Tuesday, November 2, 2010

မင်းသား ကျော်သူ နှင့် လူမှုရေးရှေ့ဆောင်လမ်းပြ ....

မင်းသား ကျော်သူ နှင့်
လူမှုရေးရှေ့ဆောင်လမ်းပြ ပြည်သူ့ဘက်တော်သား ဦးကျော်သူ

Media – Ipad Sketch with Finger by SuuChit

ကျော်သူ... မင်းသား ကျော်သူ... တဲ့။ အဲဒီနာမည်ကို ၁၉၈၀ ခုနှစ်ကျော်များဆီက စပြီး ကြားခဲ့ရတယ်။ နောက်တော့ သူက မြန်မာ့ရုပ်ရှင်လောကမှာ ထိပ်တန်း နာမည်ကြီး မင်းသားတစ်လက်ဖြစ်လာခဲ့တယ်။

အခု ၂၀၁၀ခုနှစ် တိုင်အောင်လည်း ကျော်သူဟာ နာမည်ကျော်တုန်းပါပဲ။ ဒါပေမယ့် ရုပ်ရှင်မင်းသားတစ်ယောက် အနေနဲ့ မဟုတ်တော့ဘူး။ မြန်မာနိုင်ငံနာရေးကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း၊ သုခ အလင်းစာကြည့်တိုက် တည်ထောင်သူ ဦးဆောင်သူ၊ လူမှုရေးရှေ့ဆောင်လမ်းပြ ပြည်သူ့ဘက်တော်သား အနုပညာရှင်တစ်ဦး၊ ပြည်သူ့ဂုဏ်ရည် လေးစားဖွယ်ရာ မြန်မာတစ်ဦး အနေနဲ့ပါ။

----- ။ -----

ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ကျော်ဆီက တနေ့မှာ ဖေဖေ့မိတ်ဆွေ ဒါရိုက်တာဘဘဦးရန်နိုင်စိန် အိမ်ကိုအလည်လာတော့ သမီးတို့ အကြီုက် မင်းသားသစ်လေး တစ်ယောက် လာတော့မယ်... အဲဒီမင်းသားလေးကလေ... ရှေ့ကနေကြည့်လည်း လှ... ဘေးက ကြည့်လည်းလှသတဲ့။ အပြင်မှာ မြင်ဖူးချင်ရင် ဘဘ ရိုက်ကွင်းသွားတဲ့အခါ လိုက်ခဲ့ကြတဲ့။ ဘဘရဲ့ မင်းသားနာမည် တခါမှလည်း မကြားဖူးပါလား မေးကြည့်တော့... အခု သူရိုက်နေတဲ့ရုပ်ရှင် မကြာခင်ထွက်တော့မှာတဲ့။

မကြာပါဘူး။ ချစ်ကြိုးလေးနှစ်မျှင်ဆိုတဲ့ သူ့ရုပ်ရှင်ကားထွက်လာတော့ ရုပ်ရှင်ရုံတွေတိုင်းမှာ ကြည့်လိုက်ကြတဲ့သူတွေ ကြိတ်ကြိတ်တိုး စည်ကားတာဆိုတာ။ ရုပ်ရှင်အမြဲမကြည့်ရတဲ့ မရွှေစုတို့လို လူမျိုးတောင် ကြည့်ကြမှတော့ သူ့ ပထမကားမှာတင် ဘယ်လောက်အောင်မြင်တယ်ဆိုတာ သိနိုင်ပြီပေါ့နော်။ သူ့ရဲ့သရုပ်ဆောင်မှုတွေဟာ ပြောင်မြောက်တယ်လို့ ပြောလို့မရပေသိ၊ ( အဲဒီကားမှာ အဖေလုပ်တဲ့သုမောင် ဆူတော့ သူက ပြုံးစိ ပြုံးစိ ဖြစ်နေတာ အခုထိ မှတ်မိနေသား။) ငယ်ဂုဏ်ရယ် ချောမောပြေပြစ်တဲ့ သူ့ရုပ်ရည်ရယ်၊ အပြစ်ကင်းတဲ့သရုပ်ဆောင်မှုတွေရယ်ကြောင့် ပရိတ်သတ်ရဲ့ လက်ခံအားပေးမှုကို ချက်ချင်းရခဲ့တယ်လို့ ထင်ပါတယ်။

သူနဲ့ ခေတ်ပြိုင်မင်းသားတွေကတော့ စိုးသူနဲ့ ပြေငြိမ်းလို့ ပြောလို့ရမယ်နဲ့တူတယ်။ အဲဒီခေတ်တုန်းက သူတို့တွေက အပြင်မှာလည်း သူငယ်ချင်းတွေလို ခင်မင်ကြသတဲ့။ တခါက မဂ္ဂဇင်း တစ်ခုမှာ ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း၊ တင်နီလာဝင်း၊ မို့မို့မြင့်အောင်၊ ခိုင်ခင်ဦးတို့ ခေတ်ပြိုင် မင်းသား၊ မင်းသမီးတွေ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး အတူတူရုပ်ရှင်သွားကြည့်ကြတဲ့ အကြောင်းရေးထားတာတွေ ဖတ်ခဲ့ရတာ ခုထိ မှတ်မိနေသေးတယ်။

မရွှေစုကလည်း အဲဒီတုန်းက အပျိုပေါက်စ အရွယ်။ ဒီမင်းသား၃ယောက်ကို ဘယ်လို ကြိုက်မှန်းမသိ ကြိုက်ခဲ့တာပေါ့။ ကိုယ်က ပန်းချီဆွဲတာလည်း ၀ါသနာပါတော့ အိမ်မှာ အားရင် ပုံဆွဲဖြစ်တာ ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း ပုံတူတွေလေ။ အို... အဲဒီတုန်းကများ စိုးသူ၊ ကျော်သူ၊ ပြေငြိမ်းပုံတွေဆို မျက်စိမှိတ်ပြီးတောင် ဆွဲနိုင်တဲ့အထိ အလွတ်ရခဲ့တယ်။

----- ။ -----

ကျော်သူသရုပ်ဆောင်တာကို တော်တော်လေးစွဲလန်းခဲ့ဖူးပါတယ်။ သူပြုံးလိုက်ရင် နှုတ်ခမ်းတစ်ဖက်ထောင့်စွန်းလေးကွေးသွားပုံက ဘယ်သူနဲ့မှမတူ ဆွဲဆောင်မှုရှိစေတယ်လို့ ထင်တယ်။ သူ သရုပ်ဆောင်ရင် ကိုယ့်ရဲ့ညီမကို ချစ်လို့ကြည့်တဲ့မျက်လုံးနဲ့ ရည်းစားကို ချစ်လို့ကြည့်တဲ့မျက်လုံး မတူကွဲပြားအောင် သရုပ်ဆောင်တာမို့ တခါတခါ သူဟာ ကိုယ့်အစ်ကိုဖြစ်သွားလိုက်၊ ရည်းစားကို ကြည့်တဲ့မျက်လုံးကလည်း ချစ်ရိပ်ချစ်ငွေ့တွေ ရွှန်းလက်နေအောင် သရုပ်ဆောင်တတ်တာဆိုတော့ ကိုယ်ပါကြားထဲက ရောယောင်ရင်ခုန်လိုက်၊ သူငိုရင် လိုက်ငိုလို့၊ သူရယ်ရင် လိုက်ရယ်လို့ သူ့သရုပ်ဆောင်မှုတွေ အားလုံးနောက်မှာ လိုက်ပြီး နစ်မျောခဲ့ဖူးတယ်။

စိုးသူ သရုပ်ဆောင်တာကိုတော့ ဒီလောက်ကြီး မစွဲလန်းခဲ့ဖူး။ ဒါပေမယ့် သူ့ကိုလည်း သဘောကျခဲ့တာပါပဲ။ သူက သီချင်းလည်းဆိုတော့ သူ့စတိတ်ရိုးပွဲတွေဆို ၄-၅ခါထက်မနည်း ရှေ့ဆုံးတန်းကထိုင်ပြီးကို အားပေးခဲ့ဖူးတယ်။ ကြည်ဖြူပါ... ကြည်ဖြူပါမေရယ်... ဒီညလည်း ကိုယ်လေ အိပ်မပျော်နိုင်...လို့ဆိုနေရင်း စတိတ်ပေါ်ကနေ တချက်ပြုံးပြလိုက်ရင် ကိုယ့်ကိုပဲလာပြောနေသလို ရှက်ရှက်နဲ့ သူ့ကိုပြန်မကြည့်ရဲ။ သူက လူပျိုမင်းသား ဆေးကျောင်းသားဆိုတော့ တခြားမင်းသားတွေထက် ပိုစွံတာပေါ့။ အဲဒီခေတ်ကကောင်မလေးတွေဆို သူ့ကို သည်းသည်းလှုပ်ပဲ။ သူ့မွေးနေ့မှာ သူ့အိမ်ရှေ့ မွေးနေ့လက်ဆောင်တွေ တိတ်တိတ်ကလေး လာချတဲ့အကြောင်း မဂ္ဂဇင်းတွေမှာ ဟိုးဟိုးကျော်ပါပဲ။

ပြေငြိမ်းကတော့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ရီလိုက်ရင် သွားတက်ကလေးနဲ့ သူ့ပုံစံလေးဟာ ရိုးသားတဲ့ ဖိုးသခွားပုံစံလေး၊ စကားပြောတော့ သူ့အသံက အက်တက်တက် ရှတတ။ အဲဒီ အက်တက်တက် ရှတတ အသံလေးကိုပဲ မရွှေစုတို့ ပရိတ်သတ်တွေက သဘောကျနေပြန်ရော။ မကြာပါဘူး။ သူက ရထားပေါ်က ပြုတ်ကျပြီး ဆုံးသွားပါရောလား။ အို... ကောင်မလေးတွေများ ငိုလိုက်ကြတာ။ မရွှေစုတို့လည်း ၀မ်းနည်းလိုက်ရတာ။ သူ့ကို နှမျှောလိုက်တာ သနားလိုက်ရတာ။

----- ။ -----

အခုတော့ ဒီအဖြစ်တွေက နှစ်ပေါင်း ၂၀ကျော်-၃၀ နီးပါး ကြာခဲ့ပါပြီ။ မရွှေစုလည်း မြန်မာနိုင်ငံနဲ့ဝေးခဲ့တာ ၁၀စုနှစ်ကျော်မကကြာခဲ့ပြီ။ ဝေးရပ်မြေတနေရာမှာ မြောက်မြားလှစွာသောတာဝန်တွေကြား ရုန်းကန်နေရသူမို့ မြန်မာရုပ်ရှင်လောက က သူတွေအကြောင်းကိုလည်း သိပ်မသိတော့သလို၊ အရင်ကလို စိတ်ဝင်စားမှုလည်း မရှိတော့ပါဘူး။ ကိုယ်လည်း အသက်ကြီးလာသလို ကိုယ့်ခေတ်က ကိုယ်ကြိုက်ခဲ့တဲ့ ကိုယ့်အသဲစွဲမင်းသားတွေလည်း ခုချိန်မှာ ရှိနေသေးရင် အဖိုးကြီးတွေ ဖြစ်ကုန်ကြပြီပေါ့။

သေသောသူ ကြာရင်မေ့ဆိုသလို ကိုယ်သဘောကျခဲ့ဖူးတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ပြေငြိမ်းကိုဆို တဖြည်းဖြည်းနဲ့ မေ့သွားလိုက်တာ အရင်တုန်းက အလွတ်ဆွဲနိုင်ပါတယ်ဆိုတဲ့ သူ့ပုံရိပ်ကို ခုချိန်မှာ မနည်းပြန်စဉ်းစားယူရပါတယ်။

စိုးသူကတော့ နိုင်ငံခြား ထွက်သွားပြီးတဲ့နောက် အနုပညာလုပ်ငန်းနဲ့ နည်းနည်းအဆက်ပြတ်သွားပုံရတယ်။ မရွှေစုတို့လည်း သူ့ကို ခပ်မေ့မေ့။ တလောကတော့ သူ့ရဲ့ ရိုးပွဲကျင်းပတယ် အောင်မြင်တယ်လို့ ကြားမိတယ်။ ဒါပေမယ့် မရွှေစုကတော့ ငယ်ငယ်တုန်းကလို တ-တမ်းတမ်း၊ တ-တတနဲ့ ကြည့်ချင်လှချည်ရဲ့ဆိုတာ မရှိတော့ဘူး။

ကျော်သူလည်း ၂၀၀၀ကျော်ခုနှစ်တွေထိ ရုပ်ရှင်ကားတွေ ရိုက်နေသေးတယ်ဆိုပေမယ့် ကိုယ်ကနိုင်ငံခြားမှာနေသူမို့ မြန်မာရုပ်ရှင်တွေကို တကူးတကန့်မှာပြီး မကြည့်ဖြစ်ခဲ့ဖူး။ သူအအောင်မြင်ဆုံးလို့ပြောတဲ့ အကယ်ဒမီဆုတွေ အများကြီးရတယ်ဆိုတဲ့ အမေ့နို့ဖိုးဆိုတဲ့ကားမျိုးတောင် မကြည့်ဖြစ်တော့တဲ့အထိ မြန်မာရုပ်ရှင်တွေနဲ့ အဆက်ပြတ်သွားခဲ့တယ်။

ငယ်ရွယ်စဉ်အချိန်က စိတ်ကူးယဉ် သဘောကျခဲ့ဖူးတဲ့ မင်းသားတွေဟာ အဲဒီအချိန် ခဏတာမျှသာ အာရုံမှာ စွဲထင်နေမှာဖြစ်ပြီး အချိန်နဲ့အမျှ ဒီအာရုံတွေက တဖြည်းဖြည်း ပျောက်ကွယ် ရွေ့လျားကုန်တာ မေ့လျော့ကုန်တာ သဘာဝကျတဲ့ အဖြစ်အပျက်တစ်ခုပဲ ထင်ပါရဲ့။

----- ။ -----

ဒီနေ့ ဒီအချိန်အခါမှာ ဟိုးတခေတ်တခါက ပရိတ်သတ်တွေရဲ့ အသဲစွဲဖြစ်ခဲ့တဲ့ မင်းသားကျော်သူဆိုတဲ့ပုံရိပ်ဟာ မရွှေစုတစ်ယောက်တည်းရဲ့ အမြင် အတွေး အကြား အာရုံမှာသာမက မြန်မာပြည်သူတွေရဲ့အာရုံမှာပါ မှုန်ဝါးကောင်း မှုန်ဝါးသွားနိုင်ပြီလို့ ထင်ပါတယ်။ မင်းသားကျော်သူဆိုတာ… အဲဒီခုနှစ်များဆီက အအောင်မြင်ခဲ့ဆုံး မင်းသားတစ်လက်ပေါ့ဆိုတဲ့ အသိကလွဲရင် တခြားမင်းသားတွေကိုသတိရသလောက်ပဲ သတိရစရာ အကြောင်းရှိပါတယ်။ ဒီထက်ပိုပြီး အမှတ်ရနေစရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှုရေးရှေ့ဆောင်လမ်းပြ ခေါင်းဆောင်တစ်ဦး၊ လေးစားအားကျဖွယ်ရာ မြန်မာ့ဂုဏ်ဆောင် အမျိုးသားကောင်းတစ်ဦး၊ အကူအညီ လိုအပ်နေသူများအတွက် ဖေးမကူညီနေသူတစ်ဦးအနေနဲ့ ပေါ်ထွက် လင်းလက်လာတဲ့ ကျော်သူဆိုတဲ့ပုံရိပ်ကတော့ မြန်မာပြည်သူတွေရဲ့ ရင်ထဲ အသဲထဲမှာ လွယ်လွယ်နဲ့ မေ့ပျောက်သွားမှာ မဟုတ်ပဲ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထင်လင်းစွာ မြဲမြံ ခိုင်ခန့် တည်တံ့ နေလိမ့်မယ်လို့ ယုံကြည်မိတယ်။

သေခြင်းနဲ့ ရှင်ခြင်းဟာ နံရံပါးပါးလေး တချပ်သာ ခြားထားတာပါ။ သေခြင်းတရားဟာ ဒီနံရံပါးလေးကို ချိုးဖျက်ပြီး ကိုယ့်ဆီကို အချိန်မရွေး ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် မရွှေစုတို့ဟာ သေခြင်းတရားကို မေ့လျှော့၊ မောဟအမှောင်ထဲမှာ နေထိုင်ကြပြီး၊ သူဟာ ကိုယ်နဲ့လားလားမျှမဆိုင်သလို မသိချင်ယောင်ဆောင်ကြလို့၊ ဥပေက္ခာပြုလို့၊ သေတဲ့လေသံကလေးကိုမျှ မကြားချင် မကြားရဲ၊ နှာခေါင်းရှုံချင်နေတတ်ကြ၊ သေပြီလို့ကြားရင်ပဲ မကြည့်ချင် မမြင်ရဲ ဖြစ်နေတတ်ကြတယ်။

အရင်ကဆို သေတဲ့သူကို မကြည့်ရဲ အသံကြားတာနဲ့ ကြောက်တတ်တဲ့ မရွှေစုဟာ အခုဆို ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအဖွဲ့က လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ် ဖတ်ရှုပြီး နာရေးဓါတ်ပုံတွေကိုပါ အမြဲစောင့်ကြည့် သံဝေဂ ယူတတ်နေပါပြီ။ သေတဲ့သူရဲ့ ဓါတ်ပုံတွေကို ကြည့်ရမှာလည်း အရင်ကလို မကြောက်တော့ပါဘူး။ အဝေးကနေ ငွေအားဒါနကုသိုလ်သာပြုနိုင်တာမို့ မြန်မာပြည်ကို ပြန်လာနိုင်တဲ့တနေ့ ဦးကျော်သူ ဦးဆောင်တဲ့ အဖွဲ့မှာပါဝင် လုပ်အားဒါန ပြုချင်တဲ့အထိ စိတ်ဆန္ဒများ ဖြစ်ပေါ်မိပါတယ်။

----- ။ -----

ငယ်ငယ်တုန်းက မင်းသားကျော်သူပုံတူတွေ အများကြီးဆွဲခဲ့ဖူးတယ်။ အဲဒီတုန်းက မင်းသားတစ်ယောက်ကို သာမန် သဘောကျခြင်းသက်သက်နဲ့ သူ့ပုံတူတွေဆွဲခဲ့မိတာကလွဲလို့ ဘာခံယူချက် ဘာခံစားမှုမှ အပိုမပါခဲ့ဘူး။
နှစ်ပေါင်း၂၀ကျော် ကွာခြားသွားပြီးတဲ့နောက် အခု ဦးကျော်သူရဲ့ ၅၁နှစ်မြောက်မွေးနေ့မှာ အမှတ်တရ ဂုဏ်ပြုချင်လို့ဆွဲမိတဲ့ ဒီပုံတူမှာတော့ မြန်မာပြည်သားများအားလုံးကိုယ်စား ဦးကျော်သူအပေါ် ချစ်ခင် ကြည်ညို အားထားမှု၊ လေးစား အားကျ ဂုဏ်ယူမှုတွေ ထင်ဟပ် ပျော်ဝင်နေမှာ ဖြစ်ပါတယ်လို့။

ဦးကျော်သူ မွေးနေ့မှာ ကိုယ်ရော စိတ်ပါ ကျန်းမာ ရွှင်လန်း ချမ်းသာပါစေရန် ဆုတောင်းမေတ္တာများပို့သလျက်... ။ ။

စုချစ်
၀၂ နိုဝင်ဘာ ၂၀၁၀

----- ။ -----

11 comments:

ThuHninSee said...

ကျော်သူကို အသည်းစွဲ အားပေးတာ။ လူကဖြင့် အရွယ်မရောက်သေးဘူး။ အစ်မတွေလုပ်တဲ့အတိုင်း လွယ်အိတ်မှာ ကျော်သူ့စတိုင်လ် ဂေါ်ထုံးလေး
လိုက်ထုံးထားရတာအမော။ ကြီးဒေါ်က အားပေးတယ် နင်တို့မင်းသား နှုတ်ခမ်းပြာပြာနဲ့ စကားလဲမပီ။ အသားမဲမဲ ပိန်ညှောင်ညှောင် တဲ့၊

tin min htet said...

ကြီးစုဆွဲတဲ့ ပုံတွေမှာ ဒီပုံတော်တော်ကောင်းတယ်။ ဦးကျော်သူရဲ့ ရိုးသားတဲ့ အကြည့်ကို မိအောင်ဖမ်းနိုင်တယ်။

The Queen said...

ဦးကျော်သူ ပုံက အသက်ပါလိုက်တာ။ ဟုတ်တယ် အမ ရယ် .. သူ့ရဲ့ အကျိုးပြု လုပ်ရပ်တွေကို အားကျလို့ အခွင့်ရရင် လုပ်အား ပါ ဝင်ကူချင်တာ။ ကိုယ်တွေက အဝေးက နေ ငွေ ဒါန သာ တတ်နိုင်တာကိုး။ အသက် ရာကျော် တဲ့ အထိ ပြည်သူ ကချစ်ခင်လေးစားပြီး ပြည်သူ့ အကျိုးကို ဆက်လက်ပြီး ထမ်းဆောင် နိုင်ပါစေ လို့ဆန္ဒပြုပါတယ်။

:P said...

အစ်မဆွဲတဲ့ပုံလေး သိပ်ကြိုက်တာပဲ..
ဟုတ်တယ်......
ညီမလည်း ငယ်ငယ်က ကျော်သူလွယ်အိတ် အကျားကို အထုံးလေးထုံးလွယ်တယ်.. ပန်းဖွားလွယ်အိတ်မှာလည်း အထုံးကလေးနဲ့ပဲ ...။

ကိုကျော်သူ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နဲ့ မွေးနေ့ ၁၂၀ တိုင်ပါစေ။။

မင်းနန္ဒ said...

သူသာ မင်းသားဆက်လုပ်နေဖြစ်ရင် အခုလို ပြည်သူ့အတွက် အစစ်အမှန် အလုပ်လုပ်ပေးနိုင်မယ့်ကျော်သူ၊ celebrity တစ်ဦးကို ခါတော်မှီကြိုက်တာထက် ပိုတဲ့ လေးစားအားကျမှုကို ရရှိနိုင်တဲ့ ကျော်သူဖြစ်ချင်မှဖြစ်လာမယ်။

ဖိုးတုတ် said...

ဦးကျော်သူက ဆရာဝန်အဖြစ်နဲ. မင်းသားကြီး ဦးဇော်လင်းက သူ.ရဲ့အဖေ အရက်သမား အဖြစ်သရုပ်ဆောင်တဲ့ ဇတ်ကားကို တော်တော်ကြိုက် ပါတယ် ၊ ဇတ်ကားအမည်ကို မမှတ်မိတော့ပါ ၊ အဲဒီ့ရုပ်ရှင်ကို အမြဲတမ်းအမှတ်ရနေပါတယ် ၊ နှစ်ဦးစလုံးရဲ့ သရုပ်ဆောင်မူကတော်တော် ကောင်းပါတယ် ၊ ဦးကျော်သူရဲ့ လူမူရေးဆောင်ရွက်မူ တွေကို လေးစားဂုဏ်ယူမိပါတယ် ..

Sonata Cantata said...

ကိုကျော်သူ ကျန်းမာ ရွှင်လန်းပါစေ
မွေးနေ့ အမှတ်တရ ဆုမွန်တောင်းပါတယ်။

ဟမ်!
ပြေငြိမ်း လို့ မြင်လိုက်သလိုပဲ
အနာဖေးတွေကို လာလာမခွာပါနဲ့ ဒေါ်စုချစ်သူ
ဒီက
အမြဲတမ်းအတွက်
ပြေငြိမ်း ပါ

(မှတ်မိသေးလားဟင် ပြေငြိမ်းက ဆိုင်းထိုးရင် အမြဲတမ်းအတွက် ဆိုတဲ့ စာတန်းလေး ရေးတာကိုလေ...
ဘုရား ဘုရား ဒီကော်မန့် ကိုဧရာ မမြင်ပါစေနဲ့းP )

စုချစ် said...

@MaThuHninSee , CoHtet, Sis Queen, Ma:P, ကိုမင်းနန္ဒ --> ကော်မန့်လေးတွေ အတွက်ကျေးဇူးပါနော်...
း-)

@KoZZZ --> ဆရာကြီးဦးသုခရေးတဲ့ အဖေနဲ့သားဆိုတဲ့ ဇာတ်လမ်းကို ဆရာကြီးဦးသုခကပဲ ဒါရိုက်တာလုပ်ပြီး ရိုက်ထားတာ ကို ပြောတာနဲ့ တူတယ်... ဟုတ်တယ်... အဲဒီကားဟာ သိပ်ကောင်းတာပဲ... တီဗွီကနေ လွှင့်သွားတာပါ...
း-)

@မမသီတာ --> မှတ်မိနေတယ်နော်...
ကျနော့်ကိုချစ်သူများ၊ ကျနော့်ကိုမုန်းသူများ၊ ကျနော့်ကိုဘယ်လိုမှ မနေသူများ အားလုံးအတွက်....
ပြေငြိမ်း...
လို့လဲ ရေးတတ်သေးတာ မမရဲ့....
ဒါမျိုးဆို ....ကျောင်းစာထက် ပိုမှတ်မိသေး....
ဟီး...
း-)

စုချစ် said...

@မမသီတာ ---> ဒါထက်... ငိုတဲ့ထဲ မမသီတာ ပါခဲ့တာပေါ့နော်... ခစ်...
ဆရာကိုဧရာ မမြင်အောင်ပြန်ဖြေပါ...
ဒန်တန်တန်... ;-P

သက်ဝေ said...

ညီမ စုချစ်...
ဆွဲထားတဲ့ ပုံလေးက အသက်ဝင်သလို ရေးထားတဲ့ အကြောင်းအရာကလဲ အလွန် နှစ်သက်စရာကောင်းလှပါတယ်...
အမလဲ မနေ့တနေ့တွေကပဲ ပုံရိပ်ဟောင်းတွေ လိုက်တူးရင်း စိုးသူရဲ့ New York က Show ကိုကြည့်ရင်း သူတို့တွေကို သတိရနေတာ...

ဦးကျော်သူ မွေးနေ့မှာ ကိုယ်ရော စိတ်ပါ ကျန်းမာ ရွှင်လန်း ချမ်းသာပါစေဖို့ ညီမနဲ့ အတူတူ ဆုတောင်းသွားပါတယ်...

စုချစ် said...

ကျေးဇူး အမသက်ဝေ...
း-)