Saturday, March 29, 2008

Can you feel it!


Full moon means full of equanimity!
Blue color means assured and balanced mind!
White color means no expectation and purification!
Gentle winds mean comfortable life with full of harmony!
Silence means feeling peaceful!
No clouds mean no misery!
No mist means immaculate performance!
No gust means stability and no terror!

Though....


No stars mean lonesome life!

Especially for you,
SuuChit (07/07/00, 1:20 PM)

**************************************

တည်ငြိမ်အေးချမ်းတဲ့ လပြည့်ညရဲ့ ကောင်းကင်အလှရယ်....
မင်းရဲ့ပြာသောအရောင်ဟာ သေချာမှုတခုနဲ့ ဟန်ချက်ညီစေတယ်...။
မင်းရဲ့ဖြူစင်ခြင်းဟာ မျှော်လင့်ခြင်းများကို ခ၀ါချထားတယ်...။

လေပြည်လေညှင်းလေးတွေကတော့...
ပူပင်မှုများစွာနဲ့ လောင်ကျွမ်းနေတဲ့စိတ်ကို
သက်သောင့်သက်သာ၊ သဟဇာတ ဖြစ်စေတယ်...။

မင်းရဲ့ဆိတ်ငြိမ်မှုဟာ ငြင်သာမှုများ များစွာနဲ့
ပြစ်မျိုးမှဲ့မထင် မြူတိမ်ကင်းလေနေတော့
စိတ်ပျက်စရာမှန်သမျှ တို့နဲ့အဝေးဆုံးမှာ
ခရီးသွားနေကြတယ်....။

လေပြင်းတွေသယ်ယူလာမပေးတဲ့ မင်းကြောင့်...
ထိတ်လန့်တကြားကြောက်ရွံ့မှုတွေ ကင်းတဲ့ကိုယ့်ဘ၀ဟာ
တည်ငြိမ်အေးချမ်းလှပါတယ်ကွယ်.....။

အပြစ်ဆိုစရာမရှိ ငြိမ်သက်လှပနေတဲ့မင်းရယ်.....
ကြယ်လေးတွေသာ ရှိရင် မင်းဘ၀ရဲ့
အထီးကျန်ဖော်မဲ့ခြင်းဆိုတာ ဘယ်မှာရှိနိုင်ပါတော့မလဲ...။

စုချစ်
၃၀.၀၃.၂၀၀၈
ညနေ ၃.၁၆

မချိုသော မျက်နှာ


ကျွန်မရဲ့ ပင်ကို မျက်နှာထား က တည်တဲ့ တင်းတဲ့ အထဲမှာ ပါတယ်။ အဲဒီထဲ တခုခုကို စဉ်းစားနေတဲ့ အချိန်ဆို ပိုပြီးထန်သွားရော။ ငယ်တုန်းကဆို ရပ်ကွက်ထဲမှာ ကျွန်မကို အမြင်ကပ်တဲ့ ကောင်လေး အချို့က သူ့လုပ်စာတရပ်ကွက်လုံး ကျွေးထားရတဲ့ရုပ်နဲ့လို့ ထောပနာပေးကြပါတယ်။

ကျွန်မလည်း မျက်နှာကို တမင်ကြီးတည်တာ တင်းတာ ပုပ်တာ ဟုတ်ပါဘူး။ ဗိုလ်အောင်ဒင် ထဲက သုခပြောသလိုပြောရမယ်ဆိုရင် အမေမွေးထဲက ဒီမျက်နှာပါ၊ ဒီရုပ်ပါလို့ ပြောရမလို ဖြစ်နေပြီ။ သူငယ်ချင်းတွေက ပြောကြတယ်။ နင့်မျက်နှာက မြင်တာနဲ့ ရှိန်တယ်တဲ့။ ကောင်လေးတွေ တော်ရုံတန်ရုံ လိုက်စကား မပြောရဲဘူး။ မစရဲဘူးတဲ့။ ဒီတော့ ကျွန်မဟာ နေရင်းထိုင်ရင်း သူငယ်ချင်းကောင်မလေးတွေရဲ့ သက်တော်စောင့် လိုလို၊ လူမိုက်ဂိုက်နဲ့ ပေါ့။ ပြီးတော့ မသိတဲ့မခင်သေးတဲ့ သူတွေကဆို မာနတော်တော်ကြီးတယ်လို့ ထင်ကြသပေါ့လေ။

တနေ့တော့ အကိုဝမ်းကွဲတယောက်က ပြောတယ်။ မျက်နှာကြီး အဲလို စူပုပ်၊ တည်တင်း မနေပါနဲ့ဟာ။ မိန်းကလေးဆိုတာ ဟောသလို ပြုံးပြုံးလေးနေရတယ်။ ဒါမှ ချစ်စရာကောင်း၊ လူချစ်လူခင်လည်း ပေါ တာတဲ့။ ဒီနေ့ကျောင်းသွားရင် သတိထားပြီး ပြုံးပြုံးလေးနေ။ ဟုတ်လားတဲ့။ အိုကေလေ။ ကောင်းပြီ၊ ကြိုးစားကြည့်မယ်ပေါ့။

ဒါနဲ့ပဲ အဲဒီနေ့မနက် ကျောင်းသွားဖို့ အိမ်က ထွက်လာတယ်။ စိတ်ထဲမှာ စဉ်းစားထားတယ်။ ဒီနေ့ တနေ့လုံး သတိထားပြီးပြုံးပြုံးလေးနေမယ်ပေါ့။ အိမ်ကနေ ဘတ်စ်ကား ဂိတ်ထိ လမ်းတလျှောက် သတိတရနဲ့ ပြုံးပြုံးလေး နေတယ်။ အရင်ကဆို လမ်းတလျှောက်ဘယ်သူမှ ကြည့်တာဟုတ်ဘူး။ မျက်စိက လမ်းမပေါ်ပဲကြည့်ပြီး ပိုက်ဆံပျောက်ရှာသလို ငိုက်စိုက်ငိုက်စိုက် နဲ့ သွားနေကြ။ ဘယ်ရမလဲ၊ ဒီနေ့တော့ လမ်းမှာတွေ့တဲ့ သူတွေကိုလည်း ပြုံးပြုံးလေး ကြည့်ပေးလိုက်တယ်။ စကားမပြောဘူးကြပေမဲ့ တရပ်ကွက်ထဲသားတွေပဲ။ ပြုံးပြသင့်ပါတယ်လေ။ ငါကတည်တည်ကြီးနေတော့ ဘယ်ကောင်းပါ့မလဲ။ ဟုတ်တယ်။ တော်ကြာ အလကားနေရင်း လူမုန်းခံနေရမယ်။ လူတွေက ကျွန်မကို ကြည့်ပြီး နည်းနည်းတော့ ထူးဆန်းနေကြသလိုဘဲ။ အိုလေ ဒါကိုယ့်စိတ်ကထင်နေတာဖြစ်နေမှာပါ။ ဟော တချို့ဆိုပြန်တောင်ပြုံးပြသွားကြတာ။

ဘတ်စ်ကားဂိတ်ရောက်တော့လည်း ဘတ်စ်ကားစောင့်ရင်း ပြုံးပြုံးလေးပေါ့။ ဟော ဘတ်စ်ကား လာပြီ။ ဘတ်စ်ကားပေါ်တက်တယ်။ ပြုံးပြုံးလေးပဲ။ စပယ်ရာကို ကားခ လှမ်းပေးတော့လည်း ပြုံးပြုံးလေးပဲ။ ထိုင်ခုံအလွတ်မှာ ၀င်ထိုင်တော့လည်း ပြုံးပြုံးလေးပဲ။ တမှတ်တိုင် တမှတ်တိုင် ရပ်လိုက်တဲ့အခါတိုင်းလည်း ပြုံးပြုံးလေးပဲ။ ဟာဟ…တော်လိုက်တဲ့ငါ။ လမ်းလျှောက်လည်းပြုံး၊ ရပ်လည်းပြုံး၊ ထိုင်လည်းပြုံး၊ ထလည်းပြုံး။ ခုထိကို အမြဲပြုံးနေဖို့ သတိလက်မလွတ်သေးဘူး။ စဉ်ဆက်မပြတ် တရားမှတ်နေတဲ့အတိုင်းပဲ။ သတိလေးနဲ့။ ဒီလိုဆိုလည်း ပြုံးပြုံးလေးနေဖို့က အလွယ်သားပဲ။ အလကားနေရင်း သူများအမြင်ကပ်တာလည်း မခံရတော့ဘူးပေါ့။

ဒီလိုပြုံးပြုံးလေး လုပ်နေရင်းနဲ့ပဲ ဘတ်စ်ကားက ဘီပီအိုင်မှတ်တိုင်ကို ရောက်တော့မယ်။ ဘတ်စ်ကားပေါ်က ဆင်းဖို့ထိုင်ခုံမှထတယ်။ ဟာ…စိတ်မပူနဲ့။ မမေ့ဘူး။ မမေ့ဘူး။ ပြုံးပြုံးလေးနဲ့ မှတ်တိုင်ပါတယ်လို့ အော်တယ်။ ပြုံးပြုံးလေး ဘတ်စ်ကားပေါ်က ဆင်းဖို့ပြင်တယ်။

ဒါပေမဲ့လည်း ဘတ်စ်ကား ထွက်ပေါက်လှေခါးထစ်လေးကို ခြေချနေတုန်း အနောက်က ဘယ်သူမှန်းမသိတဲ့ သူတွေရဲ့ မှတ်ချက်ချလိုက်သံတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်မရဲ့ အပြုံး ပရောဂျက်ကြီးဟာ အဲဒီနေရာမှာပဲ အဆုံးသတ်သွားပါတော့တယ်။

ဘယ်လိုများဖြစ်နေပါလိမ့်။ မျက်နှာက ပြုံးစိစိ၊ ပြောင်ချော်ချော်နဲ့။

ဟုတ်ပ။ မိန်းခလေးဖြစ်ပြီး တည်တည်တံ့တံ့ ဣနြေ္ဒလေးနဲ့ နေတာမဟုတ်ဘူး။ တဲ့။

********************************************

ဒါဟာ…ပထမဦးဆုံး ကျွန်မ ဘ၀မှာ ရလိုက်တဲ့ မတူရင်မတုနဲ့ ဆိုတဲ့ သင်ခန်းစာပါပဲ။

နိယာမ သဘောသဘာဝ အရ မျက်နှာချိုတာဟာကောင်းပါတယ်။ သူတပါးရဲ့စိတ်ကို ကြည်နူးစေပါတယ်။ ဒါပေမဲ့ ကိုယ့်သဘာဝနဲ့ မကိုက်တဲ့ အလုပ်ကို အတင်းဖန်တီးမိရင် လူကဲ့ရဲ့စရာ ဖြစ်တတ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်နားလည်သွားခဲ့ပါတယ်။

ဟင်း….ပြုံးတတ်ဖို့ဆိုတာမလွယ်ပါလား။

မေမေကတော့ ပြောတယ်။ သမီးရေ… မျက်နှာချိုဖို့ ကြိုးစားတာထက် စိတ်ထားချိုဖို့ ကြိုးစားပါကွယ်တဲ့။

တကယ်လို့ ကျွန်မနဲ့ လမ်းမှာ မတော်တဆများ တွေ့ကြမယ် ဆိုရင်… ပြုံးပြုံးလေး မနေတတ်တဲ့ ကျွန်မကို ခွင့်လွှတ်ပေးကြပါလို့။ မျက်နှာက မချိုတတ်ပေမဲ့ စိတ်ထဲကတော့ အမြဲချိုနေပါ့မယ်နော်။

စုချစ်
29/02/2008
2:47pm

Tuesday, March 25, 2008

အဓိပ္ပါယ်မရှိတဲ့ ပြဇာတ်တစ်ပုဒ်

(The Scream by Advard Munch)

အဲဒီတုန်းက မှတ်မှတ်ရရ ...
စုချစ် ၃တန်းပဲ ရှိပါသေးတယ်။ အိမ်ကနေကျောင်းကို ဖေဖေ မအားလို့ လိုက်မပို့နိုင်ရင် အဒေါ်ဝမ်းကွဲက ရထားနဲ့ လိုက်ပို့လေ့ရှိခဲ့တယ်။ အဲဒီမှာ ရထားစီးရင်း ကြုံတွေ့ခဲ့ရတဲ့ ဒီနေ့ထိ မှတ်မိနေတဲ့ အဖြစ်အပျက်လေးတခုကို ပြောပြချင်ပါတယ်။ အဲဒီခေတ်တုန်းက ရထားစီး လူတန်းစားက အမျိုးစုံပါတယ်။ ရုံးသမားတွေ၊ ကျောင်းသားတွေ၊ ရထားပေါ်မှာ ဈေးရောင်းတဲ့သူတွေ၊ သူတောင်းစားတွေ၊ ဆင်ခြေဖုန်း ရပ်ကွက် ကျုးကျော်တဲတွေမှာ နေကြတဲ့ မြို့ထဲကို ဈေးရောင်းသွားကြမဲ့ လက်လုပ်လက်စားတွေ အများအပြားပေါ့။ စုချစ်ဆို ရထားစီးရမှာ အရမ်းကိုပျော်ပါတယ်။ ရထားပေါ်မှာ လူအမျိုးအဖုံဖုံကိုတွေ့ရတာ အရမ်းစိတ်ဝင်စားစရာ ကောင်းလို့ပါ။ ပြီးတော့ ကာရန်နဘေတွေနဲ့ ဈေးရောင်းတဲ့ သူတွေဆိုလည်း အရမ်း သဘောကျပါတယ်။ တော်တော်လေးများစားရင် မော်တော်လေးများသွားသလို တဘွတ်ဘွတ် ဆိုတဲ့ရက်ဆားသည်အပြောကို သဘောကျပြီး ရီလို့ မဆုံးလို့ အဒေါ်က ရှက်ပြီး ပေါင်တွင်းကျောလိမ်ဆွဲတာတောင်ခံခဲ့ရဘူးတယ်။

တနေ့တော့ ရထားစီးလာခဲ့တာ ဘူတာတခုအရောက်မှာ လက်မှတ်စစ်တက်လာပါတယ်။ ခုထိသူ့ရုပ်ကို မှတ်မိနေတုန်းပဲ။ အသားခပ်လတ်လတ်၊ လူလတ်ပိုင်းအရွယ် မျက်နှာကြောခပ်တင်းတင်းနဲ့။ သူက တက်လာလာခြင်းပဲ အပေါက်ဝမှာရှိတဲ့ မုန့်လက်ဆောင်းအထမ်းသည်အဖိုးကြီး ကို သဟောက်သဟဲ စလုပ်ပါတယ်။

ခင်များတို့ စည်းမရှိ၊ ကမ်းမရှိ အပေါက်ဝပိတ်ပြီး ဒီအထမ်းကြီးကို ထားပြန်ပြီ။ ဆဲလိုက်ရမကောင်းရှိတော့မယ်။ ကဲ..ပေးစမ်း...လက်မှတ်ဆိုပြီး...အော်ပါတယ်။
အဲဒီမှာ အထမ်းသည်အဖိုးကြီးကတုန်တုန်ရင်ရင်နဲ့ လက်မှတ်လေးထုတ်ပေးပြီး...
ငါ့တူရယ် ဦးလေး ပိုက်ဆံမရှိလို့ အထမ်းအတွက် တန်ဆာတော့ မလုပ်လိုက်မိဘူး။ လူစီးလက်မှတ်ကလေး ၀ယ်ဖို့ ပိုက်ဆံပဲ ရှိတော့လို့ပါ။ ဒီတခါတော့ ခွင့်လွှတ်ပါလူလေးရယ်။ ဒါဏ်ငွေဆောင်ရမယ်ဆိုရင်လည်း ဦးလေး ဒါလေးရောင်းပြီး အပြန်မှာ ဆောင်ပါ့မယ်။ တောင်းပန်ပါတယ် ငါ့တူရယ်နဲ့ ... တတွတ်တွတ်နဲ့ တောင်းပန်နေတာ။

အဲဒီတော့ လက်မှတ်စစ်က ဘာမှ ပြန်မပြောပဲ ဘာလုပ်လဲ သိလား။သူ့ခါးက ခါးပတ်ကိုလေ ဘာမပြော ညာမပြောနဲ့ ချွတ်ပြီး အဲဒီ အဖိုးကြီးရဲ့ ကျောကို လွှဲ လွှဲပြီး ရိုက်တော့တာပဲ။ ပြီးတော့ ပါးစပ်ကလည်းပြောသေးတယ်။ ကဲ နောက်ဒီလို စည်းမရှိကမ်းမရှိ ခိုးစီးဦးမလား။ ခိုးစီးဦးမလား ဆိုပြီးတော့။ စုချစ်ဆို ရုတ်တရက် လန့်သွားပြီး၊ နောက်တော့ အံ့အားသင့်ပြီး၊ ပြီးတော့ ဘေးဘီကဘယ်သူ့ကို အကူအညီ တောင်းရမလဲဆိုတဲ့ အတွေးတွေဝေ့လို့ တခဏချင်း ရင်ထဲမှာ ခံစားချက်မျိုးစုံတွေနဲ့၊ အဲဒီမြင်ကွင်းကို မမှိတ်မသုန်ငေးကြည့်နေမိခဲ့တယ်။

ဒီလက်မှတ်စစ်ကလည်း လက်မှတ်မပါတာ ရိုးရိုးမဖမ်းပဲ ဘာဖြစ်လို့ ရိုက်တာလဲ။ လူဆိုးဓမြမှ မဟုတ်တာ။ ငါ့မှာသာ ပိုက်ဆံရှိရင် ဒီဘကြီးအတွက စိုက်ပေးချင်လိုက်တာလို့ တွေးပြီးငေးနေမိတယ်။ ရင်ထဲမှာလည်း မုန်းတီးခြင်း၊ အံ့သြခြင်း၊ ဂရုဏာသက်ခြင်း၊ ပြီးတော ဘယ်သူမှ ၀င်ပြီးမပြောကြ မကူကြတာကို နားမလည်နိုင်ခြင်းများစွာနဲ့ပေါ့။ အဲဒီမြင်ကွင်းကြောင့် ရခဲ့တဲ့ ၃တန်းကျောင်းသူတစ်ယောက်ရဲ့ ရင်ထဲက ဒါဏ်ရာဟာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် မကျက်သေးပါဘူး။

ငါကြီးလာရင် အဲဒီလို မတရား ရက်စက်တဲ့ သူတွေကို ဖမ်းပြီး ဒါဏ်ပေးပစ်မယ်။ ငါကြီးလာရင် အဲဒီလို မတရားလုပ်တဲ့၊ ရက်စက်တဲ့ သူတွေ မရှိစေရအောင် ကြိုးစားမယ်။ ပြီးတော့ အဲဒီလို တနေ့လုပ်မှ တနေ့စားရတဲ့သူတွေအတွက် တတ်နိုင်သမျှ အဆင်ပြေပြေ အလုပ်လုပ်စားနိုင်အောင်ကူညီပေးမယ်။ စသဖြင့် မနိုင်ရင်ကာ အတွေးလေးတွေကိုလည်း သတိရတိုင်း တွေးမိခဲ့ဘူးပါတယ်။ တွေးမိတိုင်းလည်း ခံစားချက်က ခါးသီးပါတယ်။

************************

နောက်..အဖြစ်အပျက် တခုကတော ကျောင်းပြီး ၉၆ခုနှစ် လောက်က စုချစ်တို့ သူငယ်ချင်းတွေ စုပြီး မန္တလေးကနေ မုံရွာကို ဘုရားဖူးထွက်ခဲ့ရင်းကြုံခဲ့ရတာလေးပါ။ မုံရွာမှာဘုရားတွေလှည့်ဖူးရင်း ကျောက်ကာရွာနားက ဘုရားဝင်းထဲ အ၀င် စုချစ်တို့စီးလာတဲ့ ဆူပါရုကားလေးဘေးမှာ ပြိုင်တူလာရပ်တာ တောကလာတဲ့ ဘုရားဖူးကားလို့ ထင်ရတဲ့ ဒိုင်နာကားတစင်းပါ။ အဲဒီကားပေါ်ကနေ တောရွာတွေက လာတဲ့ ပုံစံမျိုးဖြစ်တဲ့ တဘက်ကိုခေါင်းပေါင်းထားတဲ့ ဦးကြီး၊ ဒေါ်ကြီးတွေနဲ့ ကာလသားသမီးတွေ အယောက်၂၀လောက်ဆင်းလာကြပါတယ်။

အဲဒီအချိန်မှာ လက်ထဲက တုတ်တိုတို တစ်ချောင်းကို ဝှေ့ယမ်းလို့ အစိမ်းရောင်ဝတ်စုံ ၀တ်ထားတဲ့ ဂင်တိုတိုလူတစ်ယောက် ရုတ်တရက်ပေါ်လာပြီး ....
ကဲကဲ..ဘုရားဖူးလာတဲ့ သူတွေ..ဘုရားနောက်မှဖူး... ဒီထဲကို အရင်ဝင်..ဒီထဲကို အရင်ဝင်ဆိုပြီး.. အော်ခေါ်ပါတယ်။ သူဝင်ခိုင်းတဲ့ နေရာက ဘုရားဝင်းဘေး တခေါ်သာသာလောက်က ကွင်းပြင်တခုဆီ သွားတဲ့ ၀င်ပေါက်ကိုပါ။ အဲဒီနေရာမှာ ဆိုင်းဘုတ်တွေ ထောင်ထားတာကိုလဲ ခပ်ရေးရေးလှမ်းမြင်နေရပါတယ်။ စုချစ်ထင်တာကတော့ ထောက်ခံပွဲ တခုခု (ဘာထောက်ခံပွဲလဲဆိုတာတော့ သေချာ မမှတ်မိပါ) ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

စုချစ်တို့ သူငယ်ချင်းတစုကတော့ သူ့ကို တချက်ငဲ့ကြည့်ပြီး၊ အေးအေးဆေးဆေးပဲ ကိုယ့်ဘာသာ ဘုရားဖူးဖို့ ရှေ့ဆက်သွားတာပေါ့နော်။ ကားပေါ်က ပထမဆုံး ဆင်းလာတဲ့ တောက ဦးကြီး ၃၊ ၄ ယောက်လည်း စုချစ်တို့နောက်ကပါလာတာပေါ့။ အဲဒီမှာ အဲဒီလူက အော်တော့တာပဲ။

ဟေ့..ဟို အဖိုးကြီးတွေ...နားကန်းနေလား..ဒီကို အရင်သွားပြီးမှ ဘုရားဖူးရမယ်လို့ ပြောနေတာ မကြားဘူးလား..ခင်များတို့ လူစကားနားမလည်ဘူးလား၊ သေသွားချင်လား ဆိုပြီး...တုတ်ကို ဝှေ့ဝှေ့ပြပြီး အော်တော့တာပဲ။ စုချစ်တို့ လည်း ရုတ်တရက်ရပ်ပြီး မကျေမနပ်နဲ့ လှည့်ကြည့်တာပေါ့။ အဲဒီမှာ စုချစ်တို့ အဖွဲ့က ပါလာတဲ့ အကိုကြီးက ပြဿနာဖြစ်မှာစိုးလို့... သွား..သွား...နင်တို့ နောက်လှည့်ကြည့်မနေကြနဲ့လေ ဆိုပြီး စုချစ်တို့ကို ဘုရားဝင်းဆီ အမြန်ရောက်အောင် တွန်းလွှတ်ပါတယ်။ ဒါပေမဲ့ အဲဒီဦးကြီးတွေနဲ့ ဒိုင်နာကားပေါ်ကသူတွေ အားလုံးကတော့ ဘုရားဖူးဖို့ မသွားရပဲ အဲဒီသူပြောတဲ့ ၀င်းထဲကို အရင်ဝင်သွားကြရပါတယ်။ တဘက်ခေါင်းပေါင်းလေးကို ဖြုတ်ချွေးသုတ်လို့၊ နားမလည်နိုင်စွာ ဘုရားကို လည်ပြန်ငေးမောကြည့်ပြီး၊ ဘာမှ ပြန်မပြောရဲပဲ ၀င်းထဲကို ၀င်သွားကြရတဲ့ ဦးကြီး၊ ဒေါ်ကြီးတွေရဲ့ ပုံတွေကို ဒီနေ့ထိမျက်လုံးထဲမှာ မြင်ယောင်နေတုန်းပါပဲ။ အဲဒီတုန်းက ဘုရားတောင်ကောင်းကောင်းမဖူးနိုင်ပဲ သူငယ်ချင်းတွေ အားလုံး တဖြစ်တောက်တောက်နဲ့ ဖြစ်ခဲ့ကြပါတယ်။

စုချစ်ရင်ထဲမှာလည်း ဒုတိယအကြိမ် ဒါဏ်ရာရရှိခဲ့ပါတယ်။

************************

ကုလားကား ကြည့်ဘူးတဲ့သူတွေ သိမယ်ထင်ပါတယ်။ တော်တော်များများကားတွေက ပထမမှာ ဇာတ်လိုက်က မတရားနှိပ်စက်ခံရပြီး နောက်မှပြန်လည်လက်စားချေခန်းတွေပေါ့။ အဲဒီမှာ ဇာတ်လိုက်က တစ်ယောက်ထဲ၊ လူဆိုးတွေက အုပ်စုလိုက်နဲ့ နှိပ်စက်နေ၊ ၀ိုင်းပြီးသတ်နေလိုက်ကြတာ။ ဘေးမှာက လူအုပ်ကြီးက၀ိုင်းကြည့်လို့။ ဘယ်သူမှလဲ ၀ိုင်းမကူကြဘူး။ တခါက ညီမလေးတစ်ယောက်ကပြောတယ်။ ကုလားကားတွေက ပိုလွန်းတယ်။ မဖြစ်နိုင်ပါဘူး။ ဒီလောက်မတရား နှိပ်စက်နေတာကို လူတွေက ဘာမှမကူပဲ ၀ိုင်းကြည့်နေကြတာ အဓိပ္ပါယ်မရှိတာတဲ့။

စုချစ်ကတော့ ပြောလိုက်တယ်။ အေး...အဲဒီ ရုပ်ရှင်တွေထဲမှာတောင် မယုံနိုင်စရာ၊ အဓိပ္ပါယ်မရှိ အဖြစ်အပျက်တွေဟာ အပြင်မှာတကယ်ဖြစ်နေတာ မစုချစ်တော့ မြင်ဘူးတယ်ဟေ့လို့...။

************************

နာကျင်စွာနှင့် ဤစာကို ကုံးပါတယ်....။

Sunday, March 23, 2008

Photo Design (Chan Myae Yeik Thar)

ချမ်းမြေ့ဆရာတော်ဘုရားကြီး ၂၀၀၇ခုနှစ်၊ ဒီဇင်ဘာမှာ စင်ကာပူ တရားစခန်း ကို ကြွလာစဉ်တုန်းက ချမ်းမြေ့ပြက္ခဒိန်အတွက် ဆရာတော်ဘုရား ပြင်ခိုင်းတဲ့ ဓါတ်ပုံလေးတွေကို ပြင်ထားတာပါ။ ဖိုတိုရှော့ နဲ့ ပိန့်ရှော့ပရို ၂ခု ပေါင်းပြီး ပြင်ခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင် ကျောင်းမလှူနိုင်လို့ ဓါတ်ပုံထဲမှာပဲ လမ်းခင်း၊ ပန်းပင်လေးတွေ စိုက်ပေးလိုက်ပါတယ်။ ပရော်ဖယ်ရှင်နယ် မဟုတ်ပေမဲ့ ကိုယ်ကြိုးစားပမ်းစား ပြင်ထားတာလေးတွေ ဆရာတော်လည်း သဘောကျ၊ ကိုယ်ကိုယ်တိုင်လည်း ကျေနပ် နှစ်သက်နေတော့ ပင်ပန်းရကျိုးနပ်တာပေါ့နော့...။

(၁) ဆရာတော်ဘုရား - နယူးဇီလန်
သင်္ကန်းရောင်နဲ့နောက်က သစ်ပင်ရောင်တူနေတော့ သစ်ပင်ကို ဖယ်လိုက်ပြီး ငှက်လေး တွေ ထည့်ပေးလိုက်တယ်။

(၂) မှော်ဘီ စံကျောင်း
တိမ်လေးတွေရယ် ပန်းခင်းလေးတွေရယ် ဖြည့်လိုက်တယ်။

(၃) ဆွမ်းစားကျောင်း
ကတ္တရာလမ်းလေးခင်းပြီး မြက်တွေ၊ ပန်းတွေစိုက်ပေါ့။

(၄) ဓမ္မာရုံ
ကတ္တရာလမ်းလေးခင်းပြီး မြက်တွေ၊ ပန်းတွေစိုက်ပေါ့။

(၅) ပန်းခြံ
မြက်ပင်လေးတွေ ဖြည့်ပေးလိုက်တယ်လေ။

(၆) ပန်းခြံ
မြက်ပင်လေးတွေ ဖြည့်ပေးလိုက်တယ်လေ။

(၇) မှော်ဘီ စံကျောင်း
အရိပ်ကျနေတာတွေ ဖယ်လိုက်တယ်။

Saturday, March 22, 2008

မင်္ဂလာပါရှင်။


မင်္ဂလာပါရှင်....။

ပထမ post ၃ခုလောက်တင်ပြီး တနှစ်နီးပါးရှိမ နောက်ထပ် posts တွေကို တင်နိုင်တဲ့ အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါပဲ။ အပျင်းထူတတ်လွန်းလို့ပါ။ မအားလို့ ဆိုတာ ကိုယ်ကိုယ်တိုင်မကြိုက်တဲ့ အကြောင်းပြချက်မို့ အပျင်းထူလွန်းလို့ လို့ပဲ ဆိုပါရစေတော့။

blog အကြောင်းကိုစပြီး သိတာကတော့ ရုံးက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တရုတ်ကလေးနစ်ကီက နင့်ရဲ့ hobby ကဘာလဲလို့ မေးတဲ့အခါ Reading and Writing လို့ဖြေတော့ ဒါဆို blog ရေးပါလားလို့ အကြံပေးရာကစသိခဲ့တာပါ။ အဲဒါ ၂၀၀၆ ခုနှစ် လောက်ကပေါ့။

သူက ဒီ page တွေမှာ Register လုပ်နိုင်တယ်ဆိုပြီး WordPress နဲ့ Blogspot ကိုပြတယ်။ ဒါပေမဲ့ ခက်တာက ကိုယ့်ရဲ့ hobby က ပျင်းတတ်တာလဲ ပါတယ်ဆိုတာ သူကမသိလေတော့ သူပြောတဲ့နေ့ ၂၀၀၆ ခုနှစ်လောက်ကတဲက register လုပ်ထားတဲ့ WordPress မှာHello! ကလွဲလို့ ဘာမှကိုမရေးဖြစ်ပါဘူး။

နောက် သူများ blog တွေဝင်ဖတ်ပြီး ရေးဖို့အားကျပြန်ရော။ Blogspot မှာ register ၂ခါ လောက်လုပ်ဖြစ်တယ်။ Hello! ကလွဲပြီး ရေးရမှာ ပျင်းပြန်ရော။ အဲ...နောက်ဆုံးတခါ မှတ်မှတ်ရရ မွေးနေ့အထိမ်းအမှတ် ဒီတခါတော့ တကယ်ကို blog ရေးမယ်ဆိုပြီး ၂၀၀၇ မွေးနေ့မှာ နောက်အမည် တစ်ခုနဲ့ blog တစ်ခု ကိုဖွင့်ဖြစ်ပါသေးတယ်။
ဟင်း...... ။ Hello! .......again....ပေါ့ရှင်။

ဒီနေ့ ၂၂.၀၃.၂၀၀၈....။ ဘာအထိမ်းအမှတ်နေ့မှ မဟုတ်ပါဘူး။ ပျင်းတဲ့စိတ်တွေ ဝေးဝေး လွှင့်ပစ်ပြီး Blog Design ကို စိတ်ပါလက်ပါ ပြင်ဖြစ်တယ်။ ဗမာလိုရေးလို့ မရသေးတာကို ရေးလို့ရအောင် အရင် ပြင်ရတယ်။ အဲဒီတော့မှ အရင်က English လို ရေးထားတဲ့ post ၂ခု ကို ဗမာလို ဖြစ်အောင် ပြန်ပြင်လိုက်တယ်။ ပြီးတော့ စိတ်ကြိုက် Template တွေ့အောင် Internet မှာ အချိန်တော်တော်ကြာအောင်ကို မွှေနှောက် လိုက်ရသေးတယ်။

Blog Design ကတော့ မခက်လှပါဘူး။ မြင်ဆရာ တွေ Guide လုပ်တဲ့အတိုင်း လုပ်လိုက်တာပေါ့နော်။ ဒီအတွက် ကိုယ်အမြဲဝင် ဖတ်နေကြ blogger ကိုညီလင်းဆက် နဲ့ ကိုမောင်လှ ကို အများကြီး ကျေးဇူးတင်ပါတယ် ရှင်....။