Tuesday, April 1, 2008

ချစ်သော သီရိမြိုင် - ၁ (၁၉၈၅)


တကယ်တော့ ရပ်ကွက်လေးဟာ လမ်းတွေကကျဉ်း၊ ကျူးကျော်တဲတွေကလည်း ဟိုဖက်ဒီဖက် အနီးအနားမှာ ရှိကြလေတော့ နေစရာကောင်းလှချည်ရဲ့လို့ ဘယ်သူမှ ပြောမယ်မထင်ပါဘူး။ ဒီကြားထဲ မိုးရွာရင် မြောင်းတွေက ရေလျှံ၊ ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ် ကလူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် နင့်မြောင်းကို မဖောက်နဲ့၊ ငါ့မြောင်းကို ပိတ်ပြီ၊ စသဖြင့် ရန်စောင် စောင်းမြောင်းကြ။ ဗွက်တွေက လမ်းလျှောက်သွားရင် အသွားမတတ်တဲ့ သူဆို ခေါင်းထိအောင် တဘတ်ဘတ်နဲ့ တက်စင်သေး။ ဒီကြားထဲ ကိုရွှေခွေးတွေရဲ့ ချေးတုံးခွေခွေတွေက မိုးရေကြောင့် ရွှံ့ရောင်နဲ့ ဆင်တူလိုလို မသဲမကွဲ ပျံ့လူးလို့။ ခွေးချေး တက်မနင်းဘူးတဲ့သူဆို ခေတ်နောက်ကျတဲ့သူ၊ ဒါမှမဟုတ် ဒီရပ်ကွက်ကလူပဲမဟုတ်တော့သလိုလို။

ဒါဖြင့်နွေရာသီခြောက်သွေ့တော့ ကောင်းမှာပေါ့လို့ မမေးနဲ့။ လန့်စရာကိုရွှေမီးက လာပါပြီ။ တိတ်ဆိတ်တဲ့ ညလယ် တဒေါင်ဒေါင်နဲ့ ကင်းတဲက အထိတ်တလန့် ကျယ်ကျယ်လောင်လောင် သံချောင်းခေါက်သံကို မကြားဘူးတဲ့ နွေညများ မရှိသလောက်ရှားခဲ့ပါ့။ အဲလိုကျပြန်တော့ ခြံတခါးတောင်ဖွင့်ချိန်မရပဲ ရပ်ကွက်ထဲက ယောက်ျားလေးတွေများ လူကြီး၊ လူငယ်၊ လူရွယ်၊ မရွေး ကလေးတွေကအစ ရေတစ်ပုံးစာ လက်ကဆွဲပြီး မီးဆိုတဲ့နေရာကို အပြေးအလွှားသွား ကူည်ီကြတာ။ မီးငြိမ်းပြီဆိုပြီးပြန်လာတော့ ခြံတခါးပိတ်ထားလို့ ပြန်မ၀င်တတ်တော့ဘူး။ ခုနက ဒီလောက်ခြံစည်းရိုး အမြင့်ကြီး သူဘယ်လို ခုန်ထွက်ခဲ့လည်းဆိုတာ သူ့ဘာသာ မစဉ်းစားတတ်တော့ဘူးတဲ့။ ဘယ်...မီးသတ်ကားများ အားကိုးဖို့ ခေါင်းထဲတောင်မထည့်ကြဘူး။

အလှူခံတွေဆိုတာလည်း ရပ်ကွက်ထဲမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒင်းကျမ်းပြည့်လို့။ အော်လံကြီးတွေကို နီးစပ်ရာခေါင်မိုးပေါ်တွေ တင်ပြီး အပြိုင်အဆိုင်ကို အလှူခံကြတာကလား။ အကျိုးကျေးဇူးကတော့ အဲဒီကဖွင့်လေ့ရှိတဲ့ ကြာနီကန်ဆရာတော် တရားများ ၅နှစ်သားလေးကအစ အကုန်အလွတ်ရတယ်။ မတည့်တဲ့သူ အချင်းချင်းတိုက်ပေးပြီး အလှူငွေကောက်လို့ကတော့ အကောင်းဆုံးပေါ့။ စာမေးပွဲတွေကဖြေရတော့မယ်။ ရပ်ကွက်ထဲက မင်္ဂလာဆောင် ဆောင်းဘောက်စ် သီချင်းသံတွေကြောင့် စာမေးပွဲနဲ့များတိုက်ဆိုင်လို့ကတော့ စာကျက်မရတော့ပဲ ဘောလုံးကွင်းထဲ စာသွားကျက်ခဲ့ဘူးတာလည်းရှိပါ့။ ဘယ်စာကျက်လို့ရမတဲ့လဲ။ သီချင်းတွေ လိုက်နားထောင်ပြီး ပုဇွန်ဆိတ်လေးဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်...လို့ လိုက်လုပ်နေတာကိုး။

ညနေချမ်းများမှာဆိုရင်တော့ တအိမ်အိမ်က လင်မယားတွေ ရန်ဖြစ်သံ (ဒါမှမဟုတ်) မကျေနပ်တဲ့သူတွေကို စောင်းပြီး သူ့ကလေးတွေကိုငေါက်လေ့ရှိတတ်တဲ့ ဒေါ်လုံးရဲ့စွာကျယ်ကျယ်အသံ၊ အရက်မူးပြီး သီချင်းတွေအော်ဆိုလာတဲ့ ကိုတာတီးရဲ့ရီဝေေ၀အသံ စတာတွေက ရံဖန်ရံခါ ကြားရတတ်တဲ့ မရိုးနိုင်သော ရပ်ကွက်လေးရဲ့ သံစဉ်လေးတွေပေါ့။ တခါများ ညနေခင်း လမ်းလျှောက်ထွက်ရင်း ကျူးကျော်တဲတွေဖက် အရောက် မိန်းမကြီး၂ယောက်ရန်ဖြစ်ပြီးဖက်လုံးကြတာ ထမီတွေကျွတ်ကုန်တဲ့ထိ။ ကျွတ်သွားတဲ့ ထမီကို ဂရုမစိုက် ခြေထောက်လေးနဲ့တောင်ခတ်ထုတ်လိုက်ပြီး အနိုင်မခံအရှုံးမပေးလုံးနေကြတာများ ကမ္ဘာ့နပန်းသတ်ပွဲက ဒိုင်လူကြီးတွေများမြင်ရင် စောစောက မသိရလေခြင်း၊ သူတို့ရုံသွင်းမပြလိုက်ရလေခြင်းလို့ ရင်ထုမနာဖြစ်ကြလေမလားသိဘူး။

မိုးမလင်းခင် အိမ်ပေါ်တက် ပိုက်ဆံချေးတတ်တဲ့သူတွေကိုလည်း ကြုံရတာ ရှိသေးပ။ မပေးလိုက်ရင်များ မဲ့တာရွဲ့ကာနဲ့ ချေးဖတ်ကြီးတင်သွားတာပဲ ရှိပါတယ်အေလို့ နောက်ကွယ်မှာ အတင်းကတုတ်ဦးမယ်ဆိုတာ သိသား။ ဆိုင်ရာဆိုင်ရာ အမျိုးအလှူ မင်္ဂလာဆောင်တွေမှာတော့ တစ်ယောက်ဆီက တစ်ယောက် လက်ဝတ်လက်စားတွေ ဋ္ဌားဝတ်လို့။ အဲဒီအခါကျပြန်တော့လည်း အပေးအယူတွေတည့်နေကြပြန်ရော။ မင်္ဂလာဆောင်၊ အသုဘ မစည်မှာ မပူနဲ့။ သိသိ မသိသိ ၀ိုင်းကူမဲ့သူရယ်၊ ၀ိုင်းစားမဲ့ သူရယ် အစဉ်သဖြင့် အဆင်သင့်ပေါ့။

ရပ်ကွက်ထဲက အပင်တွေ၊ အသီးတွေများ အပျော်ခိုးခူးချင်တဲ့သူတွေက ပေါလွန်လွန်းလို့။ တချို့များ အဲဒီအပျော် သူခိုးရန်ကြောက်လို့ အသီးမမှည့်ခင် ကြိုခူးထားကြရတယ်။ အိမ်ထောင့်က မာလကာပင်ဆို ကာလသားတွေက မိုးရွာထဲ ဘောလုံးကန်သလိုလို ခပ်တည်တည် တန်ချူနဲ့ တောင်ခူးလိုက်ကြသေး။ ခူးလိုက်လို့ အသီးက အိမ်ထဲကျသွားရင်လည်း ဒေါ်ကြီး ဘောလုံးကျလို့ ၀င်ကောက်မယ်နော်ဆိုပြီး ဘောလုံးကို တမင်ပစ်သွင်း၊ မာလကာသီးပါမက ပွင့်နေတဲ့ ပန်းလေးပါ ကြုံတုန်း ဖြတ်ဆိုခူးပြီး သူတို့ပိုးနေသူတွေအတွက် သူခိုးသူဝှက် မတော်တဆလုပ်လိုက်ကြသေးတယ်။

တန်ဆောင်မုန်းလများ ရောက်လို့ကတော့ ပျော်ပွဲကြီးပေါ့။ စတိတ်ရှိုးစင်တွေပေါ်က တေးသရုပ်ဖော် အဆိုတော်တွေများ နာမည်ကြီး မင်းသားအရှုံးပေးရလောက်အောင်ကို မီးရောင်တန်ခိုးနဲ့သားနားနေကြလို့။ ကျော်ရဲအောင် ဆိုတာ ဒီလိုစင်မျိုးကပဲ ထွက်သွားတဲ့သူဆိုလား။ လပြည့်နေ့ည ကျီးမနိုးပွဲမှာတော့ ရပ်ကွက်ထဲက အုန်းသီး အပင်နိမ့်တာတွေဆို အကုန်ကုန်။ သစ်ခွပန်းလှလှလေးတွေများကြတော့ သူတို့က ခူးပြီး အပျိုတွေအိမ်ရှေ့ထားလိုထားပေးနဲ့။ ပန်းပျောက်သွားတဲ့ ပိုင်ရှင်က တဗြစ်တောက်တောက်နဲ့ မိုးမလင်းတလင်း လပြည့်နေ့ ဥပုသ် ထွက်ကာစကို မေ့လျှော့ပြီး ဆဲရေးတိုင်းထွာမိလို့။ အိမ်ရှေ့မြောင်းကတံတားအကြီးကြီးက သေးသေးလေးဖြစ်လိုဖြစ်။ သေးသေးလေးက အကြီးကြီးဖြစ်လိုဖြစ်ပေါ့။ အပျိုကြီးအိမ်ရှေ့ လင်အလိုရှိသည် ဆိုင်းဘုတ်ဆွဲလိုဆွဲကြနဲ့။ မိုးလင်းလို့ အသီးသီး အသကအသက မည်တွန်တောက်တီးသံတွေကို သူတို့က သာယာနာပျော်ဖွယ် သီချင်းသံလေးတွေ နားသောတ ဆင်နေရတဲ့သူတွေလို ပြုံးပျော်လို့။

အော်... ဒါလေးတွေကပဲ ခုလို ဝေးသွားတဲ့ အချိန်မှာ ပြန်စဉ်းစားမိရင် လွမ်းစရာကောင်း၊ အလွန်ကို ချစ်စရာကောင်း နေပါရော့လား။

No comments: