာမဟုတ်ပါဘူး၊ နောက်တွေ့မိတဲ့
ကားတစ်စီးကကြတော့ ရှိသမျှကားတွေကို မြွေလိမ်မြွေကောက်ကျော်တက်ပြီး တအားမောင်းတာလေ... ပြီးတော့လဲ
မထူးပါဘူး... မီးပွိုင့်ရောက်တော့ နောက်က အေးဆေးဆေးဆေး မောင်းလာတဲ့ မရွှေစုတို့ကားနဲ့
အတူတူစောင့်ကြရတာပဲ...”
“ကားကို ဘယ်တော့မှ မြွေလိမ်မြွေကောက် ကျော်မတက်နဲ့...၊ ကိုယ့်အတွက် သူတပါးကို
အန္တရယ်မဖြစ်စေနဲ့၊ တခြားသူကပေးမယ့် အန္တရယ်ကိုလည်း ကိုယ်က တတ်နိုင်သလောက် ရှောင်ပေးတတ်ရတယ်၊
ကိုယ့်လမ်းတစ်လျှောက်က အတူသွားနေတဲ့ ကားတွေကို လေးစားမှုအပြည့်နဲ့ သူတို့အတွက်လည်း အဆင်ပြေစေ၊ ကိုယ့်လမ်းကိုယ်လည်း စနစ်တကျနဲ့ မောင်းတတ်ရတယ်...၊ မြန်ရမဲ့လမ်းမှာလည်း မနှေးစေနဲ့၊ နှေးရမဲ့လမ်းမှာလည်း မမြန်စေရဘူး...”
“အင်း... မနေ့ညက မိုးရွာနေလို့ လမ်းကချောနေလို့ အမြန်လမ်းမှာ နည်းနည်းနှေးသွားတာလေ...
အနောက်ကကားက တောက်လျှောက် မီးကြီးလှမ်းထိုးပြီးပါလာတယ်၊ တကယ်ပဲ... လူတွေဟာ ဆတ်ဆတ်ထိ
မခံနိုင် စိတ်မရှည်ကြတာ ခုမှ ပိုသိတယ်...”
“ လူဆိုတာ ဘယ်လောက်ပဲ စိတ်တိုတတ်သူဖြစ်ပါစေ၊ ကားမောင်းတဲ့အချိန်မှာ စိတ်ရှည်ရှည်ထားရတယ်...၊
စိတ်မရှည်ရင် ကိုယ်ပဲ ဒုက္ခများလိမ့်မယ်...”
“ဒါနဲ့စကားစပ်မိလို့ ပြောပြရဦးမယ်... မောင်လေးတစ်ယောက် ပြောပြတာ... ရန်ကုန်မယ်
ကားတွေတအားများလာတော့ တချို့မောင်းတဲ့သူတွေကလည်း မတတ်တတတ်နဲ့ မောင်းနေကြတာတဲ့၊ အဲသာ
ကားမောင်းကျွမ်းတဲ့ တချို့ဒရိုင်ဘာတွေက သေချာမမောင်းတတ်တဲ့သူမောင်းနေရင်း ကိုယ့်ကားကို
မတော်တဆ ထိမိတော့မယ်ဆို သေလောက်အောင် အန္တရယ်မများဘူးဆို ရှောင်လို့ရနိုင်သားနဲ့ ရှောင်မပေးပဲ
ကားကို အပွန်းအပဲ့ခံပြီး တမင် အတိုက်ခံကြတယ်တဲ့၊ ပြီးမှ မတန်တဆ အလျော်တောင်းကြတယ်ဆိုပဲ...”
“သြော်... ပြောပြီးပါပကောလား မရွှေစုရယ်... လူတွေရဲ့သဘောဟာ ကောက်ကျစ်တတ်ကြပါတယ်လို့...
“
“ဆရာကြီးဦးအောင်သင်း ရေးခဲ့တဲ့စာလေး သတိရမိတယ်၊ ဒဿနိက ပညာရှင်တွေက လူတွေကို
တိရစ္ဆာန်စိတ်နဲ့ ဆင်ခြင်ဉာဏ်တွဲနေတဲ့ သတ္တ၀ါမျိုးတွေလို့ဆိုသတဲ့၊ အဲဒီဆင်ခြင်ဉာဏ်က ကောင်းတဲ့ဆင်ခြင်ဉာဏ်မျိုးမဟုတ်ပဲ
သူတစ်ပါးဒုက္ခရောက်အောင် လုပ်မဲ့ကောက်ကျစ်ဉာဏ်မျိုးဖြစ်ရင်တော့ လူဟာ တိရစ္ဆာန်ထက်ကိုဆိုးတော့တာပဲ...၊
ဒါကြောင့် ကိုယ့်ရဲ့ ကောက်ကျစ်ချင်တဲ့စိတ် သူများထက်အသာစီးရလိုတတ်တဲ့စိတ် အဲသာတွေကို
ကိုယ်ချင်းစာတရား၊ ကိုယ်ကျင့်တရားတွေနဲ့ သတိမြဲမြဲထားပြီး ထိန်းရမယ်တဲ့... “
“ဟုတ်တာပေါ့... ကဲ... ရုံးကိုလည်းရောက်ပြီ... ညနေ ရုံးဆင်း အပြန်ကျမှ စကားဆက်ကြသေးတာပေါ့....
“
ကားရပ်ပြီး ဆင်းလိုက်တဲ့ ခဏမှာ ခုနက တရိပ်ရိပ်ပြေးနေတယ်လို့ ထင်ရတဲ့
လမ်းဘေး တစ်ဖက်တစ်ချက်ဆီက သစ်ပင်အုပ်ဆိုင်းဆိုင်းဟာ တကယ်တော့ သူ့နေရာနဲ့သူ မလှုပ်မယှက် တည်ငြိမ်စွာရပ်တည်နေကြလို့၊ ဒေါင်းဖန်ဝါနေမင်းနဲ့ မိုးကောင်းကင်ကြီးကလည်း ခါတိုင်းနေ့များလိုပဲ
သဘာဝကျစွာ သာယာလှပလို့... ။ ။
++++
1 comment:
P Plate နဲ့ကတော့ အမြဲ bully လုပ်ခံရတာပါပဲ... ခိခိ...
Drive Safe မရွှေစု...း-)
Post a Comment