Saturday, July 19, 2008

အဘိဓမ္မာ

ဇောတွေအကြောင်းသိချင်ရင် အဘိဓမ္မာက ၀ီထိပိုင်းကို လေ့လာဖတ်ရှုနိုင်ပါတယ်နော်။ ၀ီထိဆိုတာက အာရုံတခုခုကိုသိဖို့အတွက် ဖြစ်သွားတဲ့ စိတ်အစဉ်အတန်းတခုပါ။

ဆရာဒေါက်တာမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်ထဲက ၀ီထိပိုင်းကို နည်းနည်းကောက်နှုတ်ရေးပြမယ်နော်။ ကိုယ်ကိုယ်တိုင်လည်း လေ့လာနေတုန်းမို့ အများကြီးတော့မသိပါဘူး။ အမြဲလည်းဖတ်နေတာ မဟုတ်တော့ မေ့နေတာတွေလည်း အများကြီးပဲ။

**************
ဝီထိ
ဒွါရ၆ပါးတို့၌ထင်လာသောအာရုံတစ်ခုစီကို သိရှိရန်အတွက် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ကူဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ ဇော၊ တဒါရုံ စသည်ဖြင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်တန်းတစ်ခုစီကို ၀ီထိဟုခေါ်၏။

စိတ်၏အသက်
စိတ်တခု၏အသက်သည် ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟူ၍ခဏငယ်၃ခုရှိသည်။
စိတ်ဖြစ်ဆဲခဏ = ဥပါဒ်ခဏ
စိတ်တည်ဆဲခဏ = ဌီခဏ
စိတ်ပျက်ဆဲခဏ = ဘင်ခဏ
ခဏငယ်၃ချက် = စိတ္တက္ခဏ ၁ ချက်

လက်ဖျစ် ၁တွက်၊ မျက်စိ၁မှိတ်ကာလ၌ စိတ္တက္ခဏ ကုဋေ ၁သိန်းကျော်ရှိ၏။
စိတ်၁ခု၏အသက်သည် ၁စက္ကန့်၏ကုဋေ ၁သိန်းပုံ၁ပုံရှိ၏။

ရုပ်၏အသက်
ရုပ်ကလပ်၁ခု၏အသက် = စိတ်အသက်၏၁၇ဆ (၀ါ) စိတ္တက္ခဏ ၁၇ ချက်
= ခဏငယ် ၁၇ ထ ၃ => ၅၁ချက်
ရုပ်၏ဥပါဒ်ခဏ = ခဏငယ် ၁ချက်
ရုပ်၏ဘင်ခဏ = ခဏငယ် ၁ချက်
ရုပ်၏ဌီခဏ = ခဏငယ် ၄၉ချက်

လက်ဖျစ် ၁တွက်၊ မျက်စိ၁မှိတ်ကာလ၌ ရုပ်ကလပ်ပေါင်း ကုဋေ ၅၈၀၀ကျော် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပျက်သွားကြ၏။
ရုပ်ကလပ်၁ခု၏အသက် = ၁-စက္ကန့်၏ ကုဋေ ၅၈၀၀ ပုံ ၁ပုံ

ဝီထိ ၆-ပါးကို ရိုးရိုးစင်းစင်းမှတ်ရရင်
၁) စက္ခုဒွါရ (ရူပါရုံ)
၂) သောတဒွါရ (သဒ္ဒါရုံ)
၃) ဃာနဒွါရ (ဂန္တာရုံ)
၎) ဇိဝှာဒွါရ (ရသာရုံ)
၅) ကာယဒွါရ (ဖောဋ္ဌဗ္ဗာရုံ)
၆) မနောဒွါရ (ပဉ္စာရုံ)
အဲဒီဒွါရ ၆ပါးကို ဖြစ်စေတဲ့ အကြောင်းတရားတွေ (၄-မျိုးစီရှိ) ကို အကြောင်းပြုပြီး စိတ်အစဉ်တွေ ဖြစ်ပေါ်လာပါတယ်။ ပြီးတော့ အဲဒီဒွါရတို့မှာ အာရုံထင်ပါတယ်။

ဘ၀င်စိတ် ၃မျိုး
သတ္တ၀ါတို့၏ ဘ၀တခုသည် ပဋိသန္ဓေစိတ်ဖြင့် စတင်၏။ ပဋိသန္ဓေစိတ်ချုပ်ငြိမ်းပြီးသည်နှင့် တပြိုင်နက် ဘ၀င်စိတ်အစဉ်သည် တလုံးပြီးတလုံး အဆက်မပြတ် ဖြစ်ပျက်သွား၏။ သေဆုံးသည့်အခါနောက်ဆုံးဖြစ်သည့် ဘ၀င်စိတ်ကို စုတိစိတ်ဟုခေါ် သည်။

စက္ခုဒွါရမှာ ဖြစ်ပေါ်တဲ့ အတိမဟန္တာရုံ ၁-၀ီထိဖြစ်ပေါ်လာပုံကို လေ့လာကြည့်ပါ။

အတိမဟန္တာရုံ ၁-၀ီထိဖြစ်ပုံ
ဓ တီ-န-ဒ-ပ-စ-သံ-ဏ-၀ု-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဒါ-ဒါ- ဓ
အဲဒီ ဇ = ဇော ၇ချက်ဟာ အကုသိုလ်ဇော (၀ါ) ကုသိုလ်ဇော

ဆိုရိုး
စက္ခုဒွါရက အတိမဟန္တာရုံဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘ၀င် ၁-ချက် အလွန်တွင် စက္ခုပသာဒ၌အာရုံထင်ခြင်းသို့ရောက်သဖြင့် ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တ္တီရဏ၊ ၀ုဋ္ဌော၊ ဇော ၇ကြိမ်၊ တဒါရုံ ၂ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် ဒုတိယတဒါရုံ၏ ဘင်နှင့် ပြိုင်၍ချုပ်ကြ၏။ ထို့နောက် ဘ၀င်စိတ်အစဉ်ဖြစ်၏။

ရှင်းချက်
အတိမဟန္တာရုံခေါ်သော အလွန်ထင်ရှား အားကြီးသည့်အာရုံသည် စက္ခုပသာဒကို ထိတိုက်လာသောအခါ တိုက်လျှင်တိုက်ချင်းအာရုံမထင်သေးပါ။ အလွန်အားကြီးသော အာရုံဖြစ်လင့်ကစား (တီ) အတီတဘ၀င်ဟုခေါ်သော ဘ၀င်စိတ် ၁ချက် လွန်ပြီးမှ အာရုံထင်၏။ ထိုအာရုံသစ်ထင်မှုကြောင့် ဘ၀င်္ဂစလန (န)၊ ဘ၀င်္ဂုပစ္ဆေဒ (ဒ) ဟူ၍ဘ၀င်စိတ်၂ကြိမ် လှုပ်ပြီးပြတ်၏။ ထိုအခါ (ပ) ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာရုံသစ်ကို နှလုံသွင်းဆင်ခြင်၏။ ထိုသို့ နှလုံးသွင်းမှုကြောင့် (စ) စက္ခုဝိညာဏ်စိတ်က အာရုံကိုမြင်၏။ မြင်သည်ဆိုသော်လည်း စိတ်၁ချက်မျှ အလွန်လျှင်မြန်စွာ အာရုံကို မြင်လိုက်ကာမျှသာရှိသေး၏။ ထိုအာရုံကိုသဲသဲကွဲကွဲမသိသေး။ သို့ဖြစ်၍ (သံ) သမ္ပဋိစ္ဆိန်းစိတ်က စက္ခုဝိညာဏ်စိတ်၏အာရုံကို လက်ခံယူ၏။ (ဏ) သန္တီရဏစိတ်က ထိုအာရုံကို စူးစမ်း၏။ (၀ု) ၀ုဋ္ဌော ခေါ် မနောဒွါရ၀ဇ္ဇန်းစိတ်က ထိုအာရုံကောင်းမကောင်းကိုဆုံးဖြတ်၏။ ထို့နောင် (ဇ) ဇောစိတ်တို့သည် ထိုအာရုံ၏ အရသာကိုခံစားလျှက် ၇-ကြိမ်တိုင်တိုင် အရှိန်အဟန်ဖြင့်ဖြစ်၏။ ထို့နောက် (ဒါ) တဒါရုံစိတ်တို့သည် ဇောနောက်သို့လိုက်၍ဇောယူသည့်အာရုံကိုပင်ယူ၍ ၂-ကြိမ်ဖြစ်၏။ ထိုဒုတိယ တဒါရုံစိတ်ချုပ်ငြိမ်းသည့် ဘင်အခိုက်၌ ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၎င်းင်းတို့ စတင်ဥပါဒ်ခဲ့ကြသော အတီတဘ၀င်ဥပါဒ်ချိန်မှ ရေတွက်လျှင် စိတ္တက္ခဏ ၁၇ချက်စီ စေ့မြောက်သွားကြလေပြီ။ ထို့ကြောင့်၎င်းင်းရူပါရုံနှင့် စက္ခုပသာဒရုပ်တို့သည် ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ငြိမ်းကြ၏။

**************

ကုသိုလ်ဇော၊ အကုသိုလ်ဇော
ကုသိုလ်ဇော၊ အကုသိုလ်ဇော တို့မှာ အာရုံအားလျှော်စွာ ပုံသေကားကျဖြစ်ပေါ်ခြင်းမရှိကြ။
သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းနိုင်လျှင် ကုသိုလ်ဇောဖြစ်၏။
သင့်တင့်လျှောက်ပတ်စွာ နှလုံးမသွင်းနိုင်လျှင် အကုသိုလ်ဇောဖြစ်၏။

ကာမဇော
ကာမဇောတို့သည် သာမာန်အခါ၌ ၇-ကြိမ်စောလေ့ရှိကြသည်။ မွေးဖွားခါစ အလွန်အားနည်းသောအခါနှင့် မေ့မြောနေသည့်အခါတို့တွင် စိတ်မှီရာ ဟဒယ၀တ္ထု၏ အားနည်းမှုကြောင့် ၆-ကြိမ် သို့ ၅-ကြိမ်သာ စောကြ၏။

သေခါနီး အခါ၌မရဏာသန္နဇော သည် ၅-ကြိမ်သာ စောကြ၏။ ထိုဝီထိကို မရဏာသန္န၀ီထိ ဟုခေါ် သည်။

**************

စင်ကာပူ SMC မှာ ဆရာဒေါက်တာမင်းတင်မွန်က အဘိဓမ္မာသင်တန်းတို ၂၀၀၆ နဲ့ ၂၀၀ရမှာ ပို့ချပေးဘူးပါတယ်။ ဒီနှစ်လည်း ကလင်မတီ ဖုန်းကြီးကျာင်းမှာ သင်တန်းပေးသေးတယ်လို့ကြားတယ်။

SMC မှာ ပြုလုပ်ခဲ့တဲ့ ဆရာဒေါက်တာမင်းတင်မွန် အဘိဓမ္မာသင်တန်း (The Essence of Buddha Abhidhamma Course) ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် အသံဖိုင်ကို ဒီမှာယူပါ။ ပိုကောင်းတဲ့ အသံဖိုင်ကိုလိုချင်ရင် DhammaWeb ကနေဒေါင်းပါ။ အဲဒါလည်း SMC သင်တန်းက အသံဖိုင်ပါပဲ။ SMC ကတော့ နှစ်တိုင်းအဘိဓမ္မာသင်တန်းလုပ်ပေးပါတယ်။ ဒီနှစ်မှာက ဆရာတော် ဒေါက်တာနန္ဒမာလာက Abhidhamma for Daily Life ကို English လိုပို့ချပေးပါတယ်။ နောက် မြန်မာလိုသင်တန်းလည်း ထပ်ဖွင့်ဖို့ရှိပါသေးတယ်။

အဲဒီအသံဖိုင်ကို ဆရာ့ရဲ့စာအုပ်နဲ့တွဲကြည့်ရင် ပိုကောင်းပါတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: