"ဒီလိုပုံ မိုးရွာရင်တော့ ကားတွေတောက်လျှောက် ကြပ်တော့မှာပဲဟေ့... ခုတောင် နေရာက ရွေ့ကိုမရွေ့ချင်ဘူး...မောင်းနေရတာ ပျင်းလာပြီ။ "
ကိုရေချမ်းနဲ့ မရွှေစုတို့ ဒီကနေ့ ရုံးဆင်း နောက်ကျရတဲ့အထဲ မိုးလေး တဖွဲဖွဲဖြစ်လာကာ ကားကြပ်တာနှင့် တိုးနေ၍ ကိုရေချမ်းက ယခုကဲ့သို့ ညည်းညူလိုက်ခြင်းဖြစ်သည်။
"ဗိုက်ဆာလို့လား... ဗိုက်ဆာရင် ဘီစကစ်ရှိတယ်... "
"မဆာပါဘူးကွာ... တရွေ့ရွေ့နဲ့ဆိုတော့ ပျင်းစရာကောင်းလွန်းလို့ပါ..."
"အမယ်... ဘေးနားမှာ အောတိုမက်တစ် ကက်ဆက်ကြီးတစ်ခုလုံးပါလာတာ... ပျင်းရင် မြန်မာပြည်သတင်းထူးတွေပြောပြရမလား...သူငယ်ချင်းတွေ အကြောင်းပြောပြရမလား... ရုံးကသူတွေအကြောင်းပြောပြရမလား... ပုံပြင်ပြောပြရမလား..."
"အေး... ပုံပြင်ပြောပြကွာ..."
"နေပါဦး... ပုံပြင်ဆိုလို့... ခုမှ သတိရသွားတယ်... တစ်နေ့ကပဲ နွယ်နွယ်ဖုန်းလှမ်းဆက်ပြီး မောင်ထွန်းတို့အကြောင်းတိုင်တာမပြောပြရသေးဘူး..."
"ဘာတဲ့လဲ...သူက..."
နွယ်နွယ်မှာ မရွှေစုရဲ့ညီမဝမ်းကွဲ တစ်ယောက် ဖြစ်သည်။ သူတို့မှာ မောင်နှစ်မနှစ်ယောက်ရှိကြ၍ မောင်ဖြစ်သူမောင်ထွန်းက အိမ်ထောင်ကျပြီးနောက် စင်ကာပူမှာ တစ်ယောက်တည်းနေပြီး အလုပ်လုပ်နေသူဖြစ်သည်။
"အို...သူ့မောင် မောင်ထွန်းရဲ့မိန်းမ သုံးပုံ ဖြုန်းပုံတွေအကြောင်း တိုင်တန်း ညည်းညူသွားတာ...၊ ပေါ်သမျှ ဆန်းသမျှ ဝယ်ဝတ် ကလေးကိုလည်း ဒေါ်လာပေးရတဲ့ကျောင်းမှာထားပြီး ကိုယ်နဲ့မတန်ရင်ကာ သူဌေးတွေနဲ့ ပြိုင်ဆိုင်ပြီး သုံးသတဲ့...၊ ကျောင်းက ကလေးမိဘတွေက ဘန်ကောက်ကို ရှော့ပင်းဆိုလဲ သူက အတူလိုက်ထွက်သတဲ့...အခု အရင်ကရှိတဲ့ သူတို့ကိုယ်ပိုင်အိမ်လေးတောင် ပေါင်ထားရပြီး မိဘအိမ်မှာ ပြန်လာနေရသတဲ့... သူ့မိဘတွေလည်း စိတ်တွေညစ်နေကြလို့ အဲဒါ မောင်ထွန်းကို သတိပေး ပေးပါတဲ့... ပိုက်ဆံတွေကို ကိုယ့်ဘာသာ စင်ကာပူမှာ စုထားဖို့၊ မိန်းမကို အလိုလိုက်တာလျှော့ဖို့ ပိုက်ဆံတွေ အကုန်မပေးဖို့တဲ့...။"
"ဒီတော့..."
"ခက်တာပဲ... ဦးရေချမ်းရဲ့... တကယ်က သူများလင်မယားကြား ကိုယ်ကဝင်ပါဖို့ တော်တာမှ မဟုတ်တာ၊ မောင်ထွန်းဆိုတာက သူ့မိန်းမကို ချစ်လိုက်တာ တုန်နေတာဆိုတာ... မိန်းမက သေဆိုရင်တောင်မှ သေမယ့်သူရှင့်...။"
"ဒီကောင် ငကြောင်ပါကွာ..."
"အဟီး... ငကြောင်မှုတ်ဘူး...ဦးရေချမ်းရဲ့... တကယ်တော့ မိုက်မဲသဟာ...။ ကိုယ့်ဇနီးမယားက ကိုယ့်အတွက်ကောင်းရာကောင်းကြောင်း စဉ်းစားပေးတာကို ငါကယောက်ျားပဲဆိုပြီး လက်မခံချင်တတ်တဲ့ယောက်ျားမျိုးရော၊ စဉ်းစားအဆင်ဉာဏ်နည်းတဲ့မိန်းမတွေရဲ့ အဓိပ္ပာယ်မဲ့တောင်းဆိုမှုကို မျက်စိမှိတ်လိုက်လျောတတ်တဲ့ယောက်ျားမျိုးရော အဲ့ဒီနှစ်မျိုးစလုံးဟာ မိုက်မဲတယ်လို့ ထင်တာပဲ၊ ပြီးတော့ ယောက်ျားတွေဟာ အချစ်စိတ်မွှန်နေပြီဆို ဘာကိုမှမမြင်တော့ပဲ သူတို့မိန်းမတွေတောင်းဆိုသမျှ အလိုလိုက် အကြိုက်ဆောင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခအရောက်ခံ အဓိပ္ပာယ်မဲ့ သေရဲတဲ့သူတွေ မိုက်မဲသူတွေ တပုံကြီးကိုးလို့...၊ ဟော ၅၅၀နိပါတ်တော်ထဲမှာ ကြည့်မလား၊ ဒါမှမဟုတ် တစ်ထောင့်တစ်ည ပသီပုံပြင်တွေထဲမှာပဲ ကြည့်မလား..."
"ကိုင်း... ကိုင်း... ပြောပြစမ်းပါဦး ဆရာမရယ်..."
"ဦးရေချမ်း ကြားဖူးရင်ကြားဖူးမှာပါ၊ ရှေးတုန်းက တိရစ္ဆာန်စကားကိုနားလည်တဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်ဆိုတာ၊ သူ့ကို သူ့မိတ်ဆွေနဂါးမင်းကြီးက မန္တန်သင်ပေးထားတာမှာ ဘယ်သူ့ကိုမှ တဆင့်ပြန်မသင်ပေးရ သင်ပေးမိလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်လို့ ကတိသစ္စာကျိန်ဆိုထားရတယ်တဲ့။ အဲ့ဒါနဲ့ တစ်နေ့တော့ မိဖုရားကြီးနဲ့ နှစ်ကိုယ်တည်းစံနေတုန်း ပုရွက်ဆိတ်တွေပြောတဲ့စကားကြားပြီး ခွိကနဲရယ်မိလိုက်တာ မိဖုရားကြီးက ဘာကိုရယ်သလဲ ဘာညာနဲ့ ပြောမပြမချင်းစိတ်ကောက်တော့တာပဲတဲ့...ဟိ...."
"ဒါနဲ့... ပြောပြလိုက်ရောလား..."
"အို...ပြောပြရတော့တာပေါ့၊ မိဖုရားကြီးက ဒါဖြင့်သူလည်း အဲ့ဒီစကားတတ်ချင်တယ် သင်ပေးပါလုပ်ပါရော...၊ သင်ပေးရင် ငါသေမှာလို့ပြောလည်းမရဘူးတဲ့...သင်ပေးပါလို့ တချိန်လုံးဂျီတိုက်နေတော့ ဘုရင်ကြီးလဲ ချစ်လွန်းတော့..."
"နားပူမခံနိုင်တာ နေမှာပါကွာ..."
မရွှေစုက မျက်စောင်းထိုးရင်း...
"ခစ်ခစ်.... ဟုတ်ပါပြီ.... ဟုတ်ပါပြီ....၊ ဒါပေတဲ့ အဲ့ခေတ်က ကယ်မယ့် သိကြားမင်းက အဆင်သင့်ရှိတော့ ဒီဘုရင်ငါကယ်မှ ဖြစ်မယ်ဆိုပြီး သိကြားမင်းက သူ့မိဖုရား သုဇိတာကိုခေါ် ဘုရင့်ဥယျာဉ်ထဲဝင် ဆိတ်လင်မယားယောင်ဆောင်ပြီး ဘုရင့်ရဲ့သိန္ဓောမြင်းရှေ့မှာ ချစ်တင်းနှောပြနေတာတဲ့၊ သိန္ဓောမြင်းက မြင်တဲ့အခါ အရှက်မရှိငမိုက်သားတွေလို့ ရေရွတ်တော့ သကြားမင်းဆိတ်သိုးကြီးက မင်းကမှ ငါ့ထက် ပို မိုက်တာမောင်... ထမ်းပိုးတင်ထားတာလဲမဟုတ်ပဲ သူများကျွန်လုပ်နေတဲ့ကောင်၊ အေး... မင်းထက်မိုက်ပြီး ပိုတုံးတာကတော့ မင့်သခင် ဘုရင်ပဲလို့ပြောလိုက်သတဲ့...၊ ဒီတော့ဘုရင်ကကြားပြီး ဟေ့...ငါ့ကိုဘာလို့ တုံးတယ်ပြောရတာတုန်းပေါ့...၊ ဟ...ကိုယ်သေမှာသိရဲ့နဲ့ မိဖုရားခိုင်းတိုင်း လုပ်ရသလားပေါ့...၊ ဒီတော့ ဘုရင်ကြီးက ဒါဆို ငါဘယ်လိုလုပ်ရမတုန်းဆိုတော့ သကြားမင်းက နည်းပေးတယ်...၊ မန္တန်သင်ချင် ကြိမ်ဒဏ်အချက် တစ်ရာ အရိုက်ခံနိုင်မှ သင်ပေးလို့ရတယ်ပြောပေါ့တဲ့...။"
"ဟားဟား.... ဒီသိကြားမင်း ဉာဏ်သွားတယ်... ဒါနဲ့ မိဖုရားက အရိုက်မခံနိုင်တော့ မသင်ဘူးတဲ့လား..."
"အမယ်... မိဖုရားကလည်း တော်တော်နဲ့ အလျှော့ပေးတာမှုတ်ဘူး...ခေါင်းမာတာမောင်... ကဲ..ကဲ...ဒါဖြင့်လည်း ရိုက်၊ သင်မယ်ပဲလုပ်တာတဲ့... ဒါပေတဲ့ ၃ချက်လောက်လည်း ရိုက်ပြီးရော သေပါပြီ တော်ပါပြီရှင် ဆိုပြီး လက်လျှော့သွားသတဲ့..."
"ဟားဟား....မိုက်တယ်..."
"ကိုင်း... မရွှေစုက သိကြားမင်းလို ဉာဏ်လည်း မကောင်းတော့ မောင်ထွန်းကို အကြံလည်း မပေးနိုင် ကူလည်း မကူညီနိုင်ဘူးတော်... "
"ဒါနဲ့ ပသီပုံပြင် ရှိသေးတယ်ဆို...."
"ခစ်ခစ်... အံ့သြစရာ... ပသီပုံပြင်ကလည်း အဲ့အတိုင်းပဲ ဆရာ၊ သူကကျတော့ တောင်သူကြီးက တိရစ္ဆာန်စကားကိုနားလည်တာ တောင်သူကြီးမိန်းမက ခုနကလိုပဲ သိသွားတော့ သူ့လည်းသင်ပေးပါလို့ အတင်းပူဆာတာတဲ့...။ ဒီစကားကလည်း ကိုယ်တတ်တာကို တဆင့်ပြန်သင်ရင် သတ်သေရမယ်ဆိုတဲ့ ကျိန်စာက ရှိနေတာတဲ့၊ နောက်ဆုံးတောင်သူကြီးလည်း ဘုရင်ကြီးလို သေရင်သေပစေ မိန်းမ အငြူစူတော့မခံဘူးဆိုပြီး သင်ပေးဖို့ လုပ်တော့တာပေါ့၊ ခစ်... ဒီပုံပြင်ထဲမတော့ သိကြားမင်းက ကယ်တာမှုတ်ဘူးတော့...၊ ကြက်ဖကြီးက ကယ်သွားတာ..."
"ဘယ်လိုကယ်တာတဲ့လဲ..."
"အဲ့တောင်သူကြီးအိမ်မှာ မွေးထားတဲ့ ကြက်ဖကြီးက သူ့သခင်အကြောင်းကိုကြားတော့... အမလေးလေ... မယားလေးတစ်ယောက်ကိုတောင် နိုင်အောင်မထိန်းနိုင်တဲ့သူ ဒီလို ဒွန္နယာကြီးမှာ အသက်ရှင်မနေနဲ့တော့ သေလိုက်တော့...သွားသေလိုက်ပေတော့ ... သင်းလုပ်ပုံ ရှက်စရာကောင်းတာနဲ့ သင်းလိုလူ သေတာပဲအေးတယ်... ငါလို ကြက်မငါးကျိပ်လောက်ကိုများ ထိန်းနေရရင် သင်းဘယ်လိုများ နေမလဲ မသိဘူးတဲ့..."
"ဟားဟား... ကြက်ဖကြီးက တယ်ဟုတ်ပါလား..."
"အမယ်... ကြက်ဖကြီးကိုအားကျတယ်ပေါ့လေ... ဟီးဟီး... အဲ့မှာ ကြက်ဖကြီးကပြောတာ... ဟေ့..ဒီမယ် မြဲမြဲမှတ်ကွ... မယားထိန်းတယ်ဆိုတာ ပညာရှိဖို့မလိုဘူး၊ စိတ်ဓာတ်ခိုင်မာဖို့နဲ့ ပရိယာယ်တတ်ဖို့ပဲလိုတယ်... ဒီမှာကွ... မယားတွေကို ချော့သင့်တဲ့သူကိုချော့၊ ခြောက်သင့်တဲ့သူကိုခြောက်၊ ဆိတ်သင့်တဲ့သူကိုဆိတ်၊ တခါတခါ ဗလာချီ ခွပ်သင့်တဲ့သူကို ခွပ်ပစ်လိုက်တာပဲ...၊ ငါ့မယားအားလုံး ငြိမ်နေတာပဲတဲ့...၊ ငါသာ တောင်သူကြီးနေရာမှာသာဆိုရင် တုတ်ကောင်းကောင်းတစ်ချောင်းရှာ မိန်းမကို အခန်းထဲဆွဲခေါ် တံခါးပိတ်ပြီး နောင်မေးဦးမလား သိချင်သေးလားဆိုပြီး နာနာ နှံထည့်လိုက်မှာပဲတဲ့..."
"ဟီးဟီး...ဒါနဲ့..."
"ဒါနဲ့ တောင်သူကြီးလည်း မယားကို အခန်းထဲဆွဲခေါ်ကြက်ဖကြီးပြောသလို နှံထည့်လိုက်တာ... ဟိုမိန်းမ တခါတည်း ငြိမ်ဝပ်ပိပြားသွားကရောတဲ့.... "
"ဟားဟား... မောင်ထွန်းကို အဲ့ပုံပြင်ပြောပြလိုက်ပါလား..."
"အမယ်...အမယ်... မပြောချင်ပေါင်... ဒီမှာ မရွှေစုက မယားကို ရိုက်ဖို့ မြှောက်ပေးနေတာမဟုတ်ဘူး၊ ကိုယ့်ဇနီးမယားကို ရိုက်နှက် လက်ပါတတ်တဲ့သူတွေကိုလည်း ယောက်ျားကောင်း စာရင်းမသွင်းဘူး၊ ဖြစ်စေချင်တာက ကိုယ့်မယားက မသိတတ်ရင် သိတတ်အောင် မလိမ်မာရင် လိမ်မာလာအောင် ကြက်ဖကြီးပြောသလို ပရိယာယ်သုံး ချော့ပြုပြီး သွန်သင် ထိန်းသိမ်းတဲ့အလုပ်တော့ လုပ်စေချင်တာပါပဲ ... ပြောသမျှ မျက်စိမှိတ် အလိုလိုက်တာဟာ အိမ်ထောင်ဘက်ကောင်းမဟုတ်... ချစ်ရာမရောက်ဘူး... ကိုယ့်အိမ်ထောင်မှာ တစ်ယောက်က မလိမ်မာရင် လိမ်မာအောင် အချင်းချင်း လမ်းပြသွန်သင်ရမှာပဲလေ... ဒါမှလည်း တစ်ဦးနဲ့တစ်ဦး အိမ်ထောင်ဘက်ကောင်းပီသမှာပေါ့... မှုတ်ဘူးလား..."
"ဟုတ်ပဗျာ... ဟုတ်ပ... နောက်ပုံပြင်ရော ရှိသေးလား.."
"အမလေး... မိန်းမတွေမကောင်းကြောင်းများ မြိန်ရည်ရှက်ရည် နားထောင်ချင်နေလိုက်တာ ..ဟွန်း..."
"ဟုတ်ပါဘူးကွာ...ဒီမှာ ကားက ကြပ်နေတုန်းမို့လို့ပါ....ဟီး..."
မရွှေစုက ပြုံးစိစိ ဖြစ်သွားတဲ့ ကိုရေချမ်းကိုကြည့်ရင်း မျက်စောင်းထိုးလိုက်မိသည်။
"တစ်နေ့က အကျင့်ပျက် လာဘ်စားတဲ့ ဝန်ထမ်းတွေအကြောင်း သတင်းဖတ်ရင်းနဲ့ အဲ့လို မိန်းမတအားချစ်တဲ့ ဖေဖေ့ သူငယ်ချင်းတစ်ယောက်အကြောင်းလည်း သတိရမိသေးတယ်... "
"ဘာဖြစ်လို့လဲ... သူက..."
"သူက ဘာဖြစ်လဲဆို... ဟိုးငယ်ငယ်လေးကတည်းက ဖေဖေတို့နဲ့ပေါင်းလာတာ... စိတ်ကောင်းလည်းတအားရှိ... သူငယ်ချင်းတွေအပေါ်လည်း တအားကူညီ... ငယ်လေးကတည်းက စာတော် အရည်အချင်းရှိတော့ သူ့ရုံးမှာ ရာထူးတက်သွားလိုက်တာ ဌာနက အကြီးဆုံးအရာရှိကြီးဖြစ်တဲ့အထိပေါ့နော်.. ဒါပေတဲ့... မိန်းမရပြီးတော့မှ ဘယ်... စိတ်က တဖြည်းဖြည်းပြောင်းသွားလိုက်တာဆိုတာ... မိန်းမက ဒါဆိုဒါပဲတဲ့... မိန်းမကလည်း သဌေးသမီးအနံကြီးကွင်းကျယ်ဆိုတော့ အသုံးအဖြုန်းကြီး အပြိုင်အဆိုင်ကများ လောဘကလည်းကြီးနဲ့တူပါတယ်... ဒီတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှရာကနေ.. အကျင့်ပျက်လာတာဖြစ်မှာပေါ့... သူ့အလုပ်ထဲ လာဘ်စားတာ အတောင်းကြမ်းတာ ရက်စက်တာ နာမည်ကြီးပဲတဲ့..."
"အဲ့ဒီတော့..."
"အဲ့ဒီတော့ ၅၅၀ နိပါတ်တော်ထဲက သူဆင်းရဲလင်မယားအကြောင်းဖတ်ဖူးတာကို သတိရမိလို့လေ..."
"အဲသာကဘယ်လိုတဲ့လဲ..."
"တစ်ခါက တိုင်းပြည်တစ်ခုမှာ သူဆင်းရဲလင်မယားရှိကြတာ မယားက အလှအပမက်တော့ တန်ဆောင်တိုင်ပွဲတော်လည်ရင် မယားကို ဆင်ဖို့ဆိုပြီး ဘုရင့်ပန်းခင်းထဲက ဝတ်ပန်းဆိုးတွေ ယောက်ျားဖြစ်သူက သွားခိုးသတဲ့၊ ခိုးနေရင်း မင်းချင်းတွေ မိသွားပြီး အသတ်ခံရရော၊ အမယ်... သင်းက အသတ်ခံရတာတောင် မယားကို အပြစ်မမြင်ဘူး၊ ငါ့မိန်းမနဲ့ တန်ဆောင်တိုင်ပွဲတော် မပျော်ရလေခြင်း ငါ့မိန်းမကို မဆင်ပေးလိုက်ရလေခြင်းလို့မြည်တမ်းပြီး သေတာ ငရဲကိုဒုတ်ဒုတ်ထိ ကျသွားတာပဲတဲ့..."
"ဖြစ်ရမယ်..."
"မိန်းမကပူဆာရင် အချစ်စိတ်မွှန်နေတော့ ဘာကိုမှမမြင်တော့ပဲ ကိုယ့်ကိုယ်ကိုယ် ဒုက္ခအရောက်ခံပြီး ငရဲကျမှာ မကြောက်တဲ့သူတွေလေ... ဟီး... ငရဲဆိုလို့... ဟိုတစ်နေ့က ဆရာမောင်ထင်ရဲ့ ကမ္ဘာ့ဝတ္ထုတိုများ ဖတ်တာလေ...တိုက်တိုက်ဆိုင်ဆိုင် မိန်းမအကြောင်းရေးထားတာ တော်တော် ရယ်ရတယ်..."
"ပြောပါဦး... ပြောပါဦး... "
"ဟဲ... အဲ့မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ The Prince ကျမ်းကို ရေးတဲ့ မက္ခိယာဗဲလီရဲ့ ရှားရှားပါးပါး တစ်ခါမှ မဖတ်ဖူးသေးတဲ့ ဝတ္ထုတိုလေး တစ်ပုဒ် သွားဖတ်မိတယ်... ဘာအကြောင်းရေးထားတယ်ထင်လဲ .. သိလား.."
"အင်း..."
"မိန်းမတွေကြောင့် ယောက်ျားတွေ ဒုက္ခပွေရတဲ့အကြောင်းကိုပဲ ရေးထားတာဆရာ...."
"မက္ခိယာဗဲလီကရော ဘာလို့နာမည်ဆိုးနဲ့ ကျော်ကြားရတာလဲ..."
"အဲသာထားပါ...သူ့အကြောင်းပြောရင် ရှည်သွားလိမ့်မယ်...၊ အဲ့ဝတ္ထုတိုက စိတ်ဝင်စားဖို့ကောင်းတယ်... ရယ်ရတာလဲ မပြောပါနဲ့တော့..."
"အေးအေး... အဲသာဆို ပြောပြ... "
"တစ်ခါက ငရဲတိုင်းပြည်ကြီးမှာတဲ့... ငရဲမင်းကြီးကတဲ့ သူ့ဆီရောက်လာတဲ့ ငရဲကျလာတဲ့ယောက်ျားတွေအားလုံးဟာ သူတို့မယားတွေကြောင့် ငရဲကျလာတယ်လို့ အမနာပ ပြောကြလွန်းလို့ ဟုတ်မဟုတ် စုံစမ်းရအောင် ငရဲပြည်မှာ လွှတ်တော်စည်းဝေးကြီးခေါ်လိုက်သတဲ့..."
"အမယ်...."
"ဒီတော့... လွှတ်တော်ကနေ ဒီကိစ္စကြီး ဟုတ်မဟုတ် စုံစမ်းဖေါ်ထုတ်ရမယ်ဆိုပြီး ကော်မတီဖွဲ့မယ်တို့ ကိုယ်စားလှယ် လွှတ်ရမယ်တို့ ထုံးစံအတိုင်းငြင်းကြခုန်ကြတာပေါ့လေ...၊ နောက်ဆုံး အများသဘောတူ မဲခွဲဆုံးဖြတ်ချက်အရ ခပ်ချောချော ငရဲမင်းသားကြီးတစ်ယောက်ကို လူ့ပြည်လွှတ်ပြီး စုံစမ်းဖို့ အတည်ပြုလိုက်သတဲ့...၊ လူ့ပြည်ကိုသွား လူမိန်းမနဲ့ ဆယ်နှစ်ပေါင်း ပြီးမှ သေဟန်ဆောင် ပြန်လာပြီး တွေ့ကြုံခဲ့သမျှ ပြန်အစီရင်ခံစာတင်ပေါ့လေ... တကယ်လို့ ဆယ်နှစ်မတိုင်ခင် ဒုက္ခ သုက္ခတွေ့ရင်လည်း ကိုယ့်ဘာသာပရိယာယ် မာယာနဲ့ လွတ်အောင်ရုန်းနိုင်ရင်ရုန်း မဟုတ်ရင်တော့ ဘယ်သူမှ သူ့ကိုလာမကယ်ဘူးလို့လဲ ပြောလိုက်သတဲ့..."
"ငရဲမင်းသားကြီးလဲ လူ့ပြည်တက်လာရောလား..."
"မဲခွဲဆုံးဖြတ်ချက်ရော အထက်က အာဏာနဲ့ရော ဆိုတော့ ငရဲမင်းသားကြီးလည်း ဘာမှမငြင်းနိုင်တော့ပဲ ပေးလိုက်တဲ့ ငွေ အခြွေအရံတွေနဲ့ လူ့ပြည်သွားနေရတော့တာပေါ့..၊ အဲ့မှာ တိုတိုပြောရရင် သူနေတဲ့ မြို့မှာရှိတဲ့ အထည်ကြီးပျက် မိသားစုထဲက သမီးကညာတစ်ယောက်နဲ့ညားကရောတဲ့၊ ပထမတော့ စီမံချက်အရ ယူရပေတဲ့ သူ့သတို့သမီးက ချောချောလှလှလေးဆိုတော့ တကယ်ကိုချစ်မိသွားရောတဲ့၊ ချစ်တော့ မယားအလိုကျ အကုန်လိုက်လျောလွန်းတာ ကြာတော့ မယားက သူ့ခေါင်းပေါ်တက်တော့တာပဲ၊ နဂိုကတည်းက မိန်းမက ဆွေကြီးမျိုးကြီး အထည်ကြီးပျက်ကလာတာဆိုတော့ ဂုဏ်ကလည်းမောက် မာနကလည်းသွေးနားထင်ရောက် အကန်းမှန်းလန်းက နားမလည် အသုံးအဖြုန်းကကြီး ရိုင်းကလဲရိုင်းတာဆိုတာ ငရဲပြည်ကပါလာတဲ့ အခြွေအရံတွေတောင်မှ ဒီမိန်းမနဲ့ နေမယ့်အစား ငရဲပြည်ပဲပြန်တော့မယ်ဆိုပြီး အကုန် ပြန်ပြေးကြရောတဲ့..."
"ဟားဟား...ဟားဟား..."
"ဒီလိုနဲ့ မယားတင်မက တဆွေတမျိုးလုံး ဝိုင်းအနိုင်ကျင့် နှိပ်စက်လိုက်တာ မကြာဘူး... ငရဲမင်းသားကြီးပါလာတဲ့ ငွေတွေအကုန်ပြောင်ပြီး ကြွေးတွေပတ်လည်ဝိုင်းနေရောတဲ့..."
"အဲ့တော့ သူ့ကိုအိမ်က နှင်ချရောလား..."
"ဟင့်အင် မနှင်ချပေါင်...တစ်နေ့ကျတော့ မြီရှင်တွေဝိုင်းလိုက်လို့ ထွက်ပြေးရင်း မလွတ်တော့တာနဲ့ လယ်သမားတစ်ယောက်ကို သူ့အကြောင်းမှန်ဖွင့်ပြောအကူအညီတောင်းပြီး လယ်တဲမှာ ပုန်းနေရသတဲ့။ သူ့ကို အကူအညီပေးရင် နောင် သူကလည်းပြန်ကျေးဇူးပြုပါမယ်ဆိုပြီး ကတိလည်းထားသတဲ့။ ဒါနဲ့ မြီရှင်ရန်က လွတ်သွားတော့ အဲ့ဒီလယ်သမားကို ကျေးဇူးပြုတဲ့အနေနဲ့ မြို့ထဲက သူဌေးသမီးတစ်ယောက်ကို ဝင်ပူး၊ ခုနက လယ်သမားက ပူးတဲ့သရဲကိုနိုင်တဲ့ပုံနဲ့ဆေးကု အဲ့ဒီကနေ ပိုက်ဆံရပေါ့လေ၊ နောက် ဘုရင့်သမီးတော်တစ်ယောက်ကိုလည်း အဲသလို ဝင်ပူးပြီး လယ်သမားက သရဲနိုင်တဲ့ပုံနဲ့ လုပ်လိုက်တာ အဲ့လယ်သမားလည်း ပိုက်ဆံတွေထောပြီး ချမ်းသာသွားရော..."
"နောက်တော့ကော..."
"ဒါပေတဲ့... နောက်ဆုံးတစ်ခေါက် နိုင်ငံတစ်ခုက ဘုရင့်သမီးတော်တစ်ပါးကို ဝင်ပူးတဲ့အခါကျတော့ လယ်သမားကို သူက ပြန်ဒုက္ခပေးမလို့လုပ်တာ..."
"ဘာဖြစ်လို့လဲ..."
"လယ်သမားက သူလုပ်ပေးလို့ ချမ်းသာသွားပြီမို့ ကျေးဇူးတွေကျေပြီတဲ့... သူ့ဘာသာ ဘာလုပ်လုပ်ရပြီဆိုပြီး... ဘုရင့်သမီးတော်တစ်ယောက်ကို ဝင်ပူးပြန်ရော၊ လယ်သမားက မလုပ်ပါနဲ့လို့တောင်းပန်ပြောလည်း မရဘူးတဲ့... ဟိုမယ် ဘုရင်ကလည်း ဒီလယ်သမား သရဲနိုင်တယ်ဆိုတာ နာမည်ကြီးနေတာမို့ တခြားသူတွေ ရအောင်ကုနိုင်ပြီး ငါ့သမီးတော်မှ ကောင်းအောင်မကုနိုင်ရင် သေဒဏ်လို့ အမိန့်ထုတ်ထားတာဆိုတော့ လယ်သမားလည်း ငရဲမင်းသားကြီးကို တောင်းပန်လို့ မရတဲ့အဆုံး အကြံတစ်ခုလုပ်ရသတဲ့..."
"ဘယ်လို အကြံတဲ့လဲ..."
"ဘုရင့်ပန်းဥယျဉ်ထဲမှာ စင်မြင့်တစ်ခုဆောက်ပြီး အဲ့ဒီစင်ပေါ်မှာ ကတ္တီပါ ကားလိပ်တွေချ သမီးတော်ကိုတင် ဆေးကုမယ်... ဥယျာဉ်ထောင့်မှာ မင်းချင်းတွေစုဝေးပြီး အတီးအမှုတ်ကရိယာတွေနဲ့ အဆင်သင့်စောင့်နေကြပါ၊ သူကအချက်ပြလိုက်တာနဲ့ တေးတူရိယာတွေ ဆူဆူညံညံတီးမှုတ်ပြီး လူတွေအားလုံး စင်မြင့်ဆီ ချီတက်လာကြပါ... ဒါမှ သရဲတဘက်တွေကို ခြောက်ထုတ်နိုင်မှာ... အဲ့လိုပြောထားတာ..."
"အဲ့ဒီတော့..."
"အဲဒါနဲ့ ငရဲမင်းသားပူးနေတဲ့ သမီးတော်နားကပ်ပြီး ထွက်ပေးပါလို့ နောက်ဆုံးအချိန်ထိတောင်းပန်တာ၊ ဟိုကလဲ ပေကပ်ပြီး မထွက်ဘူးပဲ။ ဒီတော့ သူ လက်ပြလိုက်တာနဲ့ စည်သံတဒူဒူနဲ့ တူရိယာပေါင်းစုံ ဘဝဂ်ထိညံအောင်တီးနေတဲ့ လူစုကြီးချီတက်လာတော့တာပေါ့၊ ငရဲမင်းသားကြီးလည်း ရုတ်တရက် မထင်မှတ်ထားတဲ့ အသံတွေ ဝုန်းဝုန်းဒိုင်းဒိုင်းကြားလိုက်ရတော့ နဝေတိမ်တောင်နဲ့ ဘာသံတွေလဲလို့ မေးမိတာပေါ့...၊ ဒီတော့ လယ်သမားက ... အို... ချစ်မိတ်ဆွေ... ငရဲမင်းသားရယ်... ဒါ... သင့်မိန်းမက သင့်ကို လိုက်ရှာနေတဲ့အသံတွေပါလို့လည်း ပြောလိုက်ကရော... တကတည်း ငရဲမင်းသားကြီးခမျာ ဟုတ်မဟုတ် မှန်မမှန် ယုတ္တိရှိမရှိ ချင့်ချိန် မစဉ်းစားနိုင်တော့ဘူး၊ မျက်စိမျက်နှာတွေပျက် တုန်တုန်လှုပ်လှုပ်နဲ့ မင်းသမီးကိုယ်ထဲက ဝုန်းခနဲဆို ကြောက်အားလန့်အား နောက်လှည့်မကြည့်စတမ်း ကဆုန်ပေါက် ထွက်ပြေးသွားတာ ငရဲပြည် ဒုတ်ဒုတ်ထိ ပြန်ရောက်သွားတော့တာပဲတဲ့... "
"ဟားဟားဟားဟား.....ဟားဟားဟားဟား....."
သဘောကျစွာ အတော်မသတ်ရယ်နေတဲ့ ကိုရေချမ်း ကို ကြည့်ပြီး မရွှေစုမှာလည်း ငရဲမင်းသားကြီး သူ့မိန်းမမြင်မှာလန့်နေပုံကို မြင်ယောင်မိကာ အူတက်နေမိတော့သည်။
"အဲသာကြောင့်... အိမ်ထောင်ရှင် မိန်းမသားတွေအနေနဲ့ ကိုယ့်ယောက်ျားက မဟုတ်မဟတ် လောဘဇောတိုက်ပြီး လုပ်နေတာတွေမြင်ရင် ရအောင်တားရမယ်၊ ကိုယ့်ယောက်ျား ဒုက္ခမရောက်အောင် ကိုယ်က သူရှာနိုင်တာထက်လည်း ပိုပြီး လိုချင်မျက်စိမရှိစေနဲ့...၊ ပြီးတော့ ယောက်ျားဆိုတာမျိုးဟာ တအားချစ်နေတဲ့အချိန် ဘာပဲလုပ်ရလုပ်ရ သည်းခံနိုင်ပေတဲ့ သူ့လစ်မစ်ကုန်လို့ သည်းမခံနိုင်တော့တဲ့အဆုံး အဲဟို ငရဲမင်းသားကြီးလို ထွက်ပြေးတတ်တယ်ဆိုတာပါပဲတော်... ဟီးဟီး..."
"ဟားဟား.... မိုက်တယ်... မိုက်တယ်.... "
"ကိုင်း... ကိုင်း... အိမ်ထောင်ရှင် ဇနီးမယားတွေ မလိမ်မာရင် မကောင်းရင် လင်ယောက်ျားတွေ ဒုက္ခရောက်ရတဲ့ပုံပြင်တွေအကြောင်း ပြောပြီးပြီဆိုတော့ နောက်တစ်ခါ ကားကြပ်တဲ့အချိန်ကျရင် ဇနီးမယားတွေလိမ်မာတာကြောင့် ခင်ပွန်းယောက်ျားတွေ အဆင်ပြေ ချမ်းသာစွာနေရတဲ့အကြောင်း ပြောပြမယ်၊ ကဲ... ခုတော့ အိမ်နားလည်းရောက်ခါနီးပြီမို့ ဒီနေ့အတွက် မရွှေစု ပုံပြင်တွေလည်းပြီးပါပြီရှင်..."
"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် ခင်ဗျာ.... ဟားဟား..."
ကိုးကား။။
၅၅၀ နိပါတ်တော်များ
မင်္ဂလသုတ် - ဦးသုခ
တစ်ထောင့်တစ်ညပုံပြင်များ - သခင်ဘသောင်း
ကမ္ဘာ့ဝတ္ထုတိုများ - မောင်ထင်
++++