Saturday, March 29, 2008

မချိုသော မျက်နှာ


ကျွန်မရဲ့ ပင်ကို မျက်နှာထား က တည်တဲ့ တင်းတဲ့ အထဲမှာ ပါတယ်။ အဲဒီထဲ တခုခုကို စဉ်းစားနေတဲ့ အချိန်ဆို ပိုပြီးထန်သွားရော။ ငယ်တုန်းကဆို ရပ်ကွက်ထဲမှာ ကျွန်မကို အမြင်ကပ်တဲ့ ကောင်လေး အချို့က သူ့လုပ်စာတရပ်ကွက်လုံး ကျွေးထားရတဲ့ရုပ်နဲ့လို့ ထောပနာပေးကြပါတယ်။

ကျွန်မလည်း မျက်နှာကို တမင်ကြီးတည်တာ တင်းတာ ပုပ်တာ ဟုတ်ပါဘူး။ ဗိုလ်အောင်ဒင် ထဲက သုခပြောသလိုပြောရမယ်ဆိုရင် အမေမွေးထဲက ဒီမျက်နှာပါ၊ ဒီရုပ်ပါလို့ ပြောရမလို ဖြစ်နေပြီ။ သူငယ်ချင်းတွေက ပြောကြတယ်။ နင့်မျက်နှာက မြင်တာနဲ့ ရှိန်တယ်တဲ့။ ကောင်လေးတွေ တော်ရုံတန်ရုံ လိုက်စကား မပြောရဲဘူး။ မစရဲဘူးတဲ့။ ဒီတော့ ကျွန်မဟာ နေရင်းထိုင်ရင်း သူငယ်ချင်းကောင်မလေးတွေရဲ့ သက်တော်စောင့် လိုလို၊ လူမိုက်ဂိုက်နဲ့ ပေါ့။ ပြီးတော့ မသိတဲ့မခင်သေးတဲ့ သူတွေကဆို မာနတော်တော်ကြီးတယ်လို့ ထင်ကြသပေါ့လေ။

တနေ့တော့ အကိုဝမ်းကွဲတယောက်က ပြောတယ်။ မျက်နှာကြီး အဲလို စူပုပ်၊ တည်တင်း မနေပါနဲ့ဟာ။ မိန်းကလေးဆိုတာ ဟောသလို ပြုံးပြုံးလေးနေရတယ်။ ဒါမှ ချစ်စရာကောင်း၊ လူချစ်လူခင်လည်း ပေါ တာတဲ့။ ဒီနေ့ကျောင်းသွားရင် သတိထားပြီး ပြုံးပြုံးလေးနေ။ ဟုတ်လားတဲ့။ အိုကေလေ။ ကောင်းပြီ၊ ကြိုးစားကြည့်မယ်ပေါ့။

ဒါနဲ့ပဲ အဲဒီနေ့မနက် ကျောင်းသွားဖို့ အိမ်က ထွက်လာတယ်။ စိတ်ထဲမှာ စဉ်းစားထားတယ်။ ဒီနေ့ တနေ့လုံး သတိထားပြီးပြုံးပြုံးလေးနေမယ်ပေါ့။ အိမ်ကနေ ဘတ်စ်ကား ဂိတ်ထိ လမ်းတလျှောက် သတိတရနဲ့ ပြုံးပြုံးလေး နေတယ်။ အရင်ကဆို လမ်းတလျှောက်ဘယ်သူမှ ကြည့်တာဟုတ်ဘူး။ မျက်စိက လမ်းမပေါ်ပဲကြည့်ပြီး ပိုက်ဆံပျောက်ရှာသလို ငိုက်စိုက်ငိုက်စိုက် နဲ့ သွားနေကြ။ ဘယ်ရမလဲ၊ ဒီနေ့တော့ လမ်းမှာတွေ့တဲ့ သူတွေကိုလည်း ပြုံးပြုံးလေး ကြည့်ပေးလိုက်တယ်။ စကားမပြောဘူးကြပေမဲ့ တရပ်ကွက်ထဲသားတွေပဲ။ ပြုံးပြသင့်ပါတယ်လေ။ ငါကတည်တည်ကြီးနေတော့ ဘယ်ကောင်းပါ့မလဲ။ ဟုတ်တယ်။ တော်ကြာ အလကားနေရင်း လူမုန်းခံနေရမယ်။ လူတွေက ကျွန်မကို ကြည့်ပြီး နည်းနည်းတော့ ထူးဆန်းနေကြသလိုဘဲ။ အိုလေ ဒါကိုယ့်စိတ်ကထင်နေတာဖြစ်နေမှာပါ။ ဟော တချို့ဆိုပြန်တောင်ပြုံးပြသွားကြတာ။

ဘတ်စ်ကားဂိတ်ရောက်တော့လည်း ဘတ်စ်ကားစောင့်ရင်း ပြုံးပြုံးလေးပေါ့။ ဟော ဘတ်စ်ကား လာပြီ။ ဘတ်စ်ကားပေါ်တက်တယ်။ ပြုံးပြုံးလေးပဲ။ စပယ်ရာကို ကားခ လှမ်းပေးတော့လည်း ပြုံးပြုံးလေးပဲ။ ထိုင်ခုံအလွတ်မှာ ၀င်ထိုင်တော့လည်း ပြုံးပြုံးလေးပဲ။ တမှတ်တိုင် တမှတ်တိုင် ရပ်လိုက်တဲ့အခါတိုင်းလည်း ပြုံးပြုံးလေးပဲ။ ဟာဟ…တော်လိုက်တဲ့ငါ။ လမ်းလျှောက်လည်းပြုံး၊ ရပ်လည်းပြုံး၊ ထိုင်လည်းပြုံး၊ ထလည်းပြုံး။ ခုထိကို အမြဲပြုံးနေဖို့ သတိလက်မလွတ်သေးဘူး။ စဉ်ဆက်မပြတ် တရားမှတ်နေတဲ့အတိုင်းပဲ။ သတိလေးနဲ့။ ဒီလိုဆိုလည်း ပြုံးပြုံးလေးနေဖို့က အလွယ်သားပဲ။ အလကားနေရင်း သူများအမြင်ကပ်တာလည်း မခံရတော့ဘူးပေါ့။

ဒီလိုပြုံးပြုံးလေး လုပ်နေရင်းနဲ့ပဲ ဘတ်စ်ကားက ဘီပီအိုင်မှတ်တိုင်ကို ရောက်တော့မယ်။ ဘတ်စ်ကားပေါ်က ဆင်းဖို့ထိုင်ခုံမှထတယ်။ ဟာ…စိတ်မပူနဲ့။ မမေ့ဘူး။ မမေ့ဘူး။ ပြုံးပြုံးလေးနဲ့ မှတ်တိုင်ပါတယ်လို့ အော်တယ်။ ပြုံးပြုံးလေး ဘတ်စ်ကားပေါ်က ဆင်းဖို့ပြင်တယ်။

ဒါပေမဲ့လည်း ဘတ်စ်ကား ထွက်ပေါက်လှေခါးထစ်လေးကို ခြေချနေတုန်း အနောက်က ဘယ်သူမှန်းမသိတဲ့ သူတွေရဲ့ မှတ်ချက်ချလိုက်သံတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်မရဲ့ အပြုံး ပရောဂျက်ကြီးဟာ အဲဒီနေရာမှာပဲ အဆုံးသတ်သွားပါတော့တယ်။

ဘယ်လိုများဖြစ်နေပါလိမ့်။ မျက်နှာက ပြုံးစိစိ၊ ပြောင်ချော်ချော်နဲ့။

ဟုတ်ပ။ မိန်းခလေးဖြစ်ပြီး တည်တည်တံ့တံ့ ဣနြေ္ဒလေးနဲ့ နေတာမဟုတ်ဘူး။ တဲ့။

********************************************

ဒါဟာ…ပထမဦးဆုံး ကျွန်မ ဘ၀မှာ ရလိုက်တဲ့ မတူရင်မတုနဲ့ ဆိုတဲ့ သင်ခန်းစာပါပဲ။

နိယာမ သဘောသဘာဝ အရ မျက်နှာချိုတာဟာကောင်းပါတယ်။ သူတပါးရဲ့စိတ်ကို ကြည်နူးစေပါတယ်။ ဒါပေမဲ့ ကိုယ့်သဘာဝနဲ့ မကိုက်တဲ့ အလုပ်ကို အတင်းဖန်တီးမိရင် လူကဲ့ရဲ့စရာ ဖြစ်တတ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်နားလည်သွားခဲ့ပါတယ်။

ဟင်း….ပြုံးတတ်ဖို့ဆိုတာမလွယ်ပါလား။

မေမေကတော့ ပြောတယ်။ သမီးရေ… မျက်နှာချိုဖို့ ကြိုးစားတာထက် စိတ်ထားချိုဖို့ ကြိုးစားပါကွယ်တဲ့။

တကယ်လို့ ကျွန်မနဲ့ လမ်းမှာ မတော်တဆများ တွေ့ကြမယ် ဆိုရင်… ပြုံးပြုံးလေး မနေတတ်တဲ့ ကျွန်မကို ခွင့်လွှတ်ပေးကြပါလို့။ မျက်နှာက မချိုတတ်ပေမဲ့ စိတ်ထဲကတော့ အမြဲချိုနေပါ့မယ်နော်။

စုချစ်
29/02/2008
2:47pm

4 comments:

Anonymous said...

ရီရတယ်နော်...။ အဲဒါ တကယ် RIT ဒုတိယ နှစ်တုန်းက အကြောင်းပါ။ မျက်နှာထားတင်း တယ်ပြောလွန်းလို့ ပြုံးပြုံးလေးနေကြည့်တာလေ။
ဟီးဟီး....လုပ်တတ်ဘူးတော့...။

ကိုပေါ said...

ဘယ်သူပါလိမ့်။ မျက်နှာထားကြီး တင်းထားတာ။ အသိထဲက စဉ်းစားကြည့်လိုက်ဦးမယ်။ သြော…သိပြီ၊ သိပြီ။ လက်စသတ်တော့ သူကိုး………..။

Anonymous said...

သိတာ ဟုတ်လို့လား။
ရွှီးနေပြန်ပါပြီ....။
Blog ရေးတာ ဘယ်သူကိုမှ ပြောရသေးတာဟုတ်ဘူး...။
မကောင်းလို့....။
ဒါထက်....ဒီ Blog ကို ဘယ်လိုတွေ့ ?
ကိုပေါ Blog ကိုတော့ မှန်မှန်ဝင်ဖတ်ဖြစ်ပါတယ်။
comment ရေးရမှာတော့ ပျင်းလို့....။

ကိုပေါ said...

အီလက်ထရောနစ်ဌာနမှ ဘွဲ့ရသမျှ မိန်းကလေးများအားလုံးတွင် မျက်နှာထား အတင်းဆုံးသူမှာ အသင်သာ ဖြစ်ချေ၏…အဟိ။ ထို့ကြောင့် အသင်မှ လွဲ၍ မည်သူမှ မဖြစ်နိုင်ကြောင်းကို ကျွန်ုပ် ကောင်းကောင်းကြီး သိချေပြီ။ ထိုမှတပါးလည်း ကိုယ်ရံတော်ဘွဲ့ရသူမှာ သင်တယောက်သာရှိကောင်း တဆင့်စကားတဆင့်နားနှင့် ကျွန်ုပ်သိခဲ့ရချေပြီတကား။ ထို့ကြောင့် အသင်သည် အသင်ဖြစ်ကြောင်းကို အသင့်ဘာသာ အမြန်ဝန်ခံပါလော့။ မဟုတ်လျှင် ကျွန်ုပ်သည် ဖော်ရချေတော့မည်။
ပုံ
လီယိုနာဒို ဒါကိုပေါ