Wednesday, February 3, 2010

တောသူအကြိုက် ကိုယ့်အကြိုက်


ဟီး... အစ်မသက်ဝေရ... သတိရလို့ ကျေးဇူး... ကျေးဇူး။ ဒီတခါတော့ တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဆိုသလို ကြွားချင်နေတာနဲ့ အံကိုက်ပဲတော့။ ခုတခေါက် မြန်မာပြည်တော်အပြန်မှာ ထမီတွေလက်ဆောင်တွေ ရလာတာလေ ၅ထည်တောင်မှတော့။ မမကြီးဆီက အမရပူရပိုးချိတ်ရယ်၊ ညီမလေးသူငယ်ချင်းပေးတဲ့ ကယားပြည်က ကယားချည်လုံချည်ဝမ်းဆက်ရယ်၊ အောင်ပန်းနဲ့ မြစ်ကြီးနားမှာနေတဲ့ ယောက်ယောက် အဒေါ်၂ယောက်ကပေးတဲ့ ရှမ်းလုံချည်၊ ကချင်မနောတိုင်ဝမ်းဆက်၊ စစ်ကိုင်း ကောင်းမှုတော်ဘုရားဈေးက ယောက်ခမ အမေ၀ယ်ပေးတဲ့ အညာချည်ချောလုံချည်လေးရယ်။

ပြောရရင် ရွှေစုချစ်တို့က ရန်ကုန်သူလို့ ဘုရားစူးပြောမှ ယုံစရာကောင်းလောက်အောင် တောဂိုက်ကိုး အစ်မရ။ ထမီကို အရမ်းကြိုက်တော့ ခုထိ ရုံးသွားလည်း ရံဖန်ရံခါဆိုသလို ၀တ်တာပဲ။ ရုံးကလူတွေကလည်း ထမီလေးဝတ်သွားတဲ့နေ့ဆို you are so pretty အဟီး... တဲ့။ (ယုံချင်ယုံ မယုံချင်နေ... ခစ်) ရုံးကိုဝတ်တာတော့ ထမီ စကပ်လို ဟာမျိုးကို ၀တ်တာပေါ့နော်။ တော်ကြာ လူကြားထဲ ဖြန့်ဝတ်နေရ မခက်လား... အဟား။

စင်ကာပူပါလာတဲ့ ထမီတွေအားလုံးလိုလိုကတော့ များသောအားဖြင့် လက်ဆောင်ရတာတွေချည်းပါပဲ။ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်ကတဲကစုလာတာတွေဆိုတော့ တဖြည်းဖြည်းနဲ့ များလာတာ ဘုန်းကြီးကျောင်းသွားရင် မြန်မာလုံချည်လေးတွေ ၀တ်ချင်တယ်ဆိုတဲ့ သူငယ်ချင်း တချို့တလေကို လှတာလေးတွေ သူတို့လိုချင်တာကို ပြန်လည်ဝေမျှရတယ်။ နည်းနည်းဟောင်းပြီး ၀တ်လို့ မကောင်းတော့တာတွေကို မြန်မာပြည်ပြန်တိုင်း ပြန်သယ်။ မရှိတဲ့သူတွေဝေပေး။ ဟိုတခါ နာဂစ်ဖြစ်တုန်းကတော့ အတော်ပဲဆိုပြီး ထမီတော်တော်များများ လှူဖြစ်လိုက်တယ် အစ်မရဲ့။

ကျောင်းတုန်းကလေ အစ်မသိတဲ့အတိုင်း သူများက ပိန်ပိန်သေးညှောင်လေးဆိုတော့ မြန်မာအင်္ကျီတွေဝတ်ရင် ကြည့်လို့မကောင်းဘူး။ အရမ်းရုပ်ဆိုးတာပဲ။ မြန်မာအင်္ကျီတွေက ပြည်ပြည့်ဖြိုးဖြိုးနဲ့မှ ကြည့်ကောင်းတာကိုးလို့။ ဟိုတခါ အစ်မရဲ့ ကမ္ဘာလုံးလေး ကိုရင်ဝတ်တုန်းက အစ်မကမြန်မာအ၀တ်အစားလေးနဲ့ တကဲ့ကို လှပြီးကျက်သရေရှိတာတော့။ အဲဒီနေ့က သူများတောင် မြို့ထဲ လမ်းသလားစရာရှိလို့ မြန်မာဝတ်စုံ မ၀တ်ခဲ့ရတာရယ်။ မဟုတ်ရင် သူများကလေ အခုမှ လူက ခပ်ပြည့်ပြည့်ဖြစ်လာတာဆိုတော့ အရင်က မ၀တ်နိုင်တာကို အတိုးချပြီး မြန်မာအင်္ကျီကို ခုံခုံမင်မင် နှစ်နှစ်သက်သက်ကြီးကို ၀တ်ပါတယ်အစ်မရယ်။ မြန်မာပြည်ပြန်ရင် ချည်လုံချည်၊ ချည်အင်္ကျီတွေပဲ အားပါးတရ ၀တ်တော့တာပဲ။ မျက်နှာမှာလည်း ဘယ်သွားသွား သနပ်ခါး ဘဲကျားရိုက်ပြီးကိုသွားတော့တာ။

သိလား။ အဲသာလေ... ရီစရာ ပြောရဦးမယ်။ မြန်မာပြည်ပြန်တော့ သွားဆရာဝန်သွားပြရရော အစ်မရယ်။ မန်းလေးကို မသွားခင် ရန်ကုန်ရောက်ရောက်ချင်းသွားပြတာပေါ့။ သွားတွေက ခရောင်းပြန်အုပ်ရမှာဆိုတော့ ဆရာ... သမီးက ခရီးထွက်ရမှာ ဘယ်လောက် ကြာမလဲ ဘာညာ မေးတာပေါ့နော်။ အဲသာလေ ချည်ရင်ဖုံးကွက်စိပ်၊ ကချင်အနားချိတ်ထမီဝတ်ထားတဲ့ သနပ်ခါး ပါးကွက်ကျားနဲ့ သူများကို ကြည့်ပြီး သွားဆရာဝန်က ဘာမေးလဲဆိုတော့ သမီးက နယ်ကျောင်းက ကျောင်းဆရာမလေးလားတဲ့။ ဟီး..........။ မြန်မာပြည်မှာ သနပ်ခါးပါးကွက်ကျားနဲ့ ထမီဝတ်တဲ့သူ ရှားနေပြီကိုး အစ်မရ။

ကဲ... ကြွားလို့... အဲလေ... ဟီး... ရေးလို့လဲ ၀ပြီ။ တောသူအကြိုက် ကိုယ့်အကြိုက်ကတော့ အဲသလောက်ပါပဲ အစ်မသက်ဝေရေ့................။ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။

***********
ဟိ။ ကိုယ်လည်း ဘလော့ဂါ ပီသအောင် သူညားတွေကို ပြန်တက်လိုက်ဦးမယ်။
ချစ်သော မမေ (မေဓါဝီ)
ချစ်ညီမလေးကွင်း
ကပ်သီးကပ်သပ် ကထက် (တင်မင်းထက်) - စိတ်ပုတ်တယ်မပြောနဲ့... ပုဆိုးအကြောင်းရေးပေါ့။

အားရင် ရေးပေးပါနော်။

ချစ်ခင်စွာ
စုချစ်

6 comments:

sonata-cantata said...

ဒီညတော့ အိပ်ရတော့မယ်မထင်ဘူး
ဘလော့ဂ်တွေလိုက် လုံချည်ရုပ်နေရလို့
း)
စောရသီတာ

tin min htet said...

တကယ်က လူပျိုကြီး ဘလော့ဂ်ဂါတွေကို တဂ်ကြပါလားလို့ တယောက်ယောက်ကို အကြံပေးမလို့။ ခုတော့၊ သူတို့ ထမီ ဇာတ်လမ်းက .. ကျွန်တော့်ဆီ ရောက်လာပြီကိုး။

(နည်းနည်းတော့ အချိန်ပေး။)

The Queen said...

ညီမလဲ ထမီကြိုက်တယ် အမရဲ့၊ အပြင်ထွက်ရင်သာ သူများတွေကြည့်မှာဆိုးလို့ မဝတ်ဝံ့တာ ၊ အိမ်မှာနေရင် အမြဲထမီ နဲ့ပဲ။ အမရဲ့ ထမီဆင်လေးတွေက ယဉ်လိုက်တာ။ အလယ်က သုံးထည်ကို အကြိုက်ဆုံးပဲ။ ပထမဆုံး အတက်ဂ် ခံရတဲ့ ပို့စ်က ညီမ ရေးချင်နေတဲ့ အကြောင်းနဲ့ တိုက်ဆိုင်နေတော့ အားရင် အေးအေးဆေးဆေးရေးပါ့မယ်။

သက်ဝေ said...

ချစ်စရာကောင်းအောင် ရေးပေးတာ ကျေးဇူး ညီမလေးရေ... လုံချည်လေးတွေက လှလိုက်တာ... ရိုးရာလုံချည်လေးတွေ...း))

ဟိုနေ့က အကြောင်းတော့ မပြောချင်ပါဘူး ညီမရယ်... လှတယ်လို့ပြောကြပေလို့သာပါပဲ... ကိုယ့်အကြောင်း ကိုယ်သာသိတာမို့ တိတ်တိတ်လေးပဲ နေနေတာ...း)) အဟီး...

ညီမ.. ကိုတင်မင်းထက်ကို Tag လိုက်တာ အရမ်း သဘောတွေ့နေတယ်...

ချစ်ကြည်အေး said...

ရှမ်းလုံချည်လေး မ သွားချင်တော့တယ်...စုချစ်ရေ...:)

tin min htet said...

ဘာရေးရမလဲ အကြံထုတ်နေတာ။ ကျွန်တော် ရုတ်ခဲ့သော ထမီများလို့ ရေးရမလား မသိ .. :P