Monday, May 7, 2012

ကိုယ်သည် သူ မဟုတ်...

တစ်နေ့ နံနက် ရုံးရောက်ခါစမှာပဲ ကိုရေချမ်းဆီက ဖုန်းဝင်လာသည်။

“ဘယ်ဘက်ရင်ဘတ်က အသက်ရှုလိုက်တိုင်း အောင့် အောင့်နေတယ်”

 “ဟင်... ဘယ်လောက်ကြာနေပြီလဲ...”

“နာရီဝက်လောက်ရှိနေပြီ... ရင်ဘတ်ထဲ ဆွဲဆုတ်ပြီး ညှစ်ထားသလို ဖြစ်နေတယ်...”

မရွှေစု ထင့်ကနဲ စိတ်ပူသွားသည်။ ကိုရေချမ်းသည် တော်ရုံတန်ရုံ နေမကောင်းဖြစ်ရုံနဲ့တော့ ပါးစပ်က ဖွင့်ပြောတတ်သည့်သူမဟုတ်။ သူ့ဘာသာသူ ကြိတ်ပြီး ပေတေနေတတ်သည့်သူဖြစ်သည်။ သူ့အဖေက သွေးတိုးရောဂါရှိသည့်သူ၊ သူ့အမေဘက်က ဆီးချိုရောဂါ ရှိသည့်သူ။ အဲသာကြောင့် မျိုးရိုးလိုက်မှာစိုးလို့ ဆရာဝန်တွေက ဆေးစစ်တိုင်း သူ့ကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ diet လုပ်ဖို့ သတိပေးကြသည်။ ဆေးစစ်လိုက်တိုင်းလည်း သူ့ ကိုလက်စထရောက ရှိသင့်သည်ထက် အမြဲများသည်။ BMI Index ကလည်း အမြဲလိုလို များသည်။

မရွှေစုက သူငယ်ချင်းဆရာဝန်မဆီ ချက်ချင်းဆိုသလို ဖုန်းကောက်ဆက်ကာ အကျိုးအကြောင်း ပြောရင်း အကြံဉာဏ်လှမ်းတောင်းသည်။ သူငယ်ချင်းကတဖန် ကိုရေချမ်းထံ ဖုန်းလှမ်းဆက် သူ ပြောပြသမျှ သေသေချာချာ နားထောင်ပြီး Chest pain ဖြစ်နိုင်တာမို့ အရေးပေါ်ကို သွားရန် ညွှန်ကြား၏။ ကိုရေချမ်းက ဆေးရုံ မသွားချင်ဘူး။ ဆေးခန်းပဲ သွားမယ် ဈေးထပ်ဆစ်နေသေး၏။ စိတ်အလွန်ပူတတ်သော မရွှေစု က ရုံးကနေ ကိုရေချမ်းဆီ အပြေးအလွှား လိုက်သွားကာ ဆေးရုံကိုပင် ခေါ်လာခဲ့ရသည်။ ဆေးရုံရောက်တော့ ချက်ချင်း သွေးစစ်၊ အီးစီဂျီ ရိုက်၊ ဓါတ်မှန် ရိုက်၊ ထင်ထားသည့်အတိုင်း သွေး အနည်းငယ် တိုး၊ သွေး မဆိုစလောက် ချို၊ ကိုလက်စထရော များ။ ဒါနဲ့ ဆေးရုံတစ်ရက် တက်ခိုင်းကာ နှလုံးကို မော်နီတာ လုပ်ရမည်ဟု ပြောလေသည်။ ရင်ဘတ်အောင့်တာကတော့ ဆေးရုံရောက်ပြီး မကြာခင် သက်သာသွားသည်။

ဆေးရုံကဆင်းလာပြီး ထရက်မေး တွေ ဘာတွေမှာလည်း ပြေးပြီး နှလုံးအခြေအနေစစ်ဆေး၊ ဆရာဝန်မှတ်ချက်ကတော့ နှလုံးက စိုးရိမ်ရတဲ့ အခြေအနေမှာမရှိ။ သို့သော် ဆီးချို ဖြစ်နိုင်သည့် အလားအလာမှာ ရှိ၊ ထို့ကြောင့် အချို စားတာ လျှော့၊ သွေးတိုးတာကို ထိန်းဖို့ အငံလျှော့၊ ကိုလက်စရော အတွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်၊ အဆီများတဲ့ အစားတွေ မစားနဲ့ စသဖြင့် သတိပေးလိုက်သည်။ သူက အစကတဲက ဆေးလိပ်မသောက်၊ အရက်မသောက် သူ ဖြစ်၍ ဒီအတွက်ကတော့ ဆရာဝန် သတိပေးတာကို အထူးလိုက်နာရန် မလိုဘူးဖြစ်သွားသည်။အဓိက သူရှောင်ရမည့် အချက်မှာ မတည့်သည့် အစားအစာများ မစားရန်နှင့် လေ့ကျင့်ခန်း လုပ်ရန်သာ ဖြစ်တော့သည်။

ကိုရေချမ်းစားသည့် အစားအစာနဲ့ ပါတ်သက်ပြီး မရွှေစုမှာ အပြစ်မကင်းသလို ခံစားရသည်။ အစားတစ်ခုကို သူကြိုက်တယ်ပြောလာလျှင် မရွှေစုက တအားကျွေးချင်သည်။ ကျန်းမာရေးနှင့် ညီမညီ သူ့အတွက် သင့်မသင့် ဘယ်တော့မျှ ထည့်မစဉ်းစား။ မရွှေစု တို့ အမျိုးဘက်က သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါများ မည်သူမျှ မရှိကြ။ ဒါကြောင့် အစားကို အထူးတလည် မတည့်တာရှောင် စားရန် သတိမရကြ။ ကိုရေချမ်းက ထောပတ်ထမင်းကြိုက်တယ်ဆို ခဏခဏ ချက်ကျွေးမိသည်။ ကိတ်မုန့် အလွန်ကြိုက်သူဖြစ်၍ ထောပတ်တွေ ထည့်၊ စားလို့ကောင်းအောင် ထည့်လို့ရတာမှန်သမျှ အများကြီးထည့်ကာ ကိုယ်တိုင်ကိတ်မုန့်ဖုတ်ကာ အားပါးတရ စားစေသည်။ မရွှေစု ကိုယ်တိုင်က အချိုအလွန်ကြိုက်သဖြင့် ကိုယ်တိုင်လုပ်သော မုံ့မှန်သမျှ ချိုအီစိမ့်နေတာကြီးပဲ ဖြစ်သည်။

ဒါနဲ့ သူဆေးရုံက ဆင်းပြီးတဲ့နောက် မရွှေစုလည်း အစားအစာ သုတေသန သေသေချာချာ လုပ်ရသည်။ ဘာအစားအစာတွေက သူနဲ့ တဲ့မလဲ။ ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုမျိုး ချက်ကျွေးရမလဲ၊ ဆေးလည်း အစာ၊ အစာလည်းဆေး ဖြစ်အောင် ဘာတွေလုပ်ရမလဲ စသဖြင့်။ ပထမဦးဆုံး ရှောင်ရမည့် အစားတွေကို အရင်စဉ်းစားရသည်။ လောလောဆယ် အပြင်စာတွေ စားခြင်းကို ရှောင်လိုက်သည်။ သူက pizza လို အစားအစာတွေ အရမ်းကြိုက်တတ်သူ၊ အဲသလို အစာတွေကို အရင်ကလို ခဏခဏ မစားစေတော့။ အဆီပါတဲ့ အပြင်စာ မှန်သမျှ လောလောဆယ် မစားမိအောင် နေခိုင်းလိုက်သည်။ နံနက်စာကို အိမ်မှာတခါထဲစားသွားကာ နေ့လည်စာကို အိမ်ကပဲ စီစဉ် ထည့်ပေးသည်။
 
 ကိုရေချမ်းအတွက် ...

နံနက်စာ အတွက် ကွေကာအုတ် အကြမ်းတွေဝယ်ထားသည်။ အဲဒီ ကွေကွာ အကြမ်းကို ရေနွေးပူနဲ့ ပြုတ် ပြီး skin milk ဒါမှမဟုတ် low fat milk နဲ့ ရောသောက်စေသည်။ စားနေကြ ပေါင်မုန့် အဖြူကိုလည်း မစားတော့။ whole meal bread ပေါင်မုန့်ကြမ်း အညိုကို စားသည်။ ကိတ်မုန့်လုံးဝ မစားတော့။ ထောပတ် မစားတော့။ နေ့လည်စာ အဖြစ် ပေါင်မုန့်ကြားမှာ အသားပြား ဒါမှမဟုတ် low fat cheese ကို အရွက်များများနှင့် ညှပ်စားသည်။ အသီးအမျိုးမျိုးဝယ်ပေးထားပြီး များများ စားစေသည်။

မနက်စာ - ပေါင်မုန့်ကြမ်း အသားညှပ်နဲ့ ကွေကာအုတ်

ညစာထမင်းကို ဆန်အဖြူအစား ဆန်ညိုကို ပြောင်းစားသည်။ အချိန်ရရင် ငှဲ့ပြီး ချက်ပေးသည်။ သကြားကို ဆီးချိုသမားတွေစားသည့် သကြားကို ပြောင်းသုံးသည်။ ကော်ဖီဖျှော်သည့် အခါ ကော်ဖီမိတ် သုံးမည့် အစား ခုနက skin milk ဒါမှမဟုတ် low fat milk ကို သုံးသည်။ ဟင်းသီးဟင်းရွက်တွေကို အရင်ကလို ဆီနဲ့ ကျော်မကျွေး၊ ပေါင်းပြီး ကျွေးသည်။ အသား ငါး တွေ ကို ဆီပါလေရာနဲ့ ကင်သည်။ ဒါမှမဟုတ် ပေါင်းသည်။ ကျွတ်ကျွတ်ကျော်တွေ မလုပ်တော့။

 
ညစာ - ဆန်ညို ဆော်လမွန် အသားပေါင်း  low fat ကြက်အူချောင်း celery ဖျော်ရည်
 
ညတိုင်း ညစာထမင်းစားခါနီး celery ဆလာရီ ဖျော်ရည်တိုက်သည်။ တခါတလေလည်း ဆန်းကစ်တို့ ပန်းသီးတို့နဲ့ ရောဖျော်သည်။ မုန်လာဥနီ နဲ့ တခြား သစ်သီးတွေအနံ့ကို ကိုရေချမ်းက မကြိုက်လို့ ရောမဖျော်ဖြစ်။ တခါဖျှော်လျှင် celery ၄ချောင်းလောက်တော့ ထည့်ဖျော်သည်။ ဘာလို့ဆို celery ဆလာရီ က lower total cholesterol and LDL (bad) cholesterol ဆိုတာကိုး။

ပြီးတော့ ကြက်သွန်ဖြူ ကို apple cider vinegar ၊ ပျားရည်အနည်းငယ်နဲ့ အင်တာနက်ထဲက ဆေးနည်း recipe အတိုင်း လိုက်လုပ်ကာ ရောစိမ်ထားသည်။ apple cider vinegar က သွေးတိုး၊ ဆီးချို အတွက် ကောင်းသည်ဟု ဆိုသည်။ ကြက်သွန်ဖြူ ဆေးစိမ်တစ်နေ့ တစ်တက်ကျွေးသည့်အပြင် ကြက်သွန်ဖြူ အစိမ်းသက်သက် သည် သွေးခဲတာတွေ အဆီဓာတ်များတာတွေအတွက် ကောင်းတာမို့ ညစာ ထမင်းစားပွဲမှာ ကြက်သွန်ဖြူလေးတွေ စိတ်ပြီး သံပုရာရည်လေး ညှစ်ပေးထားသည်။ ထမင်းထဲကို မြုပ်စားပေါ့။ ဒီလိုနဲ့ ၃လလောက်ကြတော့ ကိုရေချမ်း သိသိသာသာ ကိုယ်ရည်စစ်သွားသည်။ ဆရာဝန်က ၆လကြာလို့ တခါလာဆေးစစ်တဲ့အခါ ကိုလက်စထရော များနေတုန်းပဲ ဆိုလျှင် ဆေးစသောက်ရမည်ဟု ပြောလိုက်သည်။ ခုအတိုင်းဆိုလျှင် ဆေးသောက်စရာမလိုတော့။ မရွှေစု ၀မ်းသာသွားသည်။ 

တစ်ရက်တော့ မတွေ့တာကြာပြီဖြစ်သေည မရွှေစုတို့ သူငယ်ချင်း စုံတွဲ တစ်တွဲ အိမ်အလည်လာသည်။ အမျိုးသားရော အမျိုးသမီး ၂ယောက်စလုံးနှင့် တစ်ကျောင်းတည်း သူငယ်ချင်းများ ဖြစ်ကြသည်။ သူ့ယောက်ျားကလည်း ကိုရေချမ်းလို ကိုလက်စထရော အရမ်းများနေလို့ အဆီကျဆေးတွေ သောက်နေရသူဖြစ်သည်ဟု ဆိုသည်။ မရွှေစုသည် စေတနာ ဗလပွဖြင့် မီးဖိုချောင်ထဲ တန်းဝင်ကာ celery ဖျော်ရည် ဖျော်ပြီး သူ့အမျိုးသားကို တိုက်သည်။ ကြက်သွန်ဖြူ ဆေးစိမ်ပုလင်းကြီးကို ထုတ်ပြကာ ကျွေးလိုက်သေးသည်။ လိုချင်ရင် တ၀က်ခွဲပေးမယ်လေဆိုတော့ မယူပါဘူးဟု အတင်းငြင်းကြသည်။ ကိုယ်လုပ်သည့် အကြောင်းကို ပြောပြကာ အစားအစာကို ထိန်းရင် ဆေးသောက်စရာမလိုအောင် ကောင်းကြောင်း ပြောမိသည်။ သို့သော် သူငယ်ချင်း အမျိုးသမီး ပြောသည့် စကားကို ကြားသောအခါ မရွှေစုရင်ထဲ နင့်ကနဲ ဖြစ်သွားမိလေသည်။ 

“နင်က... သူများ စားချင်မှန်း မသိ၊ မစားချင်မှန်း မသိ၊ ကိုရေချမ်းကို အတင်း ကွန်ထရိုးလိုက်လုပ်တာပဲ။ ကျန်းမာရေး အတွက်တော့ ဟုတ်တာပေါ့။ ငါတော့ ငါ့ယောက်ျားကို အဲသလို မလုပ်ပါဘူး။ သူစားချင်တာလေး စားပါစေ။ စားပြီး ဆေးသောက်လည်း ရတာပဲ... လူ့ဘ၀ စားချင်တာလေးမှ မစားရရင် ဘယ်လို လုပ် နေစရာ ရှိပါတော့မလဲ။ နင် အဲသလို မလုပ်သင့်ဘူး... “ 

သူတို့ ပြန်သွားသောအခါ မရွှေစု မှာ စဉ်းစားစရာ တပုံကြီးနှင့် ကျန်ခဲ့လေသည်။ ဟုတ်သည်။ ကိုရေချမ်း ဆေးရုံတက်ရပြီးကတဲက သူ့ကျန်းမာရေးကို စိုးရိမ်ပြီး အစားအစာအတွက် မရွှေစု ကွန်ထရိုးလုပ်မိသည်။ ဒါပေမယ့် သူစားသလို မရွှေစုပါ လိုက်စားခြင်းဖြစ်ပါသည်။ သူ ဆန်ညိုစားသလို မရွှေစုလည်း ဆန်ညိုစားရပါသည်။ သူ ပေါင်မုန့်ညို စားသလို ကိုယ်လည်း လိုက်စားရပါသည်။ သူ အရွက်ပြုတ်စားလျှင် ကိုယ်လည်း အရွက်ပြုတ်သာ စားရပါသည်။ ဒါပေမယ့် မရွှေစု စိတ်ထဲ ဘယ်လိုမှ မနေပါ။ ကိုရေချမ်း စိတ်ထဲဘယ်လိုနေသလဲဆိုတာ မရွှေစု မသိပါ။ သူသည် ဂျီးများတတ်သူမဟုတ်။ လုပ်ပေးတာနဲ့ ဖြစ်အောင် စားတတ်သည့်သူ။ မရွှေစု လုပ်ပေးတာမှန်သမျှကိုလည်း ကြိုက်တတ်သည့်သူ။ ဘာပဲဖြစ်ဖြစ် ထိုသူငယ်ချင်းပြောသွားသည့် စကားကို ကြားရတာ မရွှေစု စိတ်ထဲ တကယ်ကို မကောင်းဖြစ်နေတော့သည်။ ကိုယ်သည် သူတပါး အတွက် မစဉ်းစားပဲ ကိုယ်ဖြစ်ချင်တာကိုပဲ ဦးစားပေး စဉ်းစားသူလား။ သူများ စားချင်မှန်း မသိ မစားချင်မှန်း မသိ အတင်း ကျွေးသည့်သူလား။ 

 ဒီလိုနဲ့ ခါတိုင်း လုပ်ပေးနေကြလို ကိုရေချမ်းကို ညစာ စားခါနီး celery ဖျော်ရည် မဖျော်ပေးဖြစ်တော့။ ကြက်သွန်ဖြူ ဆေးစိမ်တစ်တက်ကို ဇွန်းနဲ့ကော်ကာ ပါးစပ်ဟ ... ဒါလေးစားလိုက်ပါဦး... လိမ်မာတယ်နော်... လို့ ချော့ကာမော့ကာ ပြောကာလည်း မကျွေးဖြစ်တော့။ နေ့လည်စာကိုလည်း အထူးတလည် မစီစဉ်ပေးဖြစ်တော့။ ညစာဟင်းကိုလည်း ပေါင်းတာတွေ ကင်တာတွေမလုပ်တော့၊ ဒါတွေ လုပ်ရတာ တကယ်တော့ လက်ဝင်ပြီး အလုပ်ရှုပ်တာလည်း ပါသည်။ ဒါနဲ့ ဟင်းကို ပုံမှန် ချက်သလို သာ ချက်လိုက်တော့သည်။ 

တစ်ညနေ တနင်္ဂနွေ မှာဖြစ်သည်။ ဈေးကပြန်လာပြီး အထုတ်တွေ စီနေ ပြုနေတုန်း ကိုရေချမ်းသည် အိမ်ရှေ့ခန်းမှာ မျက်နှာကြီး စူပုတ်ပြီး ထိုင်နေလေသည်။ 

 “ခုနက အကောင်းပါ။ အခုတော့ ဘယ်လို ဖြစ်နေတာတုန်း” 

“ခေါင်းကိုက်နေတယ်... သွေးတက်သလား မသိဘူး...” 

ထုံးစံအတိုင်း မရွှေစု ပျာယာခတ်သွားသည်။ 

“မနက်က ဘာအစား မှားသွားလို့လဲ။ မနေ့ညကလဲ အိပ်မပျက်ပါဘူး...။ ပါရာစီတမော့ သောက်မလား...” 

 ဆေး နှင့် ရေ ယူပေးတာကို သောက်ရင်း ကိုရေချမ်းက တစ်ခွန်းပြောသည်။ 

 “ခင်များက ကျွန်တော့်ကို အရင်ကလို ဂရုမှမစိုက်တော့တာ...” 

 “ဟန်... ဘာကို ဂရုမစိုက်ရမှာလဲ... ဘာလို့ အဲသလို ပြောတာလဲ...” 

“အေးလေ... အရင်ကဆို ညတိုင်း သစ်သီးဖျော်ရည် ဖျော်တိုက်တယ်လေ။ ကြက်သွန်ဖြူဆေး ဆိုလည်း သေချာ ကျွေးတယ်လေ။ အခု ဘယ်မှာ လုပ်တော့လို့လဲ...” 

မရွှေစု တအံ့တသြနှင့် ကိုရေချမ်းကို ကြည့်ကာ ရယ်လိုက်မိသည်။ 

 “ဟိုတလောက သော်သော် တို့ အိမ်လာလည် တာ မှတ်မိတယ်မလား။ သော်သော်က ပြောသွားတယ်။ သူဆို သူ့ယောက်ျားကို အတင်း ကွန်ထရိုး မလုပ်ဘူးတဲ့။ သူ့ယောက်ျား ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ မစားချင်ပဲ အတင်းမကျွေးဘူးတဲ့။ “ 

“အေးလေ... ကျွန်တော်က သူ့ယောက်ျားမှ မဟုတ်တာ။ ကျွန်တော်က မရွှေစု ယောက်ျားပဲ။ သူ့ဘာသာ မလုပ်ချင်နေပေါ့။ သူနဲ့ ကိုယ်နဲ့ ဘာဆိုင်လို့လဲ...” 

 “ဒါဖြင့်... မရွှေစု လုပ်ပေးနေတာတွေ မစားချင်ပဲ စားနေတာမှုတ်ဘူးပေါ့...” 

 “ကျွန်တော် ဘယ်တုန်းက မစားချင်ပဲ စားတာရှိသလဲ။ ကျွန်တော် စားတယ်ဆိုတာ ကြိုက်လို့ကို စားတာ။ ပြီးတော့ ကျွန်တော်က အဲသလို ငါးပေါင်းတို့ ဘာတို့ကို ပိုကြိုက်တာ... ကိုယ့်ကို ကောင်းစေချင်လို့ ကျွေးတာမို့ စားတာလဲ ပါတာပေါ့။ သူတို့ဘာသာ မလုပ်ချင်လို့ မလုပ်တာ သူလည်း ကိုယ်လို မလုပ်ချင် မလုပ်နဲ့။ ကိုယ်လည်း သူတို့လို လိုက်တုစရာမှ မလိုတာ...” 

 “အင်းပါ... အင်းပါ... အဲသာဆို ဒီနေ့ကစပြီး အရင်လို လုပ်ပေးပါ့မယ်။ “ 

မရွှေစု စိတ်ထဲ ပေါ့ပါးသွားသည်။ ကိုယ်လုပ်နေတာတွေသည် သူများတကာ အမြင်မှာ မဆီလျော် မှားချင် မှားနေနိုင်လိမ့်ပေမယ့် ကိုယ့်မိသားစုအတွက် ကိုယ်လုပ်စရာရှိတာကို လုပ်သင့်သည်ကို လုပ်နေတာဟာ အသင့်လျော်ဆုံး အမှန်ကန်ဆုံး ဖြစ်တာကို ရှာဖွေ တွေ့ရှိသွားပေပြီ။ ကိုယ့်အိမ်ထောင်ရေးမှာ အဆင်ပြေသည့်နည်းသည် သူများ အိမ်ထောင်ရေးအတွက် မှန်ချင်မှလည်း မှန်နိုင်ပေမည်။ ထို့အတူ သူများ အိမ်ထောင်ရေးမှာ အဆင်ပြေသည့်နည်းကလည်း ကိုယ့်အတွက် ကောင်းချင်မှ ကောင်းနိုင်မည်။ 

သူများသည် ကိုယ်မဟုတ်။ ကိုယ်သည် သူများ မဟုတ်။ ထို့ကြောင့် ကိုယ်ကောင်းဖို့ရာ သူများ ပြောတိုင်းလဲ အရာရာ နားမယောင်ရာ ပါတကား။ 

 +++++ 

8 comments:

tin min htet said...

မရွှေစုက ဆင်ကြီး ကိုရေချမ်က ဆင်ဦးစီး ဖြစ်ဖူးပုံ ရတယ် :b jk

သက်ဝေ said...

ညီမစာဖတ်ပြီး စဉ်းစားစရာတွေ အများကြီး ပြီးတော့ မေးကြည့်ရမယ့် မေးခွန်းတွေ အများကြီးနဲ့  ကျန်ခဲ့တယ်... :-)

စုချစ် said...

ဟီး... ဟိုတခါ ဆေးရုံတက်ရပြီး နောက်ပိုင်း အဖြစ်မှန်အတိုင်း ရေးလိုက်တာပါ မမသက်ဝေ... ခုတော့ နေ့တိုင်း အဲသလို မလုပ်ကျွေးဖြစ်တော့ဘူး... ၃ရက်တခါလောက်ပဲ healthy food ကို ကျွေးဖြစ်တော့တယ်... တကယ်တော့ အစ်မ သူငယ်ချင်းက စုချစ်လို မြန်မာမဆန်ဘူး... ဟင်းနဲ့ ဘာနဲ့ နယ်ဖတ် စားတာမျိုးကိုမကြိုက်ဘူး...ငပိရည် တို့စရာ စားတဲ့သူ မဟုတ်ဘူး... ခြောက်ခြောက်ကြီး စားတတ်တာ... ဒီတော့ ပေါင်မုန့်နဲ့ အနောက်တိုင်းစာလို အရွက်တွေနဲ့ လုပ်ကျွေးတာ သူ့အကြိုက် ဖြစ်ပုံ ရသွားတာ...း) အဲသလို လုပ်မကျွေးရင် သူ့ဂရုမစိုက်တော့ဘူးဖြစ်ရော...း)

orchid said...

ကြိုက်လို. share ပါရစေနော် thks

စုချစ် said...

ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်... share လို့ ရပါတယ်နော်...း)

khin oo may said...

လာဖတ်သွားတယ်နော် မပြောလဲသိ. တို့လဲသိတ်စိတ်ပူတတ်တာ ဂရုတော့မစိုက်တတ်ဘူး :(

လွင်ပြင်လှိုင်းငယ် said...

လာရောက်အားပေးသွားပါတယ်။လင့်လေးချိတ်ခွင့်ပြုပါနော်

စုချစ် said...

ဟုတ်ကဲ့... လင့်ချိတ်ပေးတာ ကျေးဇူးပါ။ နောင်လဲ လာလည်ပါနော်...း)