Thursday, February 12, 2015

မြန်မာပြည် အညာမြေ ခရီး တစ်ခေါက် - အပိုင်း၁

ခရီးစဉ်အကြမ်း (၂၀၁၅ ဇန်နဝါရီ)

မြန်မာပြည် တနံတလျား ခရီးတွေ သွားရတော့မယ်ဆိုရင် တခြားတိုင်းပြည်တွေကိုသွားရတာထက် ပိုပြီး စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးမိတယ်။ ခရီးတစ်ခါထွက်တိုင်းလည်း ပုံမှန် သူများတကာ သွားရိုးသွားစဉ် အတိုင်း မသွား၊ ကိုယ့်ခရီး ကိုယ့်ဘာသာ စီစဉ်၊ အဲ့ဒီ စီစဉ်ထားတာကို သူများတွေ တားချင်တားဦး၊ ကိုယ်ကတော့ သွားချင်တဲ့နေရာ ရအောင်ကို ရောက်အောင်ကို သွားတာပဲ။ ဒီတော့ သွားသမျှ ခရီးတွေဟာ သာမာန် အပျော်သက်သက် ခရီးမဟုတ်ပဲ ပျော်လဲပျော်ရ၊ မမျှော်လင့်ထားတဲ့ အတွေ့အကြုံ အသစ်အဆန်းတွေ အတွက်လည်း စိတ်လှုပ်ရှားရနဲ့ပေါ့။ ဒါပေမယ့် စာရေးပျင်းတဲ့သူဖြစ်တဲ့အလျှောက် စာရွက်အပိုင်းအစလေးတွေမှာ မှတ်ထားတာလေးတွေ အတွေးထဲမှာ မှတ်ထားတာလေးတွေနဲ့ပဲ ခံစားပျော်ရွှင်ခဲ့ရသမျှ ကြာတော့ ပျောက်ပျက်ကုန်တော့တယ်။

ဟိုးတစ်နှစ်ကဆို ဦးရေချမ်းနဲ့ ၂ယောက်တည်း ဘုမသိ ဘမသိ ပဲခူးရိုးမထဲ ကားနဲ့၂ယောက်တည်း တက်သွားလိုက်တာ၊ အဲ့အချိန်က လမ်းတွေ တံတားတွေ ဖောက်တာလဲ မပြီးသေး၊ အဲ့လမ်းပေါ်သွားတဲ့ကားဆိုတာ တစ်ကောင်တမြည်းတောင်မတွေ့ရ၊ လမ်းတစ်လျှောက် ရွာစဉ်တွေကလဲ ပြတ်နဲ့ ကံကောင်းလို့သာ ဘေးမသီရန်မခ တောင်ပေါ်က ပြန်ဆင်းလာနိုင်ကြရတယ်။ ရိုးမပေါ်တလျှောက် ဖုန်းအဆက်အသွယ်ပါပြတ်တောက်သွားလို့ လူကြီးတွေစိတ်ပူနေချိန် ကိုယ်တွေက တောတောင်တွေကြားထဲ ကားရပ်ပြီး အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးကို ဖွင့်စားလိုက်သေးတယ်။ ဟိုးတုန်းက ဒီရိုးမထဲမယ် သခင်သန်းထွန်းတို့ ပုန်းခဲ့ဖူးတယ်ဆို ကိုယ်အခု ထမင်းစားနေတဲ့နေရာဟာ သူတို့လည်း ထမင်းချက်စားခဲ့ဖူးမလားဆိုတာ ပြောမရဘူးလို့ ယောင်တောင်ပေါင်တောင် မှန်းဆ တွေး သမိုင်းကြောင်းကို လွမ်းနေမိသေးတယ်။

ပဲခူးရိုးမ (၂၀၁၁ခုနှစ်)


တမြန်နှစ်ကတော့ ရွှေဘိုကနေ မုံရွာမြို့ အသွား အရာတော်က အထွက် လမ်းရေကျော်နေတာကို တည့်တည့်တိုးပါလေရော၊ တောင်ပေါ်ရေတွေ တဟောဟောကျနေတာကို ကြည့်ပြီး တခါမှ မကြုံဖူးတဲ့ ကိုယ်ကတော့ ပျော်လို့...၊ လူကြီးတွေကတော့ ခရီးဖင့်ပါပြီဆိုပြီး စိတ်ပူလို့၊ ရေကျတဲ့အချိန်ထိဆို နောက်ထပ် ၃-၄နာရီလောက် စောင့်ရဦးမှာတဲ့၊ အဲ့လောက်အထိ ဘယ်စောင့်လိမ့်မလဲ... ရေအနည်းငယ်ကျသွားတဲ့အချိန်မှာပဲ နောက်ထပ် ရေမတိုးခင် သူများကားလေးတွေ မဖြတ်ရဲသေးတဲ့ ရေကျော်ကို ဖြတ်မယ်ကွာဆိုပြီး ဘတ်စ်ကားကြီး ဖြတ်သွားတဲ့ လမ်းအတိုင်း ဝုန်းဒိုင်းဆိုပြီး အသည်းတယားယားနဲ့ ဖြတ်မောင်းဖူးတယ်။ ကျောက်ကာရွာ လေမုန်တိုင်းကြောင့် သစ်ပင်တွေပြိုပျက်နေတဲ့ကြား ကားကို ကွေ့ကာ ဝိုက်ကာရအောင် မောင်းကြတယ်။ မြန်မာပြည်သူပြည်သားတွေဟာ သဘာဝ ဘေးဒုက္ခတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ဘေးထိုင် အပြစ်ပြော ညည်းညူနေခြင်းနဲ့ အချိန်ကုန်မခံနိုင်၊ တွေ့ကြုံရတာကို ဖြစ်သလို အပြုံးမပျက် လက်တွေ့ကျကျ ရင်ဆိုင်ကြတာတွေကိုလည်း  အံ့သြချီးကျူးရတယ်။

 မုံရွာ သို့ အသွား ရေကျော် (၂၀၁၃ခုနှစ်)

ဒါတွေကို ရေးဖို့ရာ အားခဲထားပေတဲ့ အကြောင်းကြောင်းကြောင့် မရေးရသေး။ မရေးဖြစ်တာကိုလည်း နှမျောမိသေး။

ဒီနှစ်ဆန်း မြန်မာပြည်ပြန်တာ ခါတိုင်းလို အချိန်မရလို့ တစ်ပတ်တည်းပဲ နေခဲ့ရတာပါ။ ပြန်ခဲ့တဲ့ရက် နည်းနည်းထဲကပဲ မန္တလေးကနေ ရွှေစက်တော် ဘုရားဖူး ထွက်ခဲ့တဲ့ ခရီးစဉ်အကြောင်း သူငယ်ချင်းတွေ ကို ပြန် ပြောပြတော့ အားလုံးက သိပ်ကို စိတ်ဝင်စားကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွှေစက်တော်ဘုရားဖူး ၂ရက်ခရီး ရယ် လို့ ခေါင်းစဉ်တတ်ထားသော်ငြားလည်း လမ်းခရီးတစ်လျှောက် ဖြတ်သွားတဲ့ မြို့တွေဆီ ဝင်လည်ခဲ့တာတွေကို ကြားရတာ စိတ်ဝင်စားစရာ အားရစရာကြီး ဖြစ်နေလို့ပါတဲ့။ ၂ရက်တည်းနဲ့ သွားခဲ့တာတွေက ပထမရက် မန္တလေး-စလေ-ရေနံချောင်း- မကွေး။ မကွေးမှာ ညအိပ်ပြီးတော့ မကွေး-ရွှေစက်တော်-ကျောင်းတော်ရာ-မင်းဘူး-နတ်မောက်-မန္တလေး ဖြစ်ပါတယ်။

ကိုယ်တွေလို အားလပ်ရက်ရှည် မရနိုင်သူတွေ ကိုယ့် အတိုင်း ၂ရက်ခရီး သွားချင်သွား ဒါမှမဟုတ် ဒီခရီးစဉ်အတိုင်းကိုပဲ ဒီထက်မက အချိန်ပေးပြီးသွားနိုင်ရင် ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးကပြန်ရောက်ခါစ ပူပူနွေးနွေးရှိနေတုန်း ခေါင်းထဲက အကြောင်းအရာတွေ မပျောက်ပျက် မမှေးမှိန်ခင် သူငယ်ချင်းတွေ တောင်းဆိုချက်အရ ဒီခရီးမှာ တွေ့ကြုံခံစားခဲ့ရသမျှ ကြိုးစားပြီး ရေးပေးပါမယ်။

ခရီးသွားဆောင်းပါး သက်သက်ထက် ကြားသမျှ မြင်သမျှ တွေ့ကြုံခဲ့သမျှကတဆင့် တွေးမိသမျှတွေကိုပါ မျှဝေချင်တာမို့ စာရှည်ကြီး ဖြစ်သွားရင်သာ ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်လျက်။

ပြီးတော့ ဆက်ရေးဖြစ်ဖို့ မပျင်းဖို့ အင်အားတွေစုစည်းလျက်... ။ ။

++++