Tuesday, January 4, 2011

ရာပြည့် ဘွားဘွား ဘွားသက်ရှည်

ရာပြည့် ဘွားဘွား ဘွားသက်ရှည်


Acrylic on Canvas By SuuChit

ဒီနေ့မနက် မြန်မာပြည်အိမ်မှာ ဆွေတွေမျိုးတွေ စုံလင်စွာနဲ့ ကျင်းပပြုလုပ်မယ့် ၂၀၁၁ နှစ်ဆန်းတစ်ရက်နေ့က အသက် ၁၀၀နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အမေကြီးရဲ့ ရာပြည့်မွေးနေ့ အလှူတော်မင်္ဂလာကို ပါဝင်မဆင်နွှဲနိုင်တဲ့မရွှေစုမှ ဒီနေရာလေးကနေပဲ အမေကြီးကိုတမ်းတမှန်းဆလို့ ရိုသေလေးစားစွာ ရှိခိုးကန်တော့လိုက်ရပါတယ်။

ဟိုး လွန်ခဲ့တဲ့ ၃နှစ်ကျော် ၄နှစ် ၂၀၀၇ခုနှစ် ဧပြီလောက်က အမေကြီး အသဲအသန် နေမကောင်းဖြစ်ခဲ့ပါတယ်။ အိမ်ကလူကြီးတွေက အမေကြီး အသက်မှီချင် အမြန်ပြန်လာပါလို့ ခေါ်တဲ့အတွက် အဝေးရောက် မြေးတွေ အားလုံး ရန်ကုန်ကို အပြေးအလွှား ပြန်ခဲ့ကြရတယ်။ ရန်ကုန် လေဆိပ်ကနေ ဆေးရုံကို တခါထဲ တန်းသွားခဲ့ရ၊ ဆေးရုံရောက်တော့ အမေကြီးက မျောသလို ဖြစ်နေပါပြီ။ စကားမေးလဲ မရ၊ သတိလဲ မရ မျက်လုံးလဲ မဖွင့်တော့ပါဘူး။ ဘာရောဂါရှိလဲဆို သွေးတိုး၊ နှလုံး၊ ဆီးချို စသဖြင့် ဘာရောဂါမှတော့ ကြီးကြီးကျယ်ကျယ် ထွေထွေထူးထူး မရှိလှပါဘူး။ အသက်ကြီးလာတဲ့အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ တချို့ အိုမင်းဟောင်းနွမ်း ယိုယွင်းလာတာကလွဲရင်ပေါ့။

အမေကြီးကို ဆေးရုံပေါ် ဆေးပိုက်တွေ တန်းလန်းနဲ့ ထားရတာပါ။ အဲဒီနေ့ညက မရွှေစုတို့ မြေးတစုလည်း အမေကြီးကုတင်နား ၀ိုင်းဝန်းလဲလျောင်းလို့ ဆေးရုံမှာ ညစောင့်အိပ်ရင်း ရသမျှ ဘုရားစာတွေ ရွတ်၊ ပရိတ်တွေရွတ်၊ ဓမ္မစကြာတွေရွတ်နဲ့ပေါ့။

နောက်နေ့ မနက်မှာ မမျှော်လင့်စွာနဲ့ပဲ အမေကြီး နိုးလာခဲ့တယ်။ နိုးနိုးချင်းမှာပဲ လက်အုပ်ကလေးချီလို့ ဘုရားရှိခိုးနေတာ တွေ့ရပါတယ်။ ပြီးတော့ ဘာတွေ ရွတ်မှန်းမသိ ရေရွတ်နေပါတယ်။ မျက်လုံးတော့ မဖွင့်ပဲ သူ့ဘာသာ တစ်ယောက်ထဲ စကားတွေ ပြောနေတာပါ။ အမေကြီး ရုတ်တရက် နိုးလာတာတွေ့တော့ မရွှေစုတို့ မြေးတစုနဲ့ နပ်စ်မလေးတို့ အပြေးအလွှား အနားရောက်သွားကြပြီး အမေကြီး၊ အမေကြီးလို့ ၀မ်းသာအားရ ၀ိုင်းခေါ်ကြပါတယ်။ အမေကြီး ရေရွတ်နေတာတွေ ကပ်နားထောင်ကြည့်တော့ ဘုရားကြီး၊ ဘုရားကြီးလို့လည်း ကြားရဲ့၊ အနံ့တွေ မွှေးလိုက်တာ၊ မွှေးလိုက်တာ၊ ဘယ်လို မွှေးမှန်းမသိဘူး စသဖြင့်လည်း တတိုးတိုးနဲ့ ပြောနေလေရဲ့။ ပြီးတော့... ပြုံးနေတဲ့ အမေကြီးက အရည်တွေ တွန့်ပြီး မျက်ခွံတွေအိကျနေတဲ့ကြားက သူ့မျက်လုံး သေးသေးကလေးတွေကို ဖြည်းဖြည်းသာသာ ဖွင့်ပြီး သူ့ကို ၀ိုင်းကြည့်နေကြတဲ့ မရွှေစုတို့အားလုံးရဲ့ မျက်နှာတွေကို တလှည့်စီ လိုက်ကြည့်ပါတယ်။ ပြီးတော့ ငါ့မြေးတွေ ငါ့ကို တယ်ချစ်တာပဲ၊ တယ်ဂရုစိုက်တာပဲလို့ ခပ်သဲ့သဲ့လေး ပြောပါတယ်။ ဆေးပိုက်တွေတန်းလန်းနဲ့ မိန်းမောနေရာက ပြန်သတိရလာတယ်သာ ဆိုတယ်။ အမေကြီးမျက်နှာဟာ ကြည်လို့ လန်းဆန်းလို့ပါပဲ။ ဝေဒနာ ခံစားနေရတဲ့ ရုပ်နဲ့ မတူပါဘူး။

အဲဒီ ၂၀၀၇ခုနှစ်က အသဲအသန်ဖြစ်ခဲ့လို့ ဆေးရုံပေါ်မှာ ၃ရက်လောက် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေရာကနေ၊ ဆရာဝန်တွေက မရတော့ဘူးလို့ လက်လျှော့ထားရာကနေ အမေကြီးတစ်ယောက် ပြန်လည် ကျန်းမာပြီး ထူထူထောင်ထောင် ဖြစ်လာခဲ့တာ ယနေ့ ၂၀၁၁ အသက် ၁၀၀ပြည့် မွေးနေ့လေးတောင် လုပ်နေရပြီပဲ။

အမေကြီးဟာ ဆွေတွေ မျိုးတွေကြားမှာ မှတ်ဉာဏ် အင်မတန် ကောင်းသူရယ်လို့ နာမည် ကျော်ကြားခဲ့သူပါ။ သား သမီး မြေး တူ တူမ ဆွေမျိုးတွေရဲ့ မွေးနေ့၊ အလုပ်အကိုင် စတာတွေအားလုံးကို ခေါင်းထဲမှာ အမြဲ အလွတ်ရနေတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်က ရွာမှာ လယ်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီး ရွာနီးချုပ်စပ် ရှိသမျှသူတွေ လာပိုးနေလို့ စိတ်မချတဲ့အတွက် ၁၇နှစ်သမီးနဲ့ ယောက်ျားပေးစားခံရလို့ ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျ၊ ခေတ်ပညာကို သေချာမသင်ဖူးခဲ့ပေမယ့် အင်မတန် ခေတ်မှီတဲ့သူ ဖြစ်ပါတယ်။ သတင်းစာဆို နိုင်ငံရေးနဲ့ စီးပွားရေး သတင်းတွေကိုမှ စိတ်ဝင်တစား ဦးစားပေး ရွေးဖတ်တဲ့သူ၊ မရွှေစုရေးတဲ့ ကဗျာတွေကိုဖတ်၊ ဆွဲတဲ့ပန်းချီကားတွေကို ချီးကျူးဝေဖန်ပေးတဲ့သူ၊ အနုပညာကို လေးစား တန်ဖိုးထားရ ကောင်းမှန်း သိတဲ့သူ၊ မရွှေစုလက်နဲ့ ချုပ်ပေးခဲ့တဲ့ အင်္ကျီလေးတွေ သိုးမွှေးတဘက်ကလေးတွေကို ဘယ်လောက်ပဲ လက်ရာ ညံ့သည်ဖြစ်စေဦး ဟောင်းနွမ်းနေတာတောင်မှ မြတ်မြတ်နိုးနိုး ၀တ်ဆင်ပေးတဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

ခုတော့ အဲဒါတွေ အားလုံး ဘာကိုမျှ အမေကြီး သတိမရတော့ပါဘူး။ အသဲအသန် ဖြစ်ရာက ပြန်သတိရလာပြီးတဲ့နောက် အမေကြီးရဲ့ မှတ်ဉာဏ်တွေ အားလျော့လာတာ၊ ဆွေမျိုး မိသားစု တတွေရဲ့ နာမည်တွေကိုတောင် မမှတ်မိနိုင်ဖြစ်လာတာ တဖြည်းဖြည်းနဲ့ သတိထားမိလာကြပါတယ်။ နဂိုကတဲက နားလေးတဲ့သူဖြစ်လို့ နားကြပ်တတ်ဆင်ပြီးနေရသူက အခုဆို နားကြပ်လည်း မတတ်တော့ ဘယ်သူ ဘာပြောပြောနေနေ တော်ရုံတန်ရုံလဲ နားစိုက်မထောင်တော့ပါဘူး။ မိသားစုအရေး ဘာကိုမျှလည်း စိတ်မ၀င်စားတော့ပါဘူး။

အမေကြီးမှာ မြေး၅ယောက်ရှိတာ ၄ယောက်က နိုင်ငံခြားမှာပါ။ အနီးကပ် အမြဲ ပြုစုနေတဲ့ မြေးအကြီးဆုံးကို တခါတရံ မှတ်မိသလို ရှိတတ်တာကလွဲလို့ အဲဒီ နိုင်ငံခြားမှာ နေတဲ့သူတွေ (မရွှေစု အပါအ၀င်) မြေး၎ယောက်စလုံးကို မေ့သွားရှာပါပြီ။ မရွှေစုတို့ကို ဘယ်သူတွေမှန်းလဲ မသိ၊ နာမည်တွေလည်း မမှတ်မိတော့ပါဘူး။ သူ့မှာ သမီး ၃ယောက်ရှိတာ၊ သမီး အငယ်ဆုံးက အမေရိက မှာ နေတာကို ဝေးလွန်းတဲ့ အရပ်ဆိုပြီး သဘောမကျခဲ့တာတွေလည်း မမှတ်မိတော့ပါဘူး။ ဘယ်သူတွေ သူ့နား လာလာ မလာ-လာ ဘယ်သူ့ကိုမှ မျှော်လည်း မမျှော်တော့ပါဘူး။ သူ့ သမီး မြေးတွေ ဆွေတွေမျိုးတွေ ဘယ်သူ့အကြောင်းကိုမှလည်း မမေး၊ ဘာကိုမှလည်း ပူပန်ခြင်းမရှိတော့ပါဘူး။

နေ့တိုင်း မနက် ၈နာရီလောက် ပုံမှန် အိပ်ရာကနိုးလာရင် တစ်ယောက်က မျက်နှာသစ်ပေး၊ ကိုယ်လက် ကူညီ သုတ်သင်ပေးပြီးတာနဲ့ အမေကြီး ပထမဆုံး လုပ်တာက ဘုရားရှိခိုးတာပါ။ သူ့ဘာသာသူတော့ မထိုင်နိုင်ရှာပါဘူး။ ဒီတော့ အိပ်နေရင်းကနေ လက်အုပ်ကလေး ချီရင်ချီ၊ ဒါမှမဟုတ်ရင်လည်း ခေါင်းအုံးတွေမှီလို့ ထိုင်ခုံလေးမှာ ထိုင်စေပါတယ်။ ပြီး ... ပါးစပ်က သူ့ဘာသာ ဘုရားစာတွေ ရွတ်နေပါတယ်။ သားသမီး မြေးတွေရဲ့ နာမည်တွေကို မေ့ကုန်သော်လည်း အချိန်မှန်ဘုရားစာရွတ်ဖို့နဲ့ တရားထိုင်ဖို့ကိုတော့ လုံးဝ မမေ့ပါဘူး။ သူနေ့စဉ် အမြဲရွတ်နေကျ ဘုရားစာတွေကို ရွတ်နေတယ်လို့ ထင်ရတုန်းပါပဲ။ ဘာတွေ ရွတ်နေမှန်းတော့ ဘေးလူတွေက နားမလည်၊ မသဲကွဲလှပါဘူး။

မနက်ပိုင်း ဘုရားရှိခိုးပြီးသွားပြီဆိုတာနဲ့ မနက်စာ မုန့်စားပါတယ်။ မုန့်စားနေရင်းက နင့် အဖေကြီးကိုလည်း မနက်စာ ကျွေးပြီးပလား၊ ကျွေးလိုက်ဦးနော်လို့ တစ်ခွန်းသတိပေးပါတယ်။ အနားမှာ ရှိသမျှ သူအားလုံးရဲ့ နာမည်တွေကို မေ့ကုန်တာပဲလား၊ မမှတ်မိတာလား မသိ၊ ဘယ်သူ့ကိုမှ အမည် နာမ တတ်ပြီး မခေါ်တော့ပါဘူး။ ဒါပေမယ့် သူ့ ယောက်ျား အနှစ် ၈၀လောက် ပေါင်းသင်းခဲ့ရတဲ့ အဖေကြီး နာမည်ကျတော့ ထူးထူးခြားခြား အမှတ်ရနေတုန်းပါပဲ။ တကယ်တော့ အဖေကြီးက ၂၀၀၄ခုနှစ် အသက် ၁၀၁နှစ်မှာ ဆုံးသွားခဲ့ပါပြီ။

ဒီလိုနဲ့ မနက်စာစားချိန်စား၊ နေ့လည်စာ ညနေစာ စားချိန်မှာ စားသောက်ပြီးစီးတိုင်း မျက်လုံးလေးမှိတ်ပြီး တရားမှတ်နေတော့တာပါပဲ။ စားချိန်ရောက်တဲ့အခါ သူ့ကို လာကျွေးတာ မှန်သမျှ စားပါတယ်။ ဘယ်လောက်ပဲ မစားချင်တာ ဖြစ်ပစေ အားနာသမှုနဲ့ တဇွန်းလောက်တော့ စားပေးရှာပါတယ်။ ဆေးတိုက်ရင်လည်း မညည်းမညူ သောက်ပါတယ်။ အစားအစာနဲ့ ပါတ်သက်ပြီး ဇီဇာ မကြောင်ပါတော့ပါဘူး။ ဒိမတိုင်ခင်ကတော့ စားစရာဆို ဇီဇာကြောင်လေ့ရှိသူပါ။ လိုချင်လောဘ မလိုချင် ဒေါသ စသဖြင့် တစက်လေးမျှ ဖြစ်ချိန်မရှိပဲ တကယ်ကို အေးချမ်းလှပါတယ်။ အဲ... သူနားနေတဲ့အချိန်မှာ စကားသွားပြောရင် မကြိုက်ပါဘူး။ တရား မှတ်လိုက်အုံးမယ်လို့ ပြောပြီး ဘာပဲ သွားပြောပြော မတုန့်ပြန်ပဲ မျက်လုံးမှိတ်နေတော့တာပါပဲ။ ဒါပေသိ အမေကြီးကို ခြေဆုပ်လက်နယ် ပြုစုသူမှန်သမျှကို အရင်ကအတိုင်း ဆုတွေ တသီကြီး မမေ့မလျော့ ပေးတုန်းပါပဲ။

အမေကြီးက သူ့သမီးအကြီးဆုံး အပျိုကြီးနဲ့ အဖော်၂ဦးနဲ့ တခြားအိမ်တစ်အိမ်မှာနေကြတာမို့ မရွှေစုမေမေက နေ့တိုင်းလိုလို မိုးလင်းကနေမိုးချုပ်ထိ အဲဒီအိမ်မှာသွားနေပြီး အမေကြီးအနားမှာ အနီးကပ် ပြုစု စောင့်ကြည့် ပေးပါတယ်။ အဲသလို မေမေက နေ့တိုင်း သူ့အိမ်လာပြီး သူ့ကို ပြုစုပေးနေတာကို အမေကြီးကသိပါတယ်။ ဒါပေမယ့် သူ့ကိုလာပြုစုပေးနေသူဟာ သူ့သမီးအလတ်တော်စပ်တယ် ဆိုတာကိုတော့ မေ့နေပါပြီ။ မေမေ နှိပ်ပေးလျင်ဖြစ်စေ၊ ကိုယ်လက် သုတ်သင်ပေးနေလျင်ဖြစ်စေ ထုံးစံအတိုင်း သဘောတကျ ဆုတွေပေးပါတယ်။ ပြီးတော့ မေမေ့ကို လူကြီးကို စိတ်ရှည်လက်ရှည် ပြုစု ဂရုစိုက်လိုက်တာ၊ တော်လိုက်တာနော်... တဲ့။ ဒါနဲ့ ... သမီးမှာရော အမေရှိသေးလား။ လို့ မေးသတဲ့။ မေမေက ရှိတာပေါ့ အဖွားရဲ့လို့ ပြန်ဖြေပါတယ်။ ဟုတ်လား၊ အမေက ဘယ်အရွယ်တုန်းလို့ ပြန်မေးပါတယ်တဲ့။ မေမေက ကျမအမေက အဖွားနဲ့ရွယ်တူပဲ အဖွားရဲ့လို့ ပြန်ပြောတော့... အော်... ကံကောင်းလိုက်တာနော်... ဒီအရွယ်အထိ အမေနဲ့နေရတာ ကံကောင်းတာပေါ့လို့ ပြန်ပြောသတဲ့။ ပြီးတော့ မေမေ့ကို ဒီမိန်းမ၀၀ဟာ ငါ့ကို တော်တော်သံယောဇဉ် ရှိရှာတာပဲ။ နေ့တိုင်းကို အိမ်လာပြီး ပြုစုပေးနေတာပဲလို့ မေမေ ပြန်သွားတဲ့အခါ အနားမှာရှိတဲ့သူတွေကို ပြောပြနေသေးသတဲ့။

မနှစ်က မရွှေစုနဲ့တွေ့တော့လည်း မရွှေစုက အမေကြီးနား ကပ်ပြီး - အမေကြီး၊ သမီး စုလေ မှတ်မိလားလို့... မေးတော့ ကိုယ့်မြေးတွေပဲကွယ် မမှတ်မိပဲ နေမလားလို့ ပြုံးပြီး ဖြေပါတယ်။ တကယ်တော့ မရွှေစု ဘယ်သူဆိုတာ သူ မသိရှာပါဘူး။ မေးတဲ့သူ ကျေနပ်အောင် အလိုက်အထိုက် ပြန်ဖြေနေတာ မရွှေစုတို့က သိတာပေါ့။ ၂၀၁၀ခုနှစ် အမေကြီး ၉၉နှစ် မွေးနေ့မှာ မရွှေစု ရှိနေတော့ ဘိုးဘွားရိပ်သာမှာ အမေကြီး ကိုယ်စား အဘိုးအဘွားတွေကို အလှူလေး လုပ်ပေးခဲ့ပါတယ်။ တကယ်တော့ နှစ်စဉ်နှစ်တိုင်း လှူနေကြ အလှူလေးပါ။ အလှူကပြန်လာတော့ အမေကြီးရေ... အမေကြီး မွေးနေ့ အလှူလုပ်ခဲ့တာ သာဓုခေါ်ပါဦးလို့ ခြေထောက်လေးတွေ နှိပ်ပေးရင် ပြောပြတော့ သာဓုလို့ ၃ခါ အကျယ်ကြီး ရွတ်ဆိုလိုက်သမို့ မရွှေစုတို့ တတွေ အားလုံး ပြုံးကြရသေးတယ်။

အမေကြီးဟာ ဘာရောဂါမှ မရှိပေမယ့် သူ့မှာ အိုတဲ့ဒါဏ်ကို ခံစားရတဲ့ အိုနာ ဒုက္ခတော့ရှိရှာပါတယ်။ အရိုးတွေ နာတယ်။ အကျောတွေ ဆိုင်းသလိုဖြစ်တယ်။ တခါတလေ ၀မ်းမသွားနိုင်တာ ဖြစ်တယ်။ သူများ ထူပေးမှ သွားနိုင် လာနိုင်ရှိတယ်။ တချို့ကတော့ ပြောတယ်။ အဲသလောက် အသက်ရှည်ရှည် မနေချင်ဘူးတဲ့။ မရွှေစု အမြင်ကတော့ အသက်ရှည်ခြင်း မရှည်ခြင်းဟာ ကိုယ်ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ကိစ္စကတော့ အသက်ရှင်နေစဉ် အချိန်အတွင်းမှာ ရသမျှအချိန်ကလေးကို ကိုယ်စွမ်းကိုယ်စ ရှိသလောက် ကုသိုလ်ကောင်းမှုတွေပြုလို့ အသက်ရှင်ခြင်းကို ငြိမ်းချမ်းစွာနဲ့ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ပဲ လိုပါတယ်။

လူ့လောကကြီးမှာ အသက်ရာကျော်နေနိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ မရွှေစုဟာ မတော်တဆများ အမေကြီးလို အသက်ရာကျော်နေခွင့်ရခဲ့မယ်ဆိုပါက အမေကြီးလို မလိုအပ်တဲ့ အရာအားလုံးကို မေ့နိုင်စွမ်းရှိတဲ့ လောဘ ဒေါသ မောဟ တဏှာတွေ ကင်းစင်အေးချမ်းတဲ့ တရားဓမ္မများမှာပဲ အစဉ်သတိကပ်နိုင်တဲ့သူမျိုး ဖြစ်ရပါလို၏လို့ ဆုတောင်းမိမယ်ထင်ပါရဲ့။

အမေကြီးရဲ့ ရာပြည့်မွေးနေ့လေးမှာ ကျေးဇူးရှင်အမေကြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့စွာဖြင့် တရားဓမ္မများ အားထုတ်နိုင်ပါစေလို့ ရိုသေစွာဖြင့် ဆုတောင်း မေတ္တာများ ပို့သ ရှိခိုး ကန်တော့လျက်။

အဝေးတနေရာမှ
မြေး - မရွှေစု

*********************

9 comments:

rose said...

ကြီးစုရဲ့ အဘွားအကြောင်းလေး လာဖတ်ပါတယ်။ အသက်ရှည်သားနော်။ အင်း... အသက်ကြီးတော့လည်း မှတ်ဥာဏ်တွေ ချို့ယွင်းကုန်တာပေါ့။ ကြီးစု ဆွဲထားတဲ့ ပုံတူ ပန်းချီလေး သိပ် အသက်ဝင်တာပဲ။ လှလိုက်တာ။

tin min htet said...

အိမ်ထောင်သက် နှစ် ၈၀ ဆိုတာ အံ့ဩစရာကြီး။

ကြီးစုလည်း အသက် ၁၂၀ ရှည်ပါစေ။ အိတ်လောက်ကြီးသွားရင်တော့ ဘယ်သူ့ကိုမှ ဆူနိုင်၊ ခေါက်နိုင်တော့မှာ မဟုတ်ဘူး :P

sonata-cantata said...

အမက အသက်ကြီးတဲ့ သူတွေနဲ့ နီးနီးကပ်ကပ် မနေဖူးလို့ စုချစ် သေသေချာချာ ရေးပြ၊ (အယင်ကလည်း ပြောပြဖူးတဲ့) ဘိုးသက်ရှည် ဘွားသက်ရှည်တို့ အကြောင်းကို စိတ်ဝင်တစား ဖတ်သွားပါတယ်။

Khin Maung said...

၂၀၁၀ ပြက္ခဒိန်မှာ အောက်တိုဘာလက ၃၀ရက်ထဲပါနေတာမို့ အမှားမဖြစ်ရအောင် သတိထားဖို့ အကြံပေးလိုပါတယ်
ထိုင်းနိုင်ငံက နံမည်ကြီးပြက္ခဒိန်မှာလည်း ဒီနှစ် ဇန်နဝါရီလ မှာ ၉ ရက်နေ့ ကို ထည့်မထားလို့ တောက်လျှောက်အမှားကြီးထုတ်ထားတာကို သတိပြုမိပါတယ် ဒါပါပဲ
ပြက္ခဒိန်လေးမြန်မြန်မြင်ချင်ပါပြီ အရင်လိုကာတွန်း ပန်းချီ ကဗျာတွေနဲ့ ပဲပိုနှစ်သက်ပါတယ်

မေဓာဝီ said...

မစု ဘွားဘွားက ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနော်။ ကြည့်ရတာ အေးချမ်းတယ်။
ရှေးကကုသိုလ်ကံ ကောင်းလို့ရော ခုဘ၀မှာ တရားနဲ့ နေလို့ရော အသက်ရှည်တာပဲ။
မစုတို့လဲ ဘွားဘွားကို ပြုစုပေးရတာ ကုသိုလ်တွေ အများကြီးရမှာ ...
ဘွားဘွားအတွက် မစုနဲ့ အတူဆုတောင်းလိုက်ပါတယ်။

ကိုခိုင် said...

ကြီးစု...း)
ကြီးစု ဖွါးဖွါးကပြုံးပြီးစကားပြောမယ့်ပုံ။
သဘောလည်းကောင်းမဲ့ပုံ။
ဟုတ်တယ်ဟုတ်း)
စကားမစပ်
ဦးရေချမ်းနဲ့ကြီးစုတို့စုံတွဲပုံနဲ့
ဲပြက္ခဒိန်ထုတ်မယ်ဆိုတာတကယ်လားးးးးးးးးး

(အစစအရာရာပြည့်စုံသောနှစ်ဖြစ်ပါစေ။)

ကိုခိုင်

သက်ဝေ said...

ဖတ်ပြီး ဝမ်းသာ ဝမ်းနည်းနဲ့ ညီမရေ...

သီလကောင်းတဲ့ ညီမရဲ့ ဖွားဖွား ကိုယ်ရော စိတ်ပါ ချမ်းမြေ့စွာနဲ့ တရားဓမ္မများ အားထုတ်နိုင်ပါစေလို့ ညီမနဲ့ အတူတူ ဆုတောင်းပါတယ်...း))

ဆုမြတ်မိုး said...

မင်္ဂလာပါကြီးစုရယ်
လာလည်သွားရင်းနဲ့ ဖွားဖွားအကြောင်းဖတ်သွားပါတယ်
ချစ်တဲ့
ဆုမြတ်

ဆုမြတ်မိုး said...

ဒါက ပိုစ့်ဖတ်ပြီးမှရေးတဲ့ကော့မက်

ကြီးစုဖွားဖွားက တော်တော်လေးကိုအိုကံကောင်းပါတယ်...သားသမီးတွေမြေးတွေနဲ့တူတူ နေရတယ်..ပြီးတော့ သူတို့တွေကလည်းချစ်ကြ ဂရုစိုက်ကြတယ်.. နားလေးတာလည်းသဘာဝအလျောက်ဆိုတော့ မိသားစုအပူတွေဝေးတာပေါ့...။ ဘုရားတရားကိုပဲ အာရုံရအောင် သဘာဝကဖန်တီးပေးတယ်တဲ့တူပါတယ် ... ဖွားဖွားကြီး ကျန်းကျန်းမာမာနဲ့အသက်ရှည်အနာကင်းပါစေ..။