Wednesday, August 31, 2011

ချစ်သော ဘလော့ကာများ

ချစ်သော ဘလော့ကာများ

ဘလော့ကာ သူငယ်ချင်းများ၊ အစ်ကို၊ အစ်မများ၊ မောင်လေး၊ ညီမလေးများနှင့် စုချစ်သူ ဘလော့သို့ အလည်အပတ်လာသူများ အားလုံး သို့....

စုချစ်သူ ရေးသမျှ ဆိုသမျှ စာများ ပုံများ သီချင်းများ အတွက် ချစ်ခင်စွာ ကော်မန့် ရေးပေးသူများ နှင့် ဘလော့မှာ ခြေရာ လက်ရာ ချန်မထားခဲ့သော်လည်းပဲ စုချစ်သူ ဘလော့ကို အမြဲတမ်း ဒါမှမဟုတ် အမှတ်မထင် ဒါမှမဟုတ် မတော်တဆ ဒါမှမဟုတ် ကြုံကြိုက်လာလို့ လာရောက် အားပေး ဖတ်ရှုသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေရန် ၂၀၁၁ခု ဘလော့ဒေး အမှတ်တရ ဦးစွာ ပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်နော်။

၂၀၀၆ ခုနှစ်မှ စပြီး ဘလော့တွေကို လည်ပတ် သွားလာ ဖတ်ရှုခဲ့ကာ ၂၀၀၇ ကစလို့ ကိုယ်ပိုင် ဘလော့လေး ဖန်တီးခဲ့ပေမယ့် ခုချိန်ထိ ကိုယ်ချစ်သော ဘလော့ကာများ၊ စာဖတ်သူများနဲ့ တရင်းတနှီး ရှိမနေသေးတာ အပြစ်တစ်ခုလို ကိုယ့်ကိုယ်ကိုယ် ယူဆမိပါတယ်။ အဲဒီအတွက် တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဆိုသလိုပဲ... ကိုအောင်(ပျူနိုင်ငံ)က ဘလော့ဒေးအတွက် တဂ်လာတော့ ကိုယ်ဖတ်ရှုခဲ့တဲ့ ဘလော့များ အကြောင်းနဲ့ ချစ်ခင်လေးစား အားကျရတဲ့ ဘလော့ကာများ အကြောင်း မှတ်မိသိရှိ ခံစားမိသလို ပြောချင်ပါတယ်နော်။

ရှေးဦး ဘလော့ကာများထဲက ဒီနေ့ ဒီအချိန်ထိ မှတ်မှတ်ရရ နှစ်သက် လေးစား သဘောကျမိတဲ့ ဘလော့ကာ တစ်ဦးကတော့ ကိုညီလင်းဆက် ဖြစ်ပါတယ်။ သုတ ရသ စုံနေတဲ့ သူရေးတဲ့ ဘလော့ပိုစ့်တိုင်းဟာ အနုပညာမြောက်တယ်လို့ ခံစားမိတယ်။ မြန်မာပြည်က ထွန်းပေါက်လာမယ့် မျိုးဆက်သစ် သုတ ရသ အနုပညာရှင် တစ်ယောက်အနေနဲ့ သူ့ကို မျှော်လင့် အားထားမိတယ်။ သူဟာ တစ်ခါတရံ လူငယ်ဘာဝ အနည်းငယ် စိတ်တို စိတ်ဆတ်တတ်တာတွေ ရှိပေမယ့် သူ့ရေးတဲ့စာတိုင်းမှာ သူ့ message တွေတိုင်းမှာ ရိုးသားတဲ့ စေတနာ တစ်ခု ပါဝင်နေတာ တွေ့ရတယ်။ အဲဒါလေးဟာ မရွှေစုအတွက် သူ့အပေါ် မချစ်ခင် သဘောမကျပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ဒီကနေ့မှာ သူဘလော့လေး ဆက်လက် အသက်မ၀င်တော့တဲ့အတွက် အတော် နှမျော မိတယ်။ သတိရတိုင်း သူများ ပြန်လာမလား မျှော်နေမိတယ်။ ကိုညီလင်းဆက် ဘလော့ပြန်ရေးပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်။ ကိုညီလင်းဆက်ကနေ တဆင့် သိရှိပြီး အားပေးခဲ့ရတဲ့ ဘလော့ကာများကတော့ ဓါတ်ပုံဆရာ ကို မောင်လှ ဘလော့နဲ့ အာခီတက် အနုပညာရှင်ကိုသခင်ကြီး ဘလော့တွေပဲ ဖြစ်ပါတယ်။ အဲဒီကနေ ကို မတ်(ခ်) ရဲ့ ဘလော့ ပရိတ်သတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုညီလင်းဆက်၊ ကိုမောင်လှ၊ ကိုစေတန်ဂေါ့ စတဲ့ ရှေးဦး ဘလော့ကာများရဲ့ ဘလော့လုပ်နည်း လမ်းညွှန်ချက်နဲ့ မရွှေစု ဘလော့ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။

မြန်မာစာကို မြတ်နိုးတဲ့ မရွှေစု အတွက် ချစ်ရတဲ့ ဘလော့ကာ နောက်တစ်ဦးကတော့ မမေ ( မေဓာဝီ ) ပဲ ဖြစ်ပါတယ်။ ကိုပြူးကျယ်သို့ ပေးစာများ ဆိုတဲ့ စာစုတွေနဲ့ သူ့ ဘလော့ရဲ့ ပရိတ်သတ်ဖြစ်ခဲ့ရတယ်။ မမေရဲ့ စာပေစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်ကို လေးစားတယ်။ သူ့ အရေးအသားလေးတွေနဲ့ မြန်မာဆန်မှုလေးတွေကိုလည်း ချစ်တယ်။ မမေဟာ မြန်မာစာကို ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ နဲ့ လိုရင်းကို ထိထိမိမိ ကျစ်ကျစ်လစ်လစ် ရေးတတ်သူဖြစ်တယ်။ မမေလိုပဲ မြန်မာစာလေ့ကျင့်ခန်းတွေ ကို သင်ကြားပေးသူ မြန်မာစာ ချစ်မြတ်နိုးသူ တစ်ယောက် ကတော့ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ ဘလော့က ကိုဟယ်ရီဖြစ်ပါတယ်။ မရွှေစုဟာ သူ့ရဲ့ မြန်မာကဗျာဆိုတာ ဂျိုနဲ့လား ဆိုတဲ့ စာစုတွေနဲ့ မြန်မာ ကဗျာ ပို့ချချက်တွေကို လိုက်နာ သင်ယူနေတဲ့ တပည့်တစ်ယောက် ဖြစ်ပါတယ်။ မမေရဲ့ ဘလော့ကနေ အပြန်အလှန် ကဗျာလေးတွေ ရေးတဲ့ ကိုကိုမောင်(ပန်းရနံ့) ဘလော့ ရဲ့ ကဗျာဖတ် ပရိတ်သတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကော်မန့်ကနေ သူတို့ အပြန်အလှန်ရေးကြတဲ့ ကဗျာလေးတွေ ကို အံ့သြ အားကျ နှစ်ခြိုက် အားပေးခဲ့ပါတယ်။

မြန်မာဘလော့ကာများရဲ့ ခေတ်ဦးပိုင်းကတဲက အားပေးဖတ်ရှုခဲ့ရတဲ့ ခုချိန်မှာ စာရေးဆရာမတစ်ယောက် အနေနဲ့ စာအုပ်များ ထုတ်ဝေနေပြီဖြစ်တဲ့သူကတော့ မနိုင်းနိုင်းစနေ ဖြစ်ပါတယ်။ သူ့ဘလော့လေးကိုတော့ သူ့ရဲ့ အမေ ပိုစ့်နဲ့ ပိုပြီး အကျွမ်းဝင်ခဲ့ခြင်းဖြစ်ပါတယ်။ မနိုင်းနိုင်းစနေရဲ့ သုတ ပိုစ့်များ က စဉ်းစားစရာလေးတွေ ပေးသလို ဟာသ ပိုစ့်လေးများဟာ စာဖတ်သူ ဘ၀င်ကို ရွှင်ပြုံးစေပါတယ်။ ဘလော့ကာ ခေတ်ဦးမှာ မှတ်မှတ်ထင်ထင်ရှိခဲ့ရတဲ့ မျိုးချစ်စိတ် နိုင်ငံရေးစိတ်ထက်သန်တဲ့ လူငယ်တွေထဲက ဘလော့ကာ ညီမလေး တစ်ဦးဖြစ်တဲ့ မလင်းလက်ကြယ်စင်ရဲ့ ဘလော့ကိုလည်း မေ့ချန်လို့ မဖြစ်ပါဘူး။ ဒီထက်မက ပြောချင်သေးတဲ့ အားပေးခဲ့ရတဲ့ ဘလော့တွေရှိပါတယ်။ ကိုကလိုစေးထူးတို့ ကိုကဒေါင်းညင်သာတို့ သံလွင်အဖွဲ့က စာရေးသူ ဘလော့ကာများ၊ စသဖြင့် တချို့လည်း ခုချိန်မှာ မရေးတော့လို့ နာမည်တွေ ရုတ်တရက် ပေါ်မလာဘူးဖြစ်နေတာပါ။

ဘလော့ကာထဲမှာ အခန်းဆက် ကိုယ်တွေ့ဆောင်းပါးများကို စောင့်ဖတ်ခဲ့ရတဲ့သူကတော့ ကိုမင်းဒင်ရဲ့ သက်ခိုင်ပဲ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ သုတ ရသ ကိုယ်တွေ့ ဆောင်းပါးတွေသာမကနိုင်ဝင်းဆွေရဲ့ ၀တ္ထုတွေကို ရိုက်တင်ပေးတဲ့ ဆရာငြိမ်းဝေဘလော့ ပဲ ဖြစ်ပါတယ်။ စာရေးဆရာတွေထဲကဆို မမိုးချိုသင်း ဘလော့ကို နေ့စဉ်မပြတ် အားပေးခဲ့တယ်။ ခုတော့ သူ့ဘလော့လေး လှုပ်မနေတော့လို့ စိတ်မကောင်းဖြစ်ရတယ်။ စာရေးဆရာများ ဘလော့ကာထဲက ဖတ်ရှု အားပေးဖြစ်တာကတော့ ဆရာမ မေငြိမ်း ( မြသီလာ တမ်းချင်းတွေကို စောင့်ဖတ် အားပေးခဲ့သူပါ )၊ ဆရာမ မနော်ဟရီ၊ ဆရာမ မတူးတူးသာ၊ အခုနောက်ပိုင်း ဆရာမ ခက်မာ ဘလော့၊ ဆရာအတ္တကျော်၊ ဆရာဆူးငှက် ၊ ကိုဘိုဘိုလန်းစင်.... စတာတွေ ဖြစ်ပါတယ်။ ရှားပါးတဲ့ စာကောင်းပေကောင်းတွေကို ရိုက်တင်ပေးတတ်တဲ့ အညာအကြောင်းလေးတွေ ရေးတတ်တဲ့ အစ်မရွှေစင် ဘလော့ကတော့ နေ့တိုင်း မ၀င်မဖြစ် ၀င်ရတဲ့ ဘလော့လေးပေါ့။ ပြီးတော့ ထူးထူးဆန်းဆန်း သတင်းတွေကို သူများတွေနဲ့ မတူအောင် ဟာသလေးတွေ ဖက်ပြီး ရေးတတ်တဲ့ ကိုပီတာ ဘလော့ရယ်ပေါ့။ We She Me ဘလော့ကလည်း အရင်တုန်းက စာရေးအားကောင်းတဲ့ စဉ်းစားစရာလေးတွေ ပေးတဲ့ ဘလော့လေး ဖြစ်ပါတယ်။ ခုတော့ သူလည်း ရပ်တန့်နေလို့ နှမျောမိပါတယ်။

ကိုယ်က အနုပညာချစ်တဲ့သူဆိုတော့ အနုပညာ သမားတွေရဲ့ ဘလော့တွေကိုလဲ ခြေရာမချန်ပေမယ့် မှန်မှန် ရောက်ဖြစ်ပါတယ်။ ပန်ပန်(ပန်ဒိုရာ) နဲ့ ကို ကောင်းကင်ကို တို့ရဲ့ ကဗျာဖတ် ပရိတ်သတ်၊ ကိုသစ်နက်ဆူးရဲ့ စိတ်ဝင်စားဖွယ်ရာ ဘ၀အကြောင်းတွေ အပြင်၊ သူဆွဲတဲ့ ပန်းချီ၊ သီချင်း အဆို အက တွေရဲ့ ပရိတ်သတ်၊ ကယ်ရီကေးချား ဘလော့ရဲ့ ပရိတ်သတ်၊ ပန်းချီ ဒီဇိုင်းဆရာမလေး နန်းညီ၊ ကိုမြစ်ကျိုးအင်း၊ ဘလော့ စသဖြင့်။

ဘလော့စာမျက်နှာတွေ လှန်တိုင်း ရောက်ဖြစ်နေတတ်တဲ့ ဘလော့ တချို့ကို မှတ်မိသလောက် ရေးရင် အစ်မ ခင်မင်းဇော်၊ အစ်မခင်ဦးမေ၊ မငယ်နိုင်၊ မဗေဒါ၊ မရှင်းလေး၊ မကေ၊ ကိုနဗန၊ ကိုBoyz၊ မခွန်မြလှိုင်၊ မရီတာ၊ ဖူးနုသစ်၊ ဒီကိုလာ(ကိုTZA)၊ မအိမ့်ချမ်းမြေ့၊ မ၀ါဝါခိုင်မင်း၊ ညီမလေး မြတ်နိုး၊ တီချမ်း၊ ဟန်ဂုရွာ၊ ကိုလင်းဦး၊ ကိုခိုင်၊ ကိုယောဟန်အောင်၊ကိုချစ်ဖေ၊ ကိုသစ်ကောင်းအိမ်၊ ကိုလူသစ်၊ ကိုသင်ကာ၊ ကိုအောင်သာငယ်၊ ကိုဇော်၊ အန်တီတင့် ဘလော့၊ ဟင်းချက်ကောင်းတဲ့ မလုလုရဲ့ ဘလော့၊ မျက်ရှု၊ မရွှေမိ၊ ညီမလေးကွင်း၊ ညီမလေးစုမြတ်၊ ညီမလေး ရိုစ့်၊ ညီမလေး မီးငယ် စသဖြင့် ပြောရရင်တော့ ဆုံးမယ် မထင်ပါဘူး။ နာမည်တွေ ချရေးရရင် အများကြီး ကျန်နေပါသေးတယ်။ အဆင်ပြေရင် ပြေသလို တွေ့သမျှ ဘလော့တိုင်းလိုလိုကို စာကောင်းရင် စဉ်းစားစရာလေးတွေ ပါရင် ဖတ်ဖြစ်သွားတာပါပဲ။ သတိတရ ပြောရရင် ကိုအောင်(ပျူနိုင်ငံ) ရဲ့ ဘလော့ကို ပျူအကြောင်းရှာရင်း မတော်တဆ ရောက်ရာကနေ ဒီနေ့ အထိ အလည်သွားနေတဲ့ ဘလော့လေး ဖြစ်လာပါတယ်။

ဘလော့တွေ အများကြီးဖတ်ဖြစ်ပေမယ့် ဘလော့ကာတွေနဲ့ တော့ ရင်းနှီးမှု မရှိတာ ၀မ်းနည်းစရာပါပဲ။ အချိန်အားရသလောက် လိုက်ဖတ်ရတာမို့ ကော်မန့် မရေးဖြစ်တာ ခပ်များများမို့ သူတို့ရဲ့ စာဖတ်ပရိတ်သတ် ဖြစ်ပေမယ့် ဘယ်သူနဲ့မှ မခင်မင်ရခြင်း ဖြစ်ပါတယ်။ သူတို့က မရွှေစုကို မသိပေမယ့် သူတို့ စာများမှာ ကော်မန့်တွေ မရေးဖြစ်ပေမယ့် မရွှေစုကတော့ ကိုယ်ချစ်တဲ့ ဘလော့ကာများကို စိတ်ထဲမှာ အစဉ်အမြဲ လေးစား ခင်မင် ရင်းနှီးနေပါတယ်။ စိတ်မကောင်းစရာ ပြောရရင် ကိုကြီးကျောက်ရဲ့ စာဖတ်ပရတ်သတ်ဖြစ်ပေမယ့် သူသာ ဆုံးပါးသွားရော နေမကောင်းဖြစ်တာသိရလို့ ကော်မန့်လေး တစ်ခါ ရေးဖူးတာကလွဲလို့ စကားတောင် မပြောဖြစ်လိုက်ပါဘူး။ အဲသာ မရွှေစုရဲ့ ခင်မင်အောင် မနေတတ်တဲ့ ချို့ယွင်းချက်ပါပဲ။

ဘလော့ရေးတဲ့အထဲက အပြင်မှာလည်း မြင်ဖူးပြီး ခင်မင်နေတဲ့ သူငယ်ချင်းများကတော့ အစ်မ သက်ဝေ (စိတ်မကောင်းစရာဖြစ်ရတဲ့ စာတောင် ချစ်စရာကောင်းအောင် ဖန်တီးနိုင်သောသူ၊ လူလေးကလည်း သူ့စာတွေလိုပဲ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနဲ့ ချစ်စရာကောင်းသူ )၊ တီတီဆွိ (ဟာသလေးနဲ့ ဟောဟော ဒိုင်းဒိုင်း ပြောတတ် ပြုံးချင်စရာ ကောင်းအောင် ရေးတတ်သူ၊ ဟင်းချက် ကောင်းသူ )၊ အစ်မသီတာ ဆရာဧရာ (ကိုယ့်ဘေးမှာ လာ စကားပြောနေသလို ပြုံးချင်စရာ ချစ်စဖွယ် လေသံနဲ့ ရေးတတ်တဲ့သူ နဲ့ လောကီ ရေးရာမှာ သင်ကြားပြသပေးရုံမက လောကုတ္တရာမှာလည်း အသိအမြင်တိုးအောင် လမ်းပြပေးသူ)၊ အစ်မသိင်္ဂီနွယ် ( ဆရာကြီး သိပ္ပံမောင်ဝရဲ့ မြေး၊ ပြောချင်တာလေးတွေကို ရိုးရိုးရှင်းရှင်း ရေးတတ်တဲ့ အစ်မ)၊ သူငယ်ချင်း တန်ခူး (ကျောင်းကတဲက မဂွဇင်းတွေမှာ ရေးသားနေတဲ့ စာရေးဆရာမ၊ သူ့ ကဗျာလေးတွေကို ပိုပြီး စွဲလန်းနှစ်ခြိုက် မိ)၊ အစ်မ ချစ်ကြည်အေး (ဟာသလေးနဲ့ ချစ်စရာ ကောင်းတဲ့စာလေးများ ဖန်တီးတတ်သူ - ဘလော့ကာ အမျိုးသမီးတွေထဲမှာ ကွင်းပေးရရင် အစ်မချစ်ကြည်ကို ပေးတယ်။ မရွှေစု မျက်လုံးထဲမှာ အရမ်းချစ်စရာကောင်းတယ်၊ ကြည်တယ် သန့်တယ် နုတယ်)၊ ကိုပေါ (စာရေးကောင်း အပြောကောင်းသူ၊ တခါတခါ ဟာသ တခါတခါ ဘာမှန်းမသိ ဘုကလန့်စာများ ရေးတတ်တဲ့ သူ - ခုတော့ ပျောက်ချက်သား ကောင်းနေ)၊ ကဗျာဆရာ ကိုထက် (အလွန်စတတ်ပေမယ့် စိတ်ရင်းကောင်း သူ့ထက် အသက်လေး နည်းနည်းပဲ ကြီးပေမယ့် ကိုယ့်ကို တကယ့် အစ်မကြီးလို ရိုသေလေစားတမှုပြုသူ၊ အနုပညာ ချစ်မြတ်နိုးသူ၊ စာအုပ်တွေ ခရေစီ ဖြစ်သူ)၊ ဓါတ်ပုံဆရာလေးဂျစ်တူး (ပွင့်ပွင့်လင်လင်း ပြောတတ်၊ သူတပါးကို အလွန်ကူညီတတ် စေတနာကောင်းသူ) ... အဲ ... ရုံးမှာ အလုပ်လုပ်ရင်း အမြန်အမြန် ရေးရတော့ ဘယ်သူများ ကျန်ဦးမလဲ မသိ။

ဒိအပြင် ဒေါက်တာလွဏ်းဆွေ ညွှန်တဲ့ သတင်း ဘလော့တွေ၊ ပြီးတော့ ဘာသာရေး ဆွေးနွေးချက် ဘလော့တွေ၊ ဆရာတော်တွေ ရေးသားတဲ့ ဘာသာရေး လမ်းညွှန် ဘလော့တွေ၊ ဆရာဝန်များ ရေးတဲ့ ကျန်းမာရေး လမ်းညွှန် ဘလော့တွေ ကိုလည်း ကျေးဇူးတင်စွာ ဖတ်ရှုဖြစ်ပါတယ်။

နောက်ဆုံး ပြောချင်တာလေးကတော့ ကိုယ်ကတာဝန် မကျေပေမယ့် မရွှေစု ဘလော့မှာ ကော်မန့်လေးတွေ ရေးပြီး အားပေးခဲ့တဲ့ သူငယ်ချင်းများ စာဖတ်သူများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်လို့။ အထူးသဖြင့် ရေးသမျှ စာတိုင်းနီးပါး ကော်မန့်လေး ပေးပြီး အားပေး ချီးမြှင့်ပေးတတ်တဲ့ ကိုအောင်(ပျူနိုင်ငံ)၊ ကိုခိုင်၊ ညီမလေး ကွင်းတို့ကို အထူး အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့။

၂၀၀၇ ကစလို့ ဒီနေ့ ဒီအချိန်ထိ ရေးသမျှ တင်သမျှတွေထဲမှာ စာဖတ်သူများ လာရောက် လည်ပတ်သူများကို မတော်တဆ အနှောက်အယှက်များ ဖြစ်မိပါကလည်း ခွင့်လွှတ်ပေးကြပါ။ နောင်ကိုလည်း လာလည်ကြပါ၊ ဘလော့များမှာ ကော်မန့် မရေးမိသမျှ ချစ်သော ဘလော့ကာများ အခု ရေးလိုက်တဲ့ ပိုစ့်လေးနဲ့ ခွင့်လွှတ် နားလည် ချစ်ခင်ပေးကြပါလို့။

Happy Blog Day to All!!!

မေတ္တာများစွာဖြင့်...
စုချစ်
31 Aug 2011

12 comments:

Anonymous said...

ဘလော့ဒေးမှာ ကိုယ့်ရဲ့ဘလော့ပရိသတ်တွေကို ကျေးဇူးတင်စကားတွေ တသီကြီးနဲ့ ဆုမွန်ကောင်းများ တောင်းပေးနေတဲ့ စုချစ်သူတစ်ယောက်လဲ... ဘလော့ဒေးမှသည် ပရိတ်သတ်များစွာတို့ရဲ့အားပေးမှုတွေနဲ့ စုချစ်သူဘလော့လေး ထာဝရရှင်သန်နိုင်ပါစေဟု...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

စုချစ် said...

ပေးတဲ့ ဆု နဲ့ ပြည့်ပါစေ... မစုလေးရေ... ကျေးဇူးအများကြီးတင်ပါတယ်ရှင်...
း)

khin oo may said...

တို့ကလည်းတိတ်တိတ်လေးလာအားပေးဖတ်လေ့ရှိပါတယ်။

The Queen said...

ဗန်းမော်ဆရာတော် ပို့စ်တွေစဖတ်ဖြစ်ကတည်းက တစစနဲ့ ပို့စ်အားလုံးနီးပါးဖတ်ဖြစ်ရာကနေ အမစုချစ်ကို ( မမြင်ဘူးပေမယ့်)ခင်မင်နေခဲ့တာပါ။ အသစ်မတင်တာကြာနေရင် အမတစ်ယောက်တော့ အလုပ်တွေများနေပြီ လို့ အောက်မေ့မိတယ်။ ပို့စ်အသစ်တက်လာတိုင်းလဲစိတ်ဝင်တစားနဲ့ ဖတ်ဖြစ်တယ်။ အသံချိုချိုနဲ့ တေးဆို တတ်ပြီး ချစ်စရာကောင်းအောင် စာရေးတတ်တဲ့ ပန်းချီကျွမ်းကျင်သူ အမစုချစ် နောက်နှစ်ပေါင်းများစွာ စာတွေဆက်ရေးနိုင်ပါစေ။ ပန်းချီတွေဖန်တီးနိုင်ပါစေ။

ကိုအောင် said...

“ပျူ”တစ်မျိုးတည်း မဟုတ်ပါဘူး အမရယ်၊ “သရဲ”တို့ “တစ္ဆေ”တို့လည်း ကျနော့်ဆီမှာ ရှာကြည့်လို့ ရပါတယ်၊ ဘလော့ဒေးအတွက် တက်ဂ်ပို့စ်ရေးပေးတာ ကျေးဇူးကမ္ဘာပါ အမရေ ....

tin min htet said...

တကယ်ကြီးကို ကျွန်တော့်ထက် အသက်နည်းနည်းလေးကြီးတာလား။ ဖတ်ပြီး ဇဝေဇဝါတောင် ဖြစ်သွားတယ် :P

စုချစ် said...

အစ်မ ခင်ဦးမေ၊ ညီမလေးကွင်း ... ထာဝစဉ် ကျေးဇူး...း)

ကိုအောင်ရေ... ဟိုးအရင် မသိခင်တုန်းက ပျူဆိုတာ ကို ရှာရင်း ပထမဆုံး ကိုအောင့်ဘလော့ကို စရောက်လာတာကို ပြောပြတာလေ။ သိသွားတော့ နောက်ပိုင်း ဖတ်တာကတော့ အစုံဖတ်တာပေါ့.... ကိုအောင် ရေးတဲ့ စာပေမှတ်တမ်းတွေ သမိုင်းစာတွေရော သရဲ ရော အားလုံးဖတ်တာပ....း)

အမယ်မင်း...ကထက် ...စာဖတ်သူတွေ ညက်စိလည်အောင် သကရာဇ် မဖြိုချင်နဲ့ ... သူ့ထက် တစ်နှစ်လေး တစ်တန်းလေး ကြီးမိတာနဲ့ အဘွားအခေါ်ခံရတာတော့ နာသရှင်....း)

Lorem Ipsum said...

သမီးလည်းရေးမလို့ လှုမှုရေးတွေတော်တော်ရှုပ်နေလို့မရေးရသေးပါဘူးကြီးစုရယ်...။ အားရင်ပုံလေးတစ်ပုံလောက်ဆွဲပေးပါဦးနော်..။ ချစ်တယ်မဟုတ်လား :D

မေဓာဝီ said...

ကိုပြူးကျယ်သို့ ပေးစာများကို ကြိုက်တဲ့ မစုကို လေးစားပါတယ်၊ အဲဒီပေးစာများက ပျင်းစရာကောင်းလို့တဲ့ အများစုက မကြိုက်ကြဘူး။ :)

မမေကလဲ ချစ်တဲ့မစုရဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းပုံလေးတွေ၊ အမှတ်တရ ပန်းချီကားချပ်လေးတွေ၊ နှစ်စဉ်နှစ်တိုင်း ပြက္ခဒိန်ဖန်တီးမှုလေးတွေ၊ ဗန်းမော်ဆရာတော်အကြောင်း တင်ဆက်မှုလေးတွေ၊ ပြီးတော့ ဟာသလေးနှောပြီး ရေးတတ်တဲ့ ကိုရေချမ်းနဲ့ မရွှေစု ဇာတ်လမ်းလေးတွေ ... အားလုံးအားလုံးကိုလဲ သဘောကျ နှစ်သက်ပါတယ် မစုရေ ... ဆက်လက်၍ ဖန်တီးတင်ဆက်နိုင်ပါစေ ... ။

kgmalay said...

ကြီးစုရေ .. အက်ပဒိတ်သိပ်မလုပ်နိုင်တဲ့ မီးငယ်ဘလော့ .. သူများဘလော့တွေ လည်ဖြစ်ပေမယ့် အလုပ်မှာ ကွန်မန့်ရေးမရတဲ့ ဒုက္ခတွေကြောင့် မီးငယ်ဘလော့ကို လာလည်သူတောင် သိပ်မရှိတာကို အမှတ်တရ ပို့စ်ထဲမှာ ထည့်ရေးပေးတာ ကျေးဇူးပါ။ ချစ်တဲ့ကြီးစု စိတ်အေးချမ်းသာပြီး အမြဲအောင်မြင်နိုင်ပါစေ။

Anonymous said...

ဘလော့ ဂ်စုံ၊ စာစုံဖတ်တဲ့ အစ်မစုရေ...
ဝါသနာချင်းတူသူမို့ အားပေးလျှက်ပါ...
ရွှင်လန်းချမ်းမြေ့ ပါစေဗျာ...

သက်ဝေ said...

ညီမ စုရေ... အခုမှပဲ ရောက်ဖြစ်တော့တယ်...

ချစ်သော ဘလော့ဂါ အပေါင်းအဖေါ်များနဲ့ အတူ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်စေကြောင်း...း))