Tuesday, March 25, 2008

အဓိပ္ပါယ်မရှိတဲ့ ပြဇာတ်တစ်ပုဒ်

(The Scream by Advard Munch)

အဲဒီတုန်းက မှတ်မှတ်ရရ ...
စုချစ် ၃တန်းပဲ ရှိပါသေးတယ်။ အိမ်ကနေကျောင်းကို ဖေဖေ မအားလို့ လိုက်မပို့နိုင်ရင် အဒေါ်ဝမ်းကွဲက ရထားနဲ့ လိုက်ပို့လေ့ရှိခဲ့တယ်။ အဲဒီမှာ ရထားစီးရင်း ကြုံတွေ့ခဲ့ရတဲ့ ဒီနေ့ထိ မှတ်မိနေတဲ့ အဖြစ်အပျက်လေးတခုကို ပြောပြချင်ပါတယ်။ အဲဒီခေတ်တုန်းက ရထားစီး လူတန်းစားက အမျိုးစုံပါတယ်။ ရုံးသမားတွေ၊ ကျောင်းသားတွေ၊ ရထားပေါ်မှာ ဈေးရောင်းတဲ့သူတွေ၊ သူတောင်းစားတွေ၊ ဆင်ခြေဖုန်း ရပ်ကွက် ကျုးကျော်တဲတွေမှာ နေကြတဲ့ မြို့ထဲကို ဈေးရောင်းသွားကြမဲ့ လက်လုပ်လက်စားတွေ အများအပြားပေါ့။ စုချစ်ဆို ရထားစီးရမှာ အရမ်းကိုပျော်ပါတယ်။ ရထားပေါ်မှာ လူအမျိုးအဖုံဖုံကိုတွေ့ရတာ အရမ်းစိတ်ဝင်စားစရာ ကောင်းလို့ပါ။ ပြီးတော့ ကာရန်နဘေတွေနဲ့ ဈေးရောင်းတဲ့ သူတွေဆိုလည်း အရမ်း သဘောကျပါတယ်။ တော်တော်လေးများစားရင် မော်တော်လေးများသွားသလို တဘွတ်ဘွတ် ဆိုတဲ့ရက်ဆားသည်အပြောကို သဘောကျပြီး ရီလို့ မဆုံးလို့ အဒေါ်က ရှက်ပြီး ပေါင်တွင်းကျောလိမ်ဆွဲတာတောင်ခံခဲ့ရဘူးတယ်။

တနေ့တော့ ရထားစီးလာခဲ့တာ ဘူတာတခုအရောက်မှာ လက်မှတ်စစ်တက်လာပါတယ်။ ခုထိသူ့ရုပ်ကို မှတ်မိနေတုန်းပဲ။ အသားခပ်လတ်လတ်၊ လူလတ်ပိုင်းအရွယ် မျက်နှာကြောခပ်တင်းတင်းနဲ့။ သူက တက်လာလာခြင်းပဲ အပေါက်ဝမှာရှိတဲ့ မုန့်လက်ဆောင်းအထမ်းသည်အဖိုးကြီး ကို သဟောက်သဟဲ စလုပ်ပါတယ်။

ခင်များတို့ စည်းမရှိ၊ ကမ်းမရှိ အပေါက်ဝပိတ်ပြီး ဒီအထမ်းကြီးကို ထားပြန်ပြီ။ ဆဲလိုက်ရမကောင်းရှိတော့မယ်။ ကဲ..ပေးစမ်း...လက်မှတ်ဆိုပြီး...အော်ပါတယ်။
အဲဒီမှာ အထမ်းသည်အဖိုးကြီးကတုန်တုန်ရင်ရင်နဲ့ လက်မှတ်လေးထုတ်ပေးပြီး...
ငါ့တူရယ် ဦးလေး ပိုက်ဆံမရှိလို့ အထမ်းအတွက် တန်ဆာတော့ မလုပ်လိုက်မိဘူး။ လူစီးလက်မှတ်ကလေး ၀ယ်ဖို့ ပိုက်ဆံပဲ ရှိတော့လို့ပါ။ ဒီတခါတော့ ခွင့်လွှတ်ပါလူလေးရယ်။ ဒါဏ်ငွေဆောင်ရမယ်ဆိုရင်လည်း ဦးလေး ဒါလေးရောင်းပြီး အပြန်မှာ ဆောင်ပါ့မယ်။ တောင်းပန်ပါတယ် ငါ့တူရယ်နဲ့ ... တတွတ်တွတ်နဲ့ တောင်းပန်နေတာ။

အဲဒီတော့ လက်မှတ်စစ်က ဘာမှ ပြန်မပြောပဲ ဘာလုပ်လဲ သိလား။သူ့ခါးက ခါးပတ်ကိုလေ ဘာမပြော ညာမပြောနဲ့ ချွတ်ပြီး အဲဒီ အဖိုးကြီးရဲ့ ကျောကို လွှဲ လွှဲပြီး ရိုက်တော့တာပဲ။ ပြီးတော့ ပါးစပ်ကလည်းပြောသေးတယ်။ ကဲ နောက်ဒီလို စည်းမရှိကမ်းမရှိ ခိုးစီးဦးမလား။ ခိုးစီးဦးမလား ဆိုပြီးတော့။ စုချစ်ဆို ရုတ်တရက် လန့်သွားပြီး၊ နောက်တော့ အံ့အားသင့်ပြီး၊ ပြီးတော့ ဘေးဘီကဘယ်သူ့ကို အကူအညီ တောင်းရမလဲဆိုတဲ့ အတွေးတွေဝေ့လို့ တခဏချင်း ရင်ထဲမှာ ခံစားချက်မျိုးစုံတွေနဲ့၊ အဲဒီမြင်ကွင်းကို မမှိတ်မသုန်ငေးကြည့်နေမိခဲ့တယ်။

ဒီလက်မှတ်စစ်ကလည်း လက်မှတ်မပါတာ ရိုးရိုးမဖမ်းပဲ ဘာဖြစ်လို့ ရိုက်တာလဲ။ လူဆိုးဓမြမှ မဟုတ်တာ။ ငါ့မှာသာ ပိုက်ဆံရှိရင် ဒီဘကြီးအတွက စိုက်ပေးချင်လိုက်တာလို့ တွေးပြီးငေးနေမိတယ်။ ရင်ထဲမှာလည်း မုန်းတီးခြင်း၊ အံ့သြခြင်း၊ ဂရုဏာသက်ခြင်း၊ ပြီးတော ဘယ်သူမှ ၀င်ပြီးမပြောကြ မကူကြတာကို နားမလည်နိုင်ခြင်းများစွာနဲ့ပေါ့။ အဲဒီမြင်ကွင်းကြောင့် ရခဲ့တဲ့ ၃တန်းကျောင်းသူတစ်ယောက်ရဲ့ ရင်ထဲက ဒါဏ်ရာဟာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် မကျက်သေးပါဘူး။

ငါကြီးလာရင် အဲဒီလို မတရား ရက်စက်တဲ့ သူတွေကို ဖမ်းပြီး ဒါဏ်ပေးပစ်မယ်။ ငါကြီးလာရင် အဲဒီလို မတရားလုပ်တဲ့၊ ရက်စက်တဲ့ သူတွေ မရှိစေရအောင် ကြိုးစားမယ်။ ပြီးတော့ အဲဒီလို တနေ့လုပ်မှ တနေ့စားရတဲ့သူတွေအတွက် တတ်နိုင်သမျှ အဆင်ပြေပြေ အလုပ်လုပ်စားနိုင်အောင်ကူညီပေးမယ်။ စသဖြင့် မနိုင်ရင်ကာ အတွေးလေးတွေကိုလည်း သတိရတိုင်း တွေးမိခဲ့ဘူးပါတယ်။ တွေးမိတိုင်းလည်း ခံစားချက်က ခါးသီးပါတယ်။

************************

နောက်..အဖြစ်အပျက် တခုကတော ကျောင်းပြီး ၉၆ခုနှစ် လောက်က စုချစ်တို့ သူငယ်ချင်းတွေ စုပြီး မန္တလေးကနေ မုံရွာကို ဘုရားဖူးထွက်ခဲ့ရင်းကြုံခဲ့ရတာလေးပါ။ မုံရွာမှာဘုရားတွေလှည့်ဖူးရင်း ကျောက်ကာရွာနားက ဘုရားဝင်းထဲ အ၀င် စုချစ်တို့စီးလာတဲ့ ဆူပါရုကားလေးဘေးမှာ ပြိုင်တူလာရပ်တာ တောကလာတဲ့ ဘုရားဖူးကားလို့ ထင်ရတဲ့ ဒိုင်နာကားတစင်းပါ။ အဲဒီကားပေါ်ကနေ တောရွာတွေက လာတဲ့ ပုံစံမျိုးဖြစ်တဲ့ တဘက်ကိုခေါင်းပေါင်းထားတဲ့ ဦးကြီး၊ ဒေါ်ကြီးတွေနဲ့ ကာလသားသမီးတွေ အယောက်၂၀လောက်ဆင်းလာကြပါတယ်။

အဲဒီအချိန်မှာ လက်ထဲက တုတ်တိုတို တစ်ချောင်းကို ဝှေ့ယမ်းလို့ အစိမ်းရောင်ဝတ်စုံ ၀တ်ထားတဲ့ ဂင်တိုတိုလူတစ်ယောက် ရုတ်တရက်ပေါ်လာပြီး ....
ကဲကဲ..ဘုရားဖူးလာတဲ့ သူတွေ..ဘုရားနောက်မှဖူး... ဒီထဲကို အရင်ဝင်..ဒီထဲကို အရင်ဝင်ဆိုပြီး.. အော်ခေါ်ပါတယ်။ သူဝင်ခိုင်းတဲ့ နေရာက ဘုရားဝင်းဘေး တခေါ်သာသာလောက်က ကွင်းပြင်တခုဆီ သွားတဲ့ ၀င်ပေါက်ကိုပါ။ အဲဒီနေရာမှာ ဆိုင်းဘုတ်တွေ ထောင်ထားတာကိုလဲ ခပ်ရေးရေးလှမ်းမြင်နေရပါတယ်။ စုချစ်ထင်တာကတော့ ထောက်ခံပွဲ တခုခု (ဘာထောက်ခံပွဲလဲဆိုတာတော့ သေချာ မမှတ်မိပါ) ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

စုချစ်တို့ သူငယ်ချင်းတစုကတော့ သူ့ကို တချက်ငဲ့ကြည့်ပြီး၊ အေးအေးဆေးဆေးပဲ ကိုယ့်ဘာသာ ဘုရားဖူးဖို့ ရှေ့ဆက်သွားတာပေါ့နော်။ ကားပေါ်က ပထမဆုံး ဆင်းလာတဲ့ တောက ဦးကြီး ၃၊ ၄ ယောက်လည်း စုချစ်တို့နောက်ကပါလာတာပေါ့။ အဲဒီမှာ အဲဒီလူက အော်တော့တာပဲ။

ဟေ့..ဟို အဖိုးကြီးတွေ...နားကန်းနေလား..ဒီကို အရင်သွားပြီးမှ ဘုရားဖူးရမယ်လို့ ပြောနေတာ မကြားဘူးလား..ခင်များတို့ လူစကားနားမလည်ဘူးလား၊ သေသွားချင်လား ဆိုပြီး...တုတ်ကို ဝှေ့ဝှေ့ပြပြီး အော်တော့တာပဲ။ စုချစ်တို့ လည်း ရုတ်တရက်ရပ်ပြီး မကျေမနပ်နဲ့ လှည့်ကြည့်တာပေါ့။ အဲဒီမှာ စုချစ်တို့ အဖွဲ့က ပါလာတဲ့ အကိုကြီးက ပြဿနာဖြစ်မှာစိုးလို့... သွား..သွား...နင်တို့ နောက်လှည့်ကြည့်မနေကြနဲ့လေ ဆိုပြီး စုချစ်တို့ကို ဘုရားဝင်းဆီ အမြန်ရောက်အောင် တွန်းလွှတ်ပါတယ်။ ဒါပေမဲ့ အဲဒီဦးကြီးတွေနဲ့ ဒိုင်နာကားပေါ်ကသူတွေ အားလုံးကတော့ ဘုရားဖူးဖို့ မသွားရပဲ အဲဒီသူပြောတဲ့ ၀င်းထဲကို အရင်ဝင်သွားကြရပါတယ်။ တဘက်ခေါင်းပေါင်းလေးကို ဖြုတ်ချွေးသုတ်လို့၊ နားမလည်နိုင်စွာ ဘုရားကို လည်ပြန်ငေးမောကြည့်ပြီး၊ ဘာမှ ပြန်မပြောရဲပဲ ၀င်းထဲကို ၀င်သွားကြရတဲ့ ဦးကြီး၊ ဒေါ်ကြီးတွေရဲ့ ပုံတွေကို ဒီနေ့ထိမျက်လုံးထဲမှာ မြင်ယောင်နေတုန်းပါပဲ။ အဲဒီတုန်းက ဘုရားတောင်ကောင်းကောင်းမဖူးနိုင်ပဲ သူငယ်ချင်းတွေ အားလုံး တဖြစ်တောက်တောက်နဲ့ ဖြစ်ခဲ့ကြပါတယ်။

စုချစ်ရင်ထဲမှာလည်း ဒုတိယအကြိမ် ဒါဏ်ရာရရှိခဲ့ပါတယ်။

************************

ကုလားကား ကြည့်ဘူးတဲ့သူတွေ သိမယ်ထင်ပါတယ်။ တော်တော်များများကားတွေက ပထမမှာ ဇာတ်လိုက်က မတရားနှိပ်စက်ခံရပြီး နောက်မှပြန်လည်လက်စားချေခန်းတွေပေါ့။ အဲဒီမှာ ဇာတ်လိုက်က တစ်ယောက်ထဲ၊ လူဆိုးတွေက အုပ်စုလိုက်နဲ့ နှိပ်စက်နေ၊ ၀ိုင်းပြီးသတ်နေလိုက်ကြတာ။ ဘေးမှာက လူအုပ်ကြီးက၀ိုင်းကြည့်လို့။ ဘယ်သူမှလဲ ၀ိုင်းမကူကြဘူး။ တခါက ညီမလေးတစ်ယောက်ကပြောတယ်။ ကုလားကားတွေက ပိုလွန်းတယ်။ မဖြစ်နိုင်ပါဘူး။ ဒီလောက်မတရား နှိပ်စက်နေတာကို လူတွေက ဘာမှမကူပဲ ၀ိုင်းကြည့်နေကြတာ အဓိပ္ပါယ်မရှိတာတဲ့။

စုချစ်ကတော့ ပြောလိုက်တယ်။ အေး...အဲဒီ ရုပ်ရှင်တွေထဲမှာတောင် မယုံနိုင်စရာ၊ အဓိပ္ပါယ်မရှိ အဖြစ်အပျက်တွေဟာ အပြင်မှာတကယ်ဖြစ်နေတာ မစုချစ်တော့ မြင်ဘူးတယ်ဟေ့လို့...။

************************

နာကျင်စွာနှင့် ဤစာကို ကုံးပါတယ်....။

No comments: