Tuesday, March 10, 2009

တပေါင်းလပြည့်အလွမ်း - ၁၀၊ ၀၃၊ ၂၀၀၉


ပန်းချီ - ဆရာပေါ်ဦးသက်

ကိုယ်တို့ငယ်ငယ်တုန်းက နေ့ကြီးရက်ကြီးတွေနဲ့ ၀ါတွင်း၃လ မှာ အဖေကြီး၊ အမေကြီး (အဖိုး၊ အဖွား ) နဲ့ အတူ ဘုန်းကြီးကျောင်းကို ဥပုသ်စောင့်လိုက်ရလေ့ရှိတယ်။ ပုံမှန်သွားဖြစ်တာကတော့ အိမ်နဲ့ ၁၀မိနစ်လောက် လမ်းလျှောက်ပြီးသွားလို့ရတဲ့ အဖွားရဲ့မောင်တ၀မ်းကွဲ ကျောင်းထိုင်တဲ့ ဘဘုန်းကျောင်းကိုပေါ့။

တပေါင်းလပြည့်နေ့မှာလည်း ထုံးစံအတိုင်း အဖေကြီး၊ အမေကြီးက နံနက်စောစောထ၊ ရေမိုးချိုးပြီး ကိုယ်တို့ကို ဘုန်းကြီးကျောင်းသွားကြဖို့ နှိုးဆော်တော့တာပဲ။ တပေါင်းလဆိုတာက နွေရာသီကျောင်းပိတ်ရက်ဖြစ်တော့ နေကုန်နေခန်း မိုးပျံအောင်ကစားထားပြီး ဘယ်သူမှစောစောမထချင်ကြဘူး။ နေ့ပူလို့ ညချမ်း တပေါင်းလ သရမ်းဆိုတဲ့ အတိုင်း ညဖက်မှာ အေးအေးလေးနဲ့ကွေးလို့ ကောင်းပြီး တခါတရံ နံနက်စောစောမှာ မှိုင်းညို့ညို့မြူတွေ အုံ့ဆိုင်းနေတတ်သေးတော့ ပေကပ်ပြီး အိပ်နေကြရာကနေ... အခန်းအပြင်ဘက်က အဖေကြီးရဲ့ ခပ်ဖွဖွတံခါးခေါက်သံနဲ့အတူ ကလေး... ကလေး.. ဆိုပြီး မထမချင်း ခဏခဏနှိုးနေတာ အားနာတော့မှ မထချင်ထချင်နဲ့ အိပ်ရာကထကြရတော့တာ။

လပြည့်နေ့တွေမှာ သာမန် ဥပုသ်ရက်တွေထက် လှူစရာကို ပိုစီစဉ်ကြတယ်။ မေမေတို့က နံနက်စောစော ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံနဲ့အတူ ဘွန္တောအော်သံကြားကတဲက အိပ်ရာကထ ချက်ပြုတ်၊ အာရုဏ်ဆွမ်းလောင်းပြီးတာနဲ့ နေ့ဆွမ်းအတွက်ပါ ချက်ပြုတ်ပြီးစီးသွားကြပြီ။ ကိုယ်တို့တွေကြီးလာတော့ အဲဒီတာဝန်ကို ဆက်လက်ထိန်းသိမ်းကြရတယ်။ ဘုန်းကြီးကျောင်းကိုလှူဖို့ ထမင်းစားပန်းကန်ပြားလေးတွေနဲ့ ထည့်ထားတဲ့ ကြက်သွန်ဗန်း၊ ဆွမ်းဆန်စိမ်းဗန်းတွေပေါ်မှာ ၅ကျပ်တန်၊ ၁၀တန် ၀တ္တုငွေတွေကို ကန်တော့ပုံသဏ္ဍန်စိုက်ထားကြတယ်။ ပြီးတော့ စောစောစီးစီးလာပို့ပေးသွားတဲ့ မနေ့ကတဲကမှာထားတဲ့ ဘိန်းမုန့်ဗန်းရယ်၊ ဘိန်းမုန့်က ဘဘုန်းကျောင်းမှာ နံနက်သီလမယူခင် လာတဲ့ ဥပုသ်သည်တွေကို ဧည့်ခံဖို့က တဗန်း၊ နေ့လည်ဆွမ်းစားအပြီး အချိုတည်းဖို့ကတဗန်း၊ ၂ဗန်းစီစဉ်ရတယ်။ နေ့လည်ဆွမ်းကပ်ဖို့အတွက် ဆွမ်းချိုင့်ရယ်ကိုလည်း သယ်ကြရသေးတယ်။

ဘဘုန်းကျောင်းက တကယ်တော့ ဆင်းရဲသားရပ်ကွက်ဘေးလေးမှာ။ ကိုယ်တို့ ရပ်ကွက် ကဖြတ်ပြီး နောက်ရပ်ကွက် အစွန်မှာ တည်ရှိတဲ့ ကျူးကျော်အိမ်လေးတွေ အများစုရှိကြတဲ့နေရာလေးပေါ့။ အဲဒီက နွမ်းနွမ်းပါးပါးနဲ့ အဖိုးအဖွားတွေကလည်း ဘဘုန်းကျောင်းကို သူတို့ မြေးလေးတွေ လက်တွဲပြီး လာလေ့ရှိတယ်။ ဘဘုန်းကျောင်းမှာ တပေါင်းလပြည့်လိုနေ့မျိုးဆို စားစရာတွေက အပြည့်ပဲ။

ကျောင်းရောက်တာနဲ့ ကိုယ်တို့က သီလယူမဲ့နေရာ ခေါင်းရင်းခန်းရှေ့မှာ ချထားတဲ့ ဆန်ဗန်းကြီးထဲကို အိမ်ကယူလာတဲ့ ပန်းကန်ပြားထဲက ဆန်တွေ လောင်းထည့်၊ ကြက်သွန်တွေကို အဲဒီဆန်ဗန်းဘေးနားက ကြက်သွန်ခြင်းထဲ သွန်ချ၊ ၀တ္ထုငွေကိုတော့ အလှူငွေတွေထားတဲ့ မောင်းထောင်ချိုင့်လေးပေါ်တင်၊ ရေစက်ခွက်ဆိုပြီး လုပ်ထားတဲ့ ဖန်ရေခွက်ထဲကို အကြွေစိလေးတွေ ပစ်ချ စသဖြင့် လုပ်ကြပေါ့။ သီလယူမှာက ၇နာရီခွဲဆို ၇နာရီ မတိုင်ခင်ကတဲက ဥပုသ်သည်တွေ တဖွဲဖွဲနဲ့ စရောက်လာကြပြီ။ ကိုယ်တို့က မေမေတို့ ပြင်ပေးထားတဲ့ ဘိန်းမုန့်ပန်းကန်တွေကို ဥပုသ်သည်တွေကြားထဲ လိုက်ချပေးကြ၊ နောက် တခြားအလှူရှင်တွေကလည်း သူတို့ ပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်တို့၊ ဘူးသီးကျော်၊ ဘယာကျော်၊ ဆီထမင်း၊ ကောက်ညှင်းရွှေကြည်၊ မုန့်ဖက်ထုတ် စတဲ့... စတဲ့ တစ်ယောက်တမျိုး ပါလာတဲ့ မြန်မာမုံ့မျိုးစုံနဲ့ ဥပုသ်သည်တွေကို ဧည့်ခံကြပေါ့။ ကိုယ်တို့တွေကတော့ တွေ့တာတွေအားလုံး စားကောင်းကောင်းနဲ့ လိုက်စားတတ်လို့ နေ့လည်စာ မစားနိုင်ပဲနေဦးမယ်၊ အများကြီးမစားနဲ့ကလေးတွေလို့ လူကြီးတွေက အော်ပြီး သတိပေးလေ့ရှိတယ်။

၇နာရီခွဲ သီလယူခါနီးရင်တော့ ခုနက စားစရာပန်းကန်တွေကိုပြန်သိမ်းကြ၊ သီလယူဖို့ ပြင်ကြပေါ့။ တချို့ကလည်း သီလလေးပဲ ယူပြီးပြန်သွားကြတယ်။ တချို့ကလည်း တရားဆက်နာကြတယ်။ ဘဘုန်းက တရားဟောရင် တော်တော်ကြာကြာ အရှည်ကြီးတွေ ဟောတော့တာပဲ။ ကိုယ်တို့မောင်နှမတွေလည်း တရားဟောတာ စိတ်ထဲမ၀င်တချက် ၀င်တချက်၊ တိတ်တိတ်တလေး ပြောင်လိုက် နောက်လိုက်နဲ့ မေမေတို့ မမြင်အောင် ခိုးဆော့ကြပေါ့။ တချို့ ဥပုသ်သည်တွေက တရားနာတဲ့အချိန်မှာ ကိုယ်တွေကို ကိုင်းပြီး၊ ၀ပ်ပြီး တရားနာသလိုလိုနဲ့ မျက်စိမှတ်ပြီး ငိုက်နေကြတာကို ကိုယ်တို့ မောင်နှမတွေ အချင်းချင်းလက်တို့ကြ၊ မျက်စပစ်ပြကြနဲ့ လှောင်ချင်လှောင်နေတတ်သေးတယ်။ တခါတခါ ကိုယ်တို့လည်း အဲသလို လိုက်လုပ်ချင်သား... သာပေမဲ့ မေမေဆူမှာ ကြောက်တာနဲ့ တခါမှ မလုပ်ဖြစ်ခဲ့ကြဘူး။

နံနက် သီလယူပြီးတာနဲ့ နေ့ဆွမ်းမတိုင်ခင်မှာ ကိုယ်တို့ မောင်နှမတွေ ဘဘုန်းကျောင်းကို ကြမ်းတိုက်၊ တံမြက်စီးလှည်း၊ လူကြီးတွေ ခိုင်းတာ လုပ်ကြပေါ့။ ဘဘုန်းရဲ့ အခန်းထဲဝင်ပြီး စာအုပ်တွေ ဖုန်ခါ၊ စာအုပ်စင်တွေကို ဖုန်သုတ်ရတယ်။ (နောက်ပိုင်း ဘဘုန်းပျံလွန်တော်မူပြီး ကျောင်းထိုင်ဆရာတော်အသစ်ကလည်း အမျိုးမတော်ပေမဲ့ အမျိုးလိုပဲ ကိုယ်တို့မောင်နှမတွေကို တော်တော်ချစ်တယ်။ ခုချိန်ထိ စင်ကာပူကပြန်ရင် ဘုန်းဘုန်းကို သွားဖူး၊ ကျောင်းကိုလည်း ရောက်တဲ့အချိန်လေးလုပြီး တံမြက်စည်းလှဲပေးခဲ့တုန်းပဲ။) ဘုရားခန်းက ပန်းအိုးတွေ မေမေတို့ ရေလဲတာကို ကူညီပေးရတယ်။ ကျောင်းရှေ့ခြံထဲက သစ်ရွက်ကြွေတွေကို အုန်းတံမြက်စည်းနဲ့ စုပေးရတယ်။ ဒီဖက်မှာ စုလို့ မပြီးသေးဘူး။ လေပွေတချက်အဝှေ့မှာ တသုတ်ပြီးတသုတ်ကြွေကျလာတဲ့ သစ်ရွက်လေးတွေကို ကြည့်ပြီး မောင်လေးက လာပြန်ပလားဟ၊ လာပြန်ပလားဟလို့ အော်ပြောပြီး သိုင်းချတဲ့ ပုံစံနဲ့ လှဲထုတ်တတ်တာ သတိရမိသေးတော့တယ်။ နွေရာသီ ကျောင်းပိတ်ရက် စာကျက်စရာမရှိလို့ အိမ်ကိုစောစောမပြန်ရပဲ ဘဘုန်းကျောင်းမှာ နေရမှာကို တွေးပြီး တွန့်လိမ်နေကြပေါ့။ ဘဘုန်းပေးထားတဲ့ ဘုရားစာကလည်း ကျက်ရဦးမယ်။ ရွှေတိဂုံ ဘုရား တပေါင်းပွဲဆိုတာ အရမ်းစည်တာပဲတဲ့...။ တို့တွေလည်း တခါမှ မရောက်ဖူးဘူးနော်၊ လူကြီးတွေပြောတော့ လူရှုပ်လို့ မသွားရဘူးတဲ့၊ သွားချင်လိုက်တာဟယ်လို့ မောင်နှမတွေ ခေါင်းချင်းဆိုင် ဆွေးနွေးတာတွေ လုပ်ချင် လုပ်ကြနဲ့ပေါ့။

ဒါနဲ့ နေ့လည် ဆွမ်းကပ်ချိန်ရောက်တော့ ဘဘုန်းနားထိုင်ပြီး ယပ်ခတ်ပေးရ၊ ဘဘုန်းအမိန့်ရှိတာ၊ ဘာညာကို ပြန်လျှောက်ရ လုပ်ကြရတယ်။ ဘဘုန်းနဲ့ ကျောင်းက သံဃာတွေ ဆွမ်းဘုန်းပေးပြီးရင် အသက်ကြီးတဲ့ အဖိုးအဖွားတွေကို အရင်ကျွေးမွေးတာပေါ့။ အဖေကြီးနဲ့ အမေကြီးက သူတို့ သူငယ်ချင်းအဖိုးအဖွားတွေနဲ့ အတူတူ တစားပွဲ ၀င်စားတယ်။ မေမေနဲ့ ကိုယ်တို့ ကလေးတွေက တစားပွဲစားကြတယ်။ ဖေဖေကတော့ ပိတ်ရက်လည်း အလုပ်ရှိတာကြောင့် သီလယူပြီးတာနဲ့ ပြန်တာများတာပါပဲ။ ဒါပေမဲ့ ဥပုသ်တော့ စောင့်ဖြစ်အောင်စောင့်လေ့ရှိတယ်။ ကိုယ်တို့လည်း ကလေးတွေပေမဲ့ တကယ်ကို ညစာမစားပဲ ဥပုသ်စောင့်ရတယ်။ ဒါတောင် မောင်လေး ခပ်ဆိုးဆိုးက သူ့အိပ်ကပ်ထဲမှာ ညကျရင်စားဖို့ မုံ့တွေဖွက်ထားတတ်တယ်။ ကိုယ်ကတော့ ငယ်ငယ်က စားဖူးတဲ့ နေ့လည်စာတွေထဲမှာ ဘဘုန်းကျောင်းမှာ Pot Luck လို့ခေါ်တဲ့ သူတကာယူလာတဲ့ ဟင်းပေါင်းစုံအပြင် ဘုန်းကြီးကျောင်းကချက်တဲ့ ဟင်းတွေနဲ့ စားရတဲ့ နေ့လည်စာကို မေ့မရဆုံးပဲ။ စားကောင်းလိုက်တာဆိုတာ စားပြီးတာနဲ့ ဗိုက်ကြီးလေးပြီး မျက်ခွံတွေစင်းကြလာတဲ့ အထိပဲ။

နေ့လည်မှာ ဘဘုန်းကျက်ခိုင်းထားတဲ့ ဘုရားစာတွေ ဘဘုန်းရှေ့မှာပြန်ဆို၊ နောက်ထပ်ချပေးတဲ့ အသစ်ကို ထတ်မှတ်ကျက် ... ပျင်းရိပျင်းတွဲစိတ်တွေ အောင့်အီးပြီး လုပ်ရတာပါပဲ။ ဘဘုန်းကမျက်စိတော်တော် မကောင်းလို့ မေမေက လက်သည်း၊ ခြေသည်းတွေ ညှပ်ပေး၊ သန့်ရှင်းရေးလုပ်ပေးရတတ်သေးတယ်။ မေမေတို့ အမျိုးထဲမှာ ဘုန်းကြီးဝတ်တဲ့ သူတွေ တော်တော်ကိုများတယ်။ တရားပြတဲ့ ဘဘုန်းတစ်ပါးရှိသေးတယ်။ အဲဒီ ဘဘုန်းကျောင်းကို သွားတယ်ဆိုရင်တော့ တနေကုန် တရားထိုင်ပေရော့ပေါ့။

ခုတော့ စင်ကာပူရောက်ကတဲက လပြည့်နေ့တွေမှာ ရုံးပိက်ရက်နဲ့ တိုက်ဆိုင်မှပဲ ဥပုသ်ဆိုတာ စောင့်ဖြစ်တော့တယ်။ ငယ်ငယ်တုန်းကလို တံဘက်လေး ပခုန်းပေါ်တင် ဆန်ဗန်းလေးကိုင်၊ ကြက်သွန်ဗန်းလေးကိုင်၊ ဆွမ်းချိုင့်တွေ ဆွဲပြီး အဖေကြီး၊ အမေကြီးတို့နဲ့အတူ ဥပုသ်စောင့်သွားတာများ ရနိုင်ရင် ပြန်လိုချင်ပါသေးတော့...။

4 comments:

မေဓာဝီ said...

ခေါင်းစဉ်ချင်းတူနေတာနဲ့ လာကြည့်တာပါ။ ကျမလည်း ခုတလော ခေါင်းစဉ်ပေးတာတွေ တူတူနေတယ်။ ပြီးခဲ့တဲ့ ကဗျာတုန်းကလဲ ကိုအောင် (ပျူနိုင်ငံ) နဲ့ တူသွားသေးတယ်။ အခုလည်း စုချစ်သူနဲ့ တူနေတာ စိတ်မရှိပါနဲ့နော်။
စုချစ်သူ ရေးထားတဲ့ တပေါင်းလပြည့် အလွမ်းက ရိုးရာဓလေ့ ပြည့်ပြည့်စုံစုံနဲ့ ... မျက်စိထဲ မြင်ယောင်ပြီး တကယ်ပဲ ချစ်စရာ လွမ်းစရာလေး။

Life is for Success said...

ma su chit,

where to get saya paw u thet art files...


with rgrds

စုချစ် said...

Hi... You can find Saya Paw's paintings in various art sites. Pls refer to my post here. I posted various art web sites there.
Metta, SuuChit

Anonymous said...

Happens... Such casual concurrence