စုချစ်ရယ်၊ ရုံးက စလုံးတရုတ်၂ယောက် (Chin နဲ့ Mr.Tan) ရယ် ဂျပန်ဖူဂျီယာမာတောင်ကို အတူတူ တက်ခဲ့ဘူးကြပါတယ်။ ဖူဂျီတောင်တက်ဖို့ စုချစ် တို့သွားကြမယ်ဆိုတော့ ရုံးက ဂျပန်တွေက စကြ၊ နောက်ကြတယ်။ ဟုတ်ပါ့မလား။ သွားနိုင်ပါ့မလားပေါ့။ Chin နဲ့ Mr.Tan တို့တော့ စုချစ်ကို တွဲခေါ်နေရတာနဲ့ တောင်ပေါ်ကို ရောက်မှာ ဟုတ်တော့ပါဘူးလို့လည်း ပြောင်ကြတယ်။ ဒါနဲ့ စုချစ်က .. ကဲ..တောင်ထိပ်ရောက်အောင် တက်နိုင်တယ်ဆို မုန့်ကျွေးမလားဆိုပြီး ပြန်ပြောမိတယ်။ သူတို့ကလည်း ကြည့်ကြသေးတာပေါ့လေတဲ့။
မြန်မာသူများ....ဘာများမှတ်နေလည်း မသိပါဘူး။ စုချစ်တို့က ကျိုက်ထီးရိုးတောင်၊ မန္တလေးတောင်၊ ရေတံခွန်တောင်၊ စစ်ကိုင်းတောင်၊ ပုပ္ပါးတောင်၊ စတဲ့ စတဲ့ မြန်မာပြည်က တောင်ပေါင်းများစွာကို တောင်ခြေကနေ ခြေလျင်ခရီးတက်ခဲ့ဘူးတဲ့သူဆိုတာ သူတို့ မသိကြဘူး။
ဒီလိုနဲ့ စုချစ်တို့ တောင်တက်ခရီး စကြတယ်ဆိုပါတော့။
ဖူဂျီတောင်ကို တက်လို့ရတဲ့ လမ်းကြောင်း၎ခု ရှိတဲ့အနက်....စုချစ်တို့ တက်ခဲ့တဲ့ လမ်းကြောင်း ( Fujinomia ) က တောင်ပေါ်ကို အမြန်ဆုံးရောက်နိုင်တဲ့ လမ်းကြောင်းပါ။ ဒါပေမဲ့ အဲဒီလမ်းက တခြားလမ်းတွေနဲ့စာရင် ပိုပြီး မတ်ပါတယ်။ မီးတောင် ချော်ကျောက်ခဲလေးတွေ ပြည့်ပြီး မတ်နေတဲ့တောင်ပေါ်ကိုတက်ရတာ ချော်မကျအောင် အတော်ကို သတိထားရပါတယ်။ 5th Station ကနေ နေ့လည် ၁နာရီက စတက်လိုက်တာ (5th Station - ၇၈၇၂အမြင့်ပေ အထိဘတ်စ်ကား ရောက်လို့ တောင်ခြေကနေ စတက်စရာမလိုပါဘူး။) 6th Station (၈၂၀၀ပေ) လည်း ရောက်ရော...Chin တစ်ယောက် လက်မြှောက် အရှုံးပေးသွားပါတယ်။ သူတို့ စလုံးတွေခမျာ ဘာတောင်တက်အတွေ့အကြုံမှ မရှိရှာကြဘူးမှုတ်လား။ ဟောဟဲ..ဟောဟဲနဲ့...ငါ ဆက်မလိုက်တော့ဘူး။ လမ်းတွေကလည်း တအားချော်တယ်။ တခုခု ဖြစ်လို့ ကျိုးပြုသွားရင် မကောင်းဘူး။ နင်တို့လည်းမသွားကြပါနဲ့လား။ ပြန်ကြရအောင်တဲ့။
စုချစ်ကတော့ စမိတဲ့ ခရီးကို ဒီလို တ၀က်တပျက် အရှုံးပေးတာ လုံးဝ မကြိုက်ပါဘူး။ တကယ်ဆို... Chin က စုချစ်ထက်တောင် ငယ်တဲ့သူပါ။ အသက်ကြီးတဲ့ Mr.Tan က မတက်နိုင်ဘူးဆိုရင် တော်သေးတယ်။ Chin ကမတက်နိုင်ဘူးဆိုတော့..တော်တော်ကို အံ့သြပါတယ်။ ဒါပေမဲ့ စုချစ်ကတော့ တစ်ယောက်ထဲလည်း မကြောက်ပါဘူး။ သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ခရီး ဘယ်လို အခက်အခဲရှိရှိ နောက်ဆုတ်ဖို့ အကြောင်းမရှိပါဘူး။ ဆိုတော့...ဟေ့အေး..စုချစ်တော့ မပြန်ဘူး။ Mr. Tan ပြန်ချင်တယ်ဆိုရင်တော့ ခေါ် သွားလိုက်။ စုချစ်တစ်ယောက်ထဲပဲ ဆက်တက်မယ်။ ဒါပေမဲ့ စုချစ်ကို 5th Station က ဘတ်စ်ကားဂိတ်မှာ စောင့်နေဖို့တော့ မှာ လိုက်တယ်။ နောက်ဆုံးထွက်မဲ့ ဘတ်စ်ကား ညနေ၆နာရီ အမှီ ပြန်ဆင်းလာခဲ့မယ်ပေါ့။
Mr.Tan ကတော့ပြန်ဆင်းချင်ပုံမရသေးဘူး။ ရောက်တုန်းရောက်ခိုက် တတ်နိုင်သမျှ ဆက်တက်ချင်သေးတယ်။ ဒါပေမဲ့ ကြောက်ကလည်း ကြောက်တယ်။ တောင်ပေါ်တက်တဲ့ ခရီးတလျှောက် သူ့ကို စောင့်ခေါ်နိုင်မလားဆိုတဲ့ ဂတိ စုချစ်ဆီကတောင်းတယ်။ တကယ်လို့...စုချစ်က သူ့ကို စောင့်ပြီး တက်ပေးမယ်၊ အတူတူ သူ့ကိုစောင့်ခေါ်မဲ့ အဖေါ်ရှိတယ်ဆိုရင်တော့ သူဆက်ပြီးတက်ချင်တယ်တဲ့။ 5th ကနေ 6th ကိုတက်တော့ စုချစ်က ဟိုးရှေ့ရောက်ပြီး သူတို့နှစ်ယောက် နောက်မှာ ပြတ်ပြီး ကျန်ခဲ့ ကြတာလေ။ အဲဒီတော့ စုချစ်က သူ့ကို မစောင့်ပဲတက်သွားမှာ သူက စိုးရိမ်နေတယ်။ ဒါနဲ့ စုချစ်လည်း Mr.Tan ကို စောင့်ပြီးခေါ်ပါမယ်လို့ ဂတိပေးပြီး တောင်ပေါ်ကို ဆက်တက်ကြတာပေါ့။ Chin ကတော့ 5th Station ကို ပြန်ဆင်းသွားလေရဲ့။
စုချစ်လည်း ဂတိအတိုင်း လမ်းတလျှောက် Mr.Tan ကို စောင့်ခေါ်ရတာပေါ့နော်။ ကိုယ်က ရှေ့ကနေတက်ပြီး ...ဒီနေရာကတော့ ချော်တတ်တယ်။ သတိထား၊ ကျောက်တုံး..ခလုတ်တိုက်မယ် စသဖြင့် လည်း သတိတွေပေးရသေးတယ်။ ခရီးကတော့ ဖင့်တာပေါ့။ သူက တခါတလေ ချော်လဲကျမှာ ကြောက်လို့ဆိုပြီး တုန်တုန်ရီရီနဲ့ ဖြစ်နေသေးတယ်။ ဒါနဲ့ ပြေတဲ့နေရာရောက်ရင် ရှေ့က နည်းနည်း တက်နှင့်လိုက်၊ မတ်လာရင် မြ.ွှညေ ကို စောင့်ခေါ်လိုက်၊ ဓါတ်ပုံတွေ ရိုက်လိုက်နဲ့ နောက်ဆုံး 8th Station (၁၀၆၆၀ပေ) ရောက်တော့ ၃နာရီကျော်နေပြီ။ ဒီလိုပုံနဲ့ စုချစ်တို့ ဘယ်လိုမှ တောင်ထိပ်ရောက်အောင်မတက်နိုင်တော့ပါဘူး။ တောင်ထိပ်ရောက်ဖို့က နောက်ထပ် ပေ၂၀၀၀နီးပါးလိုသေးတယ်။ ကိုယ့်တစ်ယောက်ထဲခြေနဲ့ဆို ဒီအချိန်တောင်ထိပ်ရောက်လုနီးပြီဖြစ်ပေမဲ့ Mr.Tan ကိုလည်း ပစ်ထားလို့မှမရတာ။ နောက်ဆုံး 9th Station (၁၁၃၄၈ပေ) အရောက်မှာ စုချစ်တို့ တောင်တက်ခရီးကို ရပ်လိုက်ရပါတယ်။ တောင်အောက်ကို ညနေ၆နာရီ အမှီပြန်ဆင်းကြရမှာကိုး။
9th Station မှာ Mr.Tan က သူ့ကို တိမ်လိပ်ကြီးတွေ နောက်ခံထားပြီး အမှတ်တရ vedio ရိုက်ခိုင်းပါတယ်။ ပြီးတော့ လက်သီးလက်မောင်းတန်းပြီး...ဘာပြောလည်းဆိုတော့...
I am already more than 50 years old!
Today, 11 thousand height of lovely Fuji-san is under my feet!
I am very proud of myself!
Thanks to Su Su-san… I can’t make this trip without you!
တဲ့။
******************************
ဒီတောင်တက်ခရီးစဉ်အပြီး စုချစ်တစ်ယောက် အတွေးတွေ ဝေနေမိပါတယ်။
ပထမတော့ စုချစ်ဟာ ရုံးကဂျပန်တွေ ကို မခံချင်စိတ်နဲ့ တောင်ထိပ်ကို မရောက် ရောက်အောင်သွားဖို့ပဲ စိတ်က သန်နေပါတယ်။ ပြီးတော့ ရောက်နိုင်ခဲတဲ့ အိပ်မက်ထဲက ဖူဂျီတောင်ကြီးကို ရောက်ခဲ့မှတော့ တောင်ထိပ်ထိရောက်အောင်ကို သွားချင်ခဲ့တာပါ။
ဒါပေမဲ့ စုချစ်တောင်ထိပ်ကို မရောက်ခဲ့ပါဘူး။ အဲဒီအတွက် စိတ်ပျက်သလားမေးရင် နည်းနည်းလေးမှ စိတ်မပျက်ခဲ့ပါဘူးလို့ ဖြေပါရစေ။ ဘာလို့လဲဆိုတော့ စုချစ်တစ်ယောက်ထဲ တောင်ထိပ်ရောက်အောင် သွားနိုင်တာထက်စာရင် စုချစ်ဟာ အတူတူခရီးသွားတဲ့ လူတစ်ယောက်ကို တောင်တက်လမ်း ခရီးတနေရာထိ တွဲခေါ်နိုင်ခဲ့တာကို ပိုပြီး ဂုဏ်ယူ၊ ကျေနပ်နိုင်လို့ပါ။
******************************ဘ၀ခရီးလမ်းဟာလည်း တောင်တက်သလိုပါပဲ။ ဘ၀မှာ လူတွေဟာ ကိုယ်တစ်ယောက်ထဲ ထိပ်ဆုံးရောက်ဖို့ ၊ အဆင်ပြေဖို့ အရေးကြီးသလား။ ဘ၀ခရီးလမ်းတလျှောက် အကူအညီလိုတဲ့သူတွေကို တတ်နိုင်သလောက်ကူညီဖို့၊ ကိုယ်နဲ့အတူ လက်တွဲခေါ်ဖို့ စဉ်းစားမိကြပါသလား။
ဒီတောင်တက် ခရီးလေးဟာ စုချစ်ကို အမှတ်မထင် သင်ခန်းစာလေးပေးခဲ့ပါတယ်။
******************************
မြန်မာပြည်သူ ပြည်သားများရဲ့ အသွေး၊ အသား၊ အသက်တွေကို နင်းချေပြီး တောင်ထိပ်မှာ လေညှင်းခံနေကြသူတွေကတော့.....။
No comments:
Post a Comment