ခရမ်းသီးနှပ်
အဲ့ဒီ ယက္ကန်းအလုပ်သမားတွေထဲမှာ မွန်လူမျိုး ဦးထွန်းပုံ ဆိုတာ ရှိတယ်၊ သူက ကလေးလဲ ချစ်တတ်တယ်၊ ရယ်စရာလဲ တအားပြောတယ်၊ အစားအသောက်လဲ အင်မတန် မက်မောတယ်၊ ပုံပြင်နားထောင်ချင်ရင် ညည်းစားနေတဲ့ ဘီစကစ်ကျွေးလို့ အမြဲတောင်းလေ့ရှိတယ်၊ ကိုယ်ကလည်း ပုံပြင် နားထောင်ချင်တော့အိမ်ပေါ်တက် မေမေ တို့ မသိအောင် မုံ့ဗုံးထဲက မုံ့တွေနှိုက် အင်္ကျီအောက်ထဲ ဖွက် ထည့်ယူသွား အဲ့သာတွေနဲ့ မျက်နှာလုပ်ပြီး ဦးထွန်းပုံ ပြောတဲ့ ပုံပြင်တွေကို တခုတ်တရ နားထောင် ခဲ့ဖူးတယ်။ မေမေတို့က ဦးထွန်းပုံကို နင့်နှယ်ဟယ် ကလေးတွေဆီက ညာစားနေရလားဆိုပြီး တခါတရံ ဆူလေ့ရှိပါတယ်။ မရွှေစုတို့ကိုလည်း မုံ့တွေ မပေးရဘူးလို့ မာန်လေ့ရှိတယ်၊ ဒါပေတဲ့ သူများနဲ့ မတူ ဟန်နဲ့ ပန်နဲ့ အိုင်တင်အပြည့်နဲ့ မျက်နှာထိ မျက်နှာထားနဲ့ ရယ်စရာ ကောင်းလွန်းလှတဲ့ ဦးထွန်းပုံရဲ့ ပုံပြင်တွေကို နားမထောင်ပဲ မနေနိုင်၊ ဒီတော့ လူကြီးလစ်တာနဲ့ မုံ့တွေနဲ့လာဘ်ထိုးပြီး ပုံပြင်နားထောင်ရအောင် လုပ်ရတာပါပဲ။
ဦးထွန်းပုံက ပုံပြင်တင်မဟုတ် မျက်လှည့်တွေဘာတွေလည်း လုပ်ပြတတ်တယ်။ လက်ထဲကိုင်ထားတဲ့ ငှက်ပျောသီးကို ခွက်တခုအောက်ထဲကို ထည့်ခိုင်းတယ်၊ ပြီးရင် အဲ့ခွက်ကို မထိပဲ ငှက်ပျောသီးကို ယူပြမယ်လို့ ပြောပါတယ်၊ မရွှေစု လည်း သဘောတကျနဲ့ ငှက်ပျောသီး ကို ခွက်အောက်ထဲထားလိုက်တာ၊ သူက ပွစိပွစိ ရွတ် ခွက်ကို လက်နဲ့ ဥုံဖွလုပ်လိုက်ပြီး ..ကဲ... ဖွင့်ကြည့်လိုက်စမ်း လုပ်ပါတယ်၊ ကိုယ်က ဖွင့်ကြည့်တော့မှ သူက ငှက်ပျောသီးကို ဖြတ်ကနဲ ဆွဲယူလိုက်တော့တာပဲ။ ဒီတော့ သူ့လက်နဲ့ ခွက်ကို မထိပဲ ယူနိုင်သွားတာပေါ့။
တခါတလေ ကိုယ့်မှာ သူ့ကို လာဘ်ထိုးစရာ ဘာမှ မရှိတဲ့အခါ မျက်နှာငယ်နဲ့ တောင်းပန်ရတယ်။ မီးမီး အသက်ကြီးလာလို့ ကိုယ်ပိုင် ပိုက်ဆံတွေရရင် အတိုးနဲ့ ပြန် မုံ့ဝယ်ကျွေးပါ့မယ်။ ပုံပြင်လေး ပုစိညှောက်တောက်ဖိုးလောက်ပြောပြပါနော်လို့ပေါ့။ ဦးထွန်းပုံက သူ့မှုတ်ဆိတ်မွှေး ကျိုးတို့ကျဲတဲလေးလက်နဲ့သတ် တဟားဟားရယ် မရွှေစုကို ချီမြှောက်ရင်း တကယ်နော်လို့ ကတိလုပ်ခိုင်းပြီး သူ့ပါးစပ်ထဲရှိရာ ပုံပြင်တွေ ပြောတော့တာပါပဲ။
အစားအသောက်မက်တဲ့ ဦးထွန်းပုံ ရဲ့ ပုံပြင်တွေဟာ များသောအားဖြင့် အစားအသောက် နဲ့ ဆိုင်တဲ့ အကြောင်းတွေချည်းပါပဲ။ ခုချိန်ထိ တခါတလေ မုံ့စားရင်း ဟင်းချက်ရင်း တိုက်ဆိုင်လာရင် သူပြောပြခဲ့ဖူးတဲ့ ပုံပြင်လေးတွေ သတိရမိပြီး တစ်ယောက်တည်း ပြုံးရယ်မိသေးတော့တယ်။ မနေ့ညကအိမ်မှာ ခရမ်းသီးနှပ်ဟင်းချက်လို့ ဦးထွန်းပုံ ပြောတဲ့ ခရမ်းသီးနှပ်နဲ့ ငါးသလောက်ပေါင်း ပုံပြင် သတိရမိပြီး ဦးရေချမ်းကို ပြောပြရတယ်။ ပုံပြင်လေးကတော့ ဒီလိုပါ။
တစ်ခါက ရွာတစ်ရွာမှာ ထုံအအနဲ့ မေ့တတ်တဲ့ လူတစ်ယောက် ရှိသတတ်၊ တစ်နေ့တော့ သူဟာ တစ်ဖက်ရွာအလှူမှာ ကျွေးတဲ့ ခရမ်းသီးနှပ်နဲ့ ငါးသလောက်ပေါင်းဟင်းကို စားရင်း ကောင်းလွန်းလို့ သူ့ရွာပြန်ရောက်ရင် အမေ့ကို ချက်ခိုင်းမယ်ဆိုပြီး ဟင်းနာမည်တွေကို သေချာမေးမြန်း မှတ်သားခဲ့တယ်တဲ့။ ဟင်းနာမည် မေ့သွားမှာစိုးတာနဲ့ ရွာအပြန် လမ်းတစ်လျှောက်လုံး "ခရမ်းသီးနှပ်နဲ့ ငါးသလောက်ပေါင်း"၊ "ခရမ်းသီးနှပ်နဲ့ ငါးသလောက်ပေါင်း " လို့ တတွတ်တွတ် ရွတ်ဆိုပြီး ပြန်လာခဲ့သတဲ့။
ဟင်းနာမည်ရွတ်ပြီး မော့တော့ မော့တော့ နဲ့ ပြန်လာလိုက်တာ ရွာနားရောက်ခါနီး တစ်နေရာ ချောင်းကူးတံတားအရောက်မှာ တံတားအပေါက်ကျွံပြီး ရေထဲ ပြုတ်ကျသတဲ့။ လန့်ပြီး အား ခနဲ အော်မိလိုက်တာ ခုနက ရွတ်လက်စ ဟင်းနာမည်ကို မေ့သွားရောတဲ့။ ဒါနဲ့ မေ့သွားတဲ့ဟာ ချောင်းထဲ ပြုတ်ကျသွားတာဖြစ်မှာပဲ ဆိုပြီး ချောင်းထဲမှာ ဟိုရှာသည်ရှာ လိုက်ရှာ ပါတယ်တဲ့။ ဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက်က ဟေ့လူ ... ဘာရှာနေတာလဲ ဆို... ဒီမှာ အရေးကြီးတာပျောက်သွားလို့ပါဆိုတော့ အဲ့လူကပါ ဘာမှန်းမသိပဲ ဝိုင်းကူရှာပေးတာပေါ့။ တော်တော်ကြာတဲ့အထိ ရှာမတွေ့ ဖြစ်နေ မောကလည်း မောလာတဲ့အချိန် ရေတွေထိလို့ ဗိုက်ကပွပြီး ဘူ ကနဲ အီးပေါက်မိရောတဲ့။ အနံ့ကပြင်းလွန်းလို့ စောနက ကူရှာပေးနေတဲ့သူလည်း မခံနိုင်လွန်းတာနဲ့ နှာခေါင်းပိတ်ပြီး တက်ပြေးတော့တာပဲ.... ပြေးရင်းလည်း အော်သွားသေးတာ... အောင်မလေးဗျ... တကတည်း နံလိုက်တာဗျာ.... ခရမ်းသီးနှပ်နဲ့ ငါးသလောက်ပေါင်း အနံ့ကြီးတဲ့။ အဲ့ဒီတော့မှ သူလည်း... တွေ့ပြီ... တွေ့ပြီ.... ခရမ်းသီးနှပ်နဲ့ ငါးသလောက်ပေါင်း လို့ လက်ခမောင်း ထခတ်ပြီး ပါးစပ်က တတွတ်တွတ် ရွတ်ရင်း ရွာကို ဆက်လျှောက်သွားတယ်တဲ့။ သူက အိုင်တင်တွေအပြည့်နဲ့ ပြောတော့ မရွှေစုတို့မှာ ခိုးခိုးခစ်ခစ် နဲ့ ရယ်လို့ကို မဆုံးဘူးပေါ့၊ အီးပေါက်တဲ့ဟန်လုပ်ပြတဲ့အခါ ကိုယ်တွေပါ နှာခေါင်းတွေဘာတွေ ပိတ် အနံ့တကယ်နံမှာစိုးလို့ လေကို လက်ကလေးနဲ့ ခတ်ကာ ခတ်ကာ ဖယ်ထုတ်ရင်း နားထောင်ရတာပေါ့။
ဦးထွန်းပုံက အဲ့ဒီ ပုံပြင် ပြောပြပြီး အလောင်းအစားလည်း လုပ်ပါသေးတယ်၊ မရွှေစုတို့က သူ့ကို အီးပေါက်ပြပါ၊ သူက ဘာဟင်းလဲဆိုတာ ပြောပြမယ်တဲ့၊ မှန်ရင် အဲ့ဟင်း နည်းနည်း သူ့အတွက် သွားယူပေးရမယ်ဆိုပဲ။ သူက အီး ပေါက်ပြမယ် ဟင်းခန့်မှန်းလို့တော့ မပြောဖူးဘူးတော့။ ဘာလို့ဆို သူက အမြဲပဲ ငါးပိရည်နဲ့ ထမင်းစားတယ်ဆိုတာ မရွှေစုတို့က သိတာကိုး၊ သူရှာရသမျှ သူ့အတွက် ဘာမှ မထားပဲ သူ့ရွာက မိဘနဲ့ မိသားစုဆီ အကုန် ပြန်ပို့ လုပ်ကျွေးနေတဲ့ လူတစ်ယောက်ကိုး။
တလောက အိမ်ခဏအပြန် နှစ်တွေ အကြာကြီး ပျောက်နေတဲ့ ဦးထွန်းပုံကို ကြီးမေအိမ်မှာ ပြန်တွေ့ခဲ့ရတယ်။ မရွှေစု တို့ အဖိုးအဖွားတွေ ယက္ကန်းရုံကြီးဖျက်လိုက်ပြီးတဲ့နောက် သူတို့လဲ ရေကြည်ရာမြက်နုရာ ထွက်ခွာသွားကြတာကိုး။ ခုတော့ သူဌေး အိမ်တစ်အိမ်မှာ ခြံစောင့်လုပ်နေတယ်လို့ ဆိုပါတယ်။ မရွှေစုက သမီးကို ပုံပြင်တွေ ပြောပြဦးလေ မျက်လှည့်တွေပြဦးလေလို့ ဆိုတော့ သွားကျိုးတွေပေါ်အောင် ပြုံးပြုံးကြီး လုပ်နေပါတယ်၊ အသက်၇၀ကျော်ပြီ ဆိုပေတဲ့ သူ့အပြုံးက အရင်အတိုင်းပါပဲ။ ကျန်းမာပုံလည်း ရပါတယ်။ သားသမီးတွေလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။ မရွှေစုက သူ့အတွက် မုံ့ဖိုးဆိုပြီး ပိုက်ဆံထုတ်ပေး သေသေချာချာ ထိုင်ကန်တော့တဲ့အခါ သူ မျက်ရည် တစ်စက် ကျသွားတယ်။ ငယ်တုန်းက ပေးဖို့ အကြွေးကျန်တဲ့ ပုစိညှောက်တောက် ပုံပြင်ဖိုး မဟုတ်၊ စေတနာ မေတ္တာ ကြောင့် ဆိုတာ ခံစားမိလို့ ထင်ပါရဲ့။
ဦးထွန်းပုံ ကျန်းမာပါစေ။ ။
++++
2 comments:
မမစုရေ အမနဲ့တူတူဦးထွန်းပုံကြီး ပုံပြင်တွေလာနားထောင်သွားတယ်။
ဟီး... ကိုယ့်ညီမလေး စောစောစီးစီး.... အနံ့ နံသွားဦးမယ်... :D
Post a Comment