Saturday, July 20, 2013

ကြယ်တာရာ နဲ့ ကောက်ကြောင်းများ


စာအုပ်တစ်အုပ်ဖတ်ပြီးရင် စာအုပ်ထဲက သဘောကျစရာ အကြောင်းတွေ နဲ့ အဲ့ဒီစာအုပ်ကနေ ဖြန့်ထွက် စဉ်းစားမိတာတွေက အများကြီးပဲရယ်...။ ငယ်တုန်းကတော့ စာဖတ်ပြီးလျှင် ပြီးခြင်း ကိုယ်ကြိုက်တာလေးတွေ ရေးမှတ်ထားဖို့ ကိုယ်တွေးမိတာလေးတွေ ပြန်ချရေးဖို့ အချိန်တွေ အများကြီးပေးနိုင်ခဲ့တယ်။ ခုများတော့ စာဖတ်ဖို့ကိုတောင် ရှိသမျှ အချိန်ထဲကနေ ဖဲ့ပြီး ငဲ့ပြီး လုပ်နေရတာဆိုတော့ အရင်ကလို အချိန်ပေးပြီး စာရေး မှတ်တာတွေမျိုး မလုပ်နိုင်တော့ဘူးရယ်... ။

ဒီညနေ ထမင်းစားပြီး ဆရာမောင်သာချိုရဲ့ ဖျတ်ခနဲ တွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ နဲ့ ခေတ်ပြိုင်ခဲခြစ် ကောက်ကြောင်းများ ဆိုတဲ့ စာအုပ်တွေကို ဖတ်နေတာ၊ ဆရာမောင်သာချိုရဲ့ လက်ရာကို အတော်လေး သဘောကျမိလို့ ရေးချင်တာလေး စိတ်ထဲ ပေါ်လာတုန်း မေ့မသွားခင် ကွန်ပြူတာ ကမန်းကတန်း ဖွင့်ပြီး ရေးရတယ်။

လူပုဂ္ဂိုလ်တွေအကြောင်း သရုပ်ဖော်ရေးသားတဲ့ နေရာမှာ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ ဆရာကြီးဒဂုန်တာရာ ရဲ့ ရုပ်ပုံလွှာ စာအုပ်မှာ သူ့ရုပ်ပုံလွှာတွေကို ပုံဖော်ရာမှာတဲ့... သူ့ရင်ထဲ ရှိန်းရှိန်းရှရှ ခံစား စွဲငြိထားတဲ့ သင်္ကေတ ကို ပြန်လည် ဖော်ကျူးခြင်းလို့ ပြောဖူးတယ်။

မောင်သာချိုကတော့ သူ့စာပေဘ၀ခရီးမှာ ထိတွေက်စပ်ခွင့်ရတဲ့ စာရေးဆရာတချို့ရဲ ရုပ်ပုံကို ရေးခြစ်ပုံဖော်ထားတယ်။ အဲဒီ စာရေးဆရာတွေနဲ့ အမှတ်တရ အဖြစ်အပျက်တွေ၊ စာရေးဆရာတွေရဲ့ ဘ၀ အစိတ်အပိုင်းတွေ၊ ပုဂ္ဂလိက စရိုက် သဘာဝတွေ၊ ထူးခြားတဲ့ စိတ်နေစိတ်ထားတွေကို ရေးဖွဲ့ထားတာ အတော်လေး ပြောင်မြောက်တယ်...။ ကာတွန်းငွေကြည်က ပြောဖူးတယ်၊ ဆရာသော်တာဆွေနဲ့ တွေ့တော့တဲ့ မင်းဆွဲတဲ့ ငါ့ ကယ်ရီကေးချားပုံက လက်ရာမြောက်ပြီး ငါနဲ့ တူလိုက်တာဆိုတာ မပြောပါနဲ့တော့ဟေ့... အပြင်က ငါ သော်တာဆွေ အစစ်တောင် ကာတွန်းထဲကပုံနဲ့ တူအောင် လိုက်နေပေးရတယ်... မဟုတ်ရင် သော်တာဆွေ အစစ်မဟုတ်တော့မှာ စိုးလို့တဲ့...။ ဆရာမောင်သာချို အရေးအဖွဲ့ဖတ်ရတာ အနုပညာ ရသမြောက်လွန်းတော့ ဖတ်နေရင်း စိတ်မကောင်းဖြစ်ရ စိတ်မောရ လွမ်းရဆွေးရ တခါတလေကျတော့လည်း ပြုံးရယ်ရ နဲ့ ... သူတို့ဘ၀ထဲကိုလည်း ကိုယ်တိုင် လိုက်ပါ စီးမျော မိသလိုပါပဲ။ သူ့စာဖတ်ရင်းနဲ့ ကိုယ်သိတဲ့ ဆရာအကြောင်းဆို... အို... တူလိုက်တာ... အစစ်ပဲ အစစ်ပဲ လို့လည်း ထအော်နေမိပါသေးရဲ့... ။ ကဲ... သူရေးဖွဲ့ထားတာ ကြည့် ကြည့်ပါဦး။

ပါးစပ်နဲ့ သူကားမောင်းပြသလို လိုက်မောင်းပေးရလို့ အိမ်မှာ ဒရိုင်ဘာ မမြဲ... ဆိုတဲ့ ဆရာနိုးအကြောင်းကို သူက ဒီလိုရေးပြတယ်...။

ဆရာမောင်သာနိုး ပါးစပ်ဖြင့် ကားမောင်းပုံကို မြင်ယောင်မိကာ ပြုံးချင်ချင် ဖြစ်လာခဲ့သည်။ ဆရာတစ်ယောက် စာပေလမ်းမကြီးတွင် မောင်းနှင်သွားနေသည်ကရော ဤသို့ဤနှယ် ဆန်နေလေရော့သလား။
ကဗျာတွေဆက်မောင်း၊ လက်ဝဲတွေ မီးနီနေပြီ၊ ခဏရပ်ထား၊ မော်ဒန်မီးစိမ်းပြီ၊ ၀တ္တုတိုတွေ ယာဘက်ကပ်ပြီး လမ်းယူထားမယ်၊ ရှေ့မှာ သရုပ်မှန်တွေ ကျပ်ခဲနေတယ်၊ ဟွန်းတီးပြီး ကျော်တက်၊ အတိဿယတွေ လျှော့ထားမယ်၊ ၀င်္က၀ုတ္တိကို အရှိန်တင်လိုက်တော့။

ဆရာဖေမြင့်နဲ့ ဆရာနေ၀င်းမြင့် တို့ရဲ့ လူပုံစံ အဖွဲ့တွေကိုဖတ်ရတော့ မပြုံးပဲ မနေနိုင်ရုံမက အသံထွက်အောင်ကို ရယ်မိတယ်။

သံတွဲသားကိုဖေမြင့်၊ ဆရာဝန်ကိုဖေမြင့်။ အရပ်မြင့်မြင့်၊ နှာတံစူးစူး၊ မေးစေ့ချွန်ချွန်။ ဘုန်းတော်ကြီးကျောင်းက ကျက်သရေခန်းသော့ကို ကိုင်ရသော ကျောင်းသားကြီး၏ မျက်နှာမျိုးဖြင့် မိမိကိုယ်မိမိ ယုံကြည်စွာ။ ထို့နောက် မိမိကိုယ်မိမိ ဂုဏ်ယူစွာ၊ ထို့နောက် ရိုးဖြောင့်စွာ...။

ဆရာနေ၀င်းမြင့်။
အခုတော့ သူတော်တော့်ကို ၀သွားပြီ။ ၀မ်းဗိုက်ကြီးက အိုးစရည်းကြီးနှယ် လုံးလုံးခုံးခုံးကြီး၊ မျက်ခွံကြီးတွေက လေးလေးတွဲ့တွဲ့။ လက်ကိုင်ဖုန်းကို နွားခလောက်ဆွဲသလို လည်ပင်းမှာ ဆွဲထားသည်။ ရွှေဆွဲကြိုးက နက်ပြာသော သူ့အသားမှာ ၀င်းနေသည်။ မဇ္ဈိမဒေသက မဟာရာဂျာကြီးတစ်ဦးနှယ် မိန့်မိန့်အိန့်အိန့်။

ကဗျာဆရာတွေ အကြောင်း ရေးဖွဲ့ထားတာဖတ်ရတာ သူတို့ဘ၀အမောတွေက ကိုယ့်ကို လာကူးစက်ပြီး တော်တော်ကို စိတ်မောရတယ်...၊ သူ့တို့ဘ၀အကြောင်းတွေကို ရှားရှားပါးပါး သိခွင့်ရလို့ ကျေးဇူးတင်ပေမယ့် ဆရာဒဂုန်တာရာ ပြောသလို အရက်စော်ကလည်း နံလှလေတယ်။

ကိုယ် အတော် နှစ်သက် သဘောကျခဲ့ဖူးတဲ့ ပန်းချီကားတွေရဲ့ ဖန်တီးရှင် ပန်းချီရွှေစိုးဟန်အကြောင်း ဖတ်ရတာတော့ ရင်ထဲမှာ အနင့်ဆုံးပဲ... ။ ကြည့်ပါအုံး ဗမာပြည်က ပန်းချီဆရာတစ်ယောက် ရုန်းကန်ခဲ့ရတဲ့ဘ၀...။

အသက်နှစ်ဆယ် ၀န်းကျင်ခန့် လူငယ်တစ်ယောက်။ အသားက အညာရောင်ပေါက်နေသည်။ မည်းရုံမက မွဲ၍နေသောအသား။ မျက်တွင်းချောင်ချောင်။ ညစာ အမြဲတမ်း ငတ်နေဟန်တူသည့် အကြည့်။ မြီးတို ဂျပန်ဖိနပ်။ ရှည်လျားသော ဆံပင်များ။ သူက ပန်းခြံသံတန်းများကိုမှီ၍ အနာဂတ်မဲ့မဲ့ ထိုင်နေသည်။ သူ့ဘေးမှာ စက္ကူဖြင့် ကြော်ငြာတစ်ခု ကပ်ထားသည်။ လူပုံတူ အမြန်။ တစ်ပုံ ငါးကျပ်။

မောင်သာချိုက ကြယ်တာရာများ စာအုပ်မှာ လူပုဂ္ဂိုလ် ၁၈ယောက်၊ ကောက်ကြောင်း စာအုပ်မှာ လူပုဂ္ဂိုလ် ၁၈ယောက် ပေါင်း စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာ ၃၆ယောက် တို့ရဲ့ အကြောင်း ရေးဖွဲ့ထားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ အရေးအဖွဲ့ဟာတဲ့ ပန်းချီရေးခြယ်ထားတာကို ကြည့်နေရသလိုပါပဲလို့ ဟိုတုန်းက ဝေဖန်ရေးဆရာတွေက ရေးသတဲ့...။ မရွှေစုက ဝေဖန်ရေးဆရာမဟုတ်ပါဘူး...၊ ဒါပေမယ့်... ဆရာမောင်သာချို ရဲ့ ကြယ်တာရာနဲ့ ကောက်ကြောင်း အနုပညာကို ဖတ်ရတာ အဲဒီ ဆရာတွေရဲ့ ဓါတ်ပုံတွေ ကိုယ့်မျက်စိရှေ့မှာ ဖျတ်ခနဲ ဖျတ်ခနဲ ဆက်ကာ ဆက်ကာ ပြသွားတာကို ကြည့်နေရသလို လို့ ထင်မိတယ်။ ဓါတ်ပုံထဲက ဆရာသမားတွေက ကိုယ့်ကို တစေ့တစောင်း ပြန်ပြီး ငဲ့ကြည့်နေသလိုလည်း တခါတခါ ခံစားမိတယ်။

မရွှေစု...
ည၁၁း၅၅ ၁၉ ဇူလိုင် ၂၀၁၃

2 comments:

တန်ခူး said...

မျှဝေပေးတာကျေးဇူးပါသူငယ်ချင်းရေ. မြန်မာပြည်ကစာရေးဆရာ ကဗျာဆရာကြီးတွေတချို့ ချို့ တဲ့လွန်းတာများ သူတို့ အနုပညာနဲ့ မလိုက်ဖက်လိုက်တာ. တကယ့်ရင်နာစရာ

kay said...

ရွှေစိုးဟန်....း(

လူပျံတော်ပတ္တမြားကြော်ငြာပုံလေးတွေ...သူ့လက်မှတ် ၀ိုင်းစက်စက် အရစ်အခွေ အမြီးတန်းလေး...း((