Sunday, May 11, 2008

လှူကြမယ် ကူကြမယ် တတ်နိုင်သလောက်ကွယ်


ဒီနေ့ဖေဖေနဲ့ မေမေ တို့ မြန်မာပြည်ပြန်ကြတယ်။ ဒီတခါ ဖေဖေတို့ စင်ကာပူမှာ ၃လ ကျော် ၄လ နီးပါးလောက် နေသွားကြတယ်။ ခုတောင် နာဂစ်ဖြစ်တော့ စိတ်ပူပြီး ပြန်ဖို့ စီစဉ်ထားတဲ့ ရက် စောပြီးပြန်သွားကြတာ။ နေ့လည် ၁နာရီလောက် ဖေဖေတို့ကို လေဆိပ်လိုက်ပို့ ပေးပြီး စုချစ်ရယ်၊ ယောင်္ကျားနဲ့ သူငယ်ချင်းတစ်ယောက်ရယ် စင်ကာပူ အရှေ့၊ အနောက်၊ တောင်၊ မြောက် က နာဂစ်အတွက် အ၀တ်အစားလှူချင်ပြီး မအားလို့ သွားမလှူနိုင်တဲ့ သူငယ်ချင်းတွေဆီက အ၀တ်အစားတွေ လိုက်သယ်ဖြစ်ပါတယ်။

ပထမတော့ ရလာတဲ့ ပစ္စည်းတွေကို သေသေချာချာ ပြန်ထုတ်ပိုးပြီးတာနဲ့ လမ်းပြကြယ်ကို တန်းပို့ မလို့ပါပဲ။ ဒါပေသိ ရလာတာတွေများလွန်းလို့ လမ်းပြကြယ်ကို ထရပ်ကားနဲ့ တခါထဲလာသယ်ပေးလို့ ရမလားလို့ အကူအညီ တောင်းလိုက်ရပါတယ်။

ရတဲ့ ပစ္စည်းတွေကတော့ ယောင်္ကျား မိန်းမ အ၀တ်အစားတွေရယ်၊ ကလေး ၃လသားလောက်ကနေ ၁၀နှစ်လောက်ထိ ၀တ်လို့ရတဲ့ အ၀တ်အစားတွေရယ်၊ ကလေး ဖိနပ်လေးတွေရယ်၊ အနွေးထည်၊ စောင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပုဝါ၊ မိန်းမလက်ကိုင်အိတ် စတာတွေပါ။

အဲဒါတွေကို ရုံးက ကြိုတင်ယူထားတဲ့ စက္ကူပုံးတွေထဲမှာ ခွဲပြီး ယောင်္ကျား မိန်းမ ကလေး အနွေးထည် စောင် စသဖြင့် သတ်သတ်စီပြန်ထည့်၊ အနံ့ မနံအောင်၊ ပိုးဟပ်မ၀င်အောင် ပရုတ်လုံးတွေထည့်လုပ်ကြပါတယ်။ စက္ကူပုံးထဲမထည့်ခင် ကျွတ်ကျွတ်အိတ်နဲ့ အရင်ထုတ်လိုက်ပါသေးတယ်။ မတော်တဆ စက္ကူပုံးကို ရေစိုရင် အထဲကို မစိုအောင်လို့ပါ။

ပစ္စည်းတွေစီ၊ ပြန်ထုတ်ပိုးနေရင်း လှူတဲ့သူတွေကိုလည်း သာဓုခေါ်မိပါတယ်။ သူငယ်ချင်းတစ်ယောက်ဆို အိပ်ရာခင်း အသစ်စက်စက်ကို လှူလိုက်တာပါ။ တချို့လည်း အင်္ကျိတွေက အကောင်းစားတွေရယ်၊ ရယ်စရာ ပြောရရင် ကိုယ့်မှာတောင် အိတ်လောက်ကောင်းတာရှိဘူး။

စုချစ်ကတော့ ထမီတွေများများလှူလိုက်တယ်။ မေမေ စင်ကာပူတခေါက်လာတိုင်း ယူလာတဲ့ ထမီတွေကို ရန်ကုန်ပြန်ရင် အားလုံးပြန်မထည့်ပေးပဲနေတော့ တခေါက်လာ တခါစုနဲ့ အများကြီးကိုဖြစ်နေတယ်လေ။ ဟိုမှာ မြန်မာ အမျိုးသမီးတွေက ဘောင်းဘီ ၀တ်မှာမဟုတ်တော့ ထမီတွေလိုမှာစိုးလို့ မေမေကထမီကို ဦးစားပေးလှူခိုင်းပါတယ်။ ပြီးတော့ မိုးတွင်းရောက်နေပြီမို့ အနွေးထည်ကိုလည်း လှူဖြစ်ပါတယ်။ ရတာတွေက တီရှပ်တွေများလို့ အင်္ကျီအနေနဲ့တော့ ယောင်္ကျားမိန်းမ မရွေးတော့ ၀တ်လို့ရကြမှာပါ။

ထုတ်ပိုးပြီးတော့ စုစုပေါင်း ၂၅ ထုတ်ရပါတယ်။ ဒါတွေက ဒီမှာကြည့်တော့သာများနေသလို ထင်ရပေမဲ့ ဟိုရောက်တော့ ဆင့်ပါးစပ်နှမ်းပက်သလို ရှိနေဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒါတွေ လေဘေးသင့်တဲ့ သူတွေဆီသာ အမြန်ရောက်ပါစေလို့ ဆုတောင်းရတော့မှာပါ။

No comments: