Tuesday, March 24, 2009

အမှားပြင်ဆင်ချက်

ပြက္ဒဒိန် သုံးသူများအားလုံးကို ဒီနေရာမှ အနူးအညွတ်တောင်းပန်ပါတယ်။

မြန်မာသက္ကရာဇ်မှာ တန်ခူးလနောက်ပိုင်းကို ၁၃၇၁ လို့ ပြောင်းလိုက်တယ်ထင်တာ။ ခုမှ သေချာပြန်ကြည့်တော့ အားလုံး ၁၃၇၀ တွေဖြစ်နေပါတယ်။ အမှန်က တန်ခူးလမှာ ၁၃၇၀-၇၁ လို့ ရေးပြီး တန်ခူးလနောက်ပိုင်းကို ၁၃၇၁လို့ ရေးထားတာပါ။

ပြက္ခဒိန်ကို အမှားမပါအောင် အထူးဂရုစိုက်ပြီး လုပ်တာပါပဲရှင်။ ဘယ်လိုဖြစ်ပြီးမှားသွားလည်းမသိတာ တကယ်ကို စိတ်မကောင်းပါဘူး။

အချိန်ရရင် ၁၃၇၁လို့ ပြန်ပြင်ပြီး ထပ်တင်ပေးပါ့မယ်။ Print out ထုတ်ပြီးသုံးတဲ့သူများကို ခွင့်လွှတ်ပါလို့ အနူးအညွှတ်တောင်းပန်ပါတယ်။ နောက်နှစ်များမှာတော့ အမှားကင်းနိုင်အောင်ကြိုးစားပါ့မယ်။

မေတ္တာဖြင့် စုချစ်

Monday, March 23, 2009

မှိုင်းရာပြည့် - ၂၃ - ၀၃ -၂၀၀၉


၂၃-၀၃-၂၀၀၉
လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးပိသုကာဖခင်ကြီး
အဘိုး သခင်ကိုယ်တော်မှိုင်း
၁၃၃နှစ်မြောက်မွေးနေ့ အမှတ်တရ

မြန်မာနိုင်ငံသမိုင်းမှာ မေ့ပျောက်ထားဖို့ မသင့်တဲ့၊ မြန်မာအမျိုးသား အားလုံးရဲ့ စံပြ၊ မျိုးချစ် ကဗျာ၊ စာပေ ပညာရှင်၊ အဘိုးသခင်ကိုယ်တော်မှိုင်း ၁၃၃နှစ်မြောက်မွေးနေ့ အမှတ်တရမှာ ပန်းချီပုံတူလေးရေးဆွဲပြီး အဘိုးစပ်ဆိုခဲ့တဲ့ ကဗျာတချို့ကို ရွတ်ဖတ်၍ ပူဇော်ကန်တော့ လိုက်ပါတယ်။

“ (အော်) ဝေးခရီးပေမဲ့
အရေးကြီးလျှင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
ဆရာလဲကွာ-ပဋ္ဌမအရင် ကနဦးဆီက
မြန်မာ့တခွင်မှာ သမတရှင်ဘုရင် မလူးခင်ပ
(ထ)ဆင်ထူးကို-တမြည်မြည် သင်ခဲ့သမို့
(ထီ)မထင် ကျောင်းတော်သားတွေသို့
အမည်အစဉ်မှာ-ဂေါင်အပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို-စာရင်းတို့ကာ ထားလိုက်ကြပေတော့ …”
ဘွိုင်းကောက်ဋီကာ

“ မန်းပလ္လင် ခေတ်မသာတဲ့ သမိုင်းတွင်မှ
ကမ္မဋ္ဌာန်းဝင် ဖြစ်စရာအတိုင်းပေပေါ့
ဘန်းယင်သင် ချစ်စရာ ကသိုဏ်းတွေနှင့်
မစ္စတာမှိုင်းရယ်လို့ တစ်ဂိုဏ်းတည်ကာဖန်
အိုကွယ်- အသစ်မြန်မာ ဆိုင်းမဟဲ့လို့
မြစ်အညာ စစ်ကိုင်းရယ်နဲ့ တစ်တိုင်းပြည်မှာစံ။ ။ …”
သံဝေဂ လေးချိုးကြီး

“နောက်ယမန်သမယဆီက
အထောက်မတန်လှခဲ့တဲ့
ပေါက်ကံ ကျခါမှ
ဆရာ့မှာ အင်မတန်လွမ်း …”
ပုဂံ ရာဇ၀င် အလွမ်းဘွဲ့

“ရွှေရဲခေါင် သာတဲ့ ကွန်းဆီက
ကြေကွဲအောင် စာဖွဲ့လို့ညွှန်းလိုက်မယ်
ကေသာရယ် … ဒါနဲ့ လွန်း (လွမ်း) ကြပေရော့ကွာ…”
မင်းကြီး ရွှေလရောင်ဘွဲ့

“ရွှေမြတောင် သာတဲ့ တိုက်ဆီက
နေလ နှစ်ဆောင် ပါတော်မူတဲ့ အခိုက်ကိုဖြင့်
ကတိုက်ကရိုက်အမြန် မြင်ရတော့
မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နဲ့ …”
ပါတော်မူအဖွဲ့

“နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊
ဝသီလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊
ခွေးဘီလူးလိုအကောင်မိုက်တွေက၊
သြော် အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ
ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့လွမ်းစေဘို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့ …”
အာဇာနည်ဗိမာန်ဘွဲ့ လေးချိုးကြီး

Ref:

Tuesday, March 17, 2009

သားသား မောင်ညီသန့်


သားသား မောင်ညီသန့်
ဖေဖေ ညီညီအောင် + မေမေ ဝေေ၀သန့်

သားသား ၅လသား အမှတ်တရ ကြီးကြီးစုချစ်မှ မေတ္တာဖြင့် လက်ဆောင်ပန်းချီပုံလေး ဆွဲပေးပါသည်။

Sunday, March 15, 2009

Bagan Series-1


Daybreak at Bagan
Oil on Canvas
24"x18"

ကိုယ်လေးစားရတဲ့ ပန်းချီဆရာကြီးများရဲ့ ပုဂံဆီဆေးစီးရီးစ် ပန်းချီကားများကို အားကျလို့ ပုဂံစီးရီးစ်တွေ ဆွဲဖို့ စိတ်ကူးရပြီး ကိုယ့်ရဲ့ ပထမဆုံး ပုဂံဆီဆေးပန်းချီလေး ဒီနေ့ပဲ အပြီးသတ်လိုက်တယ်။ ဦးလေးတစ်ယောက်ဆီမှာရထားတဲ့ ရှေးဟောင်းပုဂံဓါတ်ပုံတွေထဲက Ref ယူပြီးဆွဲထားတာပါ။ ဓါတ်ပုံရိုက်တဲ့သူ အမည်မသိတဲ့ အတွက် ဖေါ်ပြနိုင်ခြင်းမရှိတာ ခွင့်လွှတ်ပါရှင်။

ဤပန်းချီကားလေးဖြင့် သင်ဆရာ၊ မြင်ဆရာများအား ရိုသေလေးစားစွာ ကန်တော့ပါတယ်။

Thursday, March 12, 2009

“၇၉နှစ်မြောက်” ဘဘဦးဝင်းတင်မွေးနေ့


12-03-2009
Happy 79th Birthday to Ba Ba U Win Tin

ဒီကနေ့ (၁၂-၀၃-၂၀၀၉)ဟာ သတင်းစာဆရာကြီး ဘဘဦးဝင်းတင်ရဲ့ “၇၉နှစ်မြောက်” မွေးနေ့ ရက်မြတ်မင်္ဂလာ ဖြစ်ပါတယ်။ ဘဘဦးဝင်းတင်ကို ၁၉၈၉မှ ၂၀၀၈ ထိ ၁၉နှစ်ကျော်၊ အနှစ်၂၀နီးပါး မတရားဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။ သတ္တိရှိ၍တည်ကြည်ဖြောင့်မတ်သူဟု အမေစု ညွှန်းဆိုခဲ့တဲ့ ဘဘဦးဝင်းတင်ရဲ့ မွေးနေ့မှာ ဘဘအသက်ရှည်ရာ အနာမဲ့ကြောင်း မွေးနေ့ဆုတောင်းမေတ္တာ ပို့သကြရင်း အကျဉ်းကျခံရစဉ် ထောင်အတွင်း ဘဘရေးခဲ့တဲ့ ကဗျာလေးကို ခံစားကြည့်လိုက်ကြရအောင်....

ကျားရဲ

နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ် မအိပ်လျှင်တွေး။
သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှ မဆိုရ။

စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ။

တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိကံ သံသရာ
ငါ့ကမ္ဘာ့ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတံခါးဝရပ်လိုက်
တမတ်တပ်တပ် တနေကုန်။

မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်ပြန်
နက်ဖြန်လည်း ကုန်အုန်းမယ်။

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။

တရက် ကုန်မလား၊ တသက် ကုန်မလား။
တလ ကုန်မလား၊ တဘ၀ကုန်မလား။
တနှစ် ကုန်မလား၊
တခေတ် ကုန်မလား။

အားမလျှော့ဘူး၊ မပျော့ဘူး။
ပေဖြစ်တော့ခံမယ်၊ တူဖြစ်တော့ နှံမယ်။

အမှန်တရား တို့ဘက်မှာရှိတယ်။
ပြည်သူအများ တို့ဘက်မှာရှိတယ်။
ကာလယန္တရား တို့ဘက်မှာရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာရှိတယ်။

သိကြရဲ့လား... ဟား ဟား ဟား ဟား။

တိရိစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်နေသလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။

မှတ်ထားဟေ့။

အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း။

အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။

ငါလဲ အဲဒီလိုပဲကွ ဟေ့။ ။

(poem from Moemaka Media)

Tuesday, March 10, 2009

တပေါင်းလပြည့်အလွမ်း - ၁၀၊ ၀၃၊ ၂၀၀၉


ပန်းချီ - ဆရာပေါ်ဦးသက်

ကိုယ်တို့ငယ်ငယ်တုန်းက နေ့ကြီးရက်ကြီးတွေနဲ့ ၀ါတွင်း၃လ မှာ အဖေကြီး၊ အမေကြီး (အဖိုး၊ အဖွား ) နဲ့ အတူ ဘုန်းကြီးကျောင်းကို ဥပုသ်စောင့်လိုက်ရလေ့ရှိတယ်။ ပုံမှန်သွားဖြစ်တာကတော့ အိမ်နဲ့ ၁၀မိနစ်လောက် လမ်းလျှောက်ပြီးသွားလို့ရတဲ့ အဖွားရဲ့မောင်တ၀မ်းကွဲ ကျောင်းထိုင်တဲ့ ဘဘုန်းကျောင်းကိုပေါ့။

တပေါင်းလပြည့်နေ့မှာလည်း ထုံးစံအတိုင်း အဖေကြီး၊ အမေကြီးက နံနက်စောစောထ၊ ရေမိုးချိုးပြီး ကိုယ်တို့ကို ဘုန်းကြီးကျောင်းသွားကြဖို့ နှိုးဆော်တော့တာပဲ။ တပေါင်းလဆိုတာက နွေရာသီကျောင်းပိတ်ရက်ဖြစ်တော့ နေကုန်နေခန်း မိုးပျံအောင်ကစားထားပြီး ဘယ်သူမှစောစောမထချင်ကြဘူး။ နေ့ပူလို့ ညချမ်း တပေါင်းလ သရမ်းဆိုတဲ့ အတိုင်း ညဖက်မှာ အေးအေးလေးနဲ့ကွေးလို့ ကောင်းပြီး တခါတရံ နံနက်စောစောမှာ မှိုင်းညို့ညို့မြူတွေ အုံ့ဆိုင်းနေတတ်သေးတော့ ပေကပ်ပြီး အိပ်နေကြရာကနေ... အခန်းအပြင်ဘက်က အဖေကြီးရဲ့ ခပ်ဖွဖွတံခါးခေါက်သံနဲ့အတူ ကလေး... ကလေး.. ဆိုပြီး မထမချင်း ခဏခဏနှိုးနေတာ အားနာတော့မှ မထချင်ထချင်နဲ့ အိပ်ရာကထကြရတော့တာ။

လပြည့်နေ့တွေမှာ သာမန် ဥပုသ်ရက်တွေထက် လှူစရာကို ပိုစီစဉ်ကြတယ်။ မေမေတို့က နံနက်စောစော ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံနဲ့အတူ ဘွန္တောအော်သံကြားကတဲက အိပ်ရာကထ ချက်ပြုတ်၊ အာရုဏ်ဆွမ်းလောင်းပြီးတာနဲ့ နေ့ဆွမ်းအတွက်ပါ ချက်ပြုတ်ပြီးစီးသွားကြပြီ။ ကိုယ်တို့တွေကြီးလာတော့ အဲဒီတာဝန်ကို ဆက်လက်ထိန်းသိမ်းကြရတယ်။ ဘုန်းကြီးကျောင်းကိုလှူဖို့ ထမင်းစားပန်းကန်ပြားလေးတွေနဲ့ ထည့်ထားတဲ့ ကြက်သွန်ဗန်း၊ ဆွမ်းဆန်စိမ်းဗန်းတွေပေါ်မှာ ၅ကျပ်တန်၊ ၁၀တန် ၀တ္တုငွေတွေကို ကန်တော့ပုံသဏ္ဍန်စိုက်ထားကြတယ်။ ပြီးတော့ စောစောစီးစီးလာပို့ပေးသွားတဲ့ မနေ့ကတဲကမှာထားတဲ့ ဘိန်းမုန့်ဗန်းရယ်၊ ဘိန်းမုန့်က ဘဘုန်းကျောင်းမှာ နံနက်သီလမယူခင် လာတဲ့ ဥပုသ်သည်တွေကို ဧည့်ခံဖို့က တဗန်း၊ နေ့လည်ဆွမ်းစားအပြီး အချိုတည်းဖို့ကတဗန်း၊ ၂ဗန်းစီစဉ်ရတယ်။ နေ့လည်ဆွမ်းကပ်ဖို့အတွက် ဆွမ်းချိုင့်ရယ်ကိုလည်း သယ်ကြရသေးတယ်။

ဘဘုန်းကျောင်းက တကယ်တော့ ဆင်းရဲသားရပ်ကွက်ဘေးလေးမှာ။ ကိုယ်တို့ ရပ်ကွက် ကဖြတ်ပြီး နောက်ရပ်ကွက် အစွန်မှာ တည်ရှိတဲ့ ကျူးကျော်အိမ်လေးတွေ အများစုရှိကြတဲ့နေရာလေးပေါ့။ အဲဒီက နွမ်းနွမ်းပါးပါးနဲ့ အဖိုးအဖွားတွေကလည်း ဘဘုန်းကျောင်းကို သူတို့ မြေးလေးတွေ လက်တွဲပြီး လာလေ့ရှိတယ်။ ဘဘုန်းကျောင်းမှာ တပေါင်းလပြည့်လိုနေ့မျိုးဆို စားစရာတွေက အပြည့်ပဲ။

ကျောင်းရောက်တာနဲ့ ကိုယ်တို့က သီလယူမဲ့နေရာ ခေါင်းရင်းခန်းရှေ့မှာ ချထားတဲ့ ဆန်ဗန်းကြီးထဲကို အိမ်ကယူလာတဲ့ ပန်းကန်ပြားထဲက ဆန်တွေ လောင်းထည့်၊ ကြက်သွန်တွေကို အဲဒီဆန်ဗန်းဘေးနားက ကြက်သွန်ခြင်းထဲ သွန်ချ၊ ၀တ္ထုငွေကိုတော့ အလှူငွေတွေထားတဲ့ မောင်းထောင်ချိုင့်လေးပေါ်တင်၊ ရေစက်ခွက်ဆိုပြီး လုပ်ထားတဲ့ ဖန်ရေခွက်ထဲကို အကြွေစိလေးတွေ ပစ်ချ စသဖြင့် လုပ်ကြပေါ့။ သီလယူမှာက ၇နာရီခွဲဆို ၇နာရီ မတိုင်ခင်ကတဲက ဥပုသ်သည်တွေ တဖွဲဖွဲနဲ့ စရောက်လာကြပြီ။ ကိုယ်တို့က မေမေတို့ ပြင်ပေးထားတဲ့ ဘိန်းမုန့်ပန်းကန်တွေကို ဥပုသ်သည်တွေကြားထဲ လိုက်ချပေးကြ၊ နောက် တခြားအလှူရှင်တွေကလည်း သူတို့ ပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်တို့၊ ဘူးသီးကျော်၊ ဘယာကျော်၊ ဆီထမင်း၊ ကောက်ညှင်းရွှေကြည်၊ မုန့်ဖက်ထုတ် စတဲ့... စတဲ့ တစ်ယောက်တမျိုး ပါလာတဲ့ မြန်မာမုံ့မျိုးစုံနဲ့ ဥပုသ်သည်တွေကို ဧည့်ခံကြပေါ့။ ကိုယ်တို့တွေကတော့ တွေ့တာတွေအားလုံး စားကောင်းကောင်းနဲ့ လိုက်စားတတ်လို့ နေ့လည်စာ မစားနိုင်ပဲနေဦးမယ်၊ အများကြီးမစားနဲ့ကလေးတွေလို့ လူကြီးတွေက အော်ပြီး သတိပေးလေ့ရှိတယ်။

၇နာရီခွဲ သီလယူခါနီးရင်တော့ ခုနက စားစရာပန်းကန်တွေကိုပြန်သိမ်းကြ၊ သီလယူဖို့ ပြင်ကြပေါ့။ တချို့ကလည်း သီလလေးပဲ ယူပြီးပြန်သွားကြတယ်။ တချို့ကလည်း တရားဆက်နာကြတယ်။ ဘဘုန်းက တရားဟောရင် တော်တော်ကြာကြာ အရှည်ကြီးတွေ ဟောတော့တာပဲ။ ကိုယ်တို့မောင်နှမတွေလည်း တရားဟောတာ စိတ်ထဲမ၀င်တချက် ၀င်တချက်၊ တိတ်တိတ်တလေး ပြောင်လိုက် နောက်လိုက်နဲ့ မေမေတို့ မမြင်အောင် ခိုးဆော့ကြပေါ့။ တချို့ ဥပုသ်သည်တွေက တရားနာတဲ့အချိန်မှာ ကိုယ်တွေကို ကိုင်းပြီး၊ ၀ပ်ပြီး တရားနာသလိုလိုနဲ့ မျက်စိမှတ်ပြီး ငိုက်နေကြတာကို ကိုယ်တို့ မောင်နှမတွေ အချင်းချင်းလက်တို့ကြ၊ မျက်စပစ်ပြကြနဲ့ လှောင်ချင်လှောင်နေတတ်သေးတယ်။ တခါတခါ ကိုယ်တို့လည်း အဲသလို လိုက်လုပ်ချင်သား... သာပေမဲ့ မေမေဆူမှာ ကြောက်တာနဲ့ တခါမှ မလုပ်ဖြစ်ခဲ့ကြဘူး။

နံနက် သီလယူပြီးတာနဲ့ နေ့ဆွမ်းမတိုင်ခင်မှာ ကိုယ်တို့ မောင်နှမတွေ ဘဘုန်းကျောင်းကို ကြမ်းတိုက်၊ တံမြက်စီးလှည်း၊ လူကြီးတွေ ခိုင်းတာ လုပ်ကြပေါ့။ ဘဘုန်းရဲ့ အခန်းထဲဝင်ပြီး စာအုပ်တွေ ဖုန်ခါ၊ စာအုပ်စင်တွေကို ဖုန်သုတ်ရတယ်။ (နောက်ပိုင်း ဘဘုန်းပျံလွန်တော်မူပြီး ကျောင်းထိုင်ဆရာတော်အသစ်ကလည်း အမျိုးမတော်ပေမဲ့ အမျိုးလိုပဲ ကိုယ်တို့မောင်နှမတွေကို တော်တော်ချစ်တယ်။ ခုချိန်ထိ စင်ကာပူကပြန်ရင် ဘုန်းဘုန်းကို သွားဖူး၊ ကျောင်းကိုလည်း ရောက်တဲ့အချိန်လေးလုပြီး တံမြက်စည်းလှဲပေးခဲ့တုန်းပဲ။) ဘုရားခန်းက ပန်းအိုးတွေ မေမေတို့ ရေလဲတာကို ကူညီပေးရတယ်။ ကျောင်းရှေ့ခြံထဲက သစ်ရွက်ကြွေတွေကို အုန်းတံမြက်စည်းနဲ့ စုပေးရတယ်။ ဒီဖက်မှာ စုလို့ မပြီးသေးဘူး။ လေပွေတချက်အဝှေ့မှာ တသုတ်ပြီးတသုတ်ကြွေကျလာတဲ့ သစ်ရွက်လေးတွေကို ကြည့်ပြီး မောင်လေးက လာပြန်ပလားဟ၊ လာပြန်ပလားဟလို့ အော်ပြောပြီး သိုင်းချတဲ့ ပုံစံနဲ့ လှဲထုတ်တတ်တာ သတိရမိသေးတော့တယ်။ နွေရာသီ ကျောင်းပိတ်ရက် စာကျက်စရာမရှိလို့ အိမ်ကိုစောစောမပြန်ရပဲ ဘဘုန်းကျောင်းမှာ နေရမှာကို တွေးပြီး တွန့်လိမ်နေကြပေါ့။ ဘဘုန်းပေးထားတဲ့ ဘုရားစာကလည်း ကျက်ရဦးမယ်။ ရွှေတိဂုံ ဘုရား တပေါင်းပွဲဆိုတာ အရမ်းစည်တာပဲတဲ့...။ တို့တွေလည်း တခါမှ မရောက်ဖူးဘူးနော်၊ လူကြီးတွေပြောတော့ လူရှုပ်လို့ မသွားရဘူးတဲ့၊ သွားချင်လိုက်တာဟယ်လို့ မောင်နှမတွေ ခေါင်းချင်းဆိုင် ဆွေးနွေးတာတွေ လုပ်ချင် လုပ်ကြနဲ့ပေါ့။

ဒါနဲ့ နေ့လည် ဆွမ်းကပ်ချိန်ရောက်တော့ ဘဘုန်းနားထိုင်ပြီး ယပ်ခတ်ပေးရ၊ ဘဘုန်းအမိန့်ရှိတာ၊ ဘာညာကို ပြန်လျှောက်ရ လုပ်ကြရတယ်။ ဘဘုန်းနဲ့ ကျောင်းက သံဃာတွေ ဆွမ်းဘုန်းပေးပြီးရင် အသက်ကြီးတဲ့ အဖိုးအဖွားတွေကို အရင်ကျွေးမွေးတာပေါ့။ အဖေကြီးနဲ့ အမေကြီးက သူတို့ သူငယ်ချင်းအဖိုးအဖွားတွေနဲ့ အတူတူ တစားပွဲ ၀င်စားတယ်။ မေမေနဲ့ ကိုယ်တို့ ကလေးတွေက တစားပွဲစားကြတယ်။ ဖေဖေကတော့ ပိတ်ရက်လည်း အလုပ်ရှိတာကြောင့် သီလယူပြီးတာနဲ့ ပြန်တာများတာပါပဲ။ ဒါပေမဲ့ ဥပုသ်တော့ စောင့်ဖြစ်အောင်စောင့်လေ့ရှိတယ်။ ကိုယ်တို့လည်း ကလေးတွေပေမဲ့ တကယ်ကို ညစာမစားပဲ ဥပုသ်စောင့်ရတယ်။ ဒါတောင် မောင်လေး ခပ်ဆိုးဆိုးက သူ့အိပ်ကပ်ထဲမှာ ညကျရင်စားဖို့ မုံ့တွေဖွက်ထားတတ်တယ်။ ကိုယ်ကတော့ ငယ်ငယ်က စားဖူးတဲ့ နေ့လည်စာတွေထဲမှာ ဘဘုန်းကျောင်းမှာ Pot Luck လို့ခေါ်တဲ့ သူတကာယူလာတဲ့ ဟင်းပေါင်းစုံအပြင် ဘုန်းကြီးကျောင်းကချက်တဲ့ ဟင်းတွေနဲ့ စားရတဲ့ နေ့လည်စာကို မေ့မရဆုံးပဲ။ စားကောင်းလိုက်တာဆိုတာ စားပြီးတာနဲ့ ဗိုက်ကြီးလေးပြီး မျက်ခွံတွေစင်းကြလာတဲ့ အထိပဲ။

နေ့လည်မှာ ဘဘုန်းကျက်ခိုင်းထားတဲ့ ဘုရားစာတွေ ဘဘုန်းရှေ့မှာပြန်ဆို၊ နောက်ထပ်ချပေးတဲ့ အသစ်ကို ထတ်မှတ်ကျက် ... ပျင်းရိပျင်းတွဲစိတ်တွေ အောင့်အီးပြီး လုပ်ရတာပါပဲ။ ဘဘုန်းကမျက်စိတော်တော် မကောင်းလို့ မေမေက လက်သည်း၊ ခြေသည်းတွေ ညှပ်ပေး၊ သန့်ရှင်းရေးလုပ်ပေးရတတ်သေးတယ်။ မေမေတို့ အမျိုးထဲမှာ ဘုန်းကြီးဝတ်တဲ့ သူတွေ တော်တော်ကိုများတယ်။ တရားပြတဲ့ ဘဘုန်းတစ်ပါးရှိသေးတယ်။ အဲဒီ ဘဘုန်းကျောင်းကို သွားတယ်ဆိုရင်တော့ တနေကုန် တရားထိုင်ပေရော့ပေါ့။

ခုတော့ စင်ကာပူရောက်ကတဲက လပြည့်နေ့တွေမှာ ရုံးပိက်ရက်နဲ့ တိုက်ဆိုင်မှပဲ ဥပုသ်ဆိုတာ စောင့်ဖြစ်တော့တယ်။ ငယ်ငယ်တုန်းကလို တံဘက်လေး ပခုန်းပေါ်တင် ဆန်ဗန်းလေးကိုင်၊ ကြက်သွန်ဗန်းလေးကိုင်၊ ဆွမ်းချိုင့်တွေ ဆွဲပြီး အဖေကြီး၊ အမေကြီးတို့နဲ့အတူ ဥပုသ်စောင့်သွားတာများ ရနိုင်ရင် ပြန်လိုချင်ပါသေးတော့...။

Monday, March 2, 2009

Unexpected Access


Image from http://www.fotosearch.com/

တနင်္ဂနွေည ၁၀နာရီမှာ စင်ကာပူရုပ်မြင်သံကြား အစီအစဉ် (channel 5) ကထုတ်လွှင့်တဲ့ unexpected access ဆိုတဲ့ program အစီအစဉ်လေးကိုတွေ့လို့ ဟိုဒီတွေးမိတာလေးတွေပါ။

အဲဒီ program လေးက လူတွေ မမြင်သင့်၊ မမြင်အပ်တဲ့ ထိတ်လန့်စရာ၊ ကြောက်မက်ဖွယ်ရာ၊ စိတ်နှလုံးချောက်ချားစရာ လုပ်ငန်းမျိုးတွေနဲ့ ဆက်စပ်ပါတ်သက်နေတဲ့ အလုပ်တွေအကြောင်း သိကောင်းစရာ၊ ဗဟုသုတရနိုင်အောင် ရိုက်ပြထားတဲ့ အစီအစဉ်လေးပေါ့။

ဥပမာ… အသုဘ လုပ်ငန်းနဲ့ ဆိုင်တာတွေ၊ သားသတ်ရုံအကြောင်း၊ ဆေးရုံခွဲစိတ်ခန်းအကြောင်း၊ မှုခင်းမှုရာတွေ အကြောင်း စသဖြင့်ပေါ့။ Host ကတော့ စင်ကာပူ MediaCorp TV က မင်းသမီး လီလင်း (Wong Lilin) ပါ။ သူ့ကို အတော် သတ္တိရှိတယ်ဆိုပြီး ချီးကျူးမိပါရဲ့။ ကိုယ်ကတော့ သူသတ္တိရှိရှိ ရိုက်ပြထားတာကိုတောင်မှ ရဲရဲ မကြည့်ဝံ့သူပါ။

အဲဒီမှာ series-2 က ၀က်သတ်ရုံအကြောင်းရိုက်ထားတာ။ နောက်တနေ့ နံနက်မှာ အသတ်ခံရတော့မဲ့ ၀က်တွေအများကြီးဟာ သားသတ်ရုံထဲမှာ သူတို့ရဲ့ နောက်ဆုံးညလို့ မသိပဲ အိပ်နေကြတာ ကြည့်ရတာ အတော်ကို ၀မ်းနည်းစရာ။ ပြီးတော့ အော်သံ… အဲဒီ ၀က်လေးရဲ့ အော်သံကို ကြားရတာ ရင်ထဲမှာ အတော်ကို ခံစားရတာပါ။ ကြည့်စမ်း… သူ့ကို သတ်တော့မယ်ဆိုတာ သိနေပြီး ရုန်းကန်တွန်းထိုးလို့… ။ ကိုယ်က အဲဒီအစီအစဉ်ကို channel 5 ရဲ့ စာမျက်နှာမှာ သွားဖတ်ထားပြီးသား။ ကြော်ငြာလာတဲ့ အချိန်တောင် ကောင်းကောင်းမကြည့်ရဲလို့၊ ရင်ထဲမှာ မချိလို့ နားရော၊ မျက်စိရော ပိတ်ထားမိတယ်။

တော်ပါသေးရဲ့…။ ကိုယ်က ၀က်သားကို မွေးကတဲက မစားဘူးတဲ့သူမို့။ သူငယ်ချင်းတွေကတော့ နင်က ၀က်သားကိုအရသာကောင်းမှန်းမမြည်းဘူးလို့ပါ၊ နို့မဟုတ်ရင် ၀က်သားဆိုတာမျိုးက ရှောင်နိုင်မယ်မထင်လို့ တခါတခါ ပြောတတ်ကြတယ်။ နည်းနည်းလေး ကြီးလာတော့ ၀က်သားတင်မဟုတ်၊ ခြေ၄ချောင်းသား မှန်သမျှ မစားဘူးဆိုတော့ ကုတင်ရော မစားဘူးပေါ့၊ ဂဏန်းကျတော့ ဘာလို့ စားလည်း၊ လူကတော့ ခြေ၂ချောင်းဆိုတော့ မရှောင်ဘူးပေါ့ … စသဖြင့် လည်း သူငယ်ချင်းတွေ နောက်ကြပြောင်ကြလေ့ရှိတယ်။

တကယ်က အဖိုးဖက်ကရှမ်းစပ်တော့ ရှမ်းနတ်ကိုးကွယ်တယ်ဆိုလား၊ ဘာမှန်းရေရေရာရာမသိ၊ ၀က်သားစားရင် တခုခု အမြဲ အဆင်မပြေ ဖြစ်တယ်လို့လည်းပြောကြ။ ဒါနဲ့ပဲ ကိုယ်မမွေးခင် အဖေ၊ အမေတွေ လက်ထက်မှာ ၀က်သားကို လုံးဝ ရှောင်ခဲ့ကြတယ်။ ကိုယ်တို့လက်ထက်ကျတော့ လက်တွေ့ကျတဲ့သူတွေမို့ အဲသလောက် အယူမသည်းကြတော့။ အိမ်မှာသာ တရားဝင်ချက်မစားဖြစ်ပေမဲ့ မောင်လေးတွေက အပြင်မှာတွေ့ရင် စားကြတာပဲ။ ကိုယ်ကတော့ ၀က်သားစားတဲ့ သူနဲ့ တစားပွဲထဲ ထိုင်စားလို့ မရလောက်အောင် အယူမသည်းတတ်၊ ၀က်သား (ဒါမှမဟုတ်) တခြား ခြေ၄ချောင်းသားပဲ ဖြစ်ဖြစ် ခပ်ထားတဲ့ ဇွန်းနဲ့ ကိုယ့်ဟင်းခွက်နှိုက်ချင်လည်းနှိုက် ဘာမှမဖြစ်ဘူး။ ကိုယ်မစား၊ ပြီးတာပဲ လို့ စိတ်ထဲထားတယ်။ တခါတလေ သူငယ်ချင်းတွေက ညာကျွေးချင်ပေမဲ့ ကိုယ်က အနံ့ရတာနဲ့ များသောအားဖြင့် ကိုယ်မစားတဲ့ အသားမှန်းချက်ချင်းတန်းသိတယ်။ စားနေကျအသားတွေ မဟုတ်တဲ့အတွက် အနံ့ကိုက ညှီတယ်လို့ ထင်မိတယ်။ တကယ်က ကိုယ်ဝက်သားမစားတာ၊ ခြေ၄ချောင်းသားရှောင်တာ အယူကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့။

ဟိုးအရင်က ကိုယ်တို့နေတဲ့ ရပ်ကွက်လေးထဲမှာ ၀က်မွေးတဲ့သူတွေ ရှိတယ်။ ၀က်တွေဟာ ဉာဏ်ကောင်းတယ်လို့ ပြောရင် ယုံကြပါ့မလားမသိဘူး။ ကိုယ်မြင်ဘူးတဲ့ ၀က်လေးတွေကတော့ သူတို့ကို သတ်ဖို့၊ အသားပေါ်ဖို့ ခေါ်သွားပြီဆို၊ သူတို့ကို သတ်တော့မယ်ဆိုတာ နားလည်လို့ လားမသိ၊ တရပ်ကွက်လုံးကြားအောင် အော်ကြတော့တာပါပဲ။ အာခေါင်ကို ခြစ်ပြီး စူးစူးရှရှ အော်တတ်တဲ့ သူတို့ရဲ့ အသံကို နှစ်တွေ ဘယ်လောက်ကြာကြာ ကိုယ်ကတော့ မှတ်မိနေတုန်းပဲ။

တခါတော့ ၀က်လေး တစ်ကောင်ဟာ… အဲသလိုပဲ အသားပေါ်ဖို့ ကြိုးလေးနဲ့ ဆွဲပြီးခေါ်အလာ အတင်းရုန်းကန် ပြေးမိပြေးရာပြေးထွက်လာတာ၊ နောက်ဆုံး ကိုယ်တို့ အိမ်ရှေ့မျက်စောင်းထိုးက မြောင်းလေးထဲကို ဆင်းပြီး ၀ပ်နေပါရော။ သူ့ကို အတင်းဆွဲထူလို့ကို မရအောင် ကုတ်ကပ်ပြီး စူးစူးဝါးဝါးအော်လို့ အဲဒီထဲမှာ ၀ပ်နေရှာတာ။ နောက်ဆုံး သူ့ကို ကြိုးတွေနဲ့ ၀ိုင်းတုတ်ပြီး ခြေထောက်ကို ၀ါးလုံးမှာချည် ဇောက်ထိုးဆွဲလို့ သယ်သွားကြတယ်။ ပါးစပ်ကိုတော့ ပိတ်လို့ မရလို့ သူ့အော်သံက တော်တော်ဝေးဝေးရောက်သွားတဲ့ အထိ ၀က်ဝက်ကွဲပါပဲ။ ကိုယ်ကတော့ ရင်ထဲမှာမကောင်းလွန်းလို့ မေမေရယ် … အဲဒီ ၀က်လေး ..သမီးတို့ ၀ယ်လိုက်ကြရအောင်လို့ မျက်ရည်လေးလည်တယ်လည်တယ်နဲ့ ပြောမိသေးရဲ့။ ဒါပေမဲ့ အိမ်မှာ အပိုငွေရှိဖို့မပြောနဲ့ တော်တော်ကြပ်ကြပ်တည်းတည်း အချိန်ကာလဆိုတော့ မေမေက ကိုယ်ပြောတာကို စိတ်မကောင်းတဲ့ပုံနဲ့ မကြားချင်ယောင်ပဲ ဆောင်နေရှာတယ်။

အဲဒီကတည်းက ကိုယ်ကတော့ ဈေးထဲက အကောင်ပုံစံမပျက်တပျက် ၀က်သားဆိုင်တွေရှေ့က ဖြတ်မလျှောက်မိအောင် သတိထားမိစမြဲ။ အဲသလိုတွေ မြင်ရတိုင်းလဲ မြောင်းထဲက ၀က်လေးအော်သံကို နားထဲမှာ ပြန်ကြားယောင်စမြဲပဲ။ ၀က်တွေတင် မဟုတ်ဘူး။ ဈေးထဲမှာ ဆိတ်သားရောင်းတဲ့ ဆိုင်တို့၊ အမဲသားရောင်းတဲ့ ဆိုင်တွေရှေ့ကလည်း မဖြတ်လျှောက်မိအောင် ရှောင်လေ့ရှိတယ်။ အဲသလိုနဲ့ ငယ်ငယ်ကတဲက အိမ်မှာ ကိုယ်တစ်ယောက်တဲ ခြေ၄ချောင်းသား ရှောင်တဲ့သူ ဖြစ်လာတယ်။

ကိုယ်တို့ နေတဲ့နေရာဟာ ဆင်ခြေဖုံးရပ်ကွက်လေးဆိုတော့ အဲဒီမှာ နွားမွေးတဲ့သူတွေလည်းရှိတယ်။ နွားလေးတွေဟာ ပိုပြီးတော့တောင် သနားဖို့ကောင်းတယ်။ သူတို့ကကျတော့ ၀က်လေးတွေလို မအော်ဘူး။ မျက်ရည်တွေပဲ တွေတွေ စီးကျနေတတ်တာ။ အဲသာတွေမြင်ပြီး ကိုယ်လည်း အဲဒီ အသားတွေဘယ်လို မှ မစားချင်တော့ဘူး။

သာဖြင့် ကြက်လေးတွေကျတော့ မသနားဘူးလားမေး။ သနားတာပါပဲ။ ကြက်ခေါင်းလေးတွေ လည်လိမ်ပြီး ချိတ်ထားတာကိုလည်း မမြင်ဝံ့ဘူး။ ကြက်သားကို ခုတ်ပြီးသားပဲ ၀ယ်လေ့ရှိပြီး မခုတ်ရသေးတဲ့ အကောင်ဆို ကိုယ်မမြင်အောင် တစ်ယောက်ယောက်က ခုတ်ပေးရတယ်။ အနည်းဆုံးတော့ သူ့ခေါင်းလေး မမြင်ရအောင်တော့ လုပ်ခိုင်းရတယ်။ ဒါပေမဲ့ ဒီနေ့ထိတော့ ကြက်သားကို စားနေတုန်းပဲ။ တနေ့နေ့ တချိန်ချိန်မှာတော့ ရှောင်ဖြစ်မယ်လို့ ထင်တာပဲ။ အသက်၁၀၁နှစ်ထိနေသွားတဲ့ ကိုယ်တို့ အဖိုးဟာ ကုန်းသတ္တ၀ါကို ငယ်ငယ်လေးကတဲက ရှောင်တဲ့သူပါ။

ဒီက တရုတ်လူမျိုးတွေက ကိုယ့်ကို သက်သတ်လွတ်ပဲစားတာလားလို့ မေးလေ့ရှိတယ်။ ကိုယ်ကမဟုတ်ဘူးဆိုတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ဘာလို့ သက်သတ်လွတ်မစားသလဲတဲ့။ ကိုယ်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သက်သတ်လွတ်စားရမယ်လို့ မပြဌာန်းထားပါဘူးလို့။ ဒါပေမဲ့ ကိုယ်စားဖို့ဆိုပြီး ကိုယ့်ရှေ့မှာ သတ်တဲ့ အသားမျိုးကိုတော့ မစားပဲ ရှောင်ကြတယ်လို့။ ဒီနေ့တော့ ကြက်သားဝယ်မယ်၊ ငါးဝယ်မယ်၊ ဒါမှမဟုတ်လည်း ဘာအသားလေးတော့စားလိုက်မယ်ဆိုတဲ့ လောဘနဲ့ အကုသိုလ်စိတ်မျိုးမထားပဲ ဈေးမှာတွေ့တာ၊ ဆိုင်မှာ တွေ့တာ၊ အိမ်မှာရှိတာ ကြုံသလို၊ အဆင်ပြေသလိုမျိုး ၀ယ်မယ်၊ စားကြတယ်ဆိုရင် အပြစ်မဖြစ်ပါဘူးလို့ တတ်သမျှ၊ မှတ်သမျှရှင်းပြမိတယ်။ ကုသိုလ်စိတ်နဲ့ နေရင် ဘာစားစားကုသိုလ်ရတယ်၊ အကုသိုလ်စိတ်နဲ့စားရင် ကန်ဇွန်းရွက်ကြော်ပဲ နေ့တိုင်းစားဦး ဘာအကျိုးမှမရှိပါဘူးလို့ ရှင်းပြရတာပဲ။ လက်ခံတာ၊ လက်မခံတာတော့ သူတို့အပိုင်းပေါ့။

တခါက ဈေးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးက ငါးအရှင်တွေ ကို ငါးကန်ထဲက လက်ညိုးထိုးဝယ်နေပြီး သူ့ရှေ့တင် သတ်နေတာကို စောင့်ပြီးယူနေတာမြင်တော့ ရင်ထဲမှာ တမျိုးကြီးပဲ။ ဂျပန်မှာ ငါးအရှင်လတ်လတ်ကို တန်ပူရာထဲ ထည့်ကျော်ထားတဲ့ လတ်လတ်ဆတ်ဆတ်ငါးကြော်ဆိုလို့ ကိုယ်က ဘေးကိုတွန်းလိုက်မိတယ်။ သူတို့ အတွက်ကတော့ ကိုယ်ဟာ အတော်ကြောင်တဲ့ သူပဲတဲ့။ သူတို့ယူဆထားတာက တိရစ္ဆာန်တွေဟာ လူတွေ စားဖို့ ဖြစ်လာလို့ စားတာ မဆန်းပါဘူးတဲ့လေ။

ကိုယ့်အသားလေးနည်းနည်းထိရင်တောင် လူတွေကနာတတ်ကြတာပဲ။ တိရစ္ဆာန်တွေဆိုတာလဲ အသက်နဲ့၊ သွေးသားနဲ့ဆိုတော့၊ သူတို့ ရှိတဲ့ အသိဥာဏ်လေးနဲ့ သေရမှာတော့ ကြောက်ကြမှာပဲ။ အင်း… အတွေးကတော့ ကြီးကျယ်လွန်းလှပေမဲ့ စိတ်ကမသိလိုက်ခင်မှာ ပုဂံဆေးရင်း ပုရွက်ဆိတ်လေးတွေ ရေနဲ့ မျှောမျှောချမိတတ်တဲ့ အကျင့်ကို ရှောင်ဖို့၊ သတိချပ်ဖို့ အရင်ဆုံး ကြိုးစားရဦးမယ် နဲ့တူပါရဲ့။ ။