Thursday, October 6, 2011

စတိဗ်၊ ဘီလ် နဲ့ ဘ၀ အကြောင်းတရားများ

စတိဗ်၊ ဘီလ် နဲ့ ဘ၀ အကြောင်းတရားများ


ဒီနေ့ မနက်စောစော ရုံးရောက်လို့ သတင်းဖွင့်လိုက်တာနဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုက ကျမကို ဆီးကြို နှုတ်ဆက်လို့နေတယ်။ ပန်းသီးရဲ့ ဖခင်ကြီး စတိဗ် ဂျော့ ၂၀၁၁ အောက်တိုဘာ ၅ရက် မနေ့ညမှာ ကွယ်လွန်သွားပြီး ဖြစ်ပါတယ်တဲ့။ ပန်းသီးကနေ product အသစ်တစ်ခု တီထွင်လိုက်တိုင်း သုံးစွဲသူများ နဲ့ မိတ်ဆက်ပေးဖို့ရန် စတိတ်ခ်ျစင်ပေါ်မှာမြင်ရလေ့ရှိတဲ့ စတိဗ်ဂျော့ရဲ့ ပုံရိပ်ဟာ တစ်ခါထက် တစ်ခါ ကျန်းမာရေး ပိုညံ့လာပုံရတာ၊ စိတ်ဓါတ်ကမာလို့ စိတ်ဆောင်ပြီး ဟန်ပန်အမူအရာ နဲ့ မျက်နှာအနေအထားမှာ အင်အားရှိနေဆဲလို့ ထင်ရပေမယ့် ရုပ်ခန္ဓာအရ အင်အားနည်းနေပုံရှိနေတာ သတိထားမိခဲ့တယ်။ နောက်ဆုံး ၂၀၁၁ သြဂတ် ၂၄ မှာ ပန်းသီးရဲ့ အကြီးအကဲ အဖြစ် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေငြာတာကို ဖတ်ရတော့ သူ့ရဲ့ ကျန်းမာရေး တစ်စုံတစ်ရာ စိုးရိမ်ရတဲ့ အခြေအနေကိုရောက်နေပြီနဲ့တူတယ်လို့ ခန့်မှန်းမိပါတယ်။ အဲဒီတုန်းက သတင်းဓာတ်ပုံတွေမှာ သူ့ရဲ့ ရာထူးမှနှုတ်ထွက်ကြောင်း ကြေငြာပြီးနောက် သူ့အမျိုးသမီးရဲ့ ပခုန်းကို မှီထားလိုက်တာကို မထင်မှတ်ပဲ တွေ့လိုက်ရလို့ စိတ်မကောင်း ပိုဖြစ်မိခဲ့ပါတယ်။

၂၀ရာစုခေတ်ကြီးရဲ့ ထူးခြားပြောင်မြောင်လွန်းတဲ့ ပါရမီရှင်တွေဖြစ်တဲ့ ဘီလ် ဂိတ်နဲ့ စတိဗ် ဂျော့ တို့ ရှိတဲ့ခေတ်ကြီးမှာ ကျမအနေနဲ့ လူလာဖြစ်ရတာ တနည်းအားဖြင့်တော့ ဂုဏ်ယူမိပါတယ်။ သူတို့ရဲ့ မနေမနား ရူးသွပ်စွာ ကြိုးပမ်းအားထုတ်မှုကြောင့် ကမ္ဘာကြီးရဲ့ နည်းပညာတွေ၊ လူသားတွေရဲ့ လူနေမှု ဘ၀ အနေအထား အဆင့်အတန်းတွေဟာ မယုံကြည်နိုင်လောက်အောင် တိုးတက်ပြောင်းလဲခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ ပါရမီရှင် နှစ်ယောက်ဟာ ၁၉၅၅ ခုနှစ် တစ်နှစ်ထဲ ဖွားတွေ ဖြစ်ကြတယ်။ သို့သော် ပါရမီရှင် ဆိုတာတွေ တူကြပေမယ့် သူတို့ရဲ့ ဘ၀ကံ အကြောင်းတရားတွေကတော့ မတူညီကြပါဘူး။

ဘီလ် ဂိတ် က upper-middle-class မိသားစုက မွေးဖွားလာသူဖြစ်ပြီး သူ့မိဖတွေဟာ ပညာတတ်တွေ ဖြစ်ပါတယ်။ သူဟာ ချစ်ခင်ဖွယ်ရာ မိသားစုများနဲ့ ငယ်ဘ၀ကို ပျော်ရွှင်ငြိမ်းချမ်းစွာ ကြီးပြင်း လာခဲ့ပုံရပါတယ်။ စတိဗ်ကတော့ ပညာမတတ်တဲ့ မွေးစား မိဖများရဲ့ လက်အောက်မှာ သူ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် သူ့ မွေးစားမိဖများက သူ့ပညာရေးအတွက် အလိုလိုက် အကြိုက်ဆောင်ခဲ့ပုံတော့ ရပါတယ်။ ဒါကြောင့် စတန်းဖိုဒ့် ဘွဲ့နှင်းသဘင် အခမ်းအနားက ကျောင်းသားတွေကို သူပြောခဲ့တဲ့ မိန့်ခွန်းမှာ မွေးစားမိဖများရဲ့ စုငွေအားလုံးနီးပါးကို သူ့ တက္ကသိုလ်ပညာရေးအတွက် သုံးမိရက်သား ဖြစ်သွားတယ်လို့ ဆိုထားပါတယ်။

ဘီလ် နဲ့ စတိဗ်တို့ရဲ့ တူညီတဲ့ နောက်တစ်ချက်ကတော့ သူတို့ နှစ်ယောက်စလုံး တက္ကသိုလ် ပညာရေးကို ဆုံးခန်းတိုင်အောင် မတက်ခဲ့ကြပါဘူး။ စတိဗ်ပြောခဲ့တဲ့ မိန့်ခွန်းမှာ သူတက္ကသိုလ် ကျောင်းသား ဘ၀ နေစရာ အခန်းမရှိလို့ သူငယ်ချင်းတွေရဲ့ အခန်းကြမ်းပြင်မှာ အိပ်ခဲ့ရတာတွေ၊ Coke ပုလင်းအခွံတွေကို စုပီး ပြန်ရောင်းကာ စားစရိတ် ရှာခဲ့ရပုံတွေ၊ ဟိန္ဒူဘုရားကျောင်းကို တလံတဖျားသွားပြီး ထမင်းအလကား သွားစားရပုံတွေ စသဖြင့် သူ့ငယ်စဉ်ဘ၀ရဲ့ ကဗျာမဆန်ခဲ့ရပုံတွေ၊ ပင်ပန်းဆင်းရဲ ကြပ်တည်းခဲ့ပုံတွေ၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။ အဲသလို အခြေအနေမျိုးကနေ ဒီနေ့ ဒီလို အခြေအနေထိရောက်အောင် အောင်မြင်မှုတွေ ရရှိအောင် သူဘယ်လို ကြိုးစား တက်လှမ်းခဲ့ရတာတွေကို လူငယ်များ အတုယူနိုင်ဖွယ် ပြောပြခဲ့ပါတယ်။ ကံ ကံ၏ အကျိုးကို ယုံကြည်ဖို့ မိမိကိုယ်ကိုယ်သာလျှင် အားကိုးရာလို့ ပြောပြခဲ့တဲ့ စတိဗ်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

စတိဗ် ဘ၀ဟာ နိမ့်တုံ မြင့်တုံ ဖြစ်နေတဲ့ လှိုင်းတံပိုး တစ်ခုကို ကြည့်ရသလိုပဲလို့ ကျမခံစား ထင်မြင်မိပါတယ်။ သူ့ဘ၀ကို နားလည်အောင် ဖတ်ရတာဟာ လောကဓံ ဆိုတာ ဘာလဲ လို့ နားလည်အောင် သင်ယူနေရသလိုပါပဲ။ သူမွေးဖွားလာတော့ မိဖရင်းလက်ထဲကနေ မွေးစားမိဖ လက်ထဲ ရောက်သွားတယ်။ ပညာတော်တဲ့ စတိဗ်ဟာ တက္ကသိုလ်ကိုတော့ သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းပြီးအောင် မတက်ပဲ သူဝါသနာပါရာ တီထွင်ချင်တာကို အပင်ပန်း ဆင်းရဲခံ အားစိုက်ခွန်စိုက် ကြိုးစား ဆောင်ရွက်တယ်။ အသက် ၂၀လောက်က သူ့ မိဖတွေရဲ့ ကားဂိုဒေါင်ထဲမှာ စတင်ခဲ့တဲ့ သူ့ တီထွင်မှုဟာ ၁၀နှစ် အတွင်းမှာ ဒေါ်လာ သန်း၂၀၀၀ထောင်တန်တဲ့ ၀န်ထမ်း ၄၀၀၀ ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်လာခဲ့တယ်။ ဒါဟာ သူ့ ရဲ့ ဘ၀မှာ ထိပ်ဆုံးကို ရောက်ရှိသွားစေတဲ့ လှိုင်းအထက်က ပထမဆုံးသော အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

ကျဆုံးမှု ကရော....။

စတိဗ်ဟာ သူ အသက် ၃၀အရွယ် ၁၉၈၅ခုနှစ် မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီက အလုပ်ထုတ်ခံခဲ့ရပြီး အလုပ်လက်မဲ့ ပြန်ဖြစ်သွားပါတယ်။ သူ့ဘ၀တစ်ခုလုံးပုံပြီး စိုက်လိုက်မတ်တတ် လုပ်ခဲ့ရတဲ့ အလုပ်ကနေ အပယ်ခံလိုက်ရတဲ့ လူငယ်လေးတစ်ယောက်အတွက် ဘယ်လောက်များ ကြေကွဲ တုန်လှုပ်လိုက်မလဲ ဆိုတာ တွေးကြည့်စရာတောင် မလိုပါဘူး။ ဒါပေမယ့် စတိဗ်က အဲသလို ဆုံးရှုံးမှုကနေ သင်ခန်းစာ ရအောင်ယူပြီး သူ့ဘ၀ကို ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ အဲဒီတုန်းက နာကြင်ကြေကွဲခဲ့ရသလောက် စိတ်ဓာတ်အင်အား ခိုင်မာစွာနဲ့ တစ်ကနေပြန်စပြီး တန်ပြန် ကြိုးစား ဆောင်ရွက်ချက်များဟာ ခုချိန်မှာတော့ ဟိုးတစ်ချိန် ပန်းသီးကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ကိစ္စဟာ သူ့ဘ၀မှာ အကောင်းဆုံး ဖြစ်ရပ်တစ်ခုလို့ ကြွေးကြာ်နိုင်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။ အရာရာတိုင်းဟာ မသေချာမှုတွေနဲ့ တည်ဆောက်ထားပါလား ဆိုတာ ဘ၀နဲ့ရင်းပြီး သူသိသွားခဲ့ပါတယ်။

ဘီလ်ဂိတ်ကတော့ စိတ်ရော ကိုယ်ပါ ရင်းပြီး ကြိုးပမ်းအားထုတ်မှုတွေ ရှိခဲ့ပေမယ့် လောကဓံကို ထူးခြားစွာ မကြုံတွေ့ခဲ့ရဖူးလို့ ထင်ပါတယ်။ ဒါပေမယ့် လူချမ်းသာ တစ်ယောက် နိဗ္ဗာန်ရောက်ဖို့ထက် အပ်နဖားပေါက်လေးထဲကို ကုလားအုတ်တစ်ကောင် ၀င်နိုင်ဖို့က ပိုပြီးလွယ်သေးတယ် လို့ ပြောလို့ရတဲ့ ခေတ်ကြီးထဲမှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် တစ်ယောက်ဖြစ်တဲ့ ဘီလ်ရဲ့ ဆုံးဖြတ်ချက် စွမ်းဆောင်ချက်များဟာ အံ့မခန်း အတုယူချင်စရာများပါ။ ကျမတို့ရဲ့ မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစတ္တသာရာဘိဝံသ က မိန့်ကြားတော် မူဖူးပါတယ်။ ရပ်ရမယ့် အချိန်ကို သိကြပါတဲ့။ ဘီလ်ဟာ ၂၀၀၀ခုနှစ်ဇန်န၀ါရီလမှာ မိုက်ခရိုဆောဖ့်ရဲ့ အကြီးအကဲ အဖြစ်က နှုတ်ထွက်ပြီး Bill & Melinda Gates Foundation ကို တည်ထောင်ခဲ့ကာ လူမှုဝန်ထမ်း လုပ်ငန်းတွေကို စတင် ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးဝင် ၀ါရံဘဖက်နဲ့ လက်တွဲပြီး ကမ္ဘာတ၀ှန်းလုံးက လိုအပ်တဲ့နေရာတွေမှာ အလှူဒါန ပြုဖို့ ကမ်ပိန်းတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလောက က ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင် လုပ်ပြီးမှ ကိုယ့်ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်၊ လူတစ်ယောက်အောင်မြင်ဖို့ဆိုလျှင် မနေမနားအလုပ်လုပ်ရမယ်။ အောင်မြင်တဲ့အထိ အပြင်းအထန် ကြိုးစားရမယ်။ ကိုယ်က ဥာဏ် ရှိရမယ်။ ကိုယ့်ဥာဏ်ကိုလည်း ဘယ်လိုအသုံးချမလဲ ဆိုတာသိတဲ့ လူတစ်ယောက်အဖို့ ကိုယ်လိုချင်တာကို ရဖို့မလွဲပါဘူး။ အပြင်းအထန် မကြိုးစားတဲ့လူ တစ်ယောက်ဟာ ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ ကံပေးလို့ရတာတို့၊ ဘယ်နတ်ဘုရားက စောင်မ ပေးလို့ ရတာ ဆိုတာမျိုးတွေကို ကျွန်တော်လုံးဝမယုံပါဘူး လို့ ဘီလ်က ဘ၀နဲ့ ပါတ်သက်ပြီး အောင်မြင်စေကြောင်း အချက်အနေနဲ့ ဘွဲ့ရကျောင်းသားများကို ပြောပြခဲ့ဖူးပါတယ်။ သူဟာ သူပြောတဲ့ အတိုင်း ကျင့်ကြံနေသူ ဖြစ်ပါတယ်။

စတိဗ်အကြောင်းပြန်ဆက်ရရင် ပန်းသီးကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့ စတိဗ်ဟာ မနေမနား ကြိုးစားအားထုတ်မှု စိတ်ဓာတ် ခိုင်မာမှုတွေကြောင့် ၁၉၉၇ခုနှစ် မှာ ပန်းသီးရဲ့ အကြီးအကဲ ပြန်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ တီထွင်နိုင်မှု၊ ၀န်ထမ်းများကို နိုင်နင်းစွာ အုပ်ချုပ်တတ်မှု၊ လူတွေ ဘာကို ကြိုက်တတ်မလဲဆိုတာ ကြိုတင် သိတတ်နိုင်မှု၊ အပြင်လောကကြီး ဘာလိုချင်မလဲဆိုတာ ခန့်မှန်း တွေးဆတတ်မှု၊ နည်းပညာပိုင်းတင်သာမက အနုပညာပိုင်းမှာပါ လှပစွာ ဖန်တီးနိုင်မှုတို့ကြောင့် ပန်းသီး ထုတ်ကုန်များဟာ သူမတူအောင် ရေပန်းစားလာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ဘ၀မှာ ဒုတိယအကြိမ် လှိုင်းထိပ်ကို ပြန်လည်တက်ရောက်ခဲ့ပြန်တာပါပဲ။ သူပြောခဲ့တဲ့ ဘ၀အောင်မြင်မှု သြ၀ါဒကတော့ (Stay Hungry... Stay Foolish...) ဆာလောင်မွတ်သိပ်ပါ... အရူးထပါ...တဲ့။

သူ့ကို နောက်ဆုံးအကြိမ် ပုတ်ထုတ်လိုက်ပြန်တဲ့ လှိုင်းတစ်ခုရဲ့ အစကတော့ ၂၀၀၄ ခုနှစ်မှာဖြစ်ပါတယ်။ သူ့မှာ သရက်ရွက် (Pancreas) အကြိတ်ဖြစ် နေတာကို စတင် သိရှိခဲ့ရတယ်။ အဲဒီတုန်းက ဆရာဝန်တွေက သူ့ကို ၃လ ကနေ ၆လအထိပဲ ခံတော့မယ်လို့ ခန့်မှန်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ဒါဟာ ခွဲစိတ် ကုသလို့ ရတဲ့ အမျိုးအစားဖြစ်တယ်လို့ သိရတဲ့အတွက် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်။ စတိဗ် က အောင်မြင်စွာ ခွဲစိတ်ပြီးတဲ့ နောက်ပိုင်းမှာ ဘာပြောခဲ့သလဲဆိုရင် ...

''No one wants to die. Even people who want to go to heaven don’t want to die to get there. And yet death is the destination we all share. No one has ever escaped it.''

''ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကို ရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ''

လို့ ပြောပြခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ သူဟာ အသည်းအစားထိုးကုသမှု ကို ထပ်မံ ခံယူခဲ့ရပြန်ပါတယ်။

“If you live each day as if it was your last, someday you’ll most certainly be right.”

နေ့တိုင်းကို သင့်ဘ၀ရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တစ်နေ့မှာတော့ အဲဒီ အတိုင်း ဖြစ်လာဖို့ သေချာပါတယ်

ဆိုတဲ့ စကားကို သူ ၁၇နှစ်သားကတဲက ဖတ်ခဲ့ဖူးလို့ မှတ်မိနေတယ်လို့ စတိဗ်က ပြောဖူးပါတယ်။

ဘ၀အတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကရိယာအဖြစ် ကျနော်တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ လို့ ပြောခဲ့တဲ့ စတိဗ်ဟာ သူ့ဘ၀ရဲ့ နောက်ဆုံးချိန်တွေကို ဗုဒ္ဓဘာသာ ပီပီ တရားတော်နဲ့ အညီ အစဉ်အမြဲ သတိရှိနေမယ်လို့ ကျမတော့ အပြည့်အ၀ ယုံကြည်ပါတယ်။

နောက်ဆုံး နိဂုံးချုပ်ရရင် ဘီလ်ဟာ သူ့နည်း သူ့ဟန်နဲ့ သူ့ဘ၀ကို တည်ငြိမ်အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး အောင်မြင်တည်ငြိမ်စွာ အဆုံးသတ်ဖို့ ကြိုးစားနေသူ စံပြ ပုဂ္ဂိုလ်ထူး တစ်ယောက် ဖြစ်ပါတယ်။ စတိဗ် ကတော့ သူမွေးဖွားလာကတဲက အဆင်မပြေမှုတွေနဲ့ စတင်ခဲ့ပြီး သူ့ဘ၀ တစ်လျှောက်လုံးမှာလည်း အဆင်ပြေခြင်း မပြေခြင်းများ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းများ တစ်လှည့်စီ ကြုံတွေ့ခဲ့ရပါတယ်။ သူတည်ဆောက်ခဲ့တဲ့ ပန်းသီး အဖွဲ့ကနေ မမျှော်လင့်စွာ ကန်ထုတ်ခြင်း ခံရဖူးတဲ့ စတိဗ်ဟာ အဆိုးထဲက အကောင်းအနေနဲ့ ဒီဆိုးရွားတဲ့အဖြစ်ဟာ သူ့ဘ၀အားဆေးဖြစ်စေခဲ့ပြီး ပိုမို အောင်မြင်မှုတွေ ရရှိခဲ့လို့ နောင်တစ်ချိန်မှာ အဲဒီနေရာကို ခေါင်းမော့လျက် ပြန်လည် ၀င်ရောက်လာနိုင်ခဲ့သလို အခုလည်း အချိန်မတိုင်ခင် လောကကြီးထဲကနေ သူ့ကို ဆွဲခွာထုတ်ဖယ်ခြင်းခံလိုက်ရတဲ့ စတိဗ်ဟာ သေခြင်းတရားကို ရဲရဲရင့်ရင့် မကြောက်မရွံ့ တည်ငြိမ်စွာ ရင်ဆိုင်သွားခဲ့ပြီလို့ ယုံကြည်မိပါတယ်။

ဆင်းရဲဒုက္ခတွေကို တခြားသူတွေထက် ပိုတွေ့ကြုံရတဲ့သူဟာ တရားရကြဖို့ ပိုပြီး လွယ်တယ် ... ဆိုတာကတော့ ငြင်းလို့ မရနိုင်တဲ့ အမှန်တရားလို့ ယုံကြည်မိပါရဲ့။

စတိဗ် ငြိမ်းချမ်းပါစေ။ စတိဗ် ငြိမ်းချမ်းပါတယ်။

စုချစ်
၆ အောက်တိုဘာ ၂၀၁၁

++++++++++++

7 comments:

T T Sweet said...

RIP Steve.
ဂျော့ခ်ျ စတိဗ် မိန့်ခွန်းရော၊ သူ့အကြောင်းရော လွန်ခဲ့တဲ့ ၄-၅နှစ်လောက်က စင်္ကာပူသတင်းစာတစ်စောင်မှာ ဖတ်ဖူးတာ။ အဲဒီအချိန်က အိုင်ဖုန်းတွေ ဘာတွေတောင် မပေါ်သေးဘူး။ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရောဂါရှိရက်နဲ့ စိတ်ဓာတ်မကျပဲ ဆက်လက်ကြိုးစားခဲ့ပုံကို အားကျ လေးစားလို့ မဆုံးဘူး။ ၅၆နှစ်ဆိုတာ ငယ်သေးတယ်။ လောကကို အများကြီး အကျိုးပြုနိုင်သေးတဲ့အချိန်မှာ မီးဇာကုန်ခဲ့ရတယ်။ နှမြောတယ်။

သူ့အကြောင်းအမှတ်တရ ထပ်ပြီး update လုပ်ပေးတာ ကျေးဇူး သူငယ်ချင်း။

N Aung said...

RIP

Shwe Zin Oo's Blog said...

Ma su chit thu
ွှThanks for your writhing. i am regular reader your blog. but it is difficult to write comment.
so sorry to hear this news.

စုချစ် said...

Tkx for comments , Sweet, Nyi Ag and Ah Ma Shwe Zin's blog....;)

Thkx so much for reading my post...:)

kay said...

စတိဗ် ရဲ့ သွေးသားဖခင် ဆီးရီးယန်း အမေရိကန် ကြီး ပြောတာ ဖတ် မိ တော့.. ဘ၀ တွေ ရယ်..ဆန်းကြယ်..စိတ်နာ ဖွယ် လို့သာ တွေးမိတော့တယ်။ သူ က..တောက်လျှောက် စတိဗ် ကို တွေ့ခွင့် တောင်းခဲ့ပေမဲ့..သေတဲ့ အထိ အတွေ့ခံ မသွားဘူး တဲ့။
unwanted child တွေ က..ထူးပဲ ထူးခြားလေ သလား မသိ။ တကယ်တော့..သူတို့ ကို မလိုချင် ခဲ့တဲ့..သွေးသား ဆန္ဒ ကိုသာ ရှေ့တန်းတင် တဲ့.. မိဘ တွေ ရဲ့..အမှားတွေကို လက်စား ကောင်းကောင်း ချေပြသွားတာပဲ။

စုချစ် said...

ဟုတ်တယ်...မကေရေ.... စတိဗ်က တစ်ခုခုကို နာကျည်းနေပုံတော့ ရတယ်။ သူ့အဖေရင်းကတော့ ပြောရှာသား... စတိဗ်ကိုယ်ဝန်ရှိတော့ သူက ယူမယ် လုပ်ပေမယ့် စတိဗ် အမေရဲ့ အဖေ (သူ့ အဖိုး) က လုံးဝသဘောမတူလို့ မယူခဲ့ရတာပါတဲ့။ နောက်ပိုင်း သူ့အဖေနဲ့ အမေ လက်ထပ်တော့ အဲဒီ သဘောမတူတဲ့ အဖိုး ကွယ်လွန်သွားတော့မှ လက်ထပ်ကြရတာ ဆိုပဲ။ အဲဒီက မွေးလာတဲ့ သူ့ညီမကိုတော့ ချစ်သားတဲ့။ သူ့ ညီမနဲ့ သူ့ အသက် ၃၀ကျော်မှာ ပထမဆုံး ဆုံခဲ့ကတဲက အဆက်အသွယ် မပြတ် ရှိကြတယ်တဲ့။

Unknown said...

ဘီလ်​ဂိတ်​ ကွယ်​လွန်​သွားပီလား သိချင်​ပါတယ်