Wednesday, August 24, 2011

ဂြိုဟ်သားများနှင့် နိုင်ငံတော်သစ်ကြီးအားကြိုဆိုလျက်


စကားမစပ်တော့ ...။

စာရေးဆရာကြီးမောင်ကိုယုဆိုတာ ရှေ့နေလောကမှာ နာမည်ကြီးတဲ့ ဥပဒေဘက်တော်သားတစ်ယောက်၊ သူဟာရဲရင့်တယ်၊ သတ္တိရှိတယ်၊ ဟာသဉာဏ်နဲ့ ပြည့်စုံတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူ့ရဲ့ဘ၀သရုပ်ဖော် ဝတ္ထုတွေ၊ ဥပဒေနောက်ခံ ဝတ္ထုတွေ၊ အထူးသဖြင့် သရော်စာတွေဟာ စာချစ်သူတွေ ရင်ဘတ်ထဲမှာ ယနေ့ထိ စွဲမြဲစွာကျန်ရစ်နေတုန်းပါပဲ။

ဟော... အခု ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ်ကြီးက သန့်ရှင်းသော နိုင်ငံတော်ကြီး ဖွဲ့စည်း တည်ထောင်ကြတော့မတဲ့။ ဒါနဲ့ ဟိုးတုန်းက ဆရာကြီးဦးကိုယု ရှုမဝထဲမှာ ရေးခဲ့ဖူးတဲ့ "ဂြိုဟ်သား" ဆိုတဲ့ ဝတ္ထုတိုလေးကို ဖြတ်ခနဲ သတိရသွားမိတော့တယ်။ အဲသဟာလေးကို စာပေဟာပြောပွဲတစ်ခုမှာ ပြန်ပြောပြသူကတော့ စာရေးဆရာဦးအောင်ပြည့်ပေါ့။

မူရင်းဝတ္ထုစာသား အတိအကျထက် ဆရာဦးအောင်ပြည့်ပြန်ပြောပြတာက ပိုပြီး ဟာသ ရသ ပါလို့ ဆရာဦးအောင်ပြည့် လေအတိုင်းပဲ မှတ်မိသလောက် တိုတိုပဲ ပြောပြမယ်နော့။

တစ်နေ့တော့ ဆရာကြီးဦးကိုယုအိမ်မှာ ရေပိုက်တွေပျက်လို့ အိမ်ပေါ်မယ် ရေလျှံကုန်သတဲ့။ ဒါနဲ့ ဆရာကြီးသားတွေရယ်၊ ဆရာကြီးရယ် ရေပိုက်တွေကို ဟိုပြင် သည်ပြင် ဟိုလှည့် သည်လှည့် ကြိုးစားပြီးလျှောက်လုပ်ကြတာ ကောင်းမလာတဲ့ အပြင် တစ်အိမ်လုံး ရေတွေ ရွှဲနစ်ကုန်သတဲ့။ နောက်ဆုံး စည်ပင်သာယာရုံးက ရေပိုက်ပြင်တဲ့သူ ပြေးခေါ်တော့ စက်ဘီးစုတ်ကလေးစီးလို့ လွယ်အိတ်နုပ်ကလေးလွယ်လို့ ဦးထုတ်အဖာကလေးဆောင်းလို့ ဆေးပေါလိပ်ကလေးလည်း လက်ထဲမယ်ဖွာလို့ အဲဒီရေပိုက်ပြင်ပေးတဲ့သူ ရောက်လာ၊ အိမ်ကလူတွေလည်း သူ့ကို ကူညီပြီး သူလိုတာတွေဝိုင်းကူလုပ်ပေး၊ ရေပိုက်တွေ ကူကိုင်ပေး။ အဲဒီလူကတော့ ရေပိုက်ခေါင်းတွေ ဟိုကတတ် ဒီကဖြုတ် ဟိုကပိတ် သည်ကဖွင့် ဆက်တာဆက် ပြင်တာပြင် စသဖြင့် ၁၅မိနစ်လောက်လုပ်ပြီးရော ရေပိုက်ခေါင်းတွေ အားလုံးကောင်းသွားရောတဲ့။ ဟာ... တတ်တဲ့သူလုပ်လိုက်တော့လည်း ခဏလေးနဲ့ ပြီးသွား ကောင်းသွားတာပဲနော်ပေါ့။

ဆရာကြီးဦးကိုယုတို့ သားအဖတတွေလည်း သူ့ကို ကျေးဇူးတင်လွန်းတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် မျက်စတွေဘာတွေ ပြစ်ပြက်ပြကြ... လက်ဘက်ရည်ဖိုးလေး ဘာလေး ပေးရအောင်ပါ့။ ဒါပေသိ... ရေပိုက်ပြင်တဲ့သူက သူတို့ပေးတဲ့ပိုက်ဆံကို မယူဘူး... ငြင်းသတဲ့။ နေပါစေ... မလိုပါဘူး ဘာညာ ဆိုပြီး သူ့ပစ္စည်းလေးတွေ သူ့အိတ်ထဲ ကောက်ကက်ထည့် လှေခါးကဆင်း ပြန်သွားသတဲ့။ ဟာ... ပေးတာ နည်းများ နေသလား မသိပါဘူးကွာ... ရော့ရော့... ပိုက်ဆံပိုယူပြီး လိုက်ပေးပါကွ ဆိုပြီး လှေခါးဆင်းသွားတဲ့သူနောက်ကနေ ထပ်လိုက်ပေးကြပြန်ရော။ ကျေးဇူးတင်တာကိုးနော်။

အဲဒီလို အတင်းကာရော ပိုက်ဆံလိုက်ပေးကြတော့ ရေပိုက်ပြင်သမားက လှေခါးကနေ လည်ပြန်ကြည့်ပြီး ရန်တွေ့တော့တာပဲတဲ့။ ဘာတုန်း... ခင်များတို့ သားအဖတတွေ မိုက်ရိုင်းလှချေလား၊ ခင်များတို့က လူကို စော်ကားတာလား။ ကျုပ်ကို ဘယ်လို အစားများ ထင်နေကြတာလဲဗျ။ နိုင်ငံတော် အစိုးရက ကျုပ်ကို လစာပေးခန့်ထားတယ်။ ကျုပ်က ကျုပ်အလုပ်ကို ကျုပ်လုပ်တယ်။ ခင်များတို့က ဘာလဲဗျလို့ ကြိမ်းမောင်းရေရွတ် လှေခါးကနေ ဒုန်း ဒုန်း နဲ့ ဆက်ဆင်းသွားပြီး ဒေါတွေခွီးလို့ စက်ဘီးကိုလည်း ဒုန်း ဒိုင်း မြည်အောင် ခွစီးပြီး ထွက်သွားတာပေါ့လေ။ ဆရာကြီးတို့ သားအဖ တတွေလည်း ရုတ်တရက်ဆိုတော့ ကြောင်ကြည့်ပြီး ကျန်နေခဲ့ကြတာ ခဏနေတော့မှ ဆရာကြီးက... သတိဝင်လာပြီး ဘာပြောလိုက်သလဲ ဆိုတော့...

''ဟ့... သားရေ... လိုက်ဟေ့... လိုက်ဟ... အဲသဟာ... လူမဖြစ်နိုင်ဘူး... ဂြိုဟ်သားဖြစ်လိမ့်မယ်။"
တဲ့။

အို... ဘာပဲ ဖြစ်ဖြစ် ကိုယ်တို့ကတော့ ဂြိုဟ်သားများနဲ့ ဖွဲ့စည်းထားမယ့် နိုင်ငံတော်သစ်ကြီးကို ကြိုဆိုဖို့ အသင့်ပါပဲ။

++++++++++++

5 comments:

ကိုခိုင် said...

ဥပဒေပညာ တတ်သူတွေဟာ
လူတော်တွေများပါတယ်။း)
ဆရာကြီး ရေးတဲ့စာတွေရော
စာပေ ဟောပြောပွဲတွေ မှာပါ
တွေးစရာလေးတွေ ဗဟုသုတတွေ
လူငယ်တွေအတွက် ကျန်နေခဲ့တတ်ပါတယ်။
ဂြိုလ်သားများနဲ့ နိုင်ငံတော်သစ်ကြီး
မြန်မြန်ပေါ်လာပါစေ။

ကိုခိုင်

Shwe Zin Oo's Blog said...

ဂြိုလ်သားတွေ စီကို ပြန်လာခဲ့လေ ဂြိုလ်သားတွေမျှော်နေမယ်

ကျွန်တော်လည်း ဆရာမောင်ကိုယု ကြိုက်တယ်

ခင်မင်တဲ့
seesein

ကိုအောင် said...

ဂြိုလ်သားတွေ ပြန်လာမယ့်နေကတော့ ကြာအုံးမယ် ထင်တယ်၊ သူတို့ တနေ့ကြရင် ပြန်လာမှာပါ၊ အခုတော့ ဂြိုလ်သားတွေ ရှိခဲ့ဖူးတဲ့အကြောင်းပဲ ပြောကြတာပေါ့ အမရယ် ... :D

kay said...

စုချစ်သူရေ..
ဒီစာလေးကို ဖတ်ပြီး သဘောကျ လို့ ..
ပြီးတော့..နှုတ်ဆက်တာပါ..း)

စုချစ် said...

@ကိုခိုင်ရေ... ကျေးဇူး...

@ မ စည်းစိမ်ရေ... ဂြိလ်သားတွေဆီ ပြန်လာချင်ပါတယ်... ပြန်လာနိုင်တဲ့ အခြေအနေ အမြန်ရပါစေရန် ကိုယ့်ကိုယ်ကိုယ် ဆုတောင်းလိုက်ပီ...ခင်မင်စွာ...း)

@ ကိုအောင်... ခပ်များများ ခဏခဏ ပြောနိုင်တဲ့ အခွင့်အရေးတွေ ပေါ်လာတော့မယ် မျှော်လင့်နေတာ...

@ မကေ... ကျေးဇူး... မကေရဲ့ဘလော့ကို အမြဲ လာလည်ပါတယ်... ခြေရာ လက်ရာ မချန်ခဲ့တာ ခွင့်လွှတ်ပါနော့...