Monday, February 22, 2010

ဂျစ်တူး(မုံရွာ) သို့ ကျေးဇူးတင်လွှာ

ဂျစ်တူး(မုံရွာ) သို့ ကျေးဇူးတင်လွှာ


သူ့ကို စတွေ့ဖူးတာ SMC ဘုန်းကြီးကျောင်းက ပြုလုပ်တဲ့ ပွဲတွေမှာ ကင်မရာကြီးတလွယ်လွယ်နဲ့လေ။ သူ့ရဲ့လှုပ်ရှားမှု၊ ဟန်ပန်နဲ့ ကင်မရာကိုကိုင်တွယ်ပုံ၊ အသုံးပြုပုံ၊ ဓါတ်ပုံတွေကို စနစ်တကျ စိတ်ရှည်လက်ရှည် ရိုက်နေပုံတွေ မြင်ရကတဲက Professional Cameraman မှန်း ပြောစရာမလိုဘဲ သိတာပေါ့။ SMC Webpage မှာတင်ဖို့ သူရိုက်ထားတဲ့ ဓါတ်ပုံတွေကိုတောင်းဦးမလို့။ ဒါပေမဲ့ အခန့်မသင့်တာနဲ့ သူ့ကို သွားပြီးမိတ်မဆက်ဖြစ်၊ စကားမဆိုဖြစ်ခဲ့ဘူး။

တခါက သူ့ကွန်ပြူတာပျက်သွားလို့ဆိုပြီး SMC ကျောင်းက တရုတ်မလေးက ကူပြင်ပေးဖို့ ပြောလာတယ်။ ကိုယ်က အဲသဟာ သူမှန်းတော့ မသိဘူးရယ်။ အဲဒီအချိန် ကိုယ်ကလည်း တခြားသွားပြီး ပြင်ပေးနိုင်လောက်အောင် အချိန်မပေးနိုင်တာနဲ့ ဘာဖြစ်မှန်းသေချာမသိတော့ ပျက်တာပြင်ချင်တယ်ဆို အိမ်ကိုလာပို့ပေးထားပါလား။ အိမ်မှာထားပြီး သေချာစစ်ပေး၊ ကြည့်ပေးမယ်လို့ ပြောခဲ့ပေမဲ့ အချိန်မရလို့လား၊ အားနာလို့လားမသိ၊ ပေါ်မလာ။

မနေ့မနက်က ချမ်းမြေ့ဆရာတော် တရားစခန်းမှာ သူနဲ့ ထပ်ဆုံဖြစ်ကြတယ်။ သူက ကင်မရာဆက်တင်းတွေအကြောင်း ဆရာတော်ကို ရှင်းပြနေတာ။ ကိုယ်က ဆရာတော်နားမှာ ဆရာတော်ရေးသားတဲ့ တရားစာတထုတ်ကို စာလုံးပေါင်းတွေကူစစ်ပေးနေတာ။ သူ့ကိုမှတ်မိပေမဲ့ နှုတ်မဆက်ဖြစ်ကြ။ ထမင်းစားချိန်ရောက်တော့မှပဲ သူက ကိုယ်ဝတ်ထားတဲ့ မြန်မာရင်ဖုံးအင်္ကျီကိုလှတယ်ပြောလို့ (လူတော့မပါပေါင်...း-) ) စကားစမိကြတော့တယ်။ ကိုယ်က မသိသေးတဲ့လူတစ်ယောက်ကို စပြီးစကားပြောဖို့သာ အရှိန်ယူရပေမဲ့ ကိုယ့်ကို စကားလာစပြီဆိုရင်တော့ ဆက်ကာ ဆက်ကာ ပြောဖို့၊ ခင်ဖို့ မင်ဖို့ ၀န်မလေးသူပါ...း-)

ကိုယ်က သူ့ကို SMC ပွဲတွေမှာ ဓါတ်ပုံရိုက်နေကြမှလား၊ ဓါတ်ပုံတွေ SMC Webpage မှာတင်ဖို့ တောင်းချင်လို့ ချောင်းနေတာလို့ ပြောမိတာပေါ့။ အဲဒီမှာ သူက ... အစ်မ ဘလော့မှာ ကျနော့်ပုံတွေ ရှိနေသားပဲတဲ့။ ကိုယ်လည်း ဟင်... ဘယ်တုန်းကရလို့လဲ၊ ရှိပါဘူး... အတင်းငြင်းပေါ့။ နောက်တော့မှ သူ့ကို အားနာလိုက်တာ၊ မျက်နှာပူလိုက်တာ၊ တကယ်။

၂၀၀၈ခုနှစ်က ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ မြန်မာပြက္ခဒိန်မှာ ယူသုံးထားတဲ့ စွယ်တော်ရွက် ဓါတ်ပုံတွေက ဂျစ်တူးရိုက်ထားတဲ့ပုံတွေဖြစ်နေတာကိုး။ အဲဒီတုန်းက မြန်မာပြက္ခဒိန်ကို အားလုံးကို ဝေတာမဟုတ်သေးတော့ အင်တာနက်ကရတဲ့ ပန်းဓါတ်ပုံလေးတွေကိုလည်း မှန်မှန်ကန်ကန် credit မပေးထားမိလိုက်ပါဘူး။ ပြီးတော့ ဟောတော့ သီချင်းသရုပ်ဖော်မှာလည်း အဲဒီ စွယ်တော်ရွက်နဲ့ ပန်းလေးတွေကို ယူသုံးထားသေးတယ်။ အဲဒီသီချင်းမှာတော့ သင်္ကြန်ဓါတ်ပုံများ အာလုံးကို various websites များမှ ကူးယူရရှိပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။ လို့ ပဲရေးထားမိပါတယ်။

အဲဒီစွယ်တော်ရွက်တွေကို ၂၀၀၇ခုနှစ် စက်မှုတက္ကသိုလ်အာစရိယပူဇော်ပွဲမှာ စွယ်တော်ရိပ်စာစောင် စာအုပ်ဒီဇိုင်းလုပ်ဖို့ဆိုပြီး သူငယ်ချင်းတစ်ယောက်က လှမ်းပို့ပေးထားတာပါ။ ဘယ်ကရသလဲ မေးတော့ သူ့ သူငယ်ချင်းဆီကရတယ်ပဲ ပြောပါတယ်။ သူပေးတဲ့ စွယ်တော်ရွက်ပုံတွေကလည်း အများကြီးပါ။ တကယ်က အခု ဂျစ်တူးနဲ့ စကားပြောမိတော့မှ သူ့ကို အဲဒီ စွယ်တော်ရိပ်စာစောင် အတွက် အကူအညီတောင်း ဓါတ်ပုံ ရိုက်ခိုင်းခဲ့ကြတာပါတဲ့။ အဲဒါကို ကိုယ်တို့ နည်းမှန်လမ်းမှန် credit ပေးဖို့ မေ့လျော့ခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ဂျစ်တူးကို အားလုံးရဲ့ ကိုယ်စား တောင်းပန်လိုက်ပါတယ်။ ဂျစ်တူးကဘာမှ မပြောပါဘူး။ အစ်မ ကြိုက်သလို ယူသုံး၊ ဘာဖြစ်လဲလို့ ပြောရှာပါတယ်။ ကိုယ်ကတော့ အင်တာနက်က၊ သူငယ်ချင်းဆီက၊ ဖောဝတ်အီးမေးလ်တွေကနေရလို့ ဘယ်သူ့ကို credit ပေးရမယ်မှန်းမသိလို့ မှန်ကန်စွာ credit မပေးမိပေတော့၊ ကိုယ်ကတမင်လုပ်တာ မဟုတ်ပေမဲ့ အခုလိုပိုင်ရှင်နဲ့ တိုက်ရိုက်တန်းတိုးတဲ့အခါ ကိုယ့်ကိုယ်ကို သူခိုးလူမိသလို မျက်နှာပူမိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘလော့တွေကို အချိန်ပေးပြီး နေ့တိုင်းမသွားဖြစ်တာ၊ မဖတ်ဖြစ်တာလည်းပါပါတယ်။

ခုနောက်ပိုင်းတော့ credit ဘယ်သူ့ကိုပေးရမယ်မှန်းမသိရင် မသုံးဖြစ်အောင် ဆင်ခြင်ပါတယ်။ မြန်မာပြက္ခဒိန်လုပ်တာတောင်မှ ပန်းချီဆရာကြီးတွေရဲ့ ပန်းချီပုံတွေကို ခွင့်မတောင်းဘဲ ယူသုံးရတာ အတော်ကို စိတ်ကသိကအောင့်ဖြစ်မိပါတယ်။ (တကယ်လို့ စုချစ်သူ ဘလော့မှာ ခွင့်မတောင်းပဲ တစုံတရာ မတော်တဆ ယူသုံးထားမိသည်များ တွေ့မိသည်ရှိသော် အချိန်မရွေး ဆက်သွယ်ပြောကြားပေးကြပါလို့ အနူးအညွှတ် ပန်ကြား မေတ္တာရပ်ခံအပ်ပါတယ်ရှင်...၊ ကာယကံရှင် သဘောမတူပါက ဘလော့မှ ချက်ချင်း ပြင်ဆင်ပေးပါမည်ရှင်။ ကျေးဇူး။ ။)

ကိုယ်တိုင်ကလည်း ပန်းချီဆွဲတဲ့သူမို့ အနုပညာတခုဖြစ်ပေါ်လာဖို့ကို ဘယ်လို အချိန်ပေးအားထုတ်ရတယ်ဆိုတာ၊ ဓါတ်ပုံဆရာ တစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့ ဓါတ်ပုံလေးတစ်ပုံဖြစ်လာဖို့ အခက်အခဲအမျိုးမျိုးကြားက ဘယ်လို အပင်ပန်းခံပြီး ရိုက်ရတယ်ဆိုတာ ကိုယ်ချင်းစာပြီးနားလည်ပါတယ်။ ဂျစ်တူးကလည်း သူအဲဒီစွယ်တော်ရွက်လှလှပပလေး ရဖို့ ခက်ခက်ခဲခဲ ရိုက်ခဲ့ရတဲ့အကြောင်း ဒီမှာ ရေးထားပါတယ်။ စွယ်တော်ပန်းလေးကတော့ ဒီမှာ၊ နဲ့ ဒီမှာ ပါ။ အရင်က သူ့ဘလော့ကို ၀င်ဖတ်ဖူးပေမဲ့ အခုမှ လှန်လှောရှာရင်း အဲဒီပိုစ့်တွေကို တွေ့မိတာပါ၊ ခွင့်လွှတ်ပါ ဂျစ်တူးရေ...း-)

သူ့ကို နံမည်ဘယ်လိုခေါ်လဲဟင်လို့ မေးတော့ ဂျစ်တူးပါတဲ့။ နံမည်ရင်းကို မေးတာလေဆိုတော့... အင်းလေ... အဲသာ နံမည်ရင်းတဲ့။ သူ့ရဲ့ ဆုရထားတဲ့ ဓါတ်ပုံတွေအကြောင်း၊ ဘယ်ပုံဘယ်နည်းသုံးပြီး ရိုက်ထားရကြောင်း အားပါးတရ ပြောပြပါတယ်။ သူက အွန်လိုင်းကနေ ဓါတ်ပုံရိုက်နည်းတွေ သင်ပေးနေတာတဲ့။ ယောက်ယောက်ကလည်း ဂျစ်တူးပြောသမျှ သဘောတကျနားထောင်ရင်း ဂျစ်တူးနဲ့တွေ့တုန်းလေးမှာ ရသလောက်လေး မေးမြန်းလေ့လာသင်ယူလိုက်ပါသေးတယ်။

စင်ကာပူမှာ မင်္ဂလာဆောင် အမှတ်တရအယ်လ်ဘမ်၊ မိသားစု ပေါ့ထရိတ် ကောင်းကောင်း ရိုက်လိုသူများ ခင်မင်စရာကောင်းတဲ့ ဓါတ်ပုံဆရာလေး ဂျစ်တူး(မုံရွာ) စတူဒီယိုသို့ စုံစမ်းမေးမြန်း ဆက်သွယ်နိုင်ကြပါတယ်လို့...။

ချစ်ခင်စွာ...
စုချစ်

7 comments:

ဂျစ်တူး ( မုံရွာ ) said...

ဦးဦးဖျားဖျားလာရေးလိုက်တယ်-တခါမှဦးဦးဖျားဖျားမရဘူး
ဘူး-စုချစ်ကိုတောင်ပြန်ပြီးကျေးဇူးတင်ရအုံးမယ်ဗျ-
စုချစ်ကပန်းချီဆွဲတော်တယ်-ပုံဖေါ်ထားလိုက်တာမိုက်တယ်
ဗျာ-ဘလောက်ကိုခဏခဏရောက်တယ်-ဒါပေမဲ့ဘာမှမရေးဘဲပြန်ပြန်သွားခဲ့တာဗျ-
ပန်းချီကားကလေးအတွက်အထူးကျေးဇူးပါခင်ဗျာ-
ဂျစ်တူးရိုက်ထားတာယူသုံးပါနော်-အရင်ကမသိခင်ကတောင်ခွင့်ပြုခဲ့တာပါ-အခုတော့ခင်စရာ
ကောင်းတဲ့(မြန်မာပီသတဲ့အလှပိုင်ရှင်မလေးမို့ပိုပြီးခွင့်ပြု
မိပါတယ်။(တကယ်ဋ္ဌကီးပြောသွားသည်)

ဂျစ်တူး ( မုံရွာ ) said...

ပန်းကလေးကိုပန်းချီဆွဲချင်တယ်ဆို
ယူပါခင်ဗျာ-
ပညာဆိုတာသေရွာအထိယူသွားလို့မရပါဘူး-
ဘယ်သူယူယူပါ-ခွင့်တောင်းတောင်းမတောင်းတောင်းပါ-
ဂျစ်တူးအတွက်ဘာမှမဖြစ်ပါဘူးဗျာ-
လွတ်လပ်စွာယူပါခင်ဗျာ-
ဂျစ်တူးကတောင်ကျေးဇူးတင်ရအုံးမှာပါ-

tin min htet said...

အီ .. ကျွန်တော်က ရှိရှိ သမျှ နိုင်ငံတကာ ပန်းချီတွေ မွှေနှောက်သုံးနေတာ၊ အမ ပြောမှ နည်းနည်းရှက်သွားပြီ။

ကိုဂျစ်တူး ဘလော့ဂ်လည်း သွားကြည့်ဖြစ်တယ်။

Anonymous said...

ဂျစ်
သူများကျ သဘောကောင်းနေလိုက်တာ ယူပါယူပါနဲ့ 
ကျတော့်ကျ ခေါ်တာတောင်မထူးတော့ဘူး အကူညီတောင်းမလို့ ကို
kotoegyi.blogspot.com

ကျှောထင် said...

ကောင်းလေစွ ကောင်းလေစွ။ အသိမှတ်ပြုသင့်သူကို အသိမှတ်ပြုတာ မဂဿငလာတစ်ပါးပေပဲ။

သွယ်လင်းဆက် said...

ဂျစ်တူး ဂျစ်တူး တော်တော်သဘောကောင်းတယ်။ မှန်ကန်စွာ Credit ပေးဖို့လိုသဗျို့ အမရေ။

win latt said...

ဖတ်သွားပါတယ်။
ရွာမုံ(တူးဂျစ်) သို့ ကျေးဇူးတင်လွှာကို...