Wednesday, October 24, 2012

ဝမ်းမြောက်ဖွယ် အရေးအသား

ဆရာကြီးရွှေဥဒေါင်း (၁၈၈၉ - ၁၉၇၃)
Oil on Canvas by SuuChitThu 

ဆရာကြီးရွှေဥဒေါင်းက ပြောဖူးသည်။ တော်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ၀တ္ထုကြီးကို အလွယ်တကူ ၀ယ်မရ၍ နောက်ကျမှ ဖတ်ခဲ့ရသဖြင့် ဦးဘိုးစိန်ကြီး ဆိုဖူးသည့် တေးချင်းတစ်ပုဒ်အတိုင်း “လွန်တဲ့ရက်တွေကောလို့ ဒေါသဖြစ်လှသည်” ဆိုကာ ခပ်ငယ်ငယ်ကတည်းက မဖတ်ရှုခဲ့ရခြင်းအတွက် ၀မ်းနည်းလှပါသည်တဲ့။

ကျွန်မအတွက်တော့ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းကြီးကို အိမ်ကစာအုပ်စင်မှာ ရှိနေတာသိနေပေသိ၊ စာအုပ်ကြီး ထူထဲလှတာကို လန့်သည့်စိတ်နှင့် ခပ်ငယ်ငယ်ကတည်းက မဖတ်ဖြစ်ခဲ့ရသည်ကို တွေးမိတိုင်း လွန်ခဲ့ရသည့် အချိန်တွေကို နှမျှောမဆုံး ရှိလှပါသည်။

လူသားတိုင်း သူတို့ဘ၀မှာ တစ်နည်းနည်းနှင့် ကျေးဇူးတင်ရမည့် ပုဂ္ဂိုလ်များ ရှိနေတတ်ပေသည်။ ထိုသူများထဲတွင် စာရေးဆရာများသည် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြပေသည်။ စာရေးဆရာများသည် သူတို့ဘ၀တွင် ရှေ့ဆောင်လမ်းပြပေးသူများ အနေနှင့် မသိလိုက်မသိဘာသာ ရှိနေကြလေသည်။ အိမ်က အဖေ အမေ ဆိုဆုံးမသည်ကို နာခံချင်မှ နာခံမည်။ ကျောင်းက ဆရာ သင်ကြားပြသ သည်ကို လက်ခံချင်မှ လက်ခံမည်။ ဆရာတော်များ လမ်းညွှန်မိန့်ကြားချက်များသည်လည်း တစ်ဖက်နားမှ ၀င်ကာ တစ်ဖက်နားမှ ထွက်ချင် ထွက်သွားတတ်တည်။ သို့တည်းမူ မိမိတို့ ကြိုက်နှစ်သက် လေးစားရသော စာရေးဆရာ၏ ဇာတ်ကောင် “ဟီးရိုး” များမှ ပြောစကားများကား မည်သူမျှ ရိုက်နှက် စေခိုင်းခြင်း မရှိပဲ နားထဲတွင် သံမှိုနှင့် စွဲသကဲ့သို့ ခိုင်မြဲစွာ တည်တံ့ကျန်ရစ်၏။

မိမိဖတ်သော စာအုပ်တစ်အုပ်မှ ဇာတ်ကောင်များ၏ စရိုက်သည် ကောင်းချင်လည်း ကောင်းမည်။ တော်ချင်မှလည်း တော်မည်။ အပြစ်အနာအဆာများလည်း ရှိနေနိုင်ပေသည်။ ဇာတ်လိုက်သည် လူဆိုးဗိုလ်တစ်ယောက် ဖြစ်ချင်လည်း ဖြစ်နေနိုင်သည်။ သူ့အမှုအယာ သူ့ပြောစကားများကို လက်ခံချင်မှလည်း လက်ခံနိုင်မည်။ သဘောတူချင်မှလည်း တူပေမည်။ သို့သော် မိမိတို့သည် ထိုဇာတ်ကောင်များမှ တဆင့် ထိုစာရေးဆရာ၏ ပြောချင်သော အတွေးကို ဆုပ်ကိုင်မိလိုက်သည်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်၊ မတော်တာလုပ်ရင် မတော်တာ ဖြစ်မယ်၊ ကောင်းမှု လုပ်ရင် ကောင်းကျိုးပေးမယ်ဆိုတဲ့ အိမ်က လူကြီးမိဖ စကားများသည် တိုက်ရိုက်စကားများ ဖြစ်၍ စာရေးဆရာ၏ စကားများကား လှုပ်ရှားနေသောစိတ်ဝင်စားဖွယ် စရိုက်များနှင့် ပြည့်နှက်နေသည့် သူ့ဇာတ်ကောင်များမှတဆင့် သူ့ဘာသာသူ ပြောနေဟန်ရှိသောစကားများ ဖြစ်၏။ ကိုယ်လိုချင်သော် ယူ၊ ကိုယ်သဘောနှင့် မတွေ့သော် ထားခဲ့လို့ ရပေသည်။ တိုက်ရိုက်စကားများသည် နားဝမှ လျှံကျလွယ်လျက် သွယ်ဝိုက်စကားများကား အသဲထဲ စိမ့်ဝင်လွယ်ကြပေသည်။

ဆရာကြီးရွှေဥဒေါင်းစာအုပ်များနှင့် စတင် မိတ်ဆက်ဖြစ်သည်ကား ပြောစရာပင်မလိုသော စုံထောက်ကြီးဦးစံရှား ၀တ္ထုများပင်ဖြစ်သည်။ ထို့နောက် သူ့ရဲ့ စွန့်စားခန်းဆန်ဆန် ၀တ္ထုများ ဖြစ်သည့် ဂျမဒါကိုကိုကြီး၊ သူတော်စိန်၊ ဒဂုန်တင့်၊ လူစွန့်စား၊ သူရဲကောင်း၃ယောက်၊ စွန့်ဝံ့သူ၊ စောလမုန်သိုက်၊ ပထမံဆရာသိန်း၊ ဇော်ဟိတ်၊ လျှို့ဝှက်သဲဖို ၀တ္ထု၊ ဂမုန်းနက်၊ စသည်များ လက်လှမ်းမှီသလောက် ဆက်တိုက်ဆိုသလို ဖတ်ဖြစ်ခဲ့သည်။ ဆရာဦးအောင်သင်း ဆိုခဲ့သလိုပင် ဆရာကြီး၏ ၀တ္ထုများသည် စွန့်စားခန်း သက်သက် သွေးရဲရဲ သံရဲရဲ အပစ်အခတ် အသတ်အပုတ်များချည်းပါသည့် ၀တ္ထုများမဟုတ်။ ဦးနှောက်ကို ခါးတောင်းကျိုက်ကာ တိုက်ပွဲဝင်ရသော စွန့်စားခန်းများ ဖြစ်သည်။ ထိုမှတဆင့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်မှု၊ အသေးအဖွဲလေးဖြစ်တောင်မှ အမှုမဲ့ အမှတ်မဲ့ မထားပဲ အရာရာကို စူးစမ်းလေ့လာမှု၊ မိမိပတ်ဝန်းကျင်ကို ဂရုပြုနေထိုင်မှု၊ ဒါ့အပြင် စိတ်ကောင်းစေတနာ ထားရှိမှု စသည့် အလေ့အကျင့်လေးများ အနည်းနှင့် အများဆိုသလို ဖြစ်ပေါ်လာပေသည်။

ဝတ္ထုဆိုသည်မှာ ဇာတ်ကောင်တို့၏ စိတ်ဓာတ်၊ အကျင့်၊ စာရိတ္တ၊ ၀ါရိတ္တ၊ စသဖြင့် ကွက်ကွက်ကွင်းကွင်း ပေါ်အောင် တဆင့်ပြီးတဆင့် သရုပ်ဖော်ခြင်းဖြစ်ရာ ဆရာကြီးမှာ စာအရေးကောင်းလှသဖြင့် စွန့်စားခန်းများသက်သက် နှင့် မတူသော ရတနာပုံ ၀တ္ထုမျိုးမှာလည်း ကျောင်းသုံး စာအုပ်ပြဋ္ဌာန်းရသည်အထိ၊ ရုပ်ရှင်အထိ အောင်မြင်မှု ရခဲ့ပေသည်။

ထို့နောက် ဆရာကြီး၏ စိတ်နှင့် ပါတ်သက်သော ၀တ္ထုများ၊ အဆန်းတကြယ် စွန့်စားခန်းများ ပါသည့် ၀တ္ထုများ ဖြစ်သည့် ရူပနန္ဒီ၊ ရူပကလျာဏီ၊ စန္ဒာဒေ၀ီ၊ ကာလယန္တယား၊ မြတ် သက် မော် စသည်များမှာလည်း လက်မှ မချချင်အောင် စွဲလန်းခဲ့ရသည်။

ဆရာဒဂုန်တာရာက ဤသို့ ဆိုဖူး၏။ ဆရာကြီးရွှေဥဒေါင်းကို ကြိုက်သည်မှာ ဆရာကြီး၏ အရေးအသားသည် မြန်မာပီသသော ရေးဟန်နှင့် အနောက်နိုင်ငံ စိတ်ကူးစိတ်သန်းတို့ ပေါင်းစပ်ထားခြင်းကြောင့်ဟု ဆိုလေသည်။ ဆရာကြီး၏ ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်ဇာတ်လမ်းဟု ဆိုရမည်ဖြစ်သော တစ်သက်တာမှတ်တမ်းတွင် ရှေးမြန်မာ ပီပီသသကြီးလို့ ပြောရမည့် မြန်မာစစ်စစ် တစ်ယောက်၏ ရေးဟန်နှင့် အနောက်နိုင်ငံသား အတွေးအခေါ်များ ရောယှက် ပါဝင်နေသဖြင့် ဆရာကြီးဒဂုန်တာရာအမြင်မှာ မှန်လှပေသည်ဟု အားတက်သရော ခေါင်းငြိမ့်မိပေသည်။

ဆရာကြီးမှာ အတွေးအခေါ် စာအုပ်များ၊ ဘာသာရေးဆွေးနွေးချက် ဆောင်းပါးများ များစွာ ရေးသား သွားသော်လည်း သူ၏ တစ်သက်သာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်မှာ သူ၏ အတွေးအခေါ်များ၊ သုံးသပ်ချက်များ၊ ဘ၀ အတွေ့အကြုံ အစုံအလင် ပါဝင်နေပြီးဖြစ်သောကြောင့် သူ၏ အကောင်းဆုံး စာအုပ်ဟု ခေါ်ဆိုနိုင်ပေသည်။ ထိုစာအုပ်တွင် စာရေးသားနည်းလည်း သင်ယူနိုင်သည်။ ဒေသန္တရ ဗဟုသုတလည်း ရှာဖွေနိုင်သည်။ သမိုင်းကိုလည်း လေ့လာတွေ့ရှိသည်။ အတွေးအခေါ် အယူအဆများကိုလည်း ဆင့်ပွားနိုင်သည်။ ထိုအတွေးအခေါ်များကို မိမိတို့ခေါင်းထဲသို့ အတင်းရိုက်သွင်းကာ လက်မခံခိုင်း၊ လောကကြီးကို အမှားတွေ အမှန်တွေနှင့် ဖြတ်သန်းသွားသော လူတစ်ယောက်၏ ဖြစ်ရပ်မှန် ဇာတ်စုံ တစ်ပုဒ်၊ သဲထိပ်ရင်ဖို စွန့်စားခန်းများ ပါသော လူစုံ ဖြစ်ချင်သူ လူဖြောင့် စိတ်တို မာနကြီးသူ တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက် တစ်စုံတစ်ရာလည်း ဖြစ်ပေသည်။

ဆရာကြီး၏ အရေးအသားကိုလေ့လာမိသော် ဆရာကြီးသည် စာကြောင်းတို ၀ါကျတိုများ ရေးလေ့ရှိသလို စာကြောင်းရှည်၊ ၀ါကျအရှည်ကြီးများ ကိုလည်း သူ့နေရာနှင့်သူ သပ္ပါယမ လိုက်ဖက်အောင် သုံးလေ့ရှိသည်ကို တွေ့ရလေသည်။ စကားလုံးများကိုလည်း မြန်မာဆန်ဆန် ကြွယ်ကြွယ်၀၀ သုံးသွားသည်မှာ အံ့မခန်းပင်။ ဥပမာ... သူ၏တစ်သက်တာ မှတ်တမ်းတွင် တွေ့ရှိရသော ကြိယာဝိသေသန များမှာ ခိုသာခံသာ၊ တတုံတတုံ၊ ဖုံပွပွ၊ နေ၀င်စုပ်စုပ်ကန်း၊ ဟပ်တပ်စွဲ၊ မင်းမှီစိုးကပ်၊ ဆင်ပြောင်းဆင်ကွဲ၊ တဖြတ်တည်း၊ ချောင်လည်ချောင်ပတ်၊ ကရော်ချော်မယ်၊ ဇလုံးဇခု၊ ကက်ကော်ကလန်၊ ဆေးသေပေါက်၊ ခဲနိဌာန် ..စသဖြင့်... ဖြစ်သည်။

“ဆတ်” ကြည့် လိုက်ရကောင်းမလား၊ သူတို့လစာနှင့် ကျွန်ုပ်လစာမှာ အူ၍မျှ မကြားနိုင်အောင် ကွာဝေးလွန်းတယ်၊ ထူးထူးဆန်းဆန်း ဆရာကြီး သုံးတတ်သောစကားကား တချက်မြင်လိုက်ရလျှင်နောက်ထပ်၍ မကြည့်ပဲ မနေနိုင်သည့် ”အလန့်တကြား” ချောလှသော မျက်နှာမျိုး၊ တစ်ခါမြင်လိုက်ရုံနှင့် ရင်ထဲမှာ “ဒိတ်ကနဲ” ဖြစ်သွားရလောက်အောင် ချောတယ်တို့ စသဖြင့် ဖြစ်သည်။ ထိုရေးနည်းမျိုးမှာကား သူ ပြောချင်တာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် သူပြောသလို နားရင်းပိတ်ကျင်းလိုက်သလို အလန့်တကြား ဒက်ခနဲ နားလည်စေနည်းပင်။ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းမှာ စာအုပ်ဖတ်နေရင်း ဟာသများ ရေးထားသည် မဟုတ်စေကာမူ တခါတလေ သနားသဖြင့် အော်ရယ်မိသည်၊ တခါတရံ တည်တည်ခန့်ခန့်ကြီး ပြုံးမိသည်၊ နှာခေါင်းထဲ အနံ့တွေဘာတွေ ရလာတတ်သေးသည်၊ နားထဲ အသံများ ကြားလာရသည်၊ စားစရာ အကြောင်းဆိုလျှင် ခံတွင်းမှာပင် စိမ့်သွားသလို ဖြစ်မိပေသေးသည်။

အနောက်တိုင်းဆန်သော အရေးအသားကား ဆရာကြီးသည် သူ့စိတ်တွင် ခံစားနေရပုံကို တိုက် ရိုက်မပြော၊ ဥပမာ.. ဖဆပလ အစိုးရခေတ်က သူ့နောက်လိုက်နေသည့် စုံထောက်များကို မြင်ရတော့ “စိတ်ထဲ၌ ထိတ်လန့်လောက်အောင်မရှိသော်လည်း သူတို့မျက်နှာများသည် ကျွန်ုပ်အား ရွှင်မြူးခြင်းမဖြစ်စေသည်ကို ၀န်ခံရပါမည်။” တဲ့။ ပြီးတော့ ဖဆပလ အစိုးရ က စစ်ဆေးမေးမြန်းစရာရှိလို့ ဆိုပြီး လူထုဦးလှကို ဖမ်းဆီးသည့်နှယ် ခေါ်ဆောင်သွားသည့်အခါ အဲဒီအချိန်မှာ ဆရာကြီးက လူထုတိုက်က အယ်ဒီတာချုပ်ဖြစ်၍ လူထုဒေါ်အမာနဲ့ သူ့ညီမက ဆရာကြီးကို ဦးလှနဲ့ အဖော်အဖြစ် ခေါ်ဆောင်သည့်နေရာကို လိုက်ခိုင်းကြပါသည်။  အဲဒီအခါ လိုက်သွားရတာကို သိပ်မကြည်လင်လှတဲ့ ဆရာကြီးက ဘယ်လိုရေးခဲ့သလဲဆိုတော့ “ကျွန်ုပ်အား တွန်းထိုးထည့်ပေးလိုက်ကြသည့် မတင်တင်နှင့်မအမာတို့ အပေါ်တွင် ကျေးဇူးတင်သောစိတ် မဖြစ်ပေါ်လာခြင်းကို ၀န်ခံပါသည်။” တဲ့။ အနောက်တိုင်းဆန်သည့် အရေးမျိုးဟု ထင်မြင်မိပါသည်။

လူထုအမေဒေါ်အမာသည် ဆရာကြီး၏၀ါကျတည်ဆောက်ပုံနှင့် စကားအသုံးအနှုန်း များသည်သူ့နားထဲသို့ စိမ့်ဝင်လျက်ရှိကြောင်း ၀မ်းမြောက်စွာ ၀န်ခံဘူးသည်။ သူတို့ခေတ်က ဆရာကြီးပီမိုးနင်းကတော့ ဆရာကြီးရွှေဥဒေါင်းရဲ့ ခေါင်းကြီးသတင်းတွေကို “ဆိတ်ကြီးပဲလှော်” စားရခြင်းနဲ့ တူသည်ဟု ချီးကျူးဖူးပါသည်။ ဆိုလိုခြင်းမှာ ဆရာကြီး၏စကားလုံးသုံးပုံနှင့် ၀ါကျတည်ဆောက်ပုံမှာ ထုံထုံထိုင်းထိုင်းမဟုတ်။ ကျွတ်ကျွတ်ရွရွ ရှိလှသည်ဟု ထပ်လောင်း၍ ရှင်းပြောပါသေးသည်။

ကျွန်မကတော့ ဆရာကြီး၏ အရေးအသားကို နှစ်သက်သဘောကျလှသဖြင့် ဆရာကြီး၏ စာများ ဖတ်ရတိုင်း ၀မ်းမြောက်စရာ ကောင်းလွန်းသောကြောင့် ၀မ်းမြောက်ဖွယ် အရေးအသားဟု တင်စားမိပါသည်။ ဆရာကြီး၏ ၀မ်းမြောက်ဖွယ် အရေးအသား နှင့် ဆရာကြီး၏ ရှင်းရှင်းပြတ်ပြတ် တွေးခေါ်တတ်သည့် အယူအဆများသည် ကျွန်မ တို့နှင့် မည်မျှလောက်ပင် မျိုးဆက် ကွာသော်ငြားလည်း ယနေ့ထက်ထိတိုင်အောင် ခေတ်မီနေဆဲပင်။

သီချင်းကြိုက်သူသည် သူသဘောကျသော သီချင်းတစ်ပုဒ်၊ ဂီတသံစဉ် တစ်ခုကို နားထောင်ရလေလျှင် ကျောထဲစိမ့်သွားမတတ် ကြည်နူးလှသည်ဟု ဆိုတတ်ကြ၏။ ဆရာကြီး၏ စာများဖတ်ရသည်မှာတော့ ဆရာကြီးစကားနဲ့ ပြန်ပြောရရင် ကျွန်မအတွက်တော့ ဘယ်အချိန် ပြန်ဖတ်ဖတ် ကျောထဲစိမ့် ကြက်သီးမွေးညင်းထသွားရအောင်ကို သဘောကျနှစ်ခြိုက်မိပါသည်။

ယနေ့ အောက်တိုဘာ ၂၄ရက်မှာ ကျရောက်သော ဆရာကြီးရွှေဥဒေါင်း၏ မွေးနေ့ကို ဤစာဖြင့် ဂုဏ်ပြု ပူဇော်လိုက်ရပါသည်။

စုချစ်သူ
၂၄ အောက်တိုဘာ ၂၀၁၂

ကိုးကား။
ဆရာကြီးရွှေဥဒေါင်း - တစ်သက်တာ မှတ်တမ်း နှင့် အတွေးအခေါ်များ
ဆရာဦးအောင်သင်း - သူတို့ နှင့် ကျွန်တော်
ဆရာဒဂုန်တာရာ - ရုပ်ပုံလွှာ

+++++

Monday, October 15, 2012

ညလယ်စာ အလာပသလ္လာပ ဘွန်း



“မရွှေစုရေ... နက်ဖြန်ညနေ ရုံးက စောစော ပြန်ကြရအောင်ဟေ...”

မနေ့ညက ညစာထမင်းစားပြီး တီဗွီရှေ့ထိုင်ရင်း အ၀တ်ခေါက်နေတုန်း (လျှော်ပြီး အ၀တ်များ ရုပ်ဖို့၊ ခေါက်ဖို့ ကိုရေချမ်းက အမြဲ တာဝန်ယူပါသည်...) ကိုရေချမ်းက ပြောလိုက်ခြင်းဖြစ်သည်။

“ဘာလို့... “

တီဗွီရှေ့မှာထားသော စားပွဲအံဆွဲထဲကနေ ပုရွက်ဆိတ်များ ထွက်လာသဖြင့် အံဆွဲတွေကိုထုတ်ပြီး သန့်ရှင်းရေး လုပ်နေရင်း မရွှေစုက သူ့ကို မကြည့်ပဲ စိတ်မ၀င်စားသလို ပြန်မေးမိသည်။

“ဂျိမ်းစ်ဘွန်း နှစ်၅၀ပြည့် အတွက် နက်ဖြန်ညက စပြီး ဒေါက်တာနိုး ရုပ်ရှင် လာမယ်လေကွာ...”

“အမလေး... ငါ့မောင်ရယ်... ဘာများလဲလို့... “

မရွှေစုက အံဆွဲထဲ ပစ်မိပစ်ရာ ပြစ်ထည့်ထားသော စာရွက် စာတမ်းများ၊ တိုလီမုတ်စများ မလိုသည်များကို လွှတ်ပစ်ရန် တစ်ခုချင်း ခွဲခြားစီစစ်နေရာမှ ရယ်ဟဟ ပြန်ပြောလိုက်၏။

“ရယ်ရတယ်တော့... သိလား....”

ဘာရယ်မဟုတ်... ရယ်ရတယ်တော့...သိလား... စတာတွေနှင့် မရွှေစုကစကားစတတ်လေ့ ရှိသည်။

“ငယ်ငယ်ကဆို ဂျိမ်းစဘွန်းလို့ ကြားရင် မိန်းမတွေ ၀ိုင်းဝိုင်းလည်တဲ့ မင်းသားကားလို့ပဲ သိတယ်။ ဂျိမ်းစဘွန်းကားတွေမှာ စွန့်စားခန်းသက်သက်ဆို ဒီလောက် နာမည်ကြီးမှာ မှုတ်ဖူး... ရောက်တဲ့နေရာတိုင်း မိန်းမ စွံလို့သာ လူတွေ ပိုပြီး စိတ်ဝင်စားတာလို့ ထင်တာပဲ။ သူများဆို ဂျိမ်းစဘွန်းကို ဆရာဦးအောင်မြင့်ဆွဲတဲ့ ကြံ့ဗဟုံး ကာတွန်းတွေကနေ အရင် ဖတ်ဖူးတာ...။ သူ့ ကာတွန်းတွေထဲမှာ ထူးထူးဆန်းဆန်း စက်ကရိယာတွေ၊ စွန့်စားခန်းတွေနဲ့ ရယ်လည်း အရမ်းရယ်ရတာပဲ။ နောက်မှ အဲ့ကာတွန်းတွေထဲက တချို့ဟာတွေက ဂျိမ်းစ်ဘွန်းကားတွေထဲကမှန်း သိတော့တယ်... “

 “ဟိုတစ်နေ့က သတင်းထဲမယ် ပြောနေကြသေးတယ်... ဘယ် ဂျိမ်းစဘွန်းမင်းသားက ဘယ်ကားထဲမှာ လူ ဘယ်လောက် အသတ်ဆုံး၊ ကောင်မလေးတွေနဲ့ အနမ်းဆုံး ဘာညာနဲ့... “

ကိုရေချမ်းက ရယ်ကျဲကျဲ လုပ်ရင်း မျက်ခုန်းနှစ်ဘက် ပင့်လှုပ်ပြ လိုက်သည်။

“အမယ်... သူလည်း ကြည့်ရတာ ဂျိမ်းစ်ဘွန်းဖြစ်ချင်နေတယ်နဲ့ တူတယ်... ဟိဟိ...၊ သူများကတော့ ဘွန်းတွေထဲမယ်... ရှောင်ကွန်နရီကို အကြိုက်ဆုံးပဲ... ဒါနဲ့...စကားစပ်မိလို့ ... ဘွန်း တင် စွံတာမှုတ်ပါဘူး... ဦးရေချမ်းကြီးရာ... ရှေးခေတ် မြန်မာ ပုံပြင်တွေထဲမလဲ ဇာတ်လိုက်တွေက စွံလိုက်ကြသမှ.... ဒီမယ်... စစ်ကိုင်းဦးဘိုးသင်း ရေးတဲ့ ငမဲကျွန်ဆိုတာ ကြားဖူးသလား...”

“ကြားဖူးပေါင်ဗျာ... ပြောစမ်းပါအုံး... ဆရာမရယ်...”

ကိုရေချမ်းက နောက်ဆုံး အင်္ကျီတစ်ထည်ကို လက်စသတ် ခေါက်လိုက်ကာ အ၀တ်တွေ အထပ်လိုက်ကို ညီညီညာညာ ဖြစ်အောင် စီရင်း စိတ်ဝင်တစား ဒါပေမယ့် ခပ်နောက်နောက် ပြန်ပြောသည်။

“အို... ငမဲကျွန်ဆိုတာ အိန္ဒိယက ကာလီဒါသ ပညာရှိလို ရှေးခေတ်က မြန်မာပညာရှိတဲ့၊ အဲ့ပုံပြင်တွေကို ဆရာကြီးဦးဘိုးသင်းက ပေမူ တစ်ခုထဲကနေ ဖတ်ပြီး ရေးတယ်ပြောတာပဲ...”

“အင်း.. “

“ငမဲကျွန် အကြောင်းကတော့ ထားပါတော့၊ သူ့အကြောင်းက ပြောရရင် တဇတ်လမ်း ဖြစ်နေမယ်၊ ခုပြောမှာက ရှေးခေတ် မြန်မာ ဂျိမ်းစ်ဘွန်း...၊ အမှတ်မမှားရင် ဟိုတစ်ခေတ် မြန်မာရာဇ၀င်ကားတွေ ခတ်စားတဲ့အချိန်က အဲ့အကြောင်းကို ထွန်းလုံရှိန်နဲ့တောင် ဗွီဒိယို ဇာတ်လမ်း ရိုက်ဖူးတယ်ထင်တယ်...၊ ထွန်းလုံရှိန် သိလား...”

“သိပါဘူး၊ ကျွန်တော်က ခင်ဗျားတို့ မြန်မာကားတွေ ကြည့်တာမှ မှုတ်တာ...”

“အမယ်... မြန်မာ ဂျိမ်းစဘွန်းကား အကြောင်း အရင်ပဲ နားထောင်ကြည့်ပါအုံး၊ နောက်ကျမှ ငါလည်း သူ့လို့ စွံရင် အပီပဲတွေ ဘာတွေ ဖြစ်ကုန်အုံးမယ်...ခွစ်... “

မရွှေစုက လှောင်ပြော ပြောရင်း ကိုရေချမ်း ရှေ့မှအင်္ကျီပုံကို မကာ အခန်းထဲက အ၀တ်ဘီဒိုဆီကို သူ့နေရာနှင့်သူ သွားထားလိုက်သည်။ ကိုရေချမ်းကတော့ သူ့ ညလည်စာ အတွက် ကော်ဖီ ဖျော်နေပြီး၊ မရွှေစု အတွက်တော့ ပျားရည်နှင့် ရှောက်သံပုရာ ရည် ရော ဖျော်ပေးသည်။ မရွှေစုက အံဆွဲကို ဆက်လက် သန့်ရှင်းရေး လုပ်ရင်း...

“တစ်ခါက မြို့တစ်မြို့မှာ ထန်းသီး ဆိုတဲ့ သူဌေးသားတစ်ယောက်ဟာ သူ့အဖေ ထားခဲ့တဲ့ ပစ္စည်းတွေ သုံးဖြုန်းပြီး နေလာလိုက်တာ၊ သူ့အဖေ မသေခင် သဘောတူခဲ့တဲ့ သူဌေးသမီးကို ယူမယ်လည်း ကြံရော၊ မိန်းမ တင်တောင်းစရာ ပိုက်ဆံမရှိတော့ဘူး တဲ့။ ဒါနဲ့ သူများဆီက ငွေတွေ ချေးငှားပြီး တင်တောင်းရသတဲ့၊ အဲသမှာ ငွေပြန်ဆပ်စရာ မရှိသေးတော့ သူ့မိန်းမ မိသားစု ပိုင်တဲ့ ငွေတွေ ဘယ်မှာဖွက်ထားလဲ မိန်းမကို တိတ်တိတ်လေး မေးထားပြီး ညဘက် လူခြေတိတ်ချိန် ဘယ်သူမှမသိအောင် ထဖေါ်ရောတဲ့...”

“အဲသမှာ လူမိရောလား...”

“ဘယ်... လူမိတာထက် ဆိုးတာ၊ မြေကြီးထဲက ငွေအိုးတွေမှာ မြွေကို အစောင့်ထားတာမို့ သူသွားဖေါ်တော့ မြွေထွက်လာပြီး ကိုက်တာ သေပါရော၊ မိန်းမကလည်း သူ့ယောက်ျား ညသန်းခေါင်ကြီး ပျောက်သွားတာ ငွေသွားဖေါ်နေရင် အခက်ပဲဆိုပြီး နောက်ကလိုက်လာတော့ ဒီမှာက မြွေကိုက်ပြီး မျောနေပြီ၊ ဒါနဲ့... ငါ လောဘကြီးပြီး သူများ ပိုက်ဆံ ယူမိလို့ ငါ့အပြစ်နဲ့ ငါ ဖြစ်ရတာ၊ ငါ့ကို ရေထဲ ဖောင်နဲ့မျောလိုက်ပါလို့ မိန်းမကို မှာပြီး သေရောတဲ့...”

“အင်း..”

“မိန်းမကလည်း မှာတဲ့ အတိုင်း ငိုယိုပြီး ဖောင်နဲ့ မျှောလိုက်တာမှာ... တက္ကသိုလ်ဆရာကြီး သမီး ၇ယောက် ရေကစားတဲ့နေရာကို ဖောင်က ရောက်လာရော...။ အဲ့မှာ အစ်မကြီးက ဖောင်ကို အရင်မြင်တယ်၊ ဒုတိယ အစ်မက ဖောင်ပေါ်ကလူ မသေနိုင်သေးဘူလို့ ပြောတယ်၊ နောက်တစ်ယောက်ကဆယ်တယ်၊ နောက်တစ်ယောက်က ဆေးသွားခူးတယ်၊ တစ်ယောက်က ဆေးသွေးပေးတယ်၊ တစ်ယောက်က ဆေးကုတယ်၊ တစ်ယောက်က အစာကျွေးတယ်.. ညီအစ်မ ၇ယောက် ၀ိုင်းပြီး ပြုစုလိုက်ကြတာ... မြွေကိုက်ပြီး သေမလို ဖြစ်နေတဲ့ လူနာလည်း တခါထဲ ထထိုင်တော့တာပဲ...”

“အဲသမှာ ဘသားချောကို ၀ိုင်းလုကြရောတဲ့လား...”

“ဟာ... ပိုင်လှချည်လား၊ ဘယ်လိုလုပ်သိလဲ...”

မရွှေစုက မျက်လုံးပြူး မျက်ဆန်ပြူးမေးတော့ ကိုရေချမ်းက ကော်ဖီကို တစ်ငုံ မြုံ့ရင်း ဦးစံရှား အပြုံးမျိုးကို ပြုံးကာ...

“ဒါက ဒီလိုပဲ ရှိရတော့မယ်လေ... ကဲ... ပြောပါအုံး... မိန်းမ ၇ယောက်ဝိုင်းဆွဲလို့ ထွက်ပြေးရသတဲ့လား...”

“နေအုံး၊ သူပြေးရပုံက တစ်မျိုး၊ အဲ့မှာ သူယူမယ် ငါယူမယ် ညီအစ်မတွေ ၀ိုင်းလုကြတော့ တက္ကသိုလ်ဆရာကြီးက ငါ့နှယ် တပည့်တွေကြားထဲ ဒီသမီးတွေ လုပ်ပုံနဲ့ အရှက်တော့ ကွဲပါပြီဆိုပြီး၊ ကာယကံရှင်ကို ဘယ်သူ့ယူမလဲ မေးတော့လည်း အားလုံး အတူတူချစ်ပါတယ်လို့ ဖြေတာနဲ့... ဆရာကြီးလည်း စိတ်ပေါက်ပေါက်နဲ့ ဆေးစီရင်ထားတဲ့ ချည်မန်းကွင်းလုပ်ပြီး အဲ့လူရဲ့ခြေထောက်ကို စွပ်ပေးလိုက်တာမှာ ကြက်တူရွေးဖြစ်ပြီး ပျံပြေးသွားရောတဲ့...”

“ကောင်းသားပဲ...”

“တခါထဲ ကြက်တူရွေးက လူကဖြစ်တဲ့ ကြက်တူရွေးဆိုတော့ လူစကားပြောတတ်တာပေါ့၊ ဒါနဲ့... ဘုရင့်ဥယျာဉ်မှာ သွားနားနေတာ စကားပြောတတ်မှန်းသိတော့ ဥယျာဉ်မှုးတွေက တပင်တိုင် မြနန်းနဲ့ ထားတဲ့ ဘုရင့်သမီးတော် မင်းသမီးလေးဆီ ဆက်သလိုက်တယ်တဲ့...”

“ကြက်တူရွေး... ကော်တော့တာပေါ့...”

“ဘာပြောကောင်းမလဲ... ကြက်တူရွေးက မင်းသမီးလေးကို တီတီတာတာတွေလုပ်၊ ချည်မန်းကွင်းကို ဖြုတ်ခိုင်းပြီး သူက နဂါးပြည်က မင်းသားပါလို့ ညာပြောပြီး မင်းသမီးလေးနဲ့ ဘယ်သူမှ မသိအောင် ပျော်ပါးနေကရော...”

“မိုက်သဗျာ...”

“ခွစ်... ဘာလဲ... ချည်မန်းကွင်းနဲ့ ကြက်တူရွေးယောင်ဆောင်ပြီး မင်းသမီးလေးဆီ သွားချင်လို့လား...”

“သွားချင်ပေါင်ဗျာ... ချည်မန်းကွင်းစွတ်တာ ကိုယ့်အလှည့်ကျမှ ကြက်တူရွေး မဖြစ်ပဲ... လဒ ကြီး ဖြစ်သွားလို့ မင်းသမီးနဲ့လည်း မတွေ့... ဟုတ်ပေ့ဖြစ်နေပါ့မယ်...”

ကိုရေချမ်း အပြောကြောင့် မရွှေစု ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

“ဒါနဲ့ သမီးတော်မှာ ကိုယ်လေးလက်ဝန်ပါ ဖြစ်လာတာတဲ့။ ဒီသတင်း ဘုရင်းကြီးသိတာနဲ့ တပြိုက်နက် စစ်သားတွေ လွှတ်ပြီး တပင်တိုင်မြနန်းကိုတက် ၀ိုင်း ဖမ်းခိုင်းတာမယ် ချည်မန်းကွင်း ပြန်ဝတ်ကြက်တူရွေးယောင် ပြန်ဆောင်နေတယ်တဲ့။ စစ်သည်တွေက ကြက်တူရွေးလဲ ဖမ်းသကွာဆိုပြီး လိုက်ဖမ်းတော့ ပျံပြေးတာမှာ ချည်မန်းကွင်း ကျွတ်ထွက်သွားလို့ အဲသမှာ လူပြန်ဖြစ်၊ ပြတင်းက ခုန်ထွက်ပြေးရရော...”
 “ထွက်ပြေးရင်း အိမ်တစ်အိမ် သားအမိ သားအဖ ၃ယောက် ဒေါင်းလန်းကြီးနဲ့ ထမင်းစားနေတာတွေ့တော့ ခပ်တည်တည် ဘာမပြော ညာမပြော တခါထဲ ၀င်စားတာတဲ့၊ သားအဖ အမိ ၃ယောက်ကလည်း သူ့အသိ ကိုယ့်အသိထင်ပြီး ဘာမှ မပြောမိကြဘူးတဲ့။ နောက်ကစစ်သားတွေ အနားရောက်လာတော့ ဒီနား လူတစ်ယောက် ထွက်ပြေးလာတာ မြင်သလားမေးတော့... သူကိုယ်တိုင် ထပြီး ဟိုဘက်ထွက်ပြေးတာတွေ့တယ် လိုက်ကြ လိုက်ကြ လို့ ပြောလိုက်တာ စစ်သားတွေလည်း ထွက်သွားတော့ သူလည်း လွတ်သွားကရော...”
“အဲ့တော့မှ ထမင်းဝိုင်းက အမေကြီးက သူ့ သမီး ဘု ကိုမေးတယ်... သမီး ဘု သူက ဘယ်သူလဲ၊ သမီး အသိလားပေါ့၊ သမီး ဘုက မသိပါဘူး၊ ဘ အသိလား ဆိုပြီး ဘကိုမေးတော့ ဘကလည်း မသိဘူးလေ လို့ ပြန်ပြောတယ်။ အဲ့မှာပဲ ‘ဘုမသိ၊ ဘမသိ’ ဆိုတဲ့ စကားပုံ ပေါ်လာတာတဲ့...”

“ဟားဟား... မိုက်သယ်....”

“ဒီလူကလည်း ဒီလောက် လူကြိုက်များမှတော့ ဘွန်းလို ရုပ်ရည် သနားကမားထင်ပါတယ်။ အဲသာနဲ့ ဘုတို့ ဘတို့ အိမ်မှာပဲနေပြီး ဘုနဲ့ ညားရော။ သားလေး တစ်ယောက် ရလာရော...”

“နောက်တော့... ဟို ဘုရင့်သမီးတော်က လိုက်ရှာရောဆိုပါတော့...ဟုတ်လား...”

“ဘယ်... ဘုရင့်သမီးတော်က သူ့မင်းသားလေး လွမ်းလို့ ဆိုပြီး အလှူကြီး ၇ရက် ပေးတာမှာ သူတို့ဇာတ်လမ်းလေးကို သရုပ်ဖော်ပန်းချီပုံတွေဆွဲပြီး ပြထားတာတဲ့။ သူ့မှာလဲ သားလေးတစ်ယောက်နဲ့ ကျန်ခဲ့တာကိုး...။ နောက်ဆုံး တိုတို ပြောရရင်... ဘုရင့်သမီးတော်ရဲ့ အလှူကို သူ့ရဲ့ ပထမ မိန်းမကလည်း သားလေး လက်ဆွဲပြီး ရောက်လာ၊ တက္ကသိုလ်ဆရာကြီး သမီး၇ယောက်ကလည်း ကြက်တူရွေးလိုက်ရှာရအောင်ဆိုပြီး ရောက်လာ၊ လက်ရှိမိန်းမနဲ့ သားလေးလက်ကိုဆွဲပြီး သူကလည်း ရောက်လာ၊ ဘုရင့်သမီးတော်နဲ့ သူ့သားတော်လေးကလည်း မဏ္ဍပ်ထဲမှာ ရှိနေ ဆိုတော့ အားလုံး တစ်နေရာထဲ ဆုံကြကရော...”

“ဒါနဲ့ ...”

“အို... အဲမှာ.... ဒါ ကျွန်မယောက်ျားပါ ဆိုပြီး မိန်းမအားလုံးက ၀ိုင်းဆွဲကြတာ ပွက်ပွက်ကို ညံနေတော့တာပဲတဲ့...။ နောက်ဆုံး ဘယ်သူ ရသင့်သလဲ ဆိုပြီး ပညာရှိ ငမဲကျွန်ဆီမှာ အဆုံးအဖြတ် တောင်းရတော့တာပဲတဲ့... ။ ကဲ... ပညာရှိ ဦးရေချမ်းကရော ဘယ်လို အဆုံးအဖြတ် ပေးမလဲ...”

“ဒါများ... လွယ်လွယ်ကလေး... နောက်ဆုံး မိန်းမနဲ့ပဲ ညားစေသတည်းပေါ့ဗျား...”

“ဟယ်... တော်လိုက်တာ... မရွှေစု ယောက်ျား မပြောရဘူး.... ဟုတ်ပ...ဟုတ်ပ... လက်ရှိ နောက်ဆုံးမိန်းမက ခွင့်မပြုပဲ မည်သူမျှ လက်ဖျားနှင့် မတို့ထိရလို့တောင် ပညာရှိ ငမဲကျွန်က စီရင်ပေးလိုက်သတဲ့လေ... ခစ်ခစ်....၊ ကဲ... ရှေးခေတ်မြန်မာဘွန်းလေ... မစွံလား...”


“စွံပါ့ဗျာ... စွံပါ့... ကျွန်တော့်လောက်နီးနီးကို စွံပါသော်ကော...”

“ဘာပြောသယ်...”

“ဘာမှ မှုတ်ပါဘူး... ကဲ... ရော့... ရော့... ပုံပြောဆရာမကြီး အာခြောက်နေပြီ.... ပျားသံပုရာရည်လေး သုံးဆောင်လိုက်ပါအုံး...“

ဤတွင် ညလယ်စာ အလာပသလ္လာပ ပုံပြောခန်းရပ်။ ။

ကိုးကား။ ။
စစ်ကိုင်းဦးဘိုးသင်း
ငမဲကျွန်
စာမျက်နှာ - ၁၅၄ မှ ၁၈၇

+++++

Saturday, October 13, 2012

တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး)

Artist - Thet Naing Soe
ဒီနေ့တော့ တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး) ဆိုတဲ့ ရှေးက တောသူတောင်သားတွေ နှစ်ခုတွဲရေတွက်ရာတွင် သုံးတဲ့ ဂဏန်းသင်္ချာဆိုင်ရာ အမှတ်သညာ စကားလင်္ကာ အကြောင်း ရေးချင်ပါတယ်။ တောရွာတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေ မန်ကျည်းစေ့တောက်တမ်း ဇယ်တောက်တမ်း ကစားတဲ့ အခါမျိုးမှာ တောဓလေ့ ဘာသာဘာဝ ဒီစာချိုးကလေးကို ဆိုတတ်လေ့ ရှိကြတာပေါ့။
ကျွန်မတို့ ငယ်ငယ်တုန်းက သြဇာသီးစေ့ကလေးတွေနဲ့ ဇယ်တောက်တမ်း ကစားလေ့ရှိကြပါတယ်။ အဲဒီလိုကစားရာမှာ အစေ့ကလေးတွေ ကြဲလိုက်လို့ ပူးပြီး ကျသွားမှာ အပြူးတွေ များနေမှာ အရမ်းကြောက်ပါတယ်။ တစ်ပြူးဖြစ်နေတဲ့ အစေ့လေးတွေ များများပါနေရင် တခြား ပြိုင်ဖက်က အဲဒီ အပြူးလေးတွေကို ယူခွင့်ရှိလို့ ရှုံးလွယ်ပါတယ်။ ''တစ်ပြူး'' ဆိုတာ ၂ခု တစ်စုံ ပူးကပ်နေတာကို ပြောတာပါ။
ဘယ်လောက်ကြီးလဲ၊ ဘယ်လောက်များလဲ ဆို တစ်လံစာလောက် ကြီးတယ်၊ များတယ်၊ ဟိုဘက် တစ်လံအကွာလောက်မှာ ခင်ဗျားပစ္စည်းတွေ ချထားပါ စသဖြင့် တစ်လံ ဆိုတဲ့ အသုံးကို လည်း အရေအတွက်၊ အကွာအဝေး ပြောချင် ပြချင်တဲ့ နေရာမှာ သုံးကြပါတယ်။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲ ဆိုတဲ့ ဇွဲသတ္တိနဲ့ ဆိုင်တဲ့ စကားပုံလေးကိုလည်း လူတော်တော်များများ သိကြပါတယ်။ ''တစ်လံ'' ဆိုတာ လက်နှစ်ဘက် ဘေးကို ဆန့်ပြီး ရှိသလောက်ကို တစ်လံ လို့ ပြောကြလေ့ရှိတယ်။ လက်အတောင်နဲ့ ဆို ၄တောင် အကွာ လို့လည်း ဆိုကြတယ်။
ဒါပေသိ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး) ဆိုတာတွေကတော့ ခုခေတ်မှာ မသုံးသလောက်ကို ရှားနေပါပြီ။ အဲသာကြောင့် ဆရာကြီးမြကေတုရဲ့ ''ကလေးမှတ်ဉာဏ် တစ်ပြူး တစ်လံ'' ဆိုတဲ့ ဆောင်းပါး ထဲက ဒီစကားလင်္ကာအကြောင်း ရှင်းပြထားတာလေးတွေကို မြန်မာစာ ဗဟုသုတ အနေနဲ့ လက်ဆင့်ကမ်း ဖောက်သယ်ချချင်ပါတယ်။ 
ရှေးက တောင်သူလယ်သမားကြီးများဟာ သူတို့ သားသမီးတွေ အသိပညာ အလိမ္မာတိုးစေဖို့ မိမိတို့ ဉာဏ်စွမ်းရှိသ၍ လက်ဆင့်ကမ်း ပညာပေးကြရာမှာ တောရွာမှာဆိုတော့ သူတို့ အနီးအနားမှာ ရှိတဲ့ သူတို့နဲ့ ယဉ်ပါးနေတဲ့ လှည်း၊ နွား၊ စပါး စတာတွေကိုပဲ ဥပမာပေးပြီး ပညာသင်ပေးလေ့ရှိကြတယ်။
၂ ဆိုတဲ့ ဂဏန်းကို သင်ပေးတာမှာ လှည်းဘီး ၂ခု တစ်စုံ ပူးကပ်နေတာ၊ နွား၂ကောင် ထမ်းပိုးမှာ အတူတူ တတ်ထားတာကို ''တစ်ပြူး'' လို့ ကလေးကို သင်ပေးကြတာမို့ ၂ခု ပူးကပ်နေတဲ့ အရာတွေ ကို တစ်ပြူး - ၂ခုလို့ ခေါ်တာ ကလေးက သိသွားတယ်။
တောထဲမှာ ထင်းခုတ် ထင်းတိုက်ပြီး ပြန်အလာ အိမ်နံဘေးမှာ ထင်းတွေကို လံပုံထိုးပြီးတဲ့အခါ ဒါတွေက ''တစ်လံ'' ရှိတယ် လို့ လက်နှစ်ဘက် ဆန့်တန်းပြပြီး ကလေးကို သင်ပေးတယ်။ တစ်လံလို့ပြောရင်း တစ်လံဆိုတာ လူရဲ့တစ်တောင်နဲ့ ၄ခါ လုပ်ရကြောင်းပြလိုက်သေးတယ်။ ဒီလိုနဲ့ ကလေးက တစ်လံ ဖြစ်တဲ့ ၄ ဂဏန်းကို သိသွားတယ်။
တောရွာတွေမှာ ညောင်ကန်အရပ်က လှည်းယာဉ်ပုံစံ ဟာ အစခြောက်စ ထောင်နေလေ့ရှိတာကို သိကြတယ်။ လှည်း ရှေ့ထုတ်၊ လှည်း အိမ်ဘောင်၊ လှည်း လက်တင် စတာတွေရဲ့ ဘယ် နဲ့ ညာ ဘက်တွေမှာ အစ ခြောက်စ ထောင်ထားလို့ ''ညောင်ကန်'' လို့ ဆိုလိုက်ရင် ညောင်ကန်လှည်းကိုကိုယ်စားပြုလို့  ၆ခု ကို ကိုယ်စားပြုတယ်လို့ ကလေးက အမှတ်သညာ ထားလိုက်ပါတယ်။
နွား၂ကောင် တစ်ပြူးကို ထမ်းပိုးတုံးမှာ တပ်နေစဉ် နွားတစ်ကောင်စီရဲ့ ခြေထောက်တွေက တစ်လံ အရေအတွက် ၄ခု နဲ့ ညီတာကို မြင်ရတယ်။ နွား၂ကောင်ဆိုတော့ တစ်လံ ၂ခု က အရေအတွက် ၄ခု နဲ့ ၄ခု ပေါင်းတာ ၈ခုဆိုတာကို တစ်လံပေါ် တစ်လံ ထပ်ပိုးလို့ ၈ခုဖြစ်တယ်ဆိုပြီး ထမ်းပိုးနဲ့ တွဲမှတ်လိုက်တယ်လို့ ဆိုတယ်။ 
နောက်တစ်နည်းကတော့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်းသားတွေက ဗျပ်ဆိုင်းတွေကို ထမ်းပိုးမှာ ထမ်းပြီး နံနက်တိုင်း ဆွမ်းခံထွက်တဲ့အခါ ဗျပ်ဆိုင်းကြိုးတွေက တစ်လံစီ ရှိကြတာကို သူသိရတယ်။ ရှေ့က ဗျပ်ဆိုင်းကြိုး နဲ့ နောက်က ဗျပ်ဆိုင်းကြိုး ၂ခု ထမ်းပိုးလိုက်လျှင် ၈ခု ဖြစ်တာကိုလည်း သိရတော့ ၈ ဂဏန်းဆိုတာ တစ်လံ တစ်ခုအပေါ် တစ်ခု ထပ်ပိုးလျှင် ရတဲ့ ''ထမ်းပိုး'' လို့ မှတ်လိုက်တာလည်း ဖြစ်တယ်တဲ့။ 
၁၀ ဂဏန်းကတော့ စပါးတွေကို တင်းနဲ့ ခြင်တွယ်ပြီး ရေတွက်တဲ့အခါ ၁ ကနေ စရေတွက်လာလိုက်တာ ၁၀ တင်းပြည့်တဲ့ အခါရောက်တော့ ဂဏန်းအရေအတွက်ကို မအော်တော့ပဲ ''ချိုး'' လို့ အော်လေ့ရှိတာကို မှတ်သားလိုက်တာဖြစ်တယ်။ နောက်တစ်မျိုးကတော့ စပါးတွေကို ကျီထဲသို့လည်းကောင်း၊ ဒိုင်သို့လည်းကောင်း သွင်းကြတဲ့အခါ ၁ တင်း ၂တင်းလို့ မမှတ်ပဲ ၁၀တင်းပြည့်မှ ၁၀တင်း ၁ကြိမ် ၁ချိုးခေါ်ကာ မှတ်လေ့ရှိတာကိုလည်း အမှတ်အသား ပြုလိုက်တာ ဖြစ်တယ်။
ဒီလိုနဲ့ တောရွာက ကလေးတွေဟာ မန်ကျည်းစေ့တောက်တမ်း ဇယ်တောက်တမ်း ကစားရာတို့မှာ ၂လုံးကို တစ်ပြူး၊ ၄လုံးကို တစ်လံ၊ ၆လုံးကို ညောင်ကန်၊ ၈လုံးကို ထမ်းပိုး၊ ၁၀လုံးကို ချိုး လို့ ခေါ်တွင်နေကြခြင်းဖြစ်တယ်။
ဆရာကြီးမြကေတု ဆောင်းပါးမှာ ဒီလင်္ကာအကြောင်းကို အသေးစိတ် ရေးထားပါတယ်။ ချစ်ခင်ဖွယ်ရာ တောရွာဓလေ့ ဂဏန်းသင်္ချာ မှတ်စရာ သင်္ကေတ လင်္ကာလေးဟာ ပုဂံခေတ် အကုန် အင်းဝခေတ်က အစပြု ပေါ်ပေါက်လာခဲ့တာလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၅နှစ် ပညာရေးဝန်ကြီးဌာနက ထုတ်တဲ့ ပထမနှစ် တက္ကသိုလ် မြန်မာစကားပြေ ရွေးချယ်ချက်ထဲက ဆောင်းပါး တစ်ပုဒ် ဖြစ်ပါတယ်။
   
 ကိုးကား။ ။
    ဆရာကြီးမြကေတု
    ကလေးမှတ်ဉာဏ် တစ်ပြူး တစ်လံ
    စာပေတန်ဆောင် - ၁၉၆၇ခု
    +++++

Wednesday, October 10, 2012

ရွှေညာသား နဲ့ ရွှေဂုန်သူ

 

တစ်နေ့က ကိုရေချမ်းနဲ့ မရွှေစုတို့ သူငယ်ချင်း တစ်ယောက်ရဲ့ ကွန်ဒို အိမ်အသစ်ကို ဖိတ်လို့ သွားလည်ကြပါတယ်။ ကွန်ဒိုဆိုတော့ အိမ်ဝင်းကလေးက အတော် လှပါတယ်။ နေရာရှုခင်းလေးကလည်း အကွက်အကွင်းကောင်းပါတယ်။ တိုက်ပုံစံကလည်း ခေတ်မီလှပါပေတယ်။ အသုံးအဆောင် facility များကလည်း အပြည့်ပါပဲ။ အင်မတန်လည်း ဈေးကြီးမယ်လို့ ထင်ပါတယ်။ သို့သော် အိမ်ခန်းထဲ ၀င်လိုက်တာနဲ့ အသက်ရှု ကြပ်လှတယ်။ ဧည့်ခန်းလေးက ရှည်ရှည်မျောမျောနဲ့ မီးခြစ်ဆံဗူးနဲ့ တူလှတယ်။ မီးဖိုချောင်ကလည်း လူသာ နည်းနည်းဝရင် ကိုယ်ကိုလှည့်ပြီး ၀င်ရမလောက် ကျဉ်းပါတယ်။ 

အဲ့ အိမ်က အပြန် ကိုယ့်ကားပေါ်ရောက်တော့မှ ဦးရေချမ်းက ဖူးကနဲ လေကို အားပါးတရ ရှုထုတ်လုပ်ရင်း ''ဟမလေးဗျာ... ဒီလို အိမ်မျိုး အီးတောင် ကျယ်ကျယ် မပေါက်ဝံ့ဘူး၊ တော်နေကြာ အိမ်ရှေ့က အီးပေါက်သံကို အိပ်ခန်းထဲကသူက သူ့ခေါ်တယ်ထင်ပြီး ဗျာ ထူးမိရင် ခက်အုံးမယ်၊ ပြီးတော့ အိမ်ရှေ့က အီးက အိပ်ခန်းထဲထိ နံလိုက်မယ့် အမျိုး၊ ထွက်ပြေးလို့လဲ မရနဲ့....'' သူ့စကားကြားတော့ မရွှေစုက အားပါးတရ ရယ်မောရင်း ဆရာကြီး ရွှေဥဒေါင်း ကို မဆီမဆိုင် သတိရမိပါတယ်။ ဆရာကြီးက သူ့ တစ်သက်တာ မှတ်တမ်းထဲမှာ သူ့လစာနဲ့ သူရိယ မဂ္ဂဇင်းက အုပ်ချုပ်သူတွေ လစာ ကွာခြားပုံကို သူတို့လစာနှင့် ကျွန်ုပ်လစာမှာ အူ၍မျှ မကြားနိုင်အောင် ကွာဝေးလွန်းတယ်၊ လို့ ပြောဖူးပါတယ်။ ဆရာကြီး ရွှေဥဒေါင်းဇာတိက ရွှေဘို၊ ၀က်လက် ဇာတိဆိုတော့ လှတောရွာတွေနဲ့ တစ်နယ်ထဲသားတွေမို့ စကားကြွယ်တယ် ပြောလို့ရသလို၊ မန္တလေးသားတွေလည်း အထက်အညာသားတွေပဲမို့ ရွှေဘိုနယ်တွေနဲ့ နယ်ချင်းနီး၊ အနေနီးပြီး ရေမြေလိုက်လို့ စကားကို ကပ်ပြီး ပြောတတ်ကြတယ်၊ ထိမိအောင်ပြောတတ်ကြတယ်လို့ ထင်ပါတယ်။ 

မရွှေစုတို့ကတော့ အထက်အညာက သူတွေလောက်စကားမကြွယ်ပေသိ မိသားစုတွေ အချင်းချင်း ကိုယ့်အထာနဲ့ ကိုယ် စကားပြောတတ်ကြပါတယ်။ အိမ်မှာ ငယ်ငယ်ကတဲက အဖိုး အဖွားက အစ စာပေ ၀ါသနာထုံကြတော့ ပုံပြင် နိပါတ်တော်တွေ ဇာတ်လမ်းတွေထဲက စကား အသုံးအနှုန်းတွေကို မှတ်သားထားကြပြီး အဲဒီ စကားတွေကို သူ့နေရာနဲ့သူ ဥပမေ ဥပမာယ တွေနဲ့ လိုရင် လိုသလို ထည့်သွင်း ညှပ်သုံး ပြောလေ့ရှိကြပါတယ်။ 

မရွှေစုတို့ ဘွားဘွားကြီးဆို ကာရံနဘေနဲ့ကို စကားပြောလေ့ရှိတယ်လို့ သိရတယ်။ တခါသား သူ့သမီးနဲ့သားမက် နေ့လည်ဘက် ထမင်းစားပြီး တရေးတမော အိပ်နေကြတဲ့အချိန် ဧည့်သည်တစ်ယောက်က တွေ့ချင်တယ်မေးတော့ မောင်တော် နှမတော် စက်တော်ခေါ် အီးတော်ဖင်က တဘွတ်ဘွတ်လို့ ပြော အိမ်ပေါ်ထပ် လက်ညိုးညွှန်ပြသတဲ့။ အဖေကြီး (အဖိုး) သူ့သားမက် က အလွန်အင်မတန် အီးပေါက်တယ်တဲ့။ အမေကြီးကျတော့ မေမေတို့တွေ လက်လက်ထအောင် အမျိုးမျိုး အထွေထွေနည်းတွေနဲ့ ဆော့ကစားကြလွန်းလို့ ထူးပေသည် ဆန်းပေသည် ဦးရွှေစံ မြေးတွေသည်လို့ စာချိုးပါတယ်တဲ့။ မေမေ တို့ အဖိုး နာမည်က မောင်စံပါ။ 

မရွှေစုတို့ ကလေးတွေ လက်ထက်မှာတော့ သူတို့လို စာမချိုးတတ်ပါဘူး၊ သို့သော် ကိုယ့်အထာနဲ့ ကိုယ် စကားပြောကြမြဲပါ။ တကယ်လို့ တစ်ယောက် ပြောတဲ့ စကားကို တစ်ယောက်က ချက်ချင်း မလိုက်နိုင်၊ အဓိပ္ပါယ် မပေါက်ပဲ အိုးတိုးအတ ဖြစ်နေရင် အမေကြီး (အဖွား) က ဒီလို ပြောလေ့ရှိပါတယ်။ ''ငါ့မြေးတွေလုပ်ပြီး... တယ် ညံ့တဲ့ဟာတွေ ပဲ... ငါးပေါ်ဆို... နောက်က ဆီကြည့်... လို့ လိုက်မှပေါ့...'' တဲ့။ ငါးပိ ဆီကြော် ကို စကားလိမ်နဲ့ ပြောရင်တောင် မှ ချက်ချင်း တန်း သိဖို့ ချက်ဆို နားခွက်က မီးတောက်ဖို့ ပြောတာပါ။ 

၅၅၀ နိပတ်တော်တွေ ဓမ္မပဒတွေ ငယ်ငယ်ထဲက ဖတ်ခဲ့ကြရတော့ အဲ့ဇာတ်လမ်းတွေထဲက ဇာတ်ကြောင်းတွေနဲ့ နှိုင်းပြီးလည်း စကားပြောလေ့ရှိပါတယ်။ ဥပမာ... ကပ်စေးနည်းတဲ့သူဆိုရင် ဘုံခုနစ်ဆင့် တက်ပြီး မုံ့အိုးကင်းကပ် လုပ်စားမလို့လားလို့ ပြောင်လှောင်ပါတယ်။ တစ်ခါက ဘုရားလက်ထက်မှာ တအားချမ်းသာပေသိ အလွန်အင်မတန် ကပ်စေးနည်းတဲ့ သူဌေးကြီး တစ်ယောက်က သူများတွေစားနေတဲ့ မုံ့အိုးကင်းကပ် စားချင်တာ သူစားချင်တယ်ဆိုရင် မယားကိုလည်း ကျွေးရမှာစိုး၊ အိမ်ကရှိတဲ့သူတွေလည်း လိုက်စားကြမှာစိုးလို့ အောင့်အီးနေသတဲ့။ စားချင်ရက်နဲ့ မစားရတော့ မျက်နှာမကောင်းလို့ မိန်းမက မရမက မေးတော့မှ မုံ့စားချင်တာ သိရပြီး သူများတွေလည်း မကျွေးရအောင် တံခါးအဆင့်ဆင့် သော့ခတ်ပြီး ဘုံခုနစ်ဆင့်မှာ ဘယ်သူမှ မသိအောင် တိတ်တိတ်ခိုးပြီး မုံ့လုပ်ကြသတဲ့။ အဲသာကြောင့် ကိုယ့်ကို ကပ်စေးနည်းတယ်လို့ လာပြောရင်လည်း... အောင်မယ်... လူကိုများ ဘုံခုနစ်ဆင့် တက်ပြီး မုံ့လုပ်စားတဲ့ အစားထဲကများ ထင်နေသလားလို့ မောင်နှမတွေ ရန်တွေ့ကြပါတယ်။

ခုနက ပြောသလို အထက်မြန်မာပြည်ဆိုတာ ဆရာကြီးရွှေဥဒေါင်းတို့လို ဝေါဟာရ ကြွယ်ဝတဲ့သူတွေ စကားပြောကောင်းတဲ့သူတွေ ရှိတဲ့အရပ်မို့ အဲဒီက အညာသားတွေ ပြောလေ့ရှိတဲ့စကားမျိုးကိုလည်း မှတ်သားထားပြီး ပြောတတ်ကြပါတယ်။ တခါသား မေမေတို့ ညီအစ်မတွေ အကြောင်း ဖေဖေက ရယ်သလို မောသလိုနဲ့ အတင်းတုတ်ပါတယ်။ သမီးတို့ အမေရဲ့ အစ်မ ကြီးဒေါ်ကြီးက ဘယ်လို ဇီဇာ ကြောင်တယ်၊ ညီမကတော့ ဘယ်လို ကပ်စေးနည်းတယ် စသဖြင့် ပြောလာတဲ့အခါ... ဒါဖြင့် ဖေဖေရယ် ... မေမေ့ကျတော့ရော... ဘာမကောင်းတဲ့ ပြစ်ချက်ရှိလဲ မေးတော့... ကွာ... အဲသာကတော့... နတ်နေကိုင်းလေး ချန်ခဲ့ပါရစေ၊ အန္တရာယ်ကင်းတာပေါ့လို့... ရယ်မောပြောပါတယ်။ နတ်နေကိုင်းဆိုတာ အထူးသဖြင့် အညာမှာ သုံးလေ့ရှိတဲ့စကားပါ။ အညာမှာ ထင်းခုတ်သမားတွေ ထင်းအတွက် သစ်ပင်ခုတ်ကြတဲ့အခါ သစ်ပင်စောင့်နတ် စိတ်ဆိုးမှာ စိုးလို့ အားလုံးကိုမခုတ်ပဲ သူ့အတွက် အပေါ်ဆုံး အကိုင်းလေး ချန်ခဲ့တာကို တင်စားပြောတာပါ။

ကြည့်ခဲ့ဖူးတဲ့ ဇာတ်ပွဲတွေ ဇာတ်လမ်းတွေထဲက စကားကိုလည်း အလျဉ်းသင့်သလို ယူပြောလေ့ ရှိကြပါတယ်။ တခါတလေ ရပ်ဝေးက ဆွေမျိုးတွေဆီက စာတွေဘာတွေလာရင် သူ့အကြောင်း ကိုယ့်အကြောင်း စာထဲ ထည့်ရေးထားသမျှ၊ ဘယ်သူဘယ်ဝါတွေကို သတိရတယ် ဘာလုပ်နေလဲ ... စသဖြင့် ရေးထားပေမယ့် တကယ်လို့ ကိုယ့်နာမည် ကိုယ့်အကြောင်း မေးထားတာများ နည်းနည်းလေးတောင် ပါမလာဘူးဆိုရင် ... ဟယ်...ငါ့အကြောင်း... သုဒ္ဓေါလေးတောင် မပါဘူးလားဟယ် ရက်စက်ပါ့ လို့ ပြောကြပါတယ်။ အဲသာကတော့ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓ၀င် ဇာတ်တော်တွေ နားထောင်ပြီး ပြောဖြစ်တဲ့စကားပါ။ သုဒ္ဓေါဓန မင်းကြီးက ဘုရားလောင်းရဲ့ မယ်တော် မိနတ်သားဆီက စာလာတဲ့အခါ စာထဲမယ် သူ့အကြောင်း တစ်စက်ကလေးမှ မပါတော့ မေးတဲ့ စကားပါ။ အဲ့သာကို အကြောင်းတစ်ခုခုကြောင့် ကိုယ့်ကို ချန်ထားခံရတဲ့ ကိစ္စလေးတွေမှာ ခိုင်းနှိုင်းပြီး ပြောလေ့ရှိပါတယ်။ 

နာမည်ကြီး ဗိုလ်အောင်ဒင် ဇာတ်လမ်းထဲက ရာမ... ရာမ... ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲ ရှိပေတော့မပေါ့... ဆိုတာမျိုးတွေလည်း ကိုယ့်ကို မနိုင်ပဲ လာယှဉ်တဲ့ အခါ  ပြောင်နောက်ပြီး ပြောလေ့ ရှိတယ်။ ဦးနေ၀င်းရဲ့ ၈၈ ကနောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားမျိုးလို မကြောက်ပါနဲ့လေ၊ မိုးပေါ်ထောင်ပြီး ပစ်လိုက်တာပါ ဆိုတာမျိုးတွေကိုလည်း ကြုံရင် ကြုံသလို သုံးတတ် ပြောတတ်ကြပါတယ်။ 

မရွှေစုတို့ ညီအစ်မတတွေ အလှည့်မှာ ခေတ်သစ် ၀တ္ထုတွေထဲက ကိုယ်ကြိုက်တဲ့ စကားမျိုးတွေကိုလည်း သင့်သလို ညှပ်သုံးလေ့ ရှိပါတယ်။ တခါသား ဆရာနွမ်ဂျာသိုင်း ၀တ္ထုဖတ်ရတော့ ၀တ္ထုထဲမယ် ဗေဒင်ဆရာ တစ်ယောက် အကြောင်း ရယ်စရာ ရေးထားပါတယ်။ အဲ့ဗေဒင်ဆရာက တိရစ္ဆာန်အကောင်လေးတွေပါတဲ့ ဇယားအကွက်လေးကို ထောက်ပြီး ဗေဒင်ဟောလေ့ရှိသတဲ့။ ယတြာ အနေနဲ့ ဗေဒင်မေးတဲ့သူတွေက သူ့ကို ဟင်းချက်ပြီး ပို့ပေးရတယ်။ ဒီတော့ သူကြက်သားစားချင်တဲ့ နေ့ဆို ကြက်အကောင်လေးပါတဲ့ အကွက်ကို လက်ထောက်ပြီး... ကဲ... ဒီနေ့တော့ ကြက်အကွက်ကျတာမို့ ယတြာအတွက် ကြက်သားချက်ပြီး ဆရာ့ဆီ ပို့ပေးပါလို့ ပြောတယ်။ ဆိတ်သားစားချင်ရင် ဆိတ်ပါတဲ့ အကွက်၊ ၀က်သား စားချင်ရင် ၀က်ပါတဲ့ အကွက် စတာတွေ ရွေး လက်ထောက်ပြီး သူစားချင်တာကို ချက်ခိုင်းတာပဲတဲ့။ တစ်နေ့တော့ လူတစ်ယောက် ဗေဒင်လာမေးတာ ဆိတ်သားအကွက် ကျတာမို့ ဆိတ်သားတွေကလည်း ရှားတဲ့ အချိန်ဖြစ်နေလို့ ဆရာရယ် ကြက်သားပြောင်းလို့ မရဘူးလား၊ ကြက်သားချက်ပြီး ကျွန်တော် လာပို့ပါမယ်ပေါ့။ ဒါနဲ့ ဗေဒင်ဆရာက ဘာပြောလဲဆိုတော့ (သူက အဲဒီနေ့က ဆိတ်သားပဲ စားချင်နေလို့ နေမှာပေါ့... ) ဆိတ်သားပဲ မရရအောင် ရှာပါ၊ သူ့အကွက် ကျနေပြီ မို့ ဆရာလဲ မတတ်နိုင်ဘူး၊ လို့ ပြောသတဲ့။ အဲ့သဟာဖတ်ပြီး မရွှေစုတို့ ညီအစ်မတွေလည်း တစ်ယောက်နဲ့ တစ်ယောက် ညစ်ချင်ပြီဆို သူ့ အကွက်ကျနေပြီ၊ ဆရာလည်း မတတ်နိုင်ဘူးလို့ ပြောကြတာပဲ။ 

ကိုရေချမ်းက စကားနည်းပေမယ့် စကားပြောလိုက်ရင် တစ်ခွန်းဆို တစ်ခွန်း ထိမိအောင် ပြောတတ်တယ်။ မရွှေစုကကျတော့ ခပ်အအပေမယ့် စကားပြောရင် ထူးထူးဆန်းဆန်း စကားလုံးတွေ သုံးတတ်တယ်။ နင်တို့ နှစ်ယောက် လိုက်လဲ လိုက်ပါပေတယ် လို့ သူငယ်ချင်းတစ်ယောက်က မရွှေစုတို့ကို ခေါင်းယမ်းပြီး ထောပနာပေးပါတယ်။


 ++++

Monday, October 8, 2012

Eleventh Year Anniversary - 8 Oct 2012

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါတယ်...


၈ အောက်တိုဘာ ၂၀၁၂ နံနက် ၅နာရီ
ဦးရေချမ်း အိပ်ရာက လာနှိုးတယ်။ ဘုရားရှိခိုး တရားထိုင်တယ်။ ဒီနေ့မနက် ဘုရားကို ဦးဦးဖျားဖျား မင်္ဂလာ ကိတ်မုန့်ဆွမ်း ကပ်တယ်။

နံနက် ၆နာရီ
၁၁နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ် အနေနဲ့ ဓာတ်ပုံ ရိုက်ကြတယ်။ ပြီးတော့ နံနက်စာ ကော်ဖီ မိုင်လို နဲ့ ကိတ်မုန့် စတိ စားကြတယ်။

နံနက် ၆နာရီခွဲ
ရုံးသွားချိန် မရောက်သေးတာနဲ့ မနေ့ညက အိပ်ရေးသိပ်မ၀လို့ မရွှေစုက အိမ်ရှေ့ ဆိုဖာမှာ ခဏ လှဲရင်း တီဗွီ သတင်းကြည့်တယ်။ လွန်ခဲ့တဲ့ ၁၁နှစ် ဒီလိုနေ့မှာ (အဲ့နေ့ကလည်း တနင်္လာနေ့ အတိအကျပဲ) ဦးရေချမ်းကြီး တစ်ယောက် ပြုံးပြုံး ပြုံးပြုံး နဲ့ မရွှေစုလက်ကို ဆွဲလို့ ...။ အခုတော့ သူ့ခမျာ ပုဆိုးကြီး ရင်ခေါင်းအောက်နားထိ ဆီးထားပြီး မီးဖိုချောင်ထဲမယ် ကုန်းကုန်း ကုန်းကုန်း နဲ့ ဟင်းတွေ ပြန်နွှေးပြီး မရွှေစု အတွက် နေ့လည်စာ ထမင်းဗူး ထည့်ပေးနေတယ်။

ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ပြောဖူးတယ်။ သူ့ဘ၀မှာ လူကြီးမိဖ မကြိုက်တာတွေ အများကြီး လုပ်ခဲ့ဖူးသတဲ့။ အမှားတွေလည်း လုပ်ခဲ့ဖူးသတဲ့။ အဲ့ဒီထဲမယ် အမှန်လုပ်ခဲ့တာ တခုပဲရှိတယ် ဆိုရင်တော့ သူ့အနေနဲ့ ဆရာကြီးဦးခင်မောင်လတ်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခြင်းပါပဲ တဲ့။

မရွှေစုလည်း ဆရာမကြီး ဒေါ်ခင်မျိုးချစ်လေသံအတိုင်း လိုက်ပြောရရင် ကိုယ့် ဘ၀မှာ မယုံမရဲ နဲ့ ဆုံးဖြတ်ချက် မှားတာတွေ အများကြီး ရှိခဲ့ဖူးတယ်။ ဆုံးဖြတ်ချက် အမှန်ဆုံး လုပ်ခဲ့တာ တစ်ခု ရှိတယ်ဆိုရင်တော့ အဲသာဟာ ဦးရေချမ်းကို လက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်။

Happy Anniversary to U Yay Chan and thkx so much for your lovely song...!!!




+++++