Monday, August 18, 2008

ကျားဥပုသ်စောင့်တာလား....

အသက်ကြီးလာလို့ပဲလားမသိ။ ဆံပင်တွေက အရမ်းကျွတ်လွယ်သည်။ လွန်ခဲ့သည့် ၂နှစ်လောက်က လျှာရှည်ပြီး ဆံပင်ဖြောင့်လိုက်ကတဲက ဖြစ်သည်။ ဆံပင်ဖြောင့်ပေးသည့်သူက စေတနာ ဗရပွဖြင့် ဖြောင့်ဆေးတွေကို ၂ခါတောင်သုံးပြီး ဖြောင့်ပေးလိုက်ခြင်းဖြစ်သည်။ သူ့အပြောကတော့ သူ့ဆေးဖိုး အရှုံးခံပြီးတောင် ကောင်းအောင်လုပ်ပေးလိုက်ရပါသည်တဲ့။ သူစေတနာကောင်းတာကအရေးမကြီး၊ ဓါတုပစ္စည်း အသုံးများပြီး ဆံပင်က အဲဒီကတဲက ပျက်စီးသွားတာလားဟု ထင်မိသည်။ ဆံပင်တွေရှည်လာလို့ ကျွတ်လွယ်တာလား မသိဘူးဆိုပြီး နောက်တဆိုင်ပြောင်းကာ ဆံပင်ညှပ်ပြန်သည်။ အဲဒီဆိုင်က ဟဲစတိုင်လစ်(စ်)ကလည်း ကိုယ့်အပေါ် စေတနာတွေပိုပြန်သည်။ ကိုယ်က ရိုးရိုးတိုတိုညှပ်ခိုင်းတာကို နောက်ဆုံးပေါ် ကိုးရီးယားမင်းသမီး ဟဲစတိုင်လ်မျိုး ညှပ်ပေးလိုက်သည်ဟုပြောသည်။ သူ့ကိုးရီးယားမင်းသမီး ဟဲစတိုင်လ်သည် ဗမာ တောသူမ စတိုင်လ် ကိုယ်နှင့်လားလားမှ မလိုက်ပဲ အူကြောင်ကြောင် ရုပ်ပေါက်နေသည်။ အဲဒီအူကြောင်ကြောင်ရုပ်နှင့် မြန်မာပြည်ပြန်သွားတော့ မေမေတို့ မမတို့က ဘာပုံကြီးလဲဟုပြောကာ ဟိုးကျောင်းနေတုန်းက ဘိုကေသာသာပုံကို ဆိုင်ခေါ်ကာ ပြောင်းညှပ်ပေးလိုက်သည်။ စင်ကာပူပြန်ရောက်တော့ လေဆိပ်မှာ လာကြိုသည့် ယောက်ျားက တဖန် ..ဟန်...ဘာဖြစ်လာတာတုန်း၊ ငယ်အောင်လုပ်လာခဲ့ရသလားဟု ပြောသဖြင့် စိတ်ကောက်ခဲ့ရသေးသည်။ ဒါနဲ့ လုံးလည် ချာလည်လိုက်ကာ ဆံပင်ပုံစံက ဘာပုံမှန်းမသိ ဖြစ်နေတာကြာပြီ။ ဆံပင်တွေကလည်း သတိထားသည့်ကြားမှ ကျွတ်မြဲ၊ ကျွတ်နေဆဲ။

လွန်ခဲ့သည့် ၇နှစ် အိမ်ထောင်မကျခင်က သီလရှင် ၀တ်ခဲ့ဖူးတာကို ပြန်သတိရသည်။ ကတုံးရိပ်ပြီးမှ ပြန်ပေါက်လာသည့်ဆံပင်များမှာ ဘာသန်သည်လည်း မမေးပါနှင့်။ ခု... ဆံပင်ကလည်း ခဏခဏ ကျွတ်တော့ သူများတွေ အားကျလောက်စရာထူထူအုပ်အုပ်ဆံပင်သည် နည်းနည်းပါးပါးလေးပဲ ကျန်တော့သလို ထင်ရသည်။ ပြန်သန်အောင် ကတုံးရိပ်ရလျှင် ကောင်းမည်လား ဟုတွေးမိသည်။ ဒါမှ ပြန်ပေါက်လာတာတွေက အရင်ကလို သန်သန်မာမာတွေ ဖြစ်မည်။ ကတုံးရိပ်မည့်အတူတူ သီလရှင်ဝတ်ပြီးရိပ်တော့...ဟော တချက်ခုတ် နှစ်ချက်ပြတ်... ကုသိုလ်လည်းရ လိုချင်တာလည်းဖြစ်... ကောင်းလိုက်တာ ဟု တွေးမိပြီး မိမိအတွေးကို မိမိဖာသာ သဘောကျမိသည်။ အဲလိုတွေး၊ အဲလိုလုပ်လို့ ငရဲမကြီးတန်ကောင်းပါဘူးဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်သည်။ ဒီနှစ် ဒီဇင်ဘာ ကိုယ့်မှာ ခွင့်ရက်တွေယူဖို့ ရှိနေသည်။ တကယ်က ယောက်ျားနှင့်အတူ မြန်မာပြည်ပြန်ဖို့စီစဉ်ထားတာ ယောက်ျားက အလုပ်ပြောင်းလိုက်သဖြင့် အတူ ပြန်ဖို့ အစီအစဉ် ပျက်သွားပြီ။ ဒီတော့ ကိုယ်က ဒီဇင်ဘာမှာ ကိုယ်လုပ်ချင်တာ လုပ်ရမည်။ ရုံးက ၁၀ရက် ခွင့်ယူမည်။ စင်ကာပူမှာ သီလရှင်ကျောင်းရှိသည်။ အဲဒီမှာ သီလရှင် သွားဝတ်မည်။ ဒါမှမဟုတ် ချမ်းမြေ့ဆရာတော် တရားစခန်းက နှစ်စဉ် စင်ကာပူမှာ လုပ်ဖြစ်သည်။ ၂၀၀၈ခုနှစ်အတွက်က ဒီဇင်ဘာလထဲမှာ ၁၀ရက် တရားစခန်းဖွင့်မှာဖြစ်သည်။ အဲဒီကျရင် တခါထဲ သီလရှင်ဝတ် တရားစခန်းဝင် ဟန်ကို ကျနေသည်။

ယောက်ျားကို ကိုယ်စီစဉ်ထားသမျှ အားရ၀မ်းသာ ပြောပြသည်။ ယောက်ျားက မကြည်မလင် အင်တင်တင် ကြည့်သည်။ သီလရှင်က တစ်ခါ ၀တ်ဘူးပြီးပြီပဲ၊ ဘာလုပ်ဖို့ထပ်ဝတ်ဦးမှာလဲဟု မေးသည်။ ဗိုက်အောင့်တာကလည်း ပျောက်သေးတာ မဟုတ်ဘူး။ ဘယ်လိုလုပ် တရားဝင်မှာလည်း၊ ညစာထမင်းမှမစားရတာဟု တားပြန်သည်။ လုပ်ချင်တာ မလုပ်ရတော့ ကိုယ်က စိတ်ကောက်ချင်သည်။ ကောင်းတာလုပ်တာ ဘာလို့ တားရသလဲဟု မာန်ဖီသည်။ ဆံပင်အကြောင်းကိုတော့ ယောင်လို့တောင် ထည့်မပြောပေ။ နောက်တော့ ယောက်ျားက ကဲကဲ... ဒီလိုဆိုလည်း လုပ်ချင်လုပ်... ဒါပေသိ... ဆရာလေးဆီ ညနေတိုင်းလာတွေ့မယ်၊ နံနက်တိုင်းဖုန်းဆက်မယ် ရမလားဟု မေးသည်။ ပြုံးပြုံးပြုံးပြုံး လာနောက်နေတော့.. အင်း... ဖြစ်သေးပါဘူး။ မြန်မာပြည်ပြန် အေးအေးဆေးဆေး သူနဲ့လွတ်လွတ်ကင်းကင်း ၀တ်တာ ပိုကောင်းမည်ဟုတွေးမိသည်။ ဟိုးအရင် ၇နှစ်ကျော်ကျော်တုန်းကလည်း မြန်မာပြည်ပြန်ပြီး သီလရှင်ဝတ်တာ၊ သူက စင်ကာပူမှာ ... ဆိုတော့ နောက်ဆံမတင်း စိတ်ကိုအေးချမ်း နေခဲ့တာဟု တွေးမိသည်။

ဒီတော့ ရန်ကုန်အိမ်က လူကြီးမိဖတွေဆီ ဖုန်းဆက်သည်။ အားရ၀မ်းသာ အစီအစဉ်ကို ပြောပြသည်။ ဟိုးအရင် ၇နှစ်လောက်ကလိုပေါ့ဟု သတိတရထည့်ပြောသေးသည်။ သူတို့လည်း ၀မ်းသာမည်ဟူသော အထင်သည် တက်တက်စင်အောင်လွဲပါလေတော့သည်။ အားလုံးက ဟင်... ဟန်... နှင့် အော်ကြသည်။ ဘာစိတ်ကူး ပေါက်နေတာလဲဟု မေးကြသည်။ မေမေက... အိမ်ထောင်ကျတာဖြင့် ကြာနေပြီ၊ ကလေးယူဖို့တော့ မစဉ်းစားပဲနဲ့... ဘယ်နှယ်ဟယ်... သီလရှင် ၀တ်ရဦးမယ်လို့ ကြံကြံဖန်ဖန်...ဟု ညည်းပြောပြောသည်။ ငတို့မလည်း သူများတွေ မြေးရတာပဲ အားကျနေရတယ်ဟု ပြောပြန်သည်။ အဓိကမှာ ဆံပင်အကြောင်းကြောင့်လို့ ဆိုတာများသိရင် ရူးနေလားလို့ မေးခံရမှာ သေချာသည်။ ဖုန်းပြောပြီးသည့်အခါ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ ဒီပုံအတိုင်းဆို သီလရှင်ဝတ်မှာ မည်သူမျှ အားမပေး ဆိုတာ ထင်ထင်ရှားရှားကြီး ဖြစ်နေပြီ။ ဟင်း... ကလေးများ ယူချင်တိုင်း ယူလို့ရတာကြနေတာပဲ... ဟဲ့ဟဲ့...လာလာ ...ငါ့ဆီလာဟဲ့...ဆိုပြီး ဗိုက်ထဲ ဆွဲသွင်းလိုက်လို့ရတာကြနေတာပဲ...။ တကတဲ... လူပြည်ကအပ်တစင်းနဲ့ ဗြမ္မာပြည်ကအပ်တစင်း ဆုံဖို့ဆိုတာကတောင် လွယ်သေး၊ လူ့ဘ၀တစ်ခုဖြစ်ဖို့ဆိုတာ ဘယ်လောက်ခက်လည်း ဆိုတဲ့စကားလည်း ကြားဖူးကြရဲ့သားနဲ့ဟု ကိုယ့်ဖာသာ တစ်ယောက်ထဲ မကျေမနပ် ရေရွတ်နေမိသည်။

စေတနာ မမှန်လို့လားမသိ... သီလရှင် ဖြစ်ဖို့ မလွယ်တာကတော့ သေချာသွားပြီ။ အေးလေ... ကိုယ့်ဖာသာပြန်တွေးမိတော့လည်း ကျားဥပုသ်စောင့်သလို တကယ်ကုသိုလ်စိတ်နဲ့ စင်စင်ကြယ်ကြယ် လုပ်ချင်တာမျိုးမှ မဟုတ်တာကိုး။ အော်... ကိုယ်ကလည်း... ဖုန်းကြီး ကြည်ညိုတာလား... လူမြင်ကောင်းအောင် လှူနေတာလားဆိုတဲ့ ဟိုလူတွေလို ဖြစ်နေတာကိုး...။

ကွယ်... စိတ်ပေါက်ပေါက်နှင့် ဒီတိုင်း ကတုံးတုံးလိုက်ရလို့ မကောင်းဖြစ်တော့မည်။

စုချစ်
၁၈-၀၈-၂၀၀၈
ညနေ ၃နာရီ ၁၅မိနစ်

No comments: