Wednesday, January 18, 2012

ကတုံးက ရှိနှင့်ပြီးသား.........

ကတုံးက ရှိနှင့်ပြီးသား......

မရွှေစုသည် ကိုရေချမ်းအပေါ် မကြာခဏ စိတ်ကောက်ချင်သူ ဖြစ်သည်။ သို့သော် နှစ်ယောက် ထဲ နေရသော အိမ်မယ် တစ်ယောက်နှင့် တစ်ယောက် ခဏခဏ စိတ်ကောက်ပြီး စကားမပြောပဲ နေကြလျှင် ပျင်းစရာ ကောင်းပြီး တိတ်ဆိတ်နေမည် စိုးသောကြောင့် သော်လည်းကောင်း၊ စကားမပြောရ မနေနိုင်သော မစကားများ မရွှေစုအတွက် စကားပြောဖော် မရှိလျှင် မနေနိုင်ဖြစ်တတ်သောကြောင့် သော်လည်းကောင်း ဆယ်ခါ ကောက်မည်ပြင်လျှင် ကိုးခါလောက်က ကိုယ့်ဘာသာကိုယ် အသာကလေး ဒစ်စကောင့် ပြန်ချပြီး ဆယ်ခါ တစ်ခါလောက်သာ လိုရမယ်ရ စိတ်ကောက်လေ့ရှိသည်။ ကိုယ့်ဘေးနားရှိသူနှင့် စကားမပြောရ မနေနိုင် ၀ါသနာကြောင့် ကြာကြာ စိတ်မကောက်ချင်သည့်အတွက် မြန်မြန်စိတ်ကောက်ပြေရအောင် ၅မိနစ် ၁၀မိနစ် အတွင်း မရ ရအောင် ချော့နော်ဟုလည်း ကိုရေချမ်းကို သေချာ ကြိုတင်မှာထားရသေးသည်။

ဒီနေရာမှာ ဆရာမောင်ဝဏ္ဏ၏ နာမည်ကြီး ဇာတ်ဆောင် မောင်စိန်သောင်း မနှင်းရည် တို့ အကြောင်း ပြောပြချင်သည်။ မောင်စိန်သောင်းက သူ့မိန်းမ မနှင်းရည် စိတ်ကောက်တိုင်း သူ၏ ချော့နည်းကားကို ဤသို့ ရေးထား၏။

++++

မနှင်းရည်သည် အကြောင်း တစ်စုံတစ်ရာကြောင့် စိတ်ဆိုး၊ စိတ်ကောက်ပြီ ဆိုလျှင် ခုတင်ပေါ်၌ မအိပ်တော့၊ ခုတင်အောက်သို့ ဆင်း၍ အိပ်သည်။ အိပ်ရာတွင်လည်း ခြင်ထောင် သတ်သတ်မထောင် ၊ စောင်တစ်ထည်၊ ခေါင်းအုံးတစ်လုံးနှင့် ကြမ်းပြင်မှာ ဖြစ်စေ၊ ဧည့်ခန်း နှစ်ယောက်ထိုင် ကုလားထိုင်တွင် ဖြစ်စေ၊ မီးဖိုချောင်တွင်ဖြစ်စေ သွား၍ အိပ်တတ်သည်။

ထိုအခါ မောင်စိန်သောင်းက လိုက်၍ ခေါ်ရသည်။ သို့သော်မရ။ ''တော်နဲ့ မအိပ်ဘူး'' ဟု ခါးခါးသီးသီး ပြောလွှတ်လေ့ ရှိသည်။ ဤသို့သော အချိန်၌ မောင်စိန်သောင်းသည် ဒေါသဖြစ်၍ မရ။ စိတ်ရှည်ရှည် ထားရသည်။ မနှင်းရည် အိပ်ပျော်သည် အထိ စောင့်ရ၏။ စောင့်ပုံ စောင့်နည်းမှာ မနှင်းရည် တဆောင့်ဆောင့်နှင့် ကြမ်းပြင်တွင် ခေါင်းအုံးချ၊ ပစ်လှဲ၊ စောင်တစ်ပိုင်းခြုံ ဟိုလှိမ့်၊ ဒီလှိမ့်လုပ်၊ ခြင်ရိုက်၊ ခြင်ကိုကျိန်ဆဲ စသည်ဖြင့် ဆူပူမှု မှန်သမျှကို သည်းခံ ခွင့်လွှတ်၍ စောင့်နေရသည်။

နာရီဝက်၊ လေးဆယ်ငါးမိနစ်ခန့် ကြာလျှင် မနှင်းရည် အိပ်ပျော် သွားတော့၏။ မှေးမှေးမှေးမှေး ဖြစ်သွားခြင်း ဖြစ်ကောင်း ဖြစ်မည်။ သို့မဟုတ် တကယ် အိပ်ပျော်သွားခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့တည်းမဟုတ် အိပ်ပျော် သွားလေဟန် ဆောင်ခြင်း ဖြစ်ကောင်းဖြစ်မည်။ ထိုဖြစ်ကောင်း ဖြစ်နည်းများ အားလုံးဖြစ်နိုင်မည်။ ထိုအချိန်ကျမှ မောင်စိန်သောင်းက မနှင်းရည် နားသို့ သွားရသည်။

ခြေဖော့ နင်းရသည်။ လက်ထဲ၌ မျက်နှာသုတ် ပ၀ါ ဖြစ်စေ၊ လုံချည်ဟောင်း ဖြစ်စေ ပါရမည်။ ထို့နောက် မနှင်းရည် ဘေးနား၌ ကျုံ့ကျုံ့ကလေး ထိုင်၍ တိုးတိုးကလေး ခေါ်ကြည့်ရမည်။

''ရေ...ရေ''

အမှန်က ရည်ရေ ရည်ရေဟု ခေါ်ရင်းမှ စကားလုံးချင်း ဆက်၍ ကာလရွေ့လျောပြီး '' ရေ...ရေ'' ဟု အသံထွက် သွားရခြင်း ဖြစ်ပါသည်။ ထိုသို့ ''ရေ'' လျှင် မနှင်းရည် မလှုပ်မခြောက် နေ၏။ အသက်ကို မှန်မှန်ပြင်းပြင်း ရှူ၏။ ထိုသောအခါ မောင်စိန်သောင်းသည် မနှင်းရည် အိပ်ပြီဟု အသိအမှတ် ပြုရသည်။

ထိုသို့ အသိအမှတ် ပြုပြီးနောက် မောင်စိန်သောင်းသည် မနှင်းရည်၏ စောင်လွတ်နေသော ကိုယ်တစ်ပိုင်းပေါ်တွင် ၀ဲပျံနေသော ခြင်များကို အသာအယာ ယမ်းထုတ် ပစ်ရသည်။ မျက်နှာသုတ်ပ၀ါ၊ သို့မဟုတ် လုံချည်ဟောင်းသည် ဤနေရာ၌ အသုံးချရန် ဖြစ်ပါသည်။

သည်နောက် မောင်စိန်သောင်းသည် မနှင်းရည်၏ လက်မောင်းကို အသာ တို့ကြည့်ရ၏။ မနှင်းရည် တွန့်သွားလျှင် ဆက်၍ မတို့ထိရ။ ခြင်ယမ်းခြင်း အမှုကို ဆက်ပြုရသည်။ နောက်တစ်ခဏမျှ အကြာတွင် ထပ်၍ တို့ကြည့်ရသည်။ မနှင်းရည် မလူးမလွန့်တော့လျှင် မောင်စိန်သောင်းသည် မနှင်းရည်၏ ခါးလယ်အောက်ကို လက်အသာလျှို၍ မရသည်။ ထို့နောက် ကျောပြင်နှင့် တံကောက်ကွေးမှ ပွေ့ချီပြီး ခုတင်ပေါ် တင်ရသည်။ ခြင်ထောင်ချပြီး ခြင်ရှာရသည်။ တွေ့သည် ဖြစ်စေ၊ မတွေ့သည် ဖြစ်စေ ခြင်ရိုက်ရသည်။ တဖျပ်နှစ်ဖျပ် သုံးဖျပ်ခန့် ရိုက်ပြီးသော အခါ မောင်စိန်သောင်းသည် မနှင်းရည် ဘေး၌ ယှဉ်၍ လဲလျောင်းခွင့် ရသွားလေသည်။

++++

ညားခါစ အခါသမယက လင်မယား စိတ်ဆိုး စိတ်ကောက်တိုင်း အိပ်ခန်းထဲက ဆောင့်ဆောင့် ဆောင့်ဆောင့် လုပ်ပြီးထွက်၊ ပါးစပ်ကလည်း တစ်ယောက်ထဲ နေတာပဲ ကောင်းတယ်၊ ယောက်ျား ယူမိတာ မှားတာပဲ ဘာညာ သာရကာ ပွစိပွစိ ပြော၊ အိမ်ရှေ့ ဆိုဖာမှာ ၀ုန်းကနဲ ပစ်လှဲ ဆန္ဒပြတတ်သည့် မရွှေစု ကို ကိုရေချမ်း မှ ချော့နည်းကားသည်လည်း ခြင်ရိုက်တာ မပါသည်ကလွဲလို့ မောင်စိန်သောင်းနည်း ခပ်ဆင်ဆင်ပင်ဖြစ်သည်။ သို့သော် အိမ်ထောင်သက်ကြာလာသည့် အခါမှာတော့ မရွှေစု ၏ စိတ်ကောက်နည်းလည်း တစ်မျိုးတစ်ဖုံပြောင်းသည့်နည်းတူ ကိုရေချမ်း ချော့နည်းကားလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား၏။

အခုနောက်ပိုင်း စိတ်ကောက်ပြီဆိုလျှင် မရွှေစုက အစားတွေ တစ်ခုပြီးတစ်ခု အမျိုးမျိုး လုပ်စားပြပြီး ကိုရေချမ်းကို မကျွေးခြင်း ဖြစ်သည်။ သူများ ယောက်ျားတွေ ဘယ်လိုချော့တတ်သည်ဆိုတာတော့ မရွှေစု မသိ။ စကားလုံး အနုအရွ လှလှပပ လုံးဝ မပြောတတ်သူ တစ်ယောက် ဖြစ်သည့် ကိုရေချမ်းကတော့ မရွှေစု စိတ်ကောက်တိုင်း ရယ်စရာပြောလိုက် ပေါက်ကရတွေ ပြောင်ပြလိုက်၊ တစ်ခါတရံ ကပြလိုက်နှင့် (ကတယ်ဆိုတာတွေ လျှောက်မရေးနဲ့နော်... ရှက်စရာကြီး လို့ ပြောသေး ) စိတ် မပြေ ပြေအောင်လုပ်၏။ ကိုယ့်ရှေ့မှာ ပေါက်ကရ လာပြောင်နေတာကို ဘယ်သူက မရီပဲ နေနိုင်မည်နည်း။ မျက်နှာထား အတင်းတည်ထားလည်း မရ၊ နားပိတ်ထားလည်း မရ၊ နောက်ဆုံး မထိန်းနိုင်တော့သည်နှင့် ခွိကနဲ ရယ်လိုက်သည်မှ စိတ်ကောက်ခြင်းက အဆုံးသတ်ရမြဲ ဖြစ်သည်။ များသောအားဖြင့် ကိုရေချမ်းသည် သီချင်းတွေကို ဖျက်ဆိုပြီး ရယ်စရာလုပ်၍ ချော့လေ့ရှိသည်။

တကယ်တော့ မရွှေစု စိတ်မကောက်ဖြစ်သည်မှာ လနှင့် ချီ၍ကြာလှပါပြီ။ စိတ်ကောက်မည် ကြံလိုက်တိုင်း၊ နှုတ်ခမ်းစူလိုက်တိုင်း... ဟင်း... တရားတွေ ထိုင်ပြီး စိတ်ကောက်မလို့လား လို့ ကိုရေချမ်းက မေးလာလျှင် သြော်... အင်း... ဟုတ်သား ဆိုကာ မကောက်တော့ပဲ နေလိုက်ရသည်က များသည်။ ဒါပေသိ ဟိုတစ်နေ့ကတော့ မရွှေစု အမှန်အကန် စိတ်ကောက်ပါသည်။ စိတ်ကောက်ရုံတင်မက ဒေါသ က ငယ်ထိပ်ထိကို ရောက်လာသည်။

အဲဒီနေ့က တနင်္ဂနွေနေ့ ဖြစ်သည်။ ထုံးစံအတိုင်း မနက် ၅နာရီထ တရားထိုင်၊ ၆နာရီကျော်တော့ အပတ်စဉ် သွားနေကျ Macritchie Reservoir မှာ လေ့ကျင့်ခန်းလုပ်၊ ပြေး။ အပြန်ကျတော့ မနေ့ကတဲက ကြိုချက်ထားတဲ့ မုံ့ဟင်းခါးကို ကော်ဖီ၊ ဒင်ဆမ်းတွေရယ် နဲ့ မနက်စာစားကြ။ ပြီးတော့ ကိုရေချမ်းက ဇိမ်လေးနဲ့ ဆိုဖာမှာ လှဲပြီး ရုပ်ရှင်ကြည့်နေတုန်း မရွှေစုကတော့ တစ်ပတ်စာ အတွက် ချက်ပြုတ် ပြင်ဆင်ရသည်။ ချက်ပြုတ်ပြီးစီး နေ့လည်စာပါ ထပ်စားပြီးတော့ တစ်ပတ်စာ အတွက် သစ်သီးနှင့် မုန့်တွေဝယ်ဖို့ နှစ်ယောက်သား ရှော့ပင်းစင်တာ ထွက်လာကြသည်။ သစ်သီးနှင့် မုံ့တွေက ရပ်ကွက်ဈေးမှာ ၀ယ်ရတာထက် ရှော့ပင်းစင်တာမှာ ၀ယ်ရတာ ပိုလည်း စုံ၊ လတ်လည်း ပိုလတ်တာမို့ တနင်္ဂနွေနေ့လည်တိုင်း နှစ်ယောက်အတူ ဈေးထပ်ထွက်ဝယ်ကြရသည်။

အဲဒီမှာ ပြဿနာ တက်ရကြခြင်းဖြစ်သည်။ ရှော့ပင်းစင်တာက ၀ယ်ပြီး အိမ်အပြန် လမ်းမှာ ကုလားဆိုင်ကို ခဏ၀င်ပြီး ကုလားပဲနဲ့ ချဉ်ပေါင်ရွက် ၀ယ်သည်။ အဲဒီနား ကားရပ်စရာ နေရာ ရုတ်တရက် ရှာမရတော့ အန်တီယူစီ ရှေ့က တက်စီစတန်းမှာ အသာလေး ရပ်စောင့်နေ၊ ချက်ချင်း ၀ယ်ပြီး ပြန်လာမယ်လို့ မရွှေစုက ပြောတာကို သူက သီချင်းနားထောင်သည့် နားကြပ်ကြီး နားမှာ ညှပ်ထားရင် အင်းအင်းဟု ပြော၏။ ကုလားဆိုင်မှာ ဈေးဝယ်တာ ၅မိနစ်ပဲကြာသည်။ ၀ယ်ပြီး ပြန်ထွက်လာ ကားစောင့်ခိုင်းထားသည့် နေရာမှာ သွားကြည့်တော့ ဘာကားကမှ မရှိ၊ ရှင်းလင်းလို့။ ကံက ဆိုးချင်တော့ လက်ထဲမှာ ဟန်းဖုန်းပါမလာ။ သြော်... တစ်နေရာ ကိစ္စ ရှိလို့ ခဏသွားတာ နေမှာ၊ ဘေလ်တွေ ဘာတွေ သွားပေးနေတာ နေမှာ၊ သေချာ မှာ ထားတာ မှာတဲ့နေရာ လာစောင့်မှာပါ ဆိုပြီး ဆက်စောင့်ပေါ့။

ဖြစ်ချင်တော့ အဲဒီ ခဏမှာပဲ ရေအိမ်က တအားသွားချင်လာသည်။ ခုတလော ဆီးမကောင်းချင်သလို ဖြစ်လို့ ရေများများ သောက်ရင်း ၁နာရီလောက် တစ်ခါ ကို ရေအိမ်က သွားချင်တာ ဖြစ်၏။ အိမ်က ထွက်လာတာ ၂နာရီကျော်နေပြီဆိုတော့ သွားချင်ပြီလို့ စိတ်ထဲက ဖြစ်လာရင် ရုတ်တရက်ကို မနေနိုင် မထိုင်နိုင် ဖြစ်မိတော့တာ။ စဉ်းစားကြည့်ပါ။ စောင့်ခိုင်းထားတဲ့သူက ဘယ်မှာ မှန်းမသိ၊ ဟိုဘက်မျှော်ကြည့်လိုက်၊ ဒီဘက်မျှော်ကြည့်လိုက်ရနဲ့၊ လူကလည်း အန္တရယ်ကို လွယ်ထားရတော့ ချွေးသီးချွေးပေါက်တွေကျပြီး လမ်းမပေါ် ဟိုဘက် လျှောက်လိုက်၊ ဒီဘက် လျှောက်လိုက် ယောက်ယက်ကို ခတ်နေမိသည်။ လမ်းစဉ်လူငယ် စစ်ရေးပြသလို ကောက်ရိုးခြေထောက် မြက်ခြေထောက် လုပ်လိုက်၊ မသိမသာ ခုန်ဆွ ခုန်ဆွ လုပ်လိုက်၊ လေ့ကျင့်ခန်းလုပ်သလိုလို ဘာလိုလို ခါးကို ဟိုနွဲ့ ဒီနွဲ့နဲ့ ထိန်းလိုက်၊ ခြေကို လိမ်လိုက် အမျိုးမျိုးကို လုပ်နေရတာ ဘယ်လောက် ဆိုးလိုက်တဲ့ ဒုက္ခထင်သလဲ။

ကြာတော့ မတတ်နိုင်တော့ဘူး။ ၁၅နှစ် လောက် ပေါင်းလာပြီးတဲ့ ယောက်ျား ဘယ်လိုလူဆိုတာ သိနေပြီးသားဖြစ်သည့်အတိုင်း ရပ်ကွက်ဈေး ပတ်ပြီး သူ့ကို ရှာရတော့ကာ နောက်ဆုံးဘယ်မှာ သွားတွေ့လဲဆို အန်တီယူစီ အနောက်ဘက်အခြမ်းမှာ ကားကြီးရပ်လို့ ကားထဲမှာ ဇိမ်နဲ့ လှဲပြီး မျက်လုံးလေးမှိတ် သီချင်း နားထောင်နေလိုက်သေး။ ဘယ်... မရွှေစုလည်း ဒေါသက ငယ်ထိပ်ကို ချက်ချင်း တက်ကပ်တော့တာပေါ့...။ ကိုယ်က ၀ူးဝူးဝါးဝါး လုပ်တော့လည်း မရွှေစု အေးအေးဆေးဆေး ဈေးထပ်ဝယ်နေတာ ထင်လို့ လိုက်မလာပဲ စောင့်နေသည်တဲ့။

အိမ်ပြန်ရောက်တော့လား။ ဘယ်နှယ်... အန်တီယူစီ အရှေ့နဲ့ အနောက်ကို နေရာမှား နားထောင်ပြီး စောင့်တာက တပြစ်၊ ကြာနေတာကို လိုက်မရှာတာက တပြစ်၊ ကိုယ့်ဒုက္ခ အတွက် စိတ်တိုတာ က တပြစ်၊ အပြစ်ပေါင်းများစွာ စွဲချက်များနှင့် တကွ စကားပြောဆိုခြင်း ရပ်ဆိုင်း လိုက်သည်။ သူ့ မျက်နှာလည်း မကြည့်၊ တဆောင့်ဆောင့်နှင့် ပစ္စည်းတွေ သိမ်းစရာရှိတာသိမ်း ကိုယ့်အလုပ် ကိုယ်လုပ်နေလိုက်သည်။

အစက အိမ်ပြန်ရောက်ရင် ဒိုမီနို ဖျော်တိုက်မယ်လို့ ပြောထားတာ။ ခုတော့ ရေခဲမုန့်တွေထည့်၊ နွားနို့တွေ၊ ပူတင်းတွေ၊ သစ်သီးတွေထည့်ဖျော် ဒိုမီနိုလုပ်ပြီး သူ့မကျွေးပဲ ကိုယ့်ဘာသာကိုယ် ထိုင်စားနေလိုက်၏။

''မရွှေစု ရေ... ဒီမှာ ကြည့်စမ်း....ရွှေငါးလေး လှတာဗျာ.... လှလိုက်တာ အရမ်းပဲ.... မရွှေစုနဲ့ ချွတ်စွပ်ပဲ။''

သူ့ လက်တော့ကြီး မျက်နှာရှေ့ လာဝဲ ပြသည်။ ပုံထဲမှာက မျက်လုံးပြူးပြူးနဲ့ နှုတ်ခမ်းကြီးစူနေတဲ့ ရွှေငါး။ ဟန်း... ဒီလောက်နဲ့ ရီဖို့ စိတ်ပြေဖို့ ကွာလေ။ ခပ်တည်တည်နှင့် သူ့မျက်နှာကို မကြည့်ပဲ ရေခဲမုန့်တွေ အားပါးတရ စားပြလိုက်သည်။ ဒါနဲ့ သူ့စားကြည့်စားပွဲ သူ့ဘာသာ ပြန်သွားပြီး သီချင်းတွေ ဟိုဖွင့် ဒီဖွင့် လုပ်ရင်း လှမ်းပြောပြန်သည်။

''ချစ်ဆုံး ကတုံး .... မောင် ဘယ်တော့မှ မမုန်း...''

ဟိုတစ်နေ့က ကျော်စွာက ဖေ့စ်ဘုတ်ဝေါပေါ်မှာ လာရေးသွားတာကို ဆိုပြနေသည်။ သူများ နောက်လိုက် လို့ စိတ်ထဲက ရေရွတ်ရင်း မျက်စောင်းလှမ်းခဲလိုက်၏။ ခဏကြာတော့ ဇော်ဝင်းထွဋ် သီချင်းသံကို နောက်က ယောင်ဝါး လိုက်ဆိုနေပြန်သည်။

~~~~
သူ... အစားလေးများ မကျွေးတဲ့ အခါ... ကိုယ်နှလုံးသားလေး ၀မ်းနည်းသွား...
တစ်ယောက်ထဲ ကြိတ် သွားရည်ကျလည်း ... အချစ်များ ကတုံးဆီမှာ...
နာကျည်းလို့ မခေါ်မပြောလဲ... အချစ်များ ကတုံးဆီမှာ....
~~~~


ဟွန်း... မရီသေးဘူး။ မရီသေးဘူး။

နောက်ထပ် သီချင်းသံ ထွက်လာပြန်၏။

~~~~
နွေကန္တာလို နေ့အား ... တို့ရင်ဆိုင်မယ် ...သိထား... မင်းရဲ့ ကတုံးက ကိုယ့်အတွက် ခွန်အား......
ရင်ခွင်ညာကို ကမ်းလှမ်းတဲ့ မင်းရဲ့ လက်ကလေးများ ....
ထာဝစဉ်ကြင်နာ နွေးထွေးကာ အမြဲတမ်းသာ စိုးမိုး............ သိမ်းထား .........

.........
ရင်ထဲမှာ ကတုံးက ရှိနှင့်ပြီးသား... အိုး... ကတုံးက ရှိနှင့်ပြီးသား ...........
ကတုံးလေးကို ယုံစား... ကိုယ့်ရဲ့ ဘ၀မှာ ကတုံးလေးကို တင်စား ...........
ရင်ထဲမှာ ကတုံးက ရှိနှင့်ပြီးသား... အိုး... ကတုံးက ရှိနှင့်ပြီးသား .........
~~~~


သီချင်းကို အော်ဆိုရင်း ကိုရေချမ်းက မရွှေစုနားကို လာထိုင်သည်။ သူမမြင်အောင် မျက်နှာ တစ်ဖက်လှည့် လိုက်ရသည်။ မရီဘူး။ တင်းထား။ ခုနက တစ်ယောက်ထဲ ကောက်ရိုးခြေထောက် လုပ်ပြီး စစ်ရေးပြနေရတာ ပြန်တွေးစမ်း။ မရီနဲ့။

''ဟား... ဒီတစ်ခါ ဆေးတိုးဖို့ ခက်ပါလားကွဲ့... သြော်.... အားလုံးထက် နွေးထွေးလုံခြုံတဲ့ အိမ်ဟာ ကတုံးမ အိမ်ပဲလို့ သိလိုက်ရတဲ့ အခါမှာတော့ ကျနော်ဟာ ကတုံးမရဲ့ဘေးမှာ မုံ့စားချင်လို့ ထိုင်နေပါတယ် လေ.....''

'' ခွီး...''

သွားတာပဲ။ နောက်ဆုံးမတော့ မရီပဲ မနေနိုင်သည့် မရွှေစုတစ်ယောက် စိတ်ကောက်ပြေပေး လိုက်ရပါတော့သည်။

++++++

ကိုးကား။ ။ ဆရာမောင်ဝဏ္ဏ၏ ချော့နည်းကား

14 comments:

rose said...

ဖတ်ပြီး ကြည်ကြည်နူးနူး ပြုံးသွားတယ် ကြီးစုရေ...။ ကြီးစုနဲ့ ရို့စ်နဲ့ တူတယ် သိလား။ ရို့စ်လည်း သူ့ကို စိတ်ကောက်၊ စိတ်ဆိုးရင် ထမင်းဟင်း မချက်ဘူး။ ချက်ရင်လည်း ကိုယ့်တစ်ယောက်တည်းစာ ချက်ပြီး စားပြတယ် ဟိဟိး)။

sonata-cantata said...

သူ့ ယုံစားပြီး ကတုံးကြီးနဲ့တသက်လုံးတော့ မနေလိုက်ပါနဲ့အေးP

ပုံ
ဆံပင်ဖြူတွေ မြင်ရမှာစိုးလို့
ကတုံးဆတောက်နဲ့နေသူ

Junemoe said...

ဟားးးးး မိုက်တယ်ကွာ.. စိတ်ကောက်နည်းရော ချော့နည်းရော. အဲ့ ကောက်ပုံတွေ မှတ်ထားရမယ်..။ :P

သက်ဝေ said...

ဒီပိုစ့်လေး သိပ်ကြိုက်တာပဲ...
တချိန်လုံး ပြုံးနေရအောင် ရေးတတ်တယ်...း)

ဒီတခါတွေ့မှ အဲဒီသီချင်း ပြန်ဆိုပြခိုင်းရမယ်... ... ဒန် တန့် တန်... ...

မေဓာဝီ said...

တော်လိုက်တဲ့ ကိုရေချမ်း ... ချော့တတ်လိုက်တာနော်။ နောက်ဆုံးတော့ မစုတယောက် လက်မြှောက် အရှုံးပေးရလေသတည်း ...
ဟိဟိ မစုလဲ တော်တယ်။ စာရေးတာကောင်းလို့ ကွက်ကွက်ကွင်းကွင်း မျက်စိထဲ မြင်ပြီး ရယ်နေရတယ်။ :)) ))

SHWE ZIN U said...

ပျော်စရာကြီး ဘဲ ညီမရေ

မြသွေးနီ said...

လင်နဲ့မယား လျှာနဲ့သွား ဆိုသလို မကြာခဏ ကိုက်မိတတ်ကြတာ သဘာသထင်တယ်နော်။ ဟာသဇ၀နဥာဏ်ရွှင်ရွှင်နဲ့ ရေးထားတာ ဖတ်ရင်းပြုံးနေမိရတယ်။ သီချင်းတွေကလည်း ကောင်းမှကောင်း... :)))

စုချစ် said...

ဖတ်ရှုအားပေး ကော်မန့်လေးတွေအတွက် အားလုံးကို ကျေးဇူးအထူး အထူး တင်ပါတယ်နော်...
ချမ်းမြေ့ပါစေ....စုချစ်
း)

Kay said...

မရွှေစု ရေး
ဖတ်လို့ ကောင်းလိုက်တာ..
ဟာသညဏ်ရှိတဲ့ ကိုရေချမ်း ပဲ..။

မသက်ဝေ ပြောသလို တလျှောက်လုံး ပြုံးရတဲ့ စာ..
း))

စုချစ် said...

ကျေးဇူး...မကေ....း)

ခင်မင်းဇော် said...

ချော့နည်းကတော့ သိပ်မကွာဘူး ညီမစုချစ်ရေ။ အိမ်မှာလဲ အဲလိုပဲ ပေါက်ကရပြော သီချင်းဖျက်ဆိုပြီး ပြန်ရယ်အောင် လုပ်တာပဲ။ အမလဲ စိတ်ကောက်ရင် ရှိတာအကုန်တယောက်တည်း ထိုင်စားတာ :P

The Queen said...

အမလေး မမရယ် ရယ်လိုက်ရတာ.....မမ အမျိုးသားက တေးစပ် ကောင်းလိုက်တာ ..သီချင်းတွေကို လိုက်ဆိုကြည့်ပြီး ရယ်ရတယ် .. ဒီပို့စ်လေးကို သိပ်ကြိုက်

စုချစ် said...

ညလေးကွင်း...ပျောက်လှချေလားးးး
း-)

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ။
ရီလိုက်ရတာ ချစ်စု ရာ-
အူတွေကိုနာလို့ ဒါတောင်စာဖတ်လို့ နော်-
အပြင်မှာသာဆိုပိုပြီးအော်ရီမိမလားဘဲ