သကြားလုံးလေးတွေလို ပြုံးချိုနေကြတယ်
မနက်က ရန်ကုန် နဲ့ ဖုန်းပြောပြီးကတဲက တနေ့လုံး စုချစ် စိတ်တွေမှိုင်းနေပါတယ်။ တကယ်က ဒီနေ့ ဖေဖေတို့တွေ ရန်ကုန် ထန်းခြောက်ပင်ဖက်ဆိုလား၊ အဲဒီမှာ ဆန်သွားဝေကြ၊ လှူကြပါတယ်။ သူတို့ လှူနေတဲ့ အချိန်ကိုက်ပြီး ဖုန်းဆက်လိုက်တာပါ။ ဖုန်းထဲမှာ အသံတွေကို ဆူညံနေတာပါပဲ။ လမ်းထဲက လူကြီး၊ လူငယ်တွေလည်း ကားတွေနဲ့ လိုက်လာကြတော့ စုချစ် ဖုန်းဆက်တာသိတဲ့အခါ ၀ိုင်းပြီးလုပြောကြပါတယ်။
သမီးရေ.... သိလား။ လှူရတာ အားရစရာကြီးတော်။ သာဓုသာ ခေါ်ပေတော့။ သမီးလည်း ဖုန်းကြီးပါစေ၊ သက်ရှည်ပါစေလို့ ၀င်ပြောတဲ့ ခေါင်းရင်းအိမ်က ကြီးကြီးညိုရယ်။
မစုရေ.... တတ်နိုင်ရင်နောက်ထပ်လည်း လှူပါဦး။ နာဂစ်ကြောင့် လူတွေ တော်တော် ဒုက္ခရောက်ကြတယ်လို့... လှမ်းပြောတဲ့ ခြေရင်းအိမ်က ဦးလေးရွှေရယ်။
ကြီးစုရေ...လူတွေက သနားပါတယ်။ သားတို့ လာမှာပြောထားလို့ မနက်အစောကြီးထဲက ရွာတွေကနေ ထလာကြတာတဲ့။ သားတို့ ဆန်အိတ် ၄၀ နီးပါးကို လူတွေက များတော့ တစ်ယောက်မှ တပြည်ထဲရကြတယ်... ကြီးစုရဲ့....လို့.... ဆန်တွေကူဝေနေရင်း အပြေးအလွှားလာပြောသွားတဲ့ မျက်စောင်းထိုးအိမ်က ဖိုးသားရယ်။
ဝေဖို့သကြားလုံးတွေ ရေပုံး၂ပုံး အပြည့် ယူလာတာ မလောက်လို့ ပြေးဝယ်လိုက်ဦးမယ်ဟေ့လို့ ကမန်းကတန်း ၀င်ပြောသွားတဲ့ နောက်ဖက်အိမ်က ကိုတာတီးရယ်။
ဖေဖေကပြောတယ်....သမီးရေ တုံကင်တွေပေးပြီး ဝေတာပါပဲကွယ်။ ဒါပေမဲ့ တချို့ကြတော့ ၂ခေါက်တွေ လာယူကြရော။ ပြောတော့ နေမကောင်းလို့ လာမယူနိုင်တဲ့ သူတွေအတွက်ပါခင်ဗျာတဲ့။ လှူရတာ ၀မ်းလည်းသာ... ဒါပေသိ..သူတို့ကို ကြည့်ရတာ ၀မ်းလည်းနည်းတဲ့။
သူတို့ အသံတွေ ကြားရတော့ အားမလိုအားမရနဲ့ ကိုယ်ကိုယ်တိုင် မလိုက်နိုင်လို့ စိတ်တောင်မကောင်းဘူး။ ပြီးတော့ ဖေဖေ ပြောသလိုပါပဲ။ လှူရတာ အလွန်ကို ၀မ်းသာပီတိဖြစ်မိပါတယ်။ ဒါပေမဲ့ ဆင့်ပါးစပ် နှမ်းပက် သလိုဆိုတာ ကိုယ့်ဘာသာသိနေတော့ တွေးပြီးဝမ်းနည်းမိတယ်။ သူတို့ရဲ့ရှေ့ရေးအတွက် စဉ်းစားပြီးလည်း စိတ်မကောင်းဘူး။
စုချစ်
၃၁.၀၅.၂၀၀၈

No comments:
Post a Comment