Wednesday, October 23, 2013

ဧရာဝတီမှ မဲခေါင်သို့ .... ၁


ဆီးရိဗ်မြို့ထဲဝင်လာတော့ ည၉နာရီထိုးလုပါပြီ၊ ကျွန်မတို့စီးလာတဲ့ကား မဲခေါင်ဘတ်စ်ကားဂိတ်ထိုးရပ်လိုက်တဲ့အချိန်မှာပဲ ကျွန်မတို့တည်းမဲ့ဟော်တယ်အမှတ်တံဆိပ်နောက်ခံနဲ့ ကျွန်မနာမည်ရေးထားတဲ့ ဘုတ်ပြားကို မြှောက်ကိုင်ပြီး မော့ကြည့်နေတဲ့ သူ့ကို စတွေ့လိုက်ရပါတယ်။ မူလဘူတ ခမာလူမျိုးတို့ပုံစံ အသားခပ်ညိုညို အရပ်ခပ်ပြတ်ပြတ် မေးရိုးခပ်ချိုင့်ချိုင့်၊ ဝတ်စားထားတာက အနည်းငယ်ညှိုးနွမ်းနေပေတဲ့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ်ရှိအောင် နေထိုင်တတ်ပုံရတယ်။ ကျွန်မအမျိုးသားက ဟိုင်း... လို့ သူ့ကို စတင်နှုတ်ဆက်စဉ်မှာပဲ လက်ထဲက ခရီးဆောင်အိတ်ကို ကူညီဆွဲယူရင်း နေလောင်ထားတဲ့ အသားညိုညစ်ညစ်မျက်နှာပေါ်က ဖွေးဖြူနေတဲ့ သူ့သွားတွေကို အစွမ်းကုန်ဖော်ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

မဲခေါင်ကားဂိတ်နဲ့ ဟော်တယ်ဟာ တုတ်တုတ်နဲ့ နာရီဝက်လောက် သွားရပါတယ်။ မှောင်မှောင်မဲမဲ ဆီးရိဗ်မြို့လေးထဲ ဖြတ်သန်းရင်း ကျွန်မရင်ထဲ အနည်းငယ်လှုပ်ရှားမိတယ်၊ Gateway to the Angkor-era လို့ တင်စားထားတဲ့ ဒီမြို့ဟောင်းလေးထဲကို ခြေချမိတာ ရှေးနှစ်ပေါင်းများစွာက ဘ၀ဟောင်းတစ်ခုကို ပြန်ငေးကြည့်ဖို့ ကြေးမုံပြင်တစ်ချပ်ဆီကို ဦးတည်သွားနေရသလို ခံစားရတယ်။ ဟိုးအရင်ခေတ်က ၀ိညာဉ်တွေဟာ ညအမှောင်ထဲမှာ တိုးတိတ်စွာ ရွေ့လျားဝဲပျံနေကြမလား။ မိုးရွာပြီးစ မြေသင်းနံ့တချို့နဲ့ ရေကန်ကြီးလိုဘေးကဖြတ်သွားရတဲ့အခါ ရေမှော်နံ့တချို့ကိုပါ ရလိုက်ပါတယ်။ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေတဲ့ လူငယ်တချို့တလေကလွဲလို့ ရှင်းလင်းနေတယ်။ တုတ်တုတ်မောင်းသမားလေးနဲ့ ကျွန်မအမျိုးသားတို့ စကားပြောနေသံက နားထဲ မကြားတစ်ချက် ကြားတစ်ချက်။ ဟော်တယ်ရောက်တော့ သူက နောက်နေ့တွေ လျှောက်လည်ဖို့ သူ့ကို ခေါ်ပါလို့ ပြောတယ်၊ သူ့ အင်္ဂလိပ်စကားပြော သံနေသံထားက မဆိုးလှပါဘူး။ ကျွန်မတို့က သူ့ကိုပဲ ခေါ်ပါမယ်လို့ ကတိပေးလိုက်တယ်။ ခမာနယ်မှာ ပထမဆုံး စတွေ့ရ သိရတဲ့ ခမာလူမျိုးတစ်ယောက် စိတ်ချမ်းသာအောင် ကျွန်မတို့က ဘာလို့ မကူညီပဲ နေရမှာလဲ။

++++

ကျွန်တော့်နာမည် ဗွန်လို့ ခေါ်ပါတယ်၊ ကျွန်တော့်ကို ဒီ ကနေ ကီလိုမီတာ ၄၀လောက်ဝေးတဲ့ ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ။ မိဖတွေက လယ်ကူလီ နဲ့ တောင်ယာ အလုပ် လုပ်ကြပါတယ်၊ ရွာမှာနေတုန်းက ကျောင်းမနေခဲ့ဖူးပါဘူး။ ကျွန်တော့် အသက် ၁၃နှစ်လောက်မှာ အဖေ့ သူငယ်ချင်း တစ်ယောက် အကူအညီနဲ့ ဆီးရိဗ်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးကျောင်းသား အနေနဲ့ ရောက်သွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းမှာ ဝေယျာဝစ္ဆ ကူလုပ်ရင်း ဗုဒ္ဓဘာသာ၊ အင်္ဂလိပ်စာ၊ ကမ္ဘောဒီးယား သမိုင်း နဲ့ ယဉ်ကျေးမှု စတာတွေကို သင်ကြားခဲ့ရပါတယ်။ သင်ပေးတဲ့ဆရာတွေကတော့ ဘုန်းကြီးတွေရော၊ လူ ကျောင်းဆရာတွေရောပါ ပါတယ်။ ဘုန်းကြီးကျောင်းမှာနေရင်းနဲ့ ကျွန်တော် အလယ်တန်းထိ အောင်မြင်ခဲ့ပါတယ်။

အသက် ၂၁နှစ်မှာ ကျွန်တော်ဘုန်းကြီးဝတ်ပါတယ်၊ ပဉ္ဇင်းဘ၀နဲ့ ၃နှစ်နေခဲ့ပါတယ်။ ကျွန်တော့် အသက် ၂၄နှစ်လောက်ရောက်တော့ ဘုန်းကြီးကျောင်းမယ် နေရတာ မပျော်တာနဲ့ လူထွက်ပါတယ်။ ကျောင်းလဲ ဆက်မနေချင်တော့တာနဲ့ အဖေ အမေရှိရာ ရွာကိုပဲ ပြန်လာခဲ့ပါတယ်။ ရွာမှာ မိဖတွေနဲ့ လယ်အလုပ်ကူလုပ်ရင်း အိမ်ထောင်ကျပါတယ်။ ကျွန်တော့် ယောက္ခမက ဒီအန်ကောက အင်္ဂလိပ် တိုးဂိုက်တစ်ယောက်ပါ။ ဆီးရိဗ်မှာ ရှိတဲ့ အန်ကောကို နိုင်ငံခြားခရီးသွားတွေ အမြောက်အမြားလာကြတော့ သူ့အလုပ်က အဆင်တပြေရှိပါတယ်။ အိမ်ထောင်ကျတော့ ယောက္ခမတွေ ပိုင်တဲ့ ၀င်းထဲမယ် လိုက်နေပါတယ်၊ ယောက္ခမပိုင်တဲ့ လယ်ယာမြေထဲက တစ်ကွက်ကို အိမ်ဝင်းလေးခတ်ပြီး ဖြစ်သလို တဲအိမ်လေးဆောက်ပြီး နေကြတာပါ၊ အခုတော့ ဆီးရိဗ် လေဆိပ်အသွားလမ်းမကြီးပေါ်မှာရှိလို့ နေရာကောင်းလို့ ဆိုနိုင်ပါတယ်။ အရင်ကတော့ ကျွန်တော်တို့ကို အိမ်ဆောက်နေခွင့်မရှိဘူးဆိုပြီး အစိုးရတာဝန်ရှိသူတွေက လာတားကြပါတယ်။ အခုတော့ ဘာမှ လာမပြောကြတော့ပါဘူး။

မိန်းမနဲ့ ဆီးရိဗ်မှာ နေရင်း ယောက္ခမက ကျွန်တော့်ကို မင်း ဘာအလုပ် လုပ်မလဲ၊ ဘုန်းကြီးကျောင်းမှာ နေတုန်းက အင်္ဂလိပ်စာ သင်ဖူးလို့ တုတ်တုတ်မောင်းပါလားလို့ ပြောပါတယ်၊ တကယ်ကတော့ ဘုန်းကြီးကျောင်းမှာ နေစဉ်က သင်ခဲ့ရတဲ့ အင်္ဂလိပ်စာက ရွာကို ပြန်သွားတော့ အားလုံးနီးပါး မေ့ကုန်ပြီ၊ ဒါပေတဲ့ သူက ငါပြန်သင်ပေးမယ်ဆိုပြီး နည်းနည်းပါးပါး ပြန်သင်ပေးပါတယ်၊ ဒီလိုနဲ့ ကျွန်တော်လည်း တုတ်တုတ် မောင်းသမားဖြစ်လာပါတယ်။ အလုပ်လုပ်ခါစက နိုင်ငံခြားသားတွေ ပြောတာ တော်တော်များများကို ကျွန်တော် နားမလည်ပါဘူး၊ သူတို့ ဟန်ပန်ကိုကြည့်ပြီး မှန်းပြီး နားထောင်ရင်း ပြောရင်း တစ်လုံးစ နှစ်လုံးစ တဖြည်းဖြည်း တိုးတက်လာပြီး တတ်လာတာပါပဲ။

အရင်က ကျွန်တော်က ဘယ်ဟော်တယ်နဲ့မှ မချိတ်ဆက်ပဲ ဒီတိုင်း အလွတ်မောင်းနေတာပါ၊ ခုနောက်ပိုင်း တုတ်တုတ်မောင်းသမားတွေ တအားများလာတော့ ခရီးသည်ရဖို့က အတော်ကို ခက်ခဲပါတယ်။ လမ်းလျှောက်နေတဲ့ နိုင်ငံခြားသားမြင်ရင် တုတ်တုတ်စီးမလားမေးတဲ့အမောင်းသမားတွေက ကျွန်တော့်စိတ်ထင် ၁၀မိနစ်အတွင်း ၄-၅-၁၀ယောက်လောက်တောင် ရှိမလားပဲ၊ ဒါနဲ့ ကျွန်တော့်ရသမျှလေး စုဆောင်းပြီး တုတ်တုတ်ကိုယ်ထည် အသစ်ကလေး လုပ်ပါတယ်၊ ဒီတုတ်တုတ်အသစ်လေးက ဒေါ်လာ၇၅၀လောက်ကျပါတယ်၊ ဆိုင်ကယ်ကတော့ အရင်ကတည်းက မောင်းနေတာလေးပဲ သုံးပါတယ်၊ ဆိုင်ကယ်က အဟောင်းဝယ်ရင်တောင် ဒေါ်လာ ၁၅၀၀လောက် အနည်းဆုံးပေးရတော့ ရှိတာလေးပဲ ထိန်းမောင်းနေရပါတယ်၊ တုတ်တုတ်အသစ်လုပ်ရတာကတော့ ဟော်တယ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ချင်ရင် တုတ်တုတ်ကိုယ်ထည်က ဟောင်းနေ စုတ်နေရင် ဟော်တယ်တွေက မသုံးချင်ကြပါဘူး။

ဟော်တယ်နဲ့ ချိတ်ဆက်ထားတော့ ကျွန်တော်တို့ကို အလှည့်ကျစနစ်နဲ့ ခရီးသည် ပေးပါတယ်၊ အခု အောက်တိုဘာ ရာသီအစမှာ တုတ်တုတ် တစ်နေကုန်ငှားရင် တစ်နေ့ကို ၁၅ဒေါ်လာ ကျပါတယ်၊ ဟော်တယ်က ၃ဒေါ်လာဖြတ်ပြီး ကျွန်တော်တို့က ၁၂ဒေါ်လာ ရပါတယ်၊ အခု အစ်ကိုတို့တည်းတဲ့ဟော်တယ်မှာ ကျွန်တော့်လို တုတ်တုတ်မောင်းသမား ၄၅ယောက် ချိတ်ဆက်ထားကြပါတယ်။ အလှည့်ကတော့ တခါတခါ reception က သူတွေနဲ့ အလျဉ်းသင့်ရင် သင့်သလို အလှည့်ပိုရတတ်တာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ ဆီးရိဗ်က ခရီးသွားရာသီက အောက်တိုဘာကနေ ဧပြီလထိ ဖြစ်ပါတယ်။ ခရီးသွားရာသီမျိုးမှာ တစ်လကို ၂၅၀ဒေါ်လာလောက်ထိ ၀င်ငွေ ရှိတတ်ပေမယ့် ခရီးသွားရာသီ မဟုတ်တဲ့ အချိန်ဆို ဒေါ်လာ ၁၀၀လောက်ပဲ ၀င်ငွေရှိပါတယ်။ ကျွန်တော့်မှာ သားလေး နှစ်ယောက်ရှိပါတယ်၊ သားအကြီးလေးက ၆နှစ်ရှိပါပြီ၊ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ကျောင်းစတက်တာပါ။ အငယ်လေးက ၂နှစ်သားပဲ ရှိပါသေးတယ်၊ ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ပါဘူး။ ကျွန်တော့်ဝင်ငွေနဲ့ လောက်လားဆိုတော့ လောက်ငတယ်လို့ ထင်တာပါပဲ၊ တစ်လ တစ်လ စားစရိတ်ဘယ်လောက်ကုန်တယ် ကျွန်တော် မသိပါဘူး၊ ကျွန်တော်ရှာရသမျှ ကျွန်တော့်မိန်းမလက်ထဲ အကုန်အပ်လိုက်ပါတယ်၊ သူက အစစအရာရာစီမံ ခန့်ခွဲပါတယ်။

ကျွန်တော်က ဒီမြို့လေးကို ချစ်တယ်၊ ဒီက ရှေးဟောင်းလက်ရာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဂုဏ်ယူလားဆိုတော့ အဲသာတွေ ကျွန်တော် မပြောတတ်ဘူး၊ ဘုန်းကြီးကျောင်းမယ် နေတုန်းက ခမာယဉ်ကျေးမှုတွေ သမိုင်းတွေ သင်ခဲ့ရပေတဲ့ ကျွန်တော့်ခေါင်းထဲ မှတ်မိလှတာ မဟုတ်ဘူး။ ကျွန်တော်ပြောတတ်တာက ကျွန်တော်ဒီမြို့မှာ နေရတာ ပျော်တယ်၊ ကျွန်တော့်အတွက် အဆင်ပြေတယ်၊ ကျွန်တော့်မိသားစု အတွက် အဆင်ပြေတယ်၊ ဖနွမ်ပင်ကို ကျွန်တော်မကြိုက်ဘူး၊ နေဖို့ဝေးရော သွားကိုမသွားချင်ဘူး၊ ဟော... ဟိုမှာကြည့်... အစ်ကို... အဲဒီကန်ကြီးဟာ အရင်က ဘုရင်ရေချိုးကန်လို့ဆိုကြတယ်၊ အခု ကျွန်တော်တို့ ချိုးလို့ရတယ်၊ မပြောနိုင်ဘူး အစ်ကို... ကျွန်တော်ဟာ အန်ကောခေတ်ဟောင်းက ဘုရင်တစ်ပါးဖြစ်ချင်လဲ ဖြစ်ခဲ့နိုင်တယ်၊ လူတွေကို အတင်းခေါ်ပြီး အဆောက်အဦကြီးတွေ ဆောက်ခိုင်းခဲ့လို့ ဒီခေတ်မှာ လူတွေကို ပြန်ပြဖို့ တုတ်တုတ်မောင်းနေရတာလဲ ဖြစ်နိုင်တယ်၊ ဟုတ်တယ်မဟုတ်လား အစ်ကို။

ကျွန်တော်မွေးတဲ့ အချိန်က ကမ္ဘောဒီးယားမှာ ခမာနီတွေ ထွက်သွားတဲ့အချိန် ၁၉၇၉ခုနှစ်ပါ။ ကျွန်တော့်မိဖ
ဘိုးဘွားတွေကတော့ ခမာနီတွေရဲ့ဒါဏ်ကို မသေရုံတမယ် ခံခဲ့ရပါတယ်။ အစ်ကိုက ကျွန်တော့်ကို ပုရစ်စားလားလို့မေးတော့ ကျွန်တော်က ပြောပြချင်ပါသေးတယ်၊ ပိုးကောင်တွေ မှန်သမျှ ကျွန်တော်စားတတ်ပါတယ်၊ ဟိုးအရင်ခေတ်ကတော့ စစ်ကြောင့် ငတ်လွန်းလို့ တွေ့တာ ရှာစားရင်းနဲ့ ပိုးကောင်တွေ စားတတ်သွားတယ် ထင်တာပါပဲခင်ဗျာ၊ သူတို့ကနေ ဆင်းသက်တဲ့ ကျွန်တော်လည်း ပိုးကောင်တွေ စားတတ်တာပေါ့၊ ကျွန်တော်အကြိုက်ဆုံး အကောင်ကတော့ ကင်းမြီးကောက် ခင်ဗျ။ နောင် ကြုံမှ အစ်ကိုနဲ့ အစ်မကို ကျွန်တော် ကျော်ကြွေးပါဦးမယ်။ အစ်မက ခမာ အစားအစာတွေ ကြိုက်တတ်လို့ နောက်တစ်ခါလာရင် ကျွန်တော်ကိုယ်တိုင် ချက်ကျွေးချင်ပါတယ်၊ အစ်မကြိုက်တဲ့ တို့စရာအစုံနဲ့ တမာရွက် နုနုလေးတွေပါ ခူးထားဖို့ မမေ့စေရပါဘူး။ နောက်တစ်ခါ အစ်ကိုတို့လာရင် ကျွန်တော် တုတ်တုတ်မောင်းသမားဘ၀ကနေ ကိုယ်ပိုင် တက်စီမောင်းသမားဖြစ်ပါစေဆိုတဲ့ အစ်ကိုပေးတဲ့ဆုနဲ့လဲ ပြည့်ချင်ပါတယ်။

++++

No comments: