Monday, August 25, 2008

Myanmar or Burma

''A Brief History of the DohBurma Asiayone'', an official government publication published in 1976

But the confusion is an old one and when the Burmese independence movement was established in the 1930s, there was a debate among the young nationalists as to what name should be used for the country Burma or Myanmar. The nationalists decided to call their movement the DohBurma Asiayone (''Our Burma Association'') instead of the DohMyanmar Asiayone.

The reason, they said, was that ''since the dohBurma was set up, the nationalists always paid attention to the unity of all the nationalities of the country and the thakins (Burmese nationalists) noted that Myanmar meant only the part of the country where the Myanmar people lived.

This was the name given by the Burmese kings to their country. Burma naingngan is not the country where only the Myanmar people live. Many different nationalities live in this country, such as the Kachins, Karens, Kayahs, Chins, Pa-Os, Palaungs, Mons, Myamars, Rakhines and Shans. Therefore, the nationalists did not use the term Myanmar naingngan but Burma naingngan. That would be the correct term. All nationalities who live in Burma naingngan are called Burma.Thus, the movement became the DohBurma Asiayone and not the DohMyanmar Asiayone.

The Burmese edition of the Guardian monthly, another official publication, concluded in February 1971: ''The word Myanmar signifies only the Myanmars whereas Burma embraces all indigenous nationalities.''

In 1989, however, the present government decided that the opposite was true.

Source - Somewhere Internet


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Wednesday, August 20, 2008

ငါ့အံဖတ်

ဘာမှ ဟုတ်ပါဘူး။ ဒီနေ့က ၂၀၀၈၂၀၀၈ ဆိုပြီး အမှတ်တရ ဖြစ်နေလို့ ည ၈နာရီ၈မိနစ် အမှီ အလာပသလာပလေး ရေးမလို့။ ရေးမယ်လို့သာပြင်တာ ဘာရေးရမှန်းလည်း မသိ။ ဒီလိုမျိုး ဖြစ်တတ်တာ အရင်တုန်းကဆို ပိုဆိုးပေါ့။ အဲလိုပဲ ရေးချင်တာတွေက ရင်ဘတ်ထဲမှာ အပြည့်၊ ဒါပေမဲ့ ဘယ်အရာ ဘယ်က စထွက်ရမလည်း မသိပဲနဲ့ တစ်နေတာမျိုးက ဆိုးတာလေ။ အဲလိုမျိုးဖြစ်လာရင် ဗိုက်ထဲမှာ အစာမကျေ သလိုခံစားရတယ်။ တခုခုကို ငါအမြန်ဆုံးအံထုတ်ပစ်မှ ဖြစ်မယ်လို့ တွေးမိတယ်။ ဒါမှ...ငါ ဒီဝေဒနာက သက်သာပျောက်ကင်းမယ်ဆိုတာ သေသေချာချာကို သိနေတယ်။ ကဲ...ဘာကို အံချမလည်း...ဘယ်ကောင်ကို စလွှတ်မလည်းဆိုပြီး စဉ်းစားလိုက်ပြန်တော့ သူ့ထက်ငါဦးအောင် ထွက်ချင်နေတဲ့ကောင်တွေက တကတဲ.. အပေါက်ဝမှာ အလုအယက်ပဲ။ ကပေါက်တိကပေါက်ချာ ဒီလိုဖြစ်နေတော့ ဒီကောင်တွေဟာ ချောချောချူချူ မှန်မှန်ကန်ကန် ဘယ်လာထွက်လာနိုင်တော့မှာလဲ။ ပြီးတော့ စိတ်ကလည်း တက်လိုက်ကျလိုက်နဲ့။ ကဲကွာ... ဘာပဲဖြစ်ဖြစ် အံချင်ရာအံ...ပေါ့သွားဖို့ အရေးကြီးတယ်ဆိုပြီး တခါတလေတော့လည်း ငါ့ဖာသာငါ ပြန်အားပေးနေမိတယ်။ ဒါပေမဲ့ အံဖို့ဆိုတာကလည်း အံစရာနေရာလေးက ရှိဦးမှကိုး။ ကဲ... ဘယ်မှာလည်း ...ငါ့အတွက် အံစရာနေရာ...။ အဲဒီတော့ အံစရာနေရာလိုက်ရှာတယ်။ ရှာတယ်...။ ရှာတယ်...။

ဒီလိုနဲ့.... ရှာလိုက်တာ...တနေ့တော့ ငါအံချစရာ နေရာလေး တခုသွားတွေ့ခဲ့တယ်။ အဲဒီနေရာက ဟိုးအရင် တခါတလေမှာ... ငါ...အံဘူးတဲ့နေရာတွေလို နေရာသေးသေးလေးတခုထဲမှာ သူများတွေနဲ့အတူ ပြိုင်ပြီးအံစရာမလိုဘူး။ ကိုယ့်အံဖတ်လှမှ အံခွက်ရတဲ့ နေရာမျိုးလည်း မဟုတ်ဘူး။ ကိုယ့်အံဖတ် လှလှ မလှလှ ပစ်ထားခဲ့လို့ရတဲ့ နေရာလေး။ မယုံနိုင်စရာ ကိုယ့်ကိုယ်ပိုင် အံခွက်လေး...။ ငါတို့လို လူမျိုးလေးတွေ အားလုံး ကိုယ့်ကိုယ်ပိုင်အံခွက်တွေ ရတဲ့နေရာအစုအဝေးလေး။ ဟား... သူတို့တွေလည်း သူတို့အံခွက်တွေထဲမှာ ကိုယ်စီကိုယ်ဌ အံထားလိုက်ကြတာ မပြောပါနဲ့တော့။ တကယ်အားရစရာ...။ ငါလည်း ၀မ်းသာအားရနဲ့ ဘယ်လိုအံရင်ကောင်းမလဲ အတွေ့အကြုံယူရင်းနဲ့ သူတို့အံဖတ်တွေကြားထဲ ပျော်ပျော်ကြီး လျှောက်လည်ပစ်တာ... ဟား...ပျော်လွန်းလို့လေ... ငါအံဖို့တောင် ငါမေ့တဲ့ အထိပဲ။ တကယ်...။

ပြီး... လည်လို့ အားရတော့ ငါလား... အားရပါးရ အံတာပေါ့။ ဒါပေမဲ့ ငါအံတာကို သူများတွေ သိပ်အသိမပေးဖြစ်ဘူး။ ငါ့အံခွက်လေး သူများမြင်မှာစိုးလို့တောင် ရှက်ရှက်နဲ့ ဖွက်ထားမိသေးတယ်။ ဒါပေမဲ့ ငါ့ အံဖေါ်အံဖက်တွေနဲ့ ခင်လည်းခင်ချင်ပါတယ်။ သိလည်း သိချင်ပါတယ်။ ဒီနေ့ထိတော့ ငါ...ဘယ်သူနဲ့မှ အပေါင်းအသင်း မဖြစ်သေးဘူး။ တနေ့တော့ လည်း ဖြစ်လာမှာပေါ့လေ။ အဓိက ကတော့ ငါ အံချင်တာလေးတွေ ငါကောင်းကောင်းမွန်မွန်... မှန်မှန်လေး အံနိုင်ဖို့ပဲကိုး။

ခုဆို ငါအံချင်လာတဲ့အချိန် ငါ့အံခွက်လေးထဲပစ်မထည့်ရရင် နေလို့မကောင်းတော့ဘူး။ ပြီးတော့ သူများအံဖတ်ကိုလည်း ကြည့်နေကြ သွားမကြည့်ရရင် မနေနိုင်ဘူး။ ငါကြိုက်တဲ့ အံဖတ်လေးတွေ အပြေးအလွား သွားကြည့်လိုက်။ အမယ်...ငါ့အကြိုက် အံဖတ်က အသစ်ရှိမနေရင်တောင် ငါ့မှာ ယောင်တောင်တောင်ဖြစ်လို့...။ ပြီးရင် အချိန်ရရင် ရသလို ငါ့အံခွက်လေးထဲ ပြေးအံလိုက်ပေါ့။

ကဲ..ခုလည်း အံပြန်ပြီ.... နောက်အံဖတ်တခု...။

စုချစ်
၂၀၀၈၂၀၀၈
ည ၂၀၀၈ မိနစ်

Monday, August 18, 2008

အပျော်ဆုံးနေ့

(ပန်းချီ - ဆရာမင်းဝေအောင်)

ဘ၀မှာ အပျော်ဆုံးနေ့တနေ့လို့ မေးခဲ့ပါလျှင် ၂၀၀၀ခုနှစ် ဒီဇင်ဘာမှာ ချမ်းမြေ့ရိပ်သာ ကျောင်းတွင် သီလရှင် ၀တ်ခဲ့ရတုန်းကလို့ ဖြေဖြစ်မှာ အမှန်ပင်ဖြစ်ပါသည်။ ကိုယ့်မှာ ၀င်ငွေ ကောင်းကောင်း စရခဲ့တဲ့ အချိန်က စလို့ မြန်မာပြည်မှာ ထူးထူးခြားခြား အလှူများ နှစ်စဉ် ပြုလုပ်သွားမည်ဟူ၍ သံဓိဋာန် ချမှတ်ခဲ့ပါသည်။ ၁၉၉၉ခုနှစ်အကုန်မှာ ကျောင်းပြီးခဲ့၍ ၂၀၀၀ခုနှစ် အစမှာ အလုပ်စ၀င်ခဲ့ပါသည်။ အဲဒီတော့ ၂၀၀၀ခုနှစ် ဒီဇင်ဘာမှာ ဘာအလှူများလုပ်ရမည်လည်း စဉ်းစားတော့ အိမ်နားမှ ကိုရင်၊ ရဟန်းဝတ်ချင်သော သူများကို ပဉ္ဇင်းခံ၊ ရှင်ပြုပေးပြီး ကိုယ်ကိုယ်တိုင်လည်း သီလရှင် ၀တ်မည်ဟု စိတ်ကူးလိုက်ပါသည်။ ပြီးလျှင် အားလုံးကို ချမ်းမြေ့ရိပ်သာမှာ အနည်းဆုံး တရားတစ်ပတ်ဝင်ရမည်ဟု တိုက်တွန်းဖို့ပဲ ဖြစ်ပါသည်။

ပထမဆုံး - ရည်းစားက မျက်မှောင်တွန့်ပါသည်။ ပဉ္ဇင်းခံ၊ ရှင်ပြု အလှူလုပ်ချင်လုပ်... ဒါပေမဲ့ သီလရှင် ၀တ်လိုက်ရင် နောက် ၈လလောက်အကြာ မင်္ဂလာဆောင်မှာ ဂတုံးဆံပင်ပေါက်နဲ့ ဖြစ်နေလိမ့်မယ်ဟူ၍။ ဒုတိယ - မိဖများက စဉ်းစားဦးဟု ပြောပါသည်။ စင်ကာပူမှာ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေရတာ။ ဂတုံးနဲ့ ဖြစ်ပါ့မလားဟူ၍။ ကိုယ်ကတော့ လုပ်မည်ဟု အသေအချာ စဉ်းစားပြီးပြီဖြစ်၍ ဘာပဲပြောပြော လုပ်မည်သာလျှင် ဖြစ်ပေသည်။ အဲဒီတော့ အားလုံးက လိုက်လျှော ကူညီကြပါသည်။

အဲဒီနေ့က ဖိတ်ကြားထားသူ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများနှင့် ကိုယ်တို့ မိသားစုအားလုံး ချမ်းမြေ့ရိပ်သာကို နံနက်စောစောစီးစီး ကတဲက ရောက်နေကြပါပြီ။ ဦးပဉ္ဇင်းဝတ်မည့်သူ ၅ပါး၊ ကိုရင် ၃ပါး၊ ကိုယ်က သီလရှင် ၁ပါး ဖြစ်ပြီး၊ ဖေဖေနှင့် ညီမလေး ၂ယောက်၊ ပေါင်း ၃ယောက်တို့က ယောဂီ ၀တ်ကြပါမည်။ ဦးပဉ္ဇင်း နှင့် ကိုရင်များကို ဆံချပြီးတော့မှ ကိုယ့်အလှည့် ဆံချပါသည်။ အဖိုး နှင့် အဖွား (အဲဒီတုန်းက ၂ယောက်လုံး ၉၀ကျော် - အဖိုးက အသက် ၁၀၁ နှစ် - ၂၀၀၄ခုနှစ် ဇွန်လမှာ ဆုံးသွားခဲ့သည်။ အဖွားကတော့ ယခု ၉၈နှစ် ဒေါ်င်ဒေါ်င်မြည် ကျန်းမာရေးကောင်းတုန်းဖြစ်ပါသည်။)၊ အဖေ နှင့် အမေ၊ မမ နှင့် ညီမလေး၊ အဒေါ် ၂ယောက်၊ မတော်ရသေးသော ယောက်ခမ ၂ယောက် နှင့် အဒေါ် (သူကတော့ စင်ကာပူမှာ ကျန်ခဲ့လို့ ကိုယ့်အလှူမှာ သူရှိမနေပါ) တို့က တယောက်တလှည့်စီ ကိုယ့်ကိုဆံချပေးသော သီလရှင်ဆရာကြီးကို ကူညီ ဆံခံပေးကြပါသည်။

အဲဒီတုန်းက ကိုယ့်ဆံပင်က ခါးလောက် နီးနီးရှည်ပါသည်။ ဆံပင်တွေ တောက်ကနဲ တောက်ကနဲ ပြတ်ကျသွားတာကို ကြည့်ပြီး စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားလိုက်သည့်ဖြစ်ခြင်း။ ကိုယ့်ဆံပင်က အစကတဲက ခပ်ထူထူဆိုတော့ ဆံပင်ဝိတ်နဲ့တင် လူက လေးလေးကြီးဖြစ်နေတတ်သည်။ ဟိုးအရင် ကျောင်းမှာတုန်းက ဆံပင် တိုတိုလေးကိုတောင် လေးလွန်းလို့၊ ရှုပ်လွန်းလို့ ဆိုပြီး စာမေးပွဲနီးပြီဆို ဒီထက်ပိုတိုအောင် သွားသွားညှပ်ပြစ်တတ်သည်။ ခုတော့ ကတ်ကျေးနဲ့ ကိုက်လိုက်တဲ့ ဆံပင်ရှည်တွေ ၀ှီးကနဲ ၀ှီးကနဲ ကျသွားတာကို မနှမျှောတဲ့ အပြင် သီလရှင် ၀တ်မိလို့သာ ဆံပင်တွေ ဖြတ်ဖြစ်တာ... နို့မို့ မဖြတ်ဖြစ်ပဲ ဒါကြီးနဲ့ လေးလေးကြီး နေနေရမှာဟု ရွှင်လန်းတက်ကြွစွာတွေးနေမိပါသည်။ ကိုယ့်အဒေါ်ကတော့ ဆံချပေးနေသောဆရာကြီးနှင့် အပြိုင် ကေသာ လောမာ... ဟု ကူညီညာရွတ်ဆိုပေးပါသည်။ ကိုယ့်ကိုလည်း ဒါတွေဟာ ငါမဟုတ်ဘူးဟု နှလုံးသွင်းလို့ ပြောပါသည်။ တဖြည်းဖြည်း ကတုံးရုပ်ပေါ်လာသော ကိုယ့်ကို မမနှင့် ညီမလေးတွေက ကြည့်ပြီး ပြုံးစိစိ လုပ်ကြပါသည်။ ဖေဖေက ကိုယ့်လက်ကလေးတွေကို ကိုင်ပြီး ကတုံးလေးနဲ့လည်း ငတို့ သမီးက ကြည့်ကောင်းသားဟေ့ ဟုပြောပါသည်။ မေမေက ကိုယ့်နောက်စိလေးကို လက်နှင့်အုပ်ကိုင်၍ သိပ်တော့ မချွန်းပါဘူးဟု သူ့ဘာသာ ဖြေပြောပြောနေပါသည်။ ပြီးတော့ ရေချိုးခန်းထဲ သွား၍ခေါင်းကို ရေဆေးပါသည်။ နောက် သီလရှင် ၀တ်စုံကို ဆရာကြီးမှ ကူညီညာ ၀တ်ရုံပေးပါသည်။

သီလရှင် ၀တ်စုံလေး...။ ကိုယ့်တသက်မှာ အလှဆုံး၊ အသန့်ရှင်းဆုံး ၀တ်စုံဝတ်ဖူးခြင်းပဲဟု ဆိုရပေမည်။ သူ့အရောင်လေးသည် ပန်းရောင် ကြည်ကြည်ဖျော့ဖျော့လေး ဖြစ်သည်။ ကိုယ့်ကြောင့် ဒီဝတ်စုံလေး ရုပ်ဆိုးမသွားရအောင်၊ မညစ်ပတ်သွားရအောင် ထိန်းသိမ်းရမည်မှာ မိမိတာဝန်ပေပဲဟု ဆင်ခြင်မိပါသည်။ ကိုယ်ရုံကို သတ်သတ်ရပ်ရပ် ဖြစ်အောင် ၀တ်တတ်ဖို့က နည်းနည်းခက်ခဲလှသည်။ ဒါပေမဲ့ အဆင်ပြေပါသည်။ ပန်းရောင်ဝတ်ရုံလေးဖြင့်လူမှာ လွတ်လပ်ပေါ့ပါးနေသည်။ ကိုယ့်ကိုယ်ကို မသိလိုက်ပဲ အနှစ်နှစ်အလလက တွယ်ကပ်နေသော အကုသိုလ်များပင် အလိုလို စင်ကြည်သွားသယောင်ခံစားမိသည်။ လေပြေလေး တချက်အဝှေ့မှာ ဦးခေါင်းကအေးကနဲ ခံစားလိုက်ရသည်။ အော်... ငါ့မှာ ဆံပင်တွေမှ မရှိတော့ပဲ...ဆိုတဲ့ အသိက ၀င်လာသည်။ အစိမ်းရောင်သန်းနေတဲ့ ဦးပြည်း အသစ်စက်စက် ကို လက်ဖြင့် တချက် စမ်းမိသည်။ ပြီးတော့ ငှက်တောင်လေးလို လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ဆရာတော်ဘုရားရှိရာ ဓမ္မာရုံကို ရောက်ခဲ့သည်။ ဖုန်းဖုန်း ဦးသောဘိသဆီမှာ ကန်တော့ သီလယူပြီး ဖုန်းဖုန်းက ဘွဲ့အမည် ပညတ်ပေးပါသည်။ ပညာကို လိုလားသူ၊ မြတ်နိုးသူ မပညာနန္ဒီ ဟူ၍ ဖြစ်ပါသည်။

ဦးပဉ္ဇင်းများ၊ ကိုရင်များ သိမ်ဆင်းသောအခါ သီလရှင် အသစ်ကျပ်ချွတ်သည်လည်း နောက်ဆုံးမှလိုက်၍ အလှူခံပါသည်။ နောက်ဆုံးပိတ် အိပ်နဲ့ လွယ်တာလား၊ ဒါမှမဟုတ် နိုင်ငံခြားပြန်မို့လို့လား၊ ဒါမှမဟုတ် တပါးတည်းသော သီလရှင်ဖြစ်ပေလို့ပဲလား မသိပါ။ သိမ်ဆင်းလောင်းသော ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ မိတ်ဆွေ အပေါင်းအသင်းများသည် အားရ၀မ်းသာဖြင့် ဆရာလေး မပညာနန္ဒီ လက်ထဲသို့ လှူဖွယ်ပစ္စည်း အမြောက်အမြား ကျုံးကျုံးထည့်ကြလေသည်။ ခုမှဝတ်သော ဆရာလေးကို ၀ါတော်အများကြီးရှိသောသူလို ခေါင်းလေးတွေ ငုံ့ကာ ငုံ့ကာနှင့်၊ လက်အုပ်ကလေးတွေ ချီကာချီကာနှင့် အရိုအသေများဝိုင်းပေးနေကြသည်မှာ ဆရာလေး မနေတတ် မထိုင်တတ်အောင်ပင် ဖြစ်ရသည်။ ဆရာလေးနောက်မှ လိုက်လာသော ဦးလေးတော်သူ၏ ဆာလာအိတ်မှာ လှူဖွယ်ပစ္စည်းမျိုးစုံဖြင့် လျှံကျလျက်ရှိပေသည်။ ကောင်းလှပေစွ။

နောက်တပတ်အကြာ ဒီဝတ်ရုံကို ချွတ်ရသောအခါ မပညာနန္ဒီ မှာ မျက်ရည်များပင်လည်မိသည်။ ဘယ်အခါကျမှ ဒီဝတ်ရုံကို ထပ်ဝတ်နိုင်ပါမည်လည်းဟု တွေးကာ ရင်ထဲလေးလံလျက် လွမ်းလွမ်းဆွတ်ဆွတ် ဖြစ်နေခဲ့မိပါသည်။

စုချစ်
၁၈-၀၈-၂၀၀၈
ညနေ ၄နာရီ

ကျားဥပုသ်စောင့်တာလား....

အသက်ကြီးလာလို့ပဲလားမသိ။ ဆံပင်တွေက အရမ်းကျွတ်လွယ်သည်။ လွန်ခဲ့သည့် ၂နှစ်လောက်က လျှာရှည်ပြီး ဆံပင်ဖြောင့်လိုက်ကတဲက ဖြစ်သည်။ ဆံပင်ဖြောင့်ပေးသည့်သူက စေတနာ ဗရပွဖြင့် ဖြောင့်ဆေးတွေကို ၂ခါတောင်သုံးပြီး ဖြောင့်ပေးလိုက်ခြင်းဖြစ်သည်။ သူ့အပြောကတော့ သူ့ဆေးဖိုး အရှုံးခံပြီးတောင် ကောင်းအောင်လုပ်ပေးလိုက်ရပါသည်တဲ့။ သူစေတနာကောင်းတာကအရေးမကြီး၊ ဓါတုပစ္စည်း အသုံးများပြီး ဆံပင်က အဲဒီကတဲက ပျက်စီးသွားတာလားဟု ထင်မိသည်။ ဆံပင်တွေရှည်လာလို့ ကျွတ်လွယ်တာလား မသိဘူးဆိုပြီး နောက်တဆိုင်ပြောင်းကာ ဆံပင်ညှပ်ပြန်သည်။ အဲဒီဆိုင်က ဟဲစတိုင်လစ်(စ်)ကလည်း ကိုယ့်အပေါ် စေတနာတွေပိုပြန်သည်။ ကိုယ်က ရိုးရိုးတိုတိုညှပ်ခိုင်းတာကို နောက်ဆုံးပေါ် ကိုးရီးယားမင်းသမီး ဟဲစတိုင်လ်မျိုး ညှပ်ပေးလိုက်သည်ဟုပြောသည်။ သူ့ကိုးရီးယားမင်းသမီး ဟဲစတိုင်လ်သည် ဗမာ တောသူမ စတိုင်လ် ကိုယ်နှင့်လားလားမှ မလိုက်ပဲ အူကြောင်ကြောင် ရုပ်ပေါက်နေသည်။ အဲဒီအူကြောင်ကြောင်ရုပ်နှင့် မြန်မာပြည်ပြန်သွားတော့ မေမေတို့ မမတို့က ဘာပုံကြီးလဲဟုပြောကာ ဟိုးကျောင်းနေတုန်းက ဘိုကေသာသာပုံကို ဆိုင်ခေါ်ကာ ပြောင်းညှပ်ပေးလိုက်သည်။ စင်ကာပူပြန်ရောက်တော့ လေဆိပ်မှာ လာကြိုသည့် ယောက်ျားက တဖန် ..ဟန်...ဘာဖြစ်လာတာတုန်း၊ ငယ်အောင်လုပ်လာခဲ့ရသလားဟု ပြောသဖြင့် စိတ်ကောက်ခဲ့ရသေးသည်။ ဒါနဲ့ လုံးလည် ချာလည်လိုက်ကာ ဆံပင်ပုံစံက ဘာပုံမှန်းမသိ ဖြစ်နေတာကြာပြီ။ ဆံပင်တွေကလည်း သတိထားသည့်ကြားမှ ကျွတ်မြဲ၊ ကျွတ်နေဆဲ။

လွန်ခဲ့သည့် ၇နှစ် အိမ်ထောင်မကျခင်က သီလရှင် ၀တ်ခဲ့ဖူးတာကို ပြန်သတိရသည်။ ကတုံးရိပ်ပြီးမှ ပြန်ပေါက်လာသည့်ဆံပင်များမှာ ဘာသန်သည်လည်း မမေးပါနှင့်။ ခု... ဆံပင်ကလည်း ခဏခဏ ကျွတ်တော့ သူများတွေ အားကျလောက်စရာထူထူအုပ်အုပ်ဆံပင်သည် နည်းနည်းပါးပါးလေးပဲ ကျန်တော့သလို ထင်ရသည်။ ပြန်သန်အောင် ကတုံးရိပ်ရလျှင် ကောင်းမည်လား ဟုတွေးမိသည်။ ဒါမှ ပြန်ပေါက်လာတာတွေက အရင်ကလို သန်သန်မာမာတွေ ဖြစ်မည်။ ကတုံးရိပ်မည့်အတူတူ သီလရှင်ဝတ်ပြီးရိပ်တော့...ဟော တချက်ခုတ် နှစ်ချက်ပြတ်... ကုသိုလ်လည်းရ လိုချင်တာလည်းဖြစ်... ကောင်းလိုက်တာ ဟု တွေးမိပြီး မိမိအတွေးကို မိမိဖာသာ သဘောကျမိသည်။ အဲလိုတွေး၊ အဲလိုလုပ်လို့ ငရဲမကြီးတန်ကောင်းပါဘူးဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်သည်။ ဒီနှစ် ဒီဇင်ဘာ ကိုယ့်မှာ ခွင့်ရက်တွေယူဖို့ ရှိနေသည်။ တကယ်က ယောက်ျားနှင့်အတူ မြန်မာပြည်ပြန်ဖို့စီစဉ်ထားတာ ယောက်ျားက အလုပ်ပြောင်းလိုက်သဖြင့် အတူ ပြန်ဖို့ အစီအစဉ် ပျက်သွားပြီ။ ဒီတော့ ကိုယ်က ဒီဇင်ဘာမှာ ကိုယ်လုပ်ချင်တာ လုပ်ရမည်။ ရုံးက ၁၀ရက် ခွင့်ယူမည်။ စင်ကာပူမှာ သီလရှင်ကျောင်းရှိသည်။ အဲဒီမှာ သီလရှင် သွားဝတ်မည်။ ဒါမှမဟုတ် ချမ်းမြေ့ဆရာတော် တရားစခန်းက နှစ်စဉ် စင်ကာပူမှာ လုပ်ဖြစ်သည်။ ၂၀၀၈ခုနှစ်အတွက်က ဒီဇင်ဘာလထဲမှာ ၁၀ရက် တရားစခန်းဖွင့်မှာဖြစ်သည်။ အဲဒီကျရင် တခါထဲ သီလရှင်ဝတ် တရားစခန်းဝင် ဟန်ကို ကျနေသည်။

ယောက်ျားကို ကိုယ်စီစဉ်ထားသမျှ အားရ၀မ်းသာ ပြောပြသည်။ ယောက်ျားက မကြည်မလင် အင်တင်တင် ကြည့်သည်။ သီလရှင်က တစ်ခါ ၀တ်ဘူးပြီးပြီပဲ၊ ဘာလုပ်ဖို့ထပ်ဝတ်ဦးမှာလဲဟု မေးသည်။ ဗိုက်အောင့်တာကလည်း ပျောက်သေးတာ မဟုတ်ဘူး။ ဘယ်လိုလုပ် တရားဝင်မှာလည်း၊ ညစာထမင်းမှမစားရတာဟု တားပြန်သည်။ လုပ်ချင်တာ မလုပ်ရတော့ ကိုယ်က စိတ်ကောက်ချင်သည်။ ကောင်းတာလုပ်တာ ဘာလို့ တားရသလဲဟု မာန်ဖီသည်။ ဆံပင်အကြောင်းကိုတော့ ယောင်လို့တောင် ထည့်မပြောပေ။ နောက်တော့ ယောက်ျားက ကဲကဲ... ဒီလိုဆိုလည်း လုပ်ချင်လုပ်... ဒါပေသိ... ဆရာလေးဆီ ညနေတိုင်းလာတွေ့မယ်၊ နံနက်တိုင်းဖုန်းဆက်မယ် ရမလားဟု မေးသည်။ ပြုံးပြုံးပြုံးပြုံး လာနောက်နေတော့.. အင်း... ဖြစ်သေးပါဘူး။ မြန်မာပြည်ပြန် အေးအေးဆေးဆေး သူနဲ့လွတ်လွတ်ကင်းကင်း ၀တ်တာ ပိုကောင်းမည်ဟုတွေးမိသည်။ ဟိုးအရင် ၇နှစ်ကျော်ကျော်တုန်းကလည်း မြန်မာပြည်ပြန်ပြီး သီလရှင်ဝတ်တာ၊ သူက စင်ကာပူမှာ ... ဆိုတော့ နောက်ဆံမတင်း စိတ်ကိုအေးချမ်း နေခဲ့တာဟု တွေးမိသည်။

ဒီတော့ ရန်ကုန်အိမ်က လူကြီးမိဖတွေဆီ ဖုန်းဆက်သည်။ အားရ၀မ်းသာ အစီအစဉ်ကို ပြောပြသည်။ ဟိုးအရင် ၇နှစ်လောက်ကလိုပေါ့ဟု သတိတရထည့်ပြောသေးသည်။ သူတို့လည်း ၀မ်းသာမည်ဟူသော အထင်သည် တက်တက်စင်အောင်လွဲပါလေတော့သည်။ အားလုံးက ဟင်... ဟန်... နှင့် အော်ကြသည်။ ဘာစိတ်ကူး ပေါက်နေတာလဲဟု မေးကြသည်။ မေမေက... အိမ်ထောင်ကျတာဖြင့် ကြာနေပြီ၊ ကလေးယူဖို့တော့ မစဉ်းစားပဲနဲ့... ဘယ်နှယ်ဟယ်... သီလရှင် ၀တ်ရဦးမယ်လို့ ကြံကြံဖန်ဖန်...ဟု ညည်းပြောပြောသည်။ ငတို့မလည်း သူများတွေ မြေးရတာပဲ အားကျနေရတယ်ဟု ပြောပြန်သည်။ အဓိကမှာ ဆံပင်အကြောင်းကြောင့်လို့ ဆိုတာများသိရင် ရူးနေလားလို့ မေးခံရမှာ သေချာသည်။ ဖုန်းပြောပြီးသည့်အခါ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ ဒီပုံအတိုင်းဆို သီလရှင်ဝတ်မှာ မည်သူမျှ အားမပေး ဆိုတာ ထင်ထင်ရှားရှားကြီး ဖြစ်နေပြီ။ ဟင်း... ကလေးများ ယူချင်တိုင်း ယူလို့ရတာကြနေတာပဲ... ဟဲ့ဟဲ့...လာလာ ...ငါ့ဆီလာဟဲ့...ဆိုပြီး ဗိုက်ထဲ ဆွဲသွင်းလိုက်လို့ရတာကြနေတာပဲ...။ တကတဲ... လူပြည်ကအပ်တစင်းနဲ့ ဗြမ္မာပြည်ကအပ်တစင်း ဆုံဖို့ဆိုတာကတောင် လွယ်သေး၊ လူ့ဘ၀တစ်ခုဖြစ်ဖို့ဆိုတာ ဘယ်လောက်ခက်လည်း ဆိုတဲ့စကားလည်း ကြားဖူးကြရဲ့သားနဲ့ဟု ကိုယ့်ဖာသာ တစ်ယောက်ထဲ မကျေမနပ် ရေရွတ်နေမိသည်။

စေတနာ မမှန်လို့လားမသိ... သီလရှင် ဖြစ်ဖို့ မလွယ်တာကတော့ သေချာသွားပြီ။ အေးလေ... ကိုယ့်ဖာသာပြန်တွေးမိတော့လည်း ကျားဥပုသ်စောင့်သလို တကယ်ကုသိုလ်စိတ်နဲ့ စင်စင်ကြယ်ကြယ် လုပ်ချင်တာမျိုးမှ မဟုတ်တာကိုး။ အော်... ကိုယ်ကလည်း... ဖုန်းကြီး ကြည်ညိုတာလား... လူမြင်ကောင်းအောင် လှူနေတာလားဆိုတဲ့ ဟိုလူတွေလို ဖြစ်နေတာကိုး...။

ကွယ်... စိတ်ပေါက်ပေါက်နှင့် ဒီတိုင်း ကတုံးတုံးလိုက်ရလို့ မကောင်းဖြစ်တော့မည်။

စုချစ်
၁၈-၀၈-၂၀၀၈
ညနေ ၃နာရီ ၁၅မိနစ်

Sunday, August 17, 2008

7 Days Action!

Monday
Tuesday
Wednesday
Thursday
Friday
And....
Last one is ultimate.....
.
.
.
.
.
Saturday & Sunday
(Photos received from mail)

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Saturday, August 16, 2008

လှချင်တယ်လေ... ငယ်ချင်တယ်လေ


ဒီနေ့တော့ အပျင်းထူတဲ့ မစုချစ်တို့ စနေနေ့မို့ ပေပေတေတေ နေဖင်ထိုးမှ အိပ်ရာကထလို့ ကိုယ့်ရဲ့မျက်နှာကိုယ် မှန်ထဲမှာ ပြန်ကြည့်ရင်း..... အော် ငါတော်တော် အိုသွားပဟဲ့လို့ မစောမစီး စိတ်ပျက်လက်ပျက် ညည်းညူမိပါတယ်။ ခေါင်းဖြီးသင်ရင်း ရင့်ထော်လာတဲ့ ကိုယ့်မျက်နှာကို တစိမ့်စိမ့်ကြည့်လို့ အတွေးတခုဝင်အလာမှာ... အော်... ဒီနေရာမှာ... ပါရမီက စကားပြောတာပဲလို့ ရယ်ချင်ပက်ကျိဖြစ်သွားမိတယ်။ ဘာလို့လည်း ဆိုတော့ အိုလာတဲ့ရုပ်ကိုကြည့်ပြီး သံဝေဂရတဲ့ ဆင်ခြင်ဉာဏ်တရားတော့ ၀င်မလာဘူး။ ဒီနေ့လေး အားတုန်း အင်တာနက်ထဲက facial mask ကိုယ့်ဘာသာ ဘယ်လိုလုပ်ရသလဲ ဆိုတာ ရှာကြည့်ပြီး သူများတွေ ပြောပြောနေတဲ့၊ ရုပ်ရှင်ထဲမှာတွေ့တွေ့နေရတဲ့ သူတွေ လုပ်သလိုမျိုးလုပ်ကြည့်ဦးမှလို့ အတွေးဝင်မိလိုက်လို့ပါ။ :P

ကဲ... ပြောနေ ကြာတယ်။ မပြောရင် မကြာဘူး။ ဟောသမှာ... မစုချစ်လိုမျိုး အပြင်က facial mask ၀ယ်ရတာ ဈေးကြီးတယ်လို့ ထင်နေသူတွေ အတွက်...။ အရွယ်တော် တဆိတ်ဟိုင်းလို့ ၂၀ကျော် ၂၅ပိုင်း.... အဲ ဟုတ်ပေါင်... မငယ်တော့ဘူးကွယ်... အသက်ကစစ်တော့ ၄၀... လူတကာက မေးလာကြရင် ဖြေမယ် ၂၅လောက်ကွယ်... လို့ဖြစ်ချင်သူများအတွက်... ရှာတွေ့ထားတာလေးတွေ....။

****************************

မိမိကိုယ်တိုင်ပြုလုပ်နိုင်သော မျက်နှာ ပေါင်းတင်နည်း ၄မျိုး

သဘာဝတရားကြီးကနေ ဆုလာဒ်အဖြစ်နဲ့ ပေးထားတာတွေရှိလို့ လှဖို့ပဖို့အတွက် ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ ၀ယ်စရာမလိုပါဘူးတဲ့။ မိမိအိမ်ရဲ့ မီးဖိုချောင်ထဲမှာတင် ရှာဖွေတွေ့ရှိနိုင်ပါသတဲ့ကွယ်။ သာမန် မီးဆိုချောင်မှာ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ပစ္စည်းတွေနဲ့တင် ကောင်းမွန် အဆင့်အတန်းမြင့်တဲ့ မျက်နှာပေါင်းတင်တာ ပြုလုပ်နိုင်ပါသတဲ့။ အနည်းဆုံး တပတ်တခါ မျက်နှာပေါင်းတင်သင့်ပြီး မျက်နှာပေါင်းတင်ပြီးတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေး ပြီးရင် ရေအေးနဲ့ (ချွေးပေါက်လေးတွေ ပိတ်သွားအောင်) ဆေးကြောရပါမယ်တဲ့။

၁) ကြက်ဥဖြင့် မျက်နှာပေါင်းတင်နည်း
ရည်ရွည်ချက်
ကြက်ဥနဲ့ မျက်နှာပါင်းတင်ခြင်းဟာ အဓိက အသားအရည်ကို ထိန်းသိမ်းပေးပြီး မျက်နှာပေါ်က အရေးအကြောင်းတွေ လျှော့နည်းစေဖို့ပေါ့နော်။ ကြက်ဥနဲ့ မျက်နှာပေါင်းတင်ခြင်းဖြင့် အသားအရည်ဟာ လျော့လျော့လျဲလျဲမဖြစ်တော့ပဲ တင်းတင်းရင်းရင်း ဖြစ်လာစေပါတယ်တဲ့။

အသုံးပြုနည်း
ကြက်ဥ အကာကို ပျစ်လာအောင်ခေါက်၊ ပြီးတော့ မျက်နှာ အနှံ့လိမ်းပေး။ မိနစ်၂၀လောက်ရှိပြီဆိုရင် မျက်နှာ သစ်လို့ရပါပြီ။ တကယ်လို့ ကိုယ့်အသားအရည်က ခြောက်သွေ့တယ်ဆိုရင် ပျားရည်လေး ၁စက် ၂စက်လောက်၊ အဆီပြန်တတ်ရင် သံပယိုရည်လေး ၁စက် ၂စက်လောက် ကြက်ဥအကာထဲ ထည့် ပြီးလိမ်းပေးနိုင်ပါတယ်။

၂) ပျားရည်ဖြင့် မျက်နှာပေါင်းတင်နည်း
ရည်ရွည်ချက်
အလွယ်ဆုံး မျက်နှာပေါင်းတင်နည်းလေးပေါ့။ ပျားရည်က ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်တဲ့။ တော်ရုံတန်ရုံ အထိအခိုက်မခံတဲ့၊ ဘာတွေနဲ့ တည့်မှန်း မတည့်မှန်းမသိတဲ့ အသားအရည်မျိုးတောင် ပျားရည်ပေါင်းတင်တာကို စိတ်ချလက်ချ သုံးနိုင်ပါတယ်တဲ့။

အသုံးပြုနည်း
ပျားရည် ခပ်နွေးနွေး ခပ်ကျဲကျဲကို မျက်နှာအနှံ့လိမ်းပေး။ ၂မိနစ်လောက်ကြာလို့ မျက်နှာပြင် တင်းလာတယ် ခံစားရရင် ရေနွေးလေးနဲ့ မျက်နှာ သစ်ပါ။ ပြီးတော့ ရေအေးနဲ့ ဆေးကြောပါ။

၃) မီးဖိုချောင်ထဲမှ ရနိုင်သောပစ္စည်းများဖြင့် မျက်နှာပေါင်းတင်နည်း
ရည်ရွည်ချက်
ဒါကတော့ မျက်နှာပေါ်က ၀က်ခြံတွေကို သက်သာအောင် ဒါမှမဟုတ် လျော့နည်းအောင် အသုံးပြုရမဲ့နည်းပါ။

အသုံးပြုနည်း
စစ်ထားတဲ့ ခရမ်းချဉ်သီးအနှစ်တွေနဲ့ နို့မှုန့်ကို ရောသမမွှေပေးရပါမယ်။ blender နဲ့မွှေလိုက်ရင် ပိုကောင်းပါတယ်။ မွှေထားတာ ညက်ညက်ညောညောဖြစ်လာပြီဆို မျက်နှာအနှံ့လိမ်းပေး။ မိနစ်၂၀ လောက်ရှိပြီဆိုရင် မျက်နှာ သစ်လို့ရပါပြီ။ ထုံးစံအတိုင်း ရေနွေးနဲ့ အရင် မျက်နှာသစ် ပြီးရင် ရေအေးနဲ့ သစ်ပေါ့။ ခရမ်းချဉ်သီးမှာပါတဲ့ ဗစ်တာမင်စီ နဲ့ ပိုတက်စီယမ်က မျက်နှာပေါ်က၀က်ခြံတွေကို သက်သာ ပျောက်ကင်းစေတယ်တဲ့။

ခရမ်းချဉ်သီးအစား မုန်လာဥနီ၊ ငှက်ပျောသီး၊ သခွားသီး တို့ကိုလည်း အသုံးပြုနိုင်ပါတယ်တဲ့။ စောစောကပြောထားသလို blender နဲ့ရောကြိတ်ပေါ့။ မုန်လာဥနီဆိုရင်တော့ နည်းနည်း ပျော့အောင်အရင်လုပ်လိုက်ပေါ့နော်။

၎) စတော်ဘယ်ရီဖြင့် မျက်နှာပေါင်းတင်နည်း
ရည်ရွည်ချက်
နုပျိုတဲ့ အသားအရည်လေး ဖြစ်စေဖို့။ သူတို့ကတော့ အဲဒါကို အင်္ဂလိပ်လို ဘာတဲ့ alpha hydroxy တဲ့။

အသုံးပြုနည်း
နည်းနည်းကြီးကြီး စတော်ဘယ်ရီသီး ၄၊ ၅လုံး လောက်ကို ခပ်ပျစ်ပျစ် အနှစ်လေးတွေ ရတဲ့ အထိ ကြိတ်ခြေလိုက်ပါ။ ပြီးတော့ အဲဒီ ခပ်ပျစ်ပျစ်အနှစ်တွေကို မျက်နှာမှာလိမ်းပေးပြီး မိနစ်၂၀လောက် အနားယူ လှဲအိပ်နေလိုက်ပါ။ နောက် ထုံးစံအတိုင်း ရေနွေးနဲ့ အရင် မျက်နှာသစ် ပြီးရင် ရေအေးနဲ့ သစ်ပေါ့။ အထူးသတိထားရမှာက ကိုယ့်မျက်နှာက အထိအခိုက်မခံ၊ ဘာတွေနဲ့ တည့်မှန်း မတည့်မှန်းမသိရင်တော့ ဒီနည်းကို မသုံးပါနဲ့တဲ့။

နောက်တခုက ကြမ်းတမ်းတဲ့ အသားအရည်ရှိတဲ့ သူတွေ အတွက် မရိုးနီးစ် ကို သုံးပြီး မျက်နှာ ပေါင်းတင်ခြင်းဖြစ်ပါတယ်တဲ့။ ခပ်ပါးပါးလေး ၁၅မိနစ်လောက်လိမ်းပြီး မျက်နှာ သစ်လိုက်ပါတဲ့။

ဟိ...။ ကိုယ်ကတော့ ငပျင်းဆိုတော့ ဘယ်လောက်ကြာအောင်၊ ဘယ်နှစ်ခါလောက် လုပ်ဖြစ်မယ် မပြောတတ် သေးဘူး။ ခုနကတော့ ကြက်ဥအကာနည်းနဲ့ သုံးပြီးသွားပြီ။ ကြက်ဥအကာတွေက ပိုနေတာ သမျောလို့ ရုံးကပြန်လာတဲ့ ယောက်ယောက်ကို အတင်းဆွဲပြီး မာမီစုချစ် လုပ်ပစ်လိုက်တယ်။ :p

Ref:
http://www.kissmegoodnight.com/beauty-secrets/facial_masks_create_yourself.shtml
http://www.coolnurse.com/facials.htm

မှတ်ချက်။ mask ကို ကပ်ခွာလို့ မပြောချင်လို့ ပေါင်းတင်တယ်ပဲ သုံးလိုက်တယ်။ အသုံးအနှုံးတွေ မှားနေရင် အလှအပ ကျွမ်းကျင်သူမဟုတ်တဲ့ ငပျင်းမို့ ခွင့်လွှတ်လိုက်ပါနော်။

စုချစ်
၁၆-၀၈-၂၀၀၈
ညနေ ၃နာရီ ၅၀မိနစ်

Friday, August 15, 2008

အဲဒီက "သန်း" ပါဘူးနော်....။

မစုချစ်တို့ နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့် မလုပ်ခဲ့တဲ့ အဖြစ်ကလေးပေါ့။ အိတ်တုန်းက တိုက်တိုက်ဆိုင်ဆိုင်... အိမ်နားက နံမည်မှာ "သန်း" ပါတဲ့ အမျိုးသမီးတစ်ယောက်က ဘာအာကျယ်သလဲ မေးပါနဲ့။ စကားပြောရင် ခုနစ်သံချီ။ သူ့ကလေးတွေဆိုလည်း ၇အိမ်၊ ၈အိမ်ကြား ဆိုဆဲ။ နောက်... နံမည်မှာပဲ သန်းပါတဲ့ အမျိုးသားတစ်ယောက်က အိမ်နားကို မကြာလေးတင်ကမှ ပြောင်းလာပြီး ည...ည... သူရုံးက ပြန်လာချိန် အရက်မူးမူးနဲ့ ဆဲသလားမမေးပါနဲ့။ ရပ်ကွက်ရုံးက ဆင့်ခေါ်ပြီး သတိပေးရတဲ့ အထိ။ အဲသလို အကြောင်းသဟာလေးတွေကြောင့်... မစုချစ်တို့က နာမည်မှာ "သန်း" ပါရင် ဘာမသိ ညာမသိ နည်းနည်း လန့်နေရော။

တနေ့တော့... ကျောင်းမှာ သူငယ်ချင်းတွေ စကားဟိုပြောဒီပြောနဲ့ လူနံမည်တွေ အကြောင်းကိုရောက်ရော။ ဒီတော့ ဒီကလည်း ၀မ်းသာအားရ ၊ ညကပဲ လောလောဆယ်ဆယ်... သန်းပါတဲ့ လူကြီး အော်ဆဲနေတာ သောတဆင်ခဲ့ရတော့...

"ဟေ့... နာမည်မှာ သန်းပါရင် ကောင်းဘူးအေ့" လို့ ပြောလိုက်မိတာပေါ့နော်...။
"နင်တို့ ကလေးတွေ အိတ်နံမည်ကြီး ပေးနဲ့အေ" ပေါ့လေ...။

အိတ်မှာ သူငယ်ချင်းတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့
"ဟဲ့..နာ့ အမေနာမည် သန်းပါတယ်..ဘာမကောင်းရမှာလဲ" တဲ့....။

ဒီတော့မှ မရွှေစုချစ်တို့ အဲဒီသူငယ်ချင်းအမေ အန်တီနာမည် ကို သတိရ၊ စကားတော့ မှားပြီဆိုတာသိ။ ဒါပေသိ... အန်တီနံမည်က ရှေ့ဆုံးနံမည်ကပဲ သန်းဆိုတော့...

"ဟာ... နာပြောတာ ရှေ့သန်းဟုတ်ဝူး...နောက်သန်း...နောက်သန်း" ပေါ့လေ...။

အိတ်မှာ နောက်တစ်ယောက်ကအော်ပြန်ရော....

"ဟဲ့... အစုတ်ပလုတ်ရဲ့....ငါ့အမေနာမည်က နောက်သန်း...ဟဲ့" တဲ့...။
"တိန်"

ဟုတ်သား...။ အိတ်သူငယ်ချင်းအမေ အန်တီနံမည်က နောက်မှာ သန်း....။ ဒီတော့ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ရွှေစုချစ်တို့ ဒီအမှုက ဘယ်လိုလွတ်အောင် ရုန်းရပါ့ဆိုပြီး ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါတွေ ထုတ်ရတော့သပေါ့။ ဒီကအသဲငယ်ပါတယ်ဆိုမှ... သူတို့၂ယောက်ကလည်း မျက်လုံးစိမ်းကြီးတွေနဲ့ စိုက်ကြည့်နေကြ...။ ဒါနဲ့ မျက်လုံးမှိတ်ပြီး ဒီလိုပြောရတာပဲ...

"ဒီလိုပါဟာ... နာတို့ ရပ်ကွက်ထဲက သန်းတွေကိုပဲကြောတာပါ...။ ဟိုလေ... တာမွေတို့၊ သက္ကင်္န်းကျွန်းတို့က မပါပါဘူးနော်...နော်...လို့။"

ဒါနဲ့ သူတို့၂ယောက်လည်း ... ရှူးရှဲ... နောက်ဆိုကြည့်ပြော... ဟူး...ဟဲ... ဆိုပြီး မကျေမနပ်နဲ့ ပဲ ဖြေရှင်းချက်ကို လက်ခံလိုက်ကြတယ်။ ဟိ... သူတို့၂ယောက်က တာမွေနဲ့ သက္ကင်္န်းကျွန်းမှာနေတာကိုး။

သဟာနဲ့ တလောက ရုံးအဆင်း တရုံးထဲ အလုပ်တူတူလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ကားကို ကားကြုံလိုက်စီးရင်း ကျောင်းတုန်းက ရွှေစုချစ်တို့ ဂျောက်ကြခဲ့ပုံတွေ ဟိုပြော၊ ဒီပြော...ပြောနေကြဆိုတော့ အိတ်အကြောင်းလေး ရီစရာကောင်းတော့ ပြောမိလိုက်ရောတော့...။

ပြောလည်းပြောပြီးရော.... အိတ်သူငယ်ချင်းက ကားကြီး ကို ဆောင့်ဆောင့်အောင့်အောင့် မောင်းရင်း...

"နင်နော်....နာ့ မိန်းမနံမည်...မှာလည်း သန်း ပါတဲ့ဟာ...သိဘူးလား...။"
"တိန်"

မွှားပြန်ပဟ...။ ဟိုင်းဝေးလမ်းမကြီး... ကားပေါ်ကကန်ချရင်တော့ ဒွတ်ခဆိုပြီး ချွေးတွေဘာတွေ ပြန်လို့....။ ဘယ်လိုဖြေရှင်းရပါ့...။ အို....ဟိုတုန်းကလို မျက်စိမှိတ် ပြောင်ငြင်းရတော့မှာပဲ။

"ဒီလိုလေ... ဟိုဟာပေါ့နော်...ချင်ကာပူ မှာနေတဲ့သူတွေ ပါဘူးပေါ့နော်..."
"ဒါဖြင့်...နင်ဆိုလိုချင်တာက မြန်မာပြည်က သူတွေတော့ ပါတယ်ပေါ့...။ ဟုတ်လား ...။ နာ့ ယောက်က္ခမ နံမည်မှာလည်း သန်းပါတယ်....။ ကဲ ..ရှင်း..ခုရှင်း....။"

ကားမောင်းနေလို့...။ မဟုတ်ရင် သူ့စကားသံက... ရပ်ကွက်ထဲမှာဗျာ ထဲက ကိုရွှေထူးဇာတ်လိုက် ကိုမောင်တင့် လက်သီးလက်မောင်းတန်းနေပုံနဲ့။ ဘယ်ရမတုန်း.. ဒီကလည်း ရန်ကုန်မှာ သူတို့ ဘယ်မှာနေလည်းဆိုတာ သိတော့....

"ဟုတ်ဘူးလေ... ရန်ကုန် အိတ်xxxxxxxxx ရပ်ကွက်က သန်းတွေလည်းပါဘူးလေ...။ ဂယ်ပြောတာပါ။" လို့ ဇီးရွက်ထက်ငယ်တဲ့ မျက်နှာလေးနဲ့ ပြန်ပြောရတာပေါ့နော်...။ မကျေမနပ်နဲ့ အိတ်သယ်ချင်း ကျေနပ်တဲ့ထိပေါ့။

***************************************

"ဟူး"
ရှုပ်ပါတယ်...။ တခါထဲပဲပြောလိုက်တော့မယ်...။
ဟို ..... ဟို....ဟို....မီးကြောတဲ့ ထဲမှာလေ.......မြို့တော်မှာ နေတဲ့ "သန်း" လည်း ပါဘူးနော်....။
ဂယ်ကြောတာ။ တော်နေကြာ.... လူဇိုးတွေက... လျှောက်တွေးနေကြမစိုးလို့...။ မီးမီး... ကြောက်ကြောက်...။
ဟွန့်....။

***************************************

စကားမစပ်... ဘလော့လာဖတ်တဲ့ သန်းတွေလည်း ပါဘူးနော်...။ ဟီး...။

***************************************
စုချစ်
၁၅-၀၈-၂၀၀၈
နေ့လည် ၁နာရီ၃၀မိနစ်

Friday, August 8, 2008

အိပ်ဆေးအကျွေးခံရသူများ

Artist- Chaw Ei Thein

အိပ်ဆေးအကျွေးခံရသူများ

လူတော်တွေ ဘယ်နားအိပ်...
တိတ်တိတ်မေးစရာတောင်မလို...။

ဟိုလေ....ဟို...ဟို...
အိမ်ထဲမှာပဲ နေစေလို့....
နိုးခွင့်ပြုမခံရတဲ့သူတွေရှိတယ်...။
အင်းစိန်ဆိုတာ...မင်းတို့ အိမ်ပဲ....
အတင်းအိပ်ခိုင်းထားတာရှိတယ်...။
နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်...
မအိပ်ချင်ပဲ အိပ်နေရတာတွေလည်း ရှိတယ်...။

ကုန်ကုန်ပြောမယ်...တော်တို့ရေ...
စောစောသေ...စောစောအိပ်ရတာပေါ့လို့
ဇာတ်သမားစကားနဲ့ လာတရားမချနဲ့....။

ဒီနေ့...နှစ်၂၀ပြည့် ၈၈၈၈..
ဒီမှာ ငိုချင်နေသူ...
လာလက်မတို့နဲ့...
ဒါ...ဇာတ်ကနေတာမဟုတ်ဘူး။

စုချစ်
၀၈.၀၈.၂၀၀၈
ညနေ ၄း၄၀

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။