မနေ့ညက အိမ်မှာ ထမနဲထိုးကြလေသည်။ များများစားစားမဟုတ်ပါ။ ကောက်ညှင်းဆန် ၂လုံးသာသာလောက်မျှသာ ဒီကနေ့ တပို့တွဲလပြည့်နေ့ ဘုရားဆွမ်းတော်ကပ်ရန်အမှီ အဓိက ရည်ရွယ်ထိုးကြရခြင်းဖြစ်သည်။ အဲဒီတော့ မြေပဲဆန်နည်းနည်း၊ နှမ်းနည်းနည်း၊ အုန်းသီးနည်းနည်း၊ ဂျင်းနည်းနည်း၊ ပြီးတော့ မြန်မာပြည်က သယ်လာသည့် ပဲဆီ ရွှဲရွဲနှင့် သားအမိ၃ယောက် ထမနဲထိုးကြလေသည်။
မေမေသည် ထို နည်းနည်း၊ နည်းနည်း ပုံထားသည်များကိုကြည့် ခေါင်းခါရင်း အားမလို အားမရ ရေရွတ်သည်။ တို့ရွာမှာဆို တခါထိုးရင် အနည်းဆုံး ၄တင်း (ကောက်ညှင်းဆန် ၂တင်းအိတ် ၂အိတ်) ထိုးကြရတာ။ ရွာမှာ ဆင်းရဲတယ်ဆိုတဲ့သူတောင် အနည်းဆုံးတော့ ဆန်၂ပြည်လောက်ထိုးနိုင်ကြပြီး ဘုန်းကြီးကျောင်းကပ်ကြတာဟု ပြောလေသည်။ လွမ်းဆွေးသွားသည့် မေမေ့ မျက်လုံးများကို ကြည့်ပြီး ကျမတို့က မေမေရယ် မေမေတို့ ငယ်ငယ်က ထမနဲပွဲအကြောင်းပြောပြပါဦးလို့ အလိုက်သတိ မေးကြတော့ မေမေက ယခုလို ခရားရေလွှတ် တတွတ်တွတ် ပြောပြပါလေတော့သည်။
တို့ရွာမှာ ၁၂လရာသီပွဲတိုင်း မစည်ကားတဲ့ ရာသီဆိုတာ မရှိခဲ့ဘူး။ တပို့တွဲလမှာလည်း လပြည့်မတိုင်ခင် ၁၀ရက် လောက်ကစပြီး ပွဲတွေစသွင်းတာ။ ရွာနီးချုပ်စပ်က လှည်းတွေကိုပြည့်လို့။ အဲဒီမှာ တနှစ်က စိန်အောင်မင်း ဇာတ်လာကတော့ ဘိုစိန်ဆိုတဲ့ မင်းသား ပါလာသတဲ့။ အဲဒီမင်းသားက ဗမာအစစ်မဟုတ်ဘူးတဲ့။ ရုပ်ကလည်း ဘိုရုပ်တဲ့။ အမက (မေမေ့ အမေ) အဲဒီမင်းသားကတာကြည့်ပြီး မေမေ့ကိုမွေးတော့ မေမေက အဲဒီမင်းသားလိုပဲ နှာခေါင်းချွန်ချွန် ဖြစ်နေလို့ မေမေရဲ့ ငယ်နံမည်ဟာ ဘိုစိန်လို့ တွင်ခဲ့သေးတာ။
မေမေတို့ ကလေးတွေဆိုတာ ပွဲတွေ စလာပြီဆိုတာနဲ့ ပျော်လိုက်တာဆိုတာ။ အဲဒီမှာ ထမနဲထိုးဖို့အတွက် ဋ္ဌားထားတဲ့ သူတွေနဲ့ အိမ်ကလည်း အရှေ့ အနောက် အပြည့်ပဲ။ ၁၄ရက်နေ့ည လပြည့်မတိုင်ခင် ထမနဲ ထိုးဖို့ ရွာနီးချုပ်စပ်က သူတွေကို ဋ္ဌားကြရတာ။ အထူးသဖြင့် အဖေ့ အသိ ကရင်ကြီးတွေက လာကူညီလေ့ရှိတယ်။ ဆန်ပြာတဲ့သူ။ မြေပဲဆံချွတ်တဲ့သူ၊ ထုတဲ့သူ။ ကရင်ကြီးတွေက အုန်းသီးခူး၊ အုန်းသီးခွာ၊ အုန်းဆံလှီးတာတွေ လုပ်ကြတာ။ ဆောင်းတွင်းအေးပေမဲ့ ကျောပြောင်တွေမှာ ချွေးတွေနစ်လို့။ ခုစဉ်းစား ခုပြန်မြင်ယောင်လာတယ်။ တကယ်။ အိမ်ရှေ့ကွပ်ပျစ်မှာ ချထားတဲ့ လက်သမားသုံး ရေပေါ် ထိုးတာကို ပြောင်းပြန်လှန်ပြီး အုန်းသီးတွေ ခြစ်ကြတာ။
မေမေတို့ ကလေးတွေကတော့ အိမ်ရှေ့ဒုန်းစိုင်းပြေးလိုက်၊ နောက်ဖေးဒုန်းစိုင်းပြေးလိုက်နဲ့ အလကားနေရင်းပျော်နေကြတာ။ လေထဲကို စွေ့ခနဲ၊ လွှားခနဲ ဖြာလွင့်သွားတဲ့ ဆန်လေးတွေ တစိကလေးမှ အောက်ကို မကျအောင် ဆန်ပြာနိုင်တဲ့ မိန်းမတွေနား တအံ့တသြ သွားကြည့်လိုက်ကြ။ မြေပဲဆံနွှာနေတဲ့သူတွေနားသွားပြီး မြေပဲတွေ ကောက်ဝါးလိုက်ကြ၊ ကရင်ကြီးတွေ အုန်းသီးခွာနေတာ၊ ခြစ်နေတာ တွေ ငုတ်တုတ်ထိုင်ကြည့်ရင်း အုန်းသီး ပါးစပ်ထဲကောက်ထည့်လိုက်ကြပေါ့။ ပြီးရင် ကရင်ကြီးတွေက မြစ်ဆိပ်ကရေတွေခပ် ကောက်ညှင်းဆန်တွေ နိုင်နိုင်ဆေးကြရတာ။ မိုးပြဲဒယ်တွေဆေးကြတာ။ ပြီးရင် အိုးအခြေခိုင်ဖို့ တွင်းတူးပြီး မီးဖိုလုပ်ကြရတာ။
ထမနဲစထိုးပြီဆို တဒယ်မှာက ပဲဆီတွေနဲ့ ဂျင်းကိုကြော်၊ ဂျင်းမွှေးလာပြီဆိုရင် ဆန်တွေကိုထည့်ကျော်၊ ပြီးတော့ ဟိုဖက် တဒယ်က ရေနွေးပွက်ပွက်ဆူဆူကို လောင်းထည့်၊ ရေနည်းနည်းခမ်းသွားပြီဆိုတော့မှ ငှက်ပျော်ဖက်နဲ့ အုပ်ပြီးနှပ်ထား၊ အဲသလို လုပ်ရတာ။ အဲ ဆန်နပ်သွားပြီဆိုရင် မီးဖိုကချ ခုနက ဒယ်အိုးဖင်ငြိမ်အောင်တူးထားတဲ့ တွင်းလေးပေါ်တင်ပြီး သန်မာတဲ့ ယောက်ျား၎ယောက်လောက်က နှဲကြရတော့တာ။ လှေလှော်တက်မပုံစံ ယောက်မပြား ၂ချောင်းကို အပေါ်က မတ်တတ်ရပ်နေတဲ့ ယောက်ျား၂ယောက်ကကိုင်ပြီးမွှေ၊ အောက်က ယောက်ျား၂ယောက်က ဆောင့်ကြောင့်ထိုင်ပြီး ယောက်မအရင်းကနေ ကိုင်ပြီး ကျိတ်ချေပေး။ အပေါ်ကနေ မြေပဲတွေ၊ အုန်းသီးဖတ်တွေကို မိန်းမတွေကလောင်းထည့်၊ ပြီးခါနီးကျတော့ နှမ်းကို နှံ့စပ်အောင်ဖြူးကြ။ ဒီလိုနဲ့ တဒယ်ပြီး တဒယ် ဆက်ပြီးနှဲကြရတာလေ။ အနည်းဆုံး ယောက်ျားမိန်းမ ၁၀ယောက်ထက်မက ၀ိုင်းလုပ်ကြရတာ။
အဲသလိုပဲ ကိုယ့်ဘက်အိမ်က လုပ်နေသလို ဟိုဘက်အိမ်ဝိုင်းကလည်း အပြိုင်အဆိုင် နှဲနေကြတာပဲ။ ထမနဲတွေကို ညတွင်းခြင်းပဲ ရွာဦးဘုရားမှာ မနက်ဖြန် လပြည့်အမှီ ပြေးကပ်ကြတာ။ သူ့အိမ်က ထမနဲ၊ ကိုယ့်အိမ်က ထမနဲနဲ့ အို... ဘုရားပေါ်မှာ ထမနဲတွေအပြည့်။ ရွာနီးချုပ်စပ်က လူတွေကိုလည်း ညတွင်းခြင်းပဲ ဝေကြတာ။ ပွဲကလည်းရှိ၊ ပွဲဈေးကလည်းရှိ၊ ထမနဲထိုးပွဲတွေလည်းရှိပြီး ထမနဲတွေလည်းဝေကြတော့ တညလုံး မီးရောင်တွေ ထိန်ထိန်လင်းလို့ တရွာလုံး စည်ကားလိုက်တာဆိုတာ....။
မေမေ့ မျက်လုံးတွေမှာ အတိတ်က ပျော်ရွင်ဖွယ်ရာကောင်းသော အရိပ်ကြောင့် ရွှန်းလဲ့တောက်ပနေကြလေသည်။ ဘုရားဆွမ်းတော် ဦးချပြီး ထမနဲပန်းကန်လေးရှေ့ချထားကာ စကားဝိုင်းဖွဲ့နေကြသော ကျမတို့ သားအမိ၃ယောက်စလုံး မေမေတို့ရွာမှ ထမနဲပွဲကို စိတ်ကူးဖြင့် အရောက်လှမ်းနေမိကြပေတော့လေသတည်း။ ။
*********************
7 comments:
ထမနဲ နဲနဲလောက်....
ဟုတ်...ကျွေးမယ်လေ.... အစ်မ...
ဘယ်ကိုပို့ပေးရမလဲ...
း-)
ထမနဲကိုလွမ်းနေတာ ... မစုရေးတာဖတ်ပြီး ပိုလွမ်းသွားတယ်။
အမေ့ထမနဲကို အရမ်းကြိုက်တာပဲ။ တခြားသူတွေထိုးတာနဲ့ မတူဘူး။ တအားကောင်းတယ် (ကိုယ့်အမေမို့လေ) :)
ကိုယ့်ဘာသာလဲ မလုပ်တတ်၊ ကရိကထများလို့ မလုပ်ချင်တာ။ သူများထိုးတာတွေပဲ လိုက်ပြီး သွားရည်ကျနေရတယ်။ :(
ထမနဲ စားချင်တယ်။ ဒီနှစ်တော့ ဝေးပြီ။
စုချစ် ညီမ...
ထမနဲကျွေးမယ်ဆို... ဘာမှမပူနဲ့...
အမဆီသာ ပို့လိုက်...
ချစ်ကြည်ကို နဲနဲမျှကျွေးလိုက်ပါ့မယ်...း))
ဟီါ်... အစ်မသက်ဝေ... ခုတော့ ကုန်သွားပီတော့...
း-)
ဟိုနေ့က ဆြာချစ်တို့နဲ့တွေ့လို့ သူတို့ကတော့ တကယ်စားလိုက်ရတယ်...
း-)
ဟင့်...... စိတ်မကောင်းလိုက်တာ...
ဒါကြောင့် ဒါဏ်ပေးတယ်...
Tag ထားတာကို ၁ ရက်အပြီး ရေးစေ...း))
Post a Comment