Friday, January 13, 2012

လှေကလေးကို လှော်မည် ဘေးမသန်းပဲ အေးချမ်းတော့သည်



လှေကလေးကို လှော်မည် ဘေးမသန်းပဲ အေးချမ်းတော့သည်

တစ်နှစ်က မလေးရှား ကွာလမ်လမ်ပူမှာ ရှိတဲ့ တရုတ်တန်း ရဲ့ ညဈေးတန်း ကို ရောက်သွားတဲ့အခါ အဲဒီမှာ ဈေးရောင်းနေတဲ့ အရောင်းသမားလေးတွေ တော်တော်များများဟာ ဗမာပြည်က ဖြစ်ကြတာတွေ့ရတယ်။ သူတို့က မရွှေစုတို့ကို ဗမာမှန်းသိလို့ ဗမာလိုတွေပြောပြီး ဈေးရောင်းကြတယ်ပေါ့။ ကောင်လေးတွေက ရည်ရည်မွန်မွန်၊ ရုပ်ရည်သန့်သန့်၊ သဘောကောင်းကောင်း ပုံ ကလေးတွေ။ မရွှေစုတို့ကို သူတို့ ရောင်းနေတဲ့ ပစ္စည်းတွေ ဈေးလျှော့ပေးတဲ့ အပြင် သူတို့ ဆိုင်မှာ မရှိတဲ့ပစ္စည်းတွေ လိုချင်တာ ဈေးသက်သက်သာသာနဲ့ ရအောင် တခြားအသိဆိုင်တွေကို လိုက်ပို့ပေး၊ ကူပြီး ဈေးဆစ်ပေးကြတယ်။ မဟုတ်ရင် ဒီကေအယ်လ် ညဈေးတန်းက ဈေးတွေတင်ပြီး ရိပ်ကြတာတဲ့။ အဲဒီ ကောင်လေးတွေက စကားပြောရင် အသံဝဲတဲတဲလေးတွေနဲ့ အသက်က ၂၀ကျော်ကျော် လေးတွေပဲ ရှိသေးတယ်။

'' ဒီဈေးထဲ ဗမာ တွေ အများကြီးပဲနော်။ ဟိုနားက ဆိုင်မှာလည်း မောင်လေးတို့လိုပဲ ဗမာတွေ အစ်မ တွေ့ခဲ့တယ်။ သူတို့နဲ့ရော သိကြလား။ ''
'' ကျနော်တို့က သူတို့ နဲ့ မတူဘူး အစ်မ၊ သူတို့က ဗမာ တွေ၊ ကျနော်တို့က မွန်လူမျိုး... ''
'' ဟင်....နင်တို့ကလဲဟယ်... မွန်လည်း ဗမာ ၊ ဗမာ လည်း မွန်ပေါ့ဟ။ တစ်မြေထဲကလာပြီး အဝေးကြီးမှာ အလုပ်လုပ်နေကြရတဲ့ဟာ... ''
မရွှေစုက အဲသလို ပြောတော့ သူတို့ ပြုံးပြီး နားထောင်နေကြတယ်။
'' အခု အစ်မ ကို ဗမာမှန်း သိပေမယ့် နင်တို့ ကူညီ ကြတာပဲ။ အစ်မကလည်း နင်တို့ ဘာလူမျိုးလည်းတောင် မစဉ်းစားမိဘူး။ ကိုယ့်တိုင်းပြည်က လူမျိုး အသံကြားတာနဲ့တင် ၀မ်းသာတာပဲ။''
သူက ဗမာမို့ ကိုယ်က မွန်မို့ ဆိုတဲ့ စကား ပြည်ထောင်စု သားချင်းထဲ ဘာလို့ ရှိရမလဲတဲ့။ မှုတ်ဖူးလားနော်။

အဲသာနဲ့ ဆက်စပ်လို့ ပြောရရင် မရွှေစုတို့ မေမေ ဇာတိချက်ကြွေမွေးရပ်မြေဟာ မြစ်ဝကျွန်းပေါ် မြို့လေးတစ်မြို့က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ စီးပွားဖြစ်ထွန်းလှတဲ့ အေးချမ်းသာယာတဲ့ ရွာလေးတစ်ရွာ ဖြစ်တယ်။ ဒါပေမယ့် လွတ်လပ်ရေး ခေတ်ဦးမှာ ရွာမှာ ကရင်သူပုန်တွေ ထကြွသောင်းကျန်း နှိပ်စက်လို့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ ထားခဲ့၊ ရွှေငွေ ပစ္စည်းတွေ တန်ဖိုးကြီးတာတွေတော့ မြေကြီးထဲ တွင်းတူး ဖွက်ခဲ့ပြီး မြို့ပေါ်ကို ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးကြရတယ်။ သူပုန်တွေက အိမ်မှာ တွေ့သမျှ ပစ္စည်းတွေ လုယက်ဖျက်ဆီး ယူငင်သွားတဲ့ အပြင်၊ မြေကြီးမှာ ဖွက်ထားတဲ့ ရွှေငွေက အစ စူးထိုးချပြီး ယူသွားလို့ ရှိသမျှ တက်တက်ပြောင်ပြီး မေမေတို့ မိသားစု ဟာ ရန်ကုန်မြို့မှာ လက်ကြီးပဲကနေ ဘ၀အသစ်ကို ပြန်စခဲ့ကြရတယ်လို့ ဆိုတယ်။ အဲဒီတုန်းက မေမေဟာ ကရင်ဆို နာမည်တောင် မကြားချင်အောင် မုန်းတီးခဲ့တဲ့သူ ဖြစ်တယ်။

ဒီလိုနဲ့ နှစ်တွေ ကြာ လာခဲ့တယ်။ ဖေဖေနဲ့ မေမေ အိမ်ထောင်ကျပြီးတော့ အခြေချနေခဲ့တဲ့ အိမ် ရဲ့ အိမ်ရှေ့အိမ် က မိသားစု ဟာ ကရင်လူမျိုး မိသားစု ဖြစ်တယ်။ သူတို့တွေဟာ ရိုးသား ဖော်ရွှေပြီး သူတပါးကို အင်မတန် ကူညီတတ်သူတွေ ဖြစ်တယ်။ တခါမှာ အဲဒီ မိသားစု ထဲက မနော်လေးရဲ့ ယောက်ျား သူ့ရုံး ကိစ္စနဲ့ မတရား အမှုဆင် ထောင်ချခံရတော့ အဲဒီ အချိန်က တရားသူကြီး ဖြစ်နေတဲ့ ဖေဖေဟာ အတတ်နိုင်ဆုံး တရားသဖြင့် ဖြစ်စေရအောင် အကူအညီတွေ အများဆုံး ပေးခဲ့တယ်။ မနော်လေးရဲ့သား ဟာ ဖေဖေ မေမေတို့ရဲ့ မွေးစားသား ဖြစ်လာတယ်။ ဟိုတချိန်တုန်းက ကရင်ကို နာမည်တောင် မကြားချင်အောင် မုန်းခဲ့ဖူးတယ်ဆိုတဲ့ မေမေဟာ သူကိုယ်တိုင် နို့တိုက် မွေးခဲ့ရတဲ့ သူ့ မွေးစားသား၊ မရွှေစုတို့ရဲ့ မွေးစား မောင်လေး ကရင်လူမျိုး ဖြစ်တဲ့ ဖိုးခွားလေးကို အရမ်းချစ်ပါတယ်။ တခါက တခြားသူတစ်ယောက် လုပ်ခဲ့တဲ့ အမှုကြောင့် သူ့လူမျိုးတိုင်းကို လိုက်မုန်းနေရမယ်ဆို ဒီကမ္ဘာကြီးမှာ ရန်ငြိုးတွေနဲ့ ဘယ်လို နေချင်စရာ ကောင်းတော့မှာပါလဲ။

ဟော... အခုလည်းပဲ နှစ်၆၀ကျော်ကြာသည့်တိုင်အောင် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့တဲ့ ကရင် အမျိုးသား အစည်းအရိုးနဲ့ ကရင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ ရဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်နေကြပြီတဲ့။ ဆွေးနွေးပွဲက နှစ်ဘက် ကိုယ်စားလှယ်တွေရဲ့ အပြုံးတွေကို မြင်ရ ကြားရ ကြည့်ရတာ ဘယ်လောက် စိတ်ချမ်းသာ စရာ ကောင်းလှပါသလဲ။ ဇွဲကပင် တောင်ကြီးက ပြုံးလို့ ကြည့်နေမှာ မြင်ယောင်ပါသေးရဲ့။

ကျက်သရေ မင်္ဂလာ အရှိဆုံး သတင်းကတော့ ဒီနေ့ မနက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းပဲ။ မရွှေစု ခံစားမိတာကတော့ အမေစု ပြောသလို လူတွေဟာ အတိတ်က နာကျည်းချက်တွေကို ပြန်စဉ်းစားပြီး အတိတ်ဘ၀ထဲကနေ ရုန်းမထွက်နိုင်ရင် အနာဂတ် ငြိမ်းချမ်းသာယာ ညီညွတ်ရေး ဘယ်လို စုစည်း လုပ်နိုင်ကြတော့တဲ့ မလဲ။

ဒီနေ့ ဒီအချိန်ဟာ မရွှေစုတို့ မောင်နှမ တွေ အားလုံး လက်တွဲပြီး ကိုယ့်နိုင်ငံတော် သာယာရေးအတွက် ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ရမယ့် အချိန်အခါကောင်းပဲ။ နောင် သိပ်မကြာခင် ကာလမှာပဲ ကမ္ဘာမှာ မြန်မာဟေ့လို့ လက်မ ထောင် မကြွေးကျော်နိုင်ဘူးလို့ ဘယ်သူ ပြောမလဲ။

စုချစ်
၁၃-၀၁-၂၀၁၂
နေ့လည် ၂း၄၇ နာရီ
++++++++

2 comments:

ကိုခိုင် said...

တရာသူကြီးရဲ့ သမီးက
စာရေးလည်း ကောင်းတယ်ဗျ။း)

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းစေချင်ပါပြီ။
အမေ့ကို လွမ်းလှပြီဗျာ။
ကျန်းမာပါစေ။

ကိုခိုင်

Law Shay said...

မတူဘူးလို့ ပြောတာ မုန်းနေတာ မဟုတ်ဘူး။

မတူတာ။ တရုတ်နဲ့ ကုလား၊ အင်္ဂလိပ်နဲ့ ပြင်သစ်၊ ရုရှနဲ့ ကပ္ပလီ၊ ယိုးဒယားနဲ့ ဗီယက်နမ် အို ... သူတို့ မတူသလိုပဲ ဗမာနဲ့ မွန်နဲ့၊ ရခိုင်နဲ့ ရှမ်းနဲ့ မတူဘူး။

မတူတာကို သိရမယ်။ သိမှ တူတူ ညီညီညွတ်ညွတ်နေနိုင်မှာ။

ဥပမာ မူစလင် ဝက်သားမစားတာကို တရုတ်တစ်ယောက်က မသိဘူးဆိုပါတော့။ သူကတော့ စေတနာ ဗလပွပဲ ဝက်ကလီစာချက်ထားတာထဲကမှ အကောင်းဆုံးလေးတွေ ရွေးပြီး စားစေချင်လို့ သွားပေးတာ၊ ဟိုက စော်ကားရကောင်းလားဆိုပြီး ခေါင်းရိုက်ခွဲလိုက်တော့ ရန်ဘက်တွေ ဖြစ်ကုန်ရောပေါ့။

ရန်တွေ မဖြစ်ကြစေချင်ရင် ... ပထမဆုံး မတူမှန်း သိရမယ်။ ဘိုးစဉ်ဘောင်ဆက်၊ အေးအတူ ပူအမျှတွေ လျှောက်မပြောပဲ အေးကွာ ငါတို့ လွန်တာလဲ ရှိ၊ မင်းတို့ လွန်တာလဲရှိ၊ အဲဒီတုန်းက နားမလည်လို့ လုပ်မိကြတယ်။ နောင်မလုပ်ဘူးနော်။ ဆိုပြီး ချစ်ချစ်ခင်ခင် နေမှ ဒီချစ်ခင်ရေးဟာ တည်တံ့ပါမယ်။

အသားအရောင်၊ ရေးတဲ့စာ၊ ပြောတဲ့စကား၊ ကတဲ့ အက၊ မင်္ဂလာဆောင်တဲ့ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု (ဘာသာရေးကလွဲလို့) အကုန်ကွဲနေတဲ့ဟာကို ညီရင်းအစ်ကိုချည်း စွပ်စွပ်ပြောနေရင်တော့ ထထချနေမှာပဲ မြင်ယောင်ပါရဲ့။