Monday, December 23, 2013

ကျွန်မချစ်သော ယောက်ျားနှစ်ယောက်...

 

Dec 3
ညနေ ရုံးကပြန်ရောက်တာနဲ့ အဖေနဲ့ ဦးရေချမ်း ကြိုက်တတ်တဲ့ ဟင်းတတွေ အပြေးအလွှားချက်လို့.... ညစာ စားသောက်ပြီးပြီဆို အရင်လို ကွန်ပြူတာရှေ့ မထိုင်နိုင်ဘူး... တွေ့ရာစာအုပ် ကောက်မကိုင်ဖြစ်ဘူး... ပန်းချီဆွဲခဲတံ လက်ထဲ ညှပ်မထားဝံ့ဘူး... အကြွေးကျန် ရုံးအလုပ် လှည့်မကြည့်အားဘူး... ညစာ အချိုပွဲ တစ်ခုခုကို ပြင်ပေးပြီး တီဗွီရှေ့ ဧည့်ခန်းမှာ ထိုင်ပေးရတယ်။

အဖေက ညာဘက်ဆိုဖာ... ဦးရေချမ်းက ဘယ်ဘက်က ဆိုဖာထိုင်ခုံမှာ လှဲအိပ်ရင်း တီဗွီ ကြည့်ကြလို့... မရွှေစုက သူတို့ နှစ်ယောက် အလည်မှာ ထိုင်ပြီး ဟိုဘက်ကို စကားလှည့်ပြောလိုက်... ဒီဘက်ကို စကားလှည့်ပြောလိုက်နဲ့... သူရို့က ကိုယ်ပြောတာကို မျက်လုံးလေးမှေးစင်းပြီး ဇိမ်နဲ့ နားထောင်ကြ... တစ်ချက် တစ်ချက်လည်း မှေးကနဲ ငိုက်ကြသေး... ငိုက်သွားလို့ လွတ်သွားတဲ့ အကြောင်းအရာဆို ပြန်နိုးလာတဲ့အခါ... ဟင်.... အဲသာ ဘာကြီးတုန်း... မကြားလိုက်ဘူး... ပြန်ပြောပါဦးဆိုတဲ့အခါ ထပ်ဆင့်ကြော့ရပြန်တယ်။

ညမအိပ်ခင် အဖေ့ ခြေထောက်ကို ပရုတ်ဆီလိမ်းပြီး ခဏ နှိပ်ပေးတယ်... ဟမလေး... ကိုယ့်လည်ချောင်းပါ ပရုပ်ဆီ လူးရတယ်.... တစ်ယောက်ကို ပြောတဲ့ စကား နောက်တစ်ယောက် က ငိုက်နေလို့ မကြားတာကို ထပ် ထပ် ပြန် ပြောပြရတာများ လည်ချောင်းတွေတောင် နာလို့... ။
— feeling happy and adventurous.

Dec 10
ဖေဖေ့မွေးနေ့ ရုံးက စောစောပြန်ပြီး ဘုန်းကြီးကျောင်းလိုက်ပို့ပေးတယ်။ ဘုန်းကြီးကျောင်းမှာ ၃ယောက်သား တရားထိုင် ပုတီးစိတ်ကြတယ်။ အသက်၁၀၈နှစ်ရှည်စေသော်ဆိုပြီး တိုပါးရိုးကျောင်းကြီးအတွက် မြေစတုရန်း၁ပေ အလှူ ၁၀၈ဒေါ်လာလှူတယ်၊ မွေးနေ့ညစာ Suntec City မှာ ဘူဖေးသွားစားတယ်၊ မွေးနေ့လက်ဆောင် ဖေဖေ့စိတ်ကြိုက် အင်္ကျိ ဘောင်းဘီ တစ်စုံ ဝယ်ပြီးကန်တော့လိုက်တယ်... he looks so happy....။
— feeling great and appreciated.

Dec 11
ဘလော့၊ ဖိုရမ် နဲ့ ဖေ့ဘုခ်က စာရေးတဲ့ သူငယ်ချင်းတွေ စာအုပ်တွေ ထုတ်ကြတာမြင်တော့ မရွှေစုတစ်ယောက်လည်း သူတို့အတွက် ဂုဏ်ယူပြီး အားကျလို့ပေါ....၊ တချို့ သူငယ်ချင်းအပေါင်းအသင်းတွေက မရွှေစုလည်း ရေးထားတဲ့စာတွေရှိတာပဲ စာအုပ်ထုတ်ပါ... အားပေးပါမယ်လို့ ဝိုင်းမြှောက်ပေးကြပါရဲ့...။

ဒါနဲ့ အိမ်မှာ အဲ့ဒီအကြောင်း ပြောပြမိတယ်... ဒီတော့ အဖေ ရော ဦးရေချမ်းကပါ အားပေးကြတယ်... စာတွေရေး... စာအုပ်ထုတ်တဲ့။ ဒီတော့ မရွှေစုက... သြော်... ပြောတော့ဖြင့် လွယ်လွယ်လေး... ဘယ်မလဲ ထုတ်ဝေသူ... ဘယ်သူက ထုတ်ပေးမှာလဲလို့မေးတော့... ဟိ... ၂ယောက်စလုံး ဒီလို ပြိုင်တူ ဖြေကြတယ်...။

ဖေဖေ ထုတ်ပေးမှာပေါ့... ကျနော် ထုတ်ပေးမှာပေါ့...။

မိုက်တှယ်နော်... မရွှေစုတို့များ ရေးတဲ့စာ ဘယ်မှာနေမှန်းမသိဘူး... ထုတ်ဝေသူက ၂ယောက်ကြီးများတောင်... ခစ်....။
— feeling blessed and loved.

Dec 15
အဖေနဲ့ ဦးရေချမ်းပေါ့... တီဗွီကြီး အလယ်မှာ ဖွင့်ထားပြီး တစ်ဖက်တစ်ချက်ဆိုဖာပေါ်မယ်...၂ယောက်လုံး အိပ်ပျော်နေကြတယ်။တီဗွီသွားပိတ်ကြည့်... ဘာလို့ ပိတ်တာလဲ... ကြည့်နေတာပါလို့ အော်ခံရမှာ အသေအချာပဲ....။

သူရို့အနားမှာ ပုံဆွဲဆရာမကြီး တစ်ယောက်လုံး ရှိနေကြတာ မေ့နေတယ်နဲ့ တူရဲ့...  ၂ယောက်လုံး မျက်နှာ နှုတ်ခမ်းမွှေးသွားခြယ်ပေးလိုက်ရ မကောင်းဖြစ်တော့မယ်... ခစ်ခစ်....။
— feeling naughty and amused.

Dec 20
ကြွားဦးမယ် ... သိလား...။

ဦးရေချမ်းကြီး ရင်ဘတ်အာင့်တာ ဖြစ်ဖူးတော့ ဆရာဝန်နဲ့ ဆေးစစ်ချက်ယူကြည့်တာ ကိုလက်စထရောတွေတက် သွေးကနဲနဲချိုချင်... ဆရာဝန်က ဆေးစသောက်ခိုင်းတာ ဆေးမသောက်ချင်ဘူး... အစားနဲ့ လေ့ကျင့်ခန်းနဲ့ ထိန်းကြည့်ဦးမယ်လို့ ပြောခဲ့တယ်... ဒါနဲ့ သူစားရမဲ့ အစားအစာတွေ အားလုံး ကိုယ်က ပြန်စီစစ်ပေး ထိန်းပေးနဲ့ တောက်လျှောက် လုပ်ပေးခဲ့တာ အခု ဒီနှစ်မှာလည်း ဆေးပြန်စစ်ကြည့်တာ အားလုံးကောင်းသတော့.... သွေးလဲ မချို ကိုလက်စထရောကလဲ within limit ... ဒါကြောင့်... ဘာဆေးမှလည်း သောက်စရာမလိုဘူး... ဒီတိုင်း ဆက် ထိန်းသွားရုံပဲ....တဲ့။

အဲ့ဒီဆေးစစ်ချက်တွေ ဖေဖေ့ကို ပြပြီး ဆရာ လုပ်လိုက်သေးတယ်၊ ကဲ... ဖေဖေ ရော သမီးပြောစကား နားထောင်တော့မယ် မှုတ်လားလို့ ဆိုတော့ ဖေဖေက အေးပါကွယ်တဲ့...။

ကိုယ် လုပ်ပေးခဲ့တာတွေ အရာထင်တော့ ပျော်စရာကြီး... ဖေ့ဘုတ်မှာ လူတွေ ပျော်ရင် ပြောနေကြ အတိုင်း အတုခိုးရေးလိုက်ဦးမယ်... ဒချိ... ဒချိ....
— feeling proud and awesome.

Dec 22
ဗိုက်ကလေးကေ ဖြစ်သွားသောသူ နှင့် တွတ်ပီ ဦးထုတ် ဆောင်းရမည့်သူ တို့ နှစ်ယောက်အကြောင်း။

မနေ့က တနင်္ဂနွေဆိုတော့ ဖေဖေ့ကို ခြေသည်း လက်သည်း ညှပ်ပေးတယ်...။ ကလေးလိုပဲ ခေါင်းလျှော်ရမှာ အသကုန်ကြောက်တဲ့ ဖခမည်းတော်ကို ခေါင်းလျှော်ဖို့ မနည်းပြောယူရတယ်၊ မလျှော်ချင်ဘူးဖြစ်နေတော့ ဆံပင်တွေရှည်နေပြီ ဆိုင်သွားပြီး ဆံပင် ညှပ်ပါလား ပြောတော့ ငါ့သမီး ညှပ်ပေးလို့ ပြန်ပြောတယ်။

ဦးရေချမ်း ဆံပင်တွေကလည်း ရှည်နေပြီဆိုတော့ ဦးရေချမ်းကို အရင်ညှပ်ပေးလိုက်တယ်၊ သိတဲ့အတိုင်း မရွှေစုလက်က မမှန်တတ်တော့ ပြီးခဲ့တဲ့တစ်ခေါက်က ညှပ်တာ ကောင်းပေတဲ့ ဒီတစ်ခါ ဆံပင် ညှပ်တာ ဦးရေချမ်းဆံပင် အနောက်ဘက်မှာ ကြွက်ကိုက်သလို ဖြစ်နေပြီး ရှေ့က ဗိုက်ကလေး ကေ ဖြစ်သွားရှာတယ်။ သူကတော့... အို ... ဘာပဲဖြစ်ဖြစ် တိုရင် ပြီးရော လှစရာမလိုဘူး တဲ့... ခစ်ခစ်။

ဦးရေချမ်း ကို ညှပ်ပေးထားတဲ့ ဆံပင်ပုံ ကြည့်ပြီး သူ့အလှည့်ရောက်တော့ ဖေဖေ့ခမျာ လန့်နေရှာတယ်၊ ဒါပေတဲ့ သူ့သမီးကိုလည်း မညှပ်နဲ့လို့ မပြောရက်ဘူးနဲ့ တူပါရဲ့...၊ ရင်တထိတ်ထိတ်နဲ့ အညှပ်ခံရှာတယ်၊ ဆံပင်ညှပ်ပြီး ခေါင်းလျှော်ပျင်းတဲ့ အဖေကို ခေါင်းပါ လျှော်ပေးလိုက်တယ်၊ ဆံပင်တွေ ခြောက်အောင်သုပ်ပေး လုပ်ပေး ခေါင်းဖြီးပေးပြီး မှန်လည်း ပြလိုက်ရော... စကားတစ်ခွန်းသာ ဆိုနိုင်ရှာတော့တယ်။ ငါ့... ဦးထုတ်တစ်လုံးလောက် ဝယ်ပေးပါကွယ်တဲ့... ဟိဟိ။

မမကိုလည်း ဆံပင်လေး တိပေးပါဦးနော်လို့ စောနက ဘုတ်ကင်လုပ်ထားတဲ့ မမကြီးကတော့ ဦးရေချမ်းနဲ့ ဖေဖေ့ကို ဆံပင် ညှပ်ပေးအပြီး သူ့လုပ်ပေးမလို့ဟာ ဘယ်ပျောက်သွားမှန်းကို မသိဘူး၊ ရှာမရတော့ဘူး။

ပုံ ....
နာမည်ကျော် ဟဲ ဒရက်ဆာ စပယ်ရှယ်လစ် မာမီမရွှေစု
ကောင်းချင်လျှင်ကောင်းမည်၊ မကောင်းချင်လျှင် မကောင်းဘူး အာမခံသည်။

— feeling special.


 
++++

Tuesday, December 17, 2013

ရှစ်စပ်က ဂျင်ခြေလည်သူ (စာအုပ်အညွှန်း)

Harold Robbins 
(May 21, 1916 – October 14, 1997)

ဟာရိုးရော်ဘင် (Harold Robbins) ရေးပြီး အထောက်တော်လှအောင် ဘာသာပြန်ခဲ့တဲ့ ရှစ်စပ်က ဂျင်ခြေလည်သူ (The Carpetbaggers) စာအုပ်ဟာ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ စာဖတ်သူအများဆုံး စာအုပ်တွေထဲက နံပါတ်၎ နေရာမှာရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနောက်တိုင်းနာမည်ကျော်စာရေးဆရာတွေက များသောအားဖြင့် သူတို့ဖန်တီးတဲ့ဇာတ်လမ်းတွေကို လူတွေ အထူးစိတ်ဝင်စားအောင် နဲ့ စာအုပ်ရောင်းအားကောင်းအောင်လုပ်တဲ့နေရာမှာ စာအုပ်ထဲကဇာတ်လိုက်တွေကို အပြင်မှာတကယ်ရှိတဲ့ နာမည်ကျော်ကြားလူသိများသူတွေနဲ့ ကိုယ်စားပြု ဇာတ်အိမ်ဖွဲ့ပြီးရေးလေ့ရှိကြပါတယ်။ ဒီစာအုပ်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျိုနပ်စ်ကော့ ဂျူနီယာ ဆိုတာ နာမည်ကျော်အမေရိကန်သူဌေးကြီး (Howard Hughes) ဟောင်းဝပ်ဟူးစ် ဘဝကို စံထားပြီး ရေးထားတာပဲဖြစ်တယ်။ သန်းပေါင်းများစွာကြွယ်ဝတဲ့ သူ့အဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အသက်၁၈နှစ်ကစလို့ အမွေ ဆက်ခံခဲ့တဲ့ ဟောင်းဝပ်ဟူးစ်ဟာ လေယာဉ်ပျံ ပေါ်ဦးစကတည်းက လေယာဉ်စက်ရုံတွေ တည်ထောင်ခဲ့ပြီး လေယာဉ် ဒီဇိုင်းအသစ် အမျိုးမျိုးကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်စက်ရုံက တီထွင်ထားတဲ့ လေယာဉ်တွေ ကိုယ်တိုင်စမ်းသပ်မောင်းနှင်ပြပြီး အမောင်းစံချိန်သစ် တင်နိုင်ခဲ့တဲ့ စွန့်ဦးစွန့်စားလိုစိတ်ရှိသူ တစ်ယောက် ဖြစ်တယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ  ထုတ်လုပ်သူလည်း လုပ်ခဲ့ပြီး ဟောလိဝုဒ်က နာမည်ကြီး မင်းသမီးချောများနဲ့ ထည်လဲတွဲ ရည်းစားများသူ မိန်းမပွေသူ ရှုပ်သူ အဖြစ် နာမည်ကြီးခဲ့ပါတယ်။

 Howard Robard Hughes, Jr. 
(December 24, 1905 – April 5, 1976) 

မြန်မာမှာ ကုဋေရှစ်ဆယ် သူဌေးသားဆိုတဲ့ ပုံပြင်လေး ရှိပါတယ်။ အဲ့ဒီပုံပြင်မှာ မိဖတွေဆုံးပါးသွားတော့ အမွေမြောက်မြားစွာရခဲ့တဲ့ သူဌေးသားဟာ အတတ်ပညာဘာမှမရှိ ဘာအလုပ်ကိုမှလည်း မည်မည်ရရ ကြိုးစားမလုပ် ဘေးနားမှာရှိတဲ့ မြှောက်စားပေါင်းစားသူတွေရဲ့ဒဏ်နဲ့ နောက်ဆုံးတော့ လမ်းဘေးမှာ ဆင်းရဲငတ်ပြတ်ပြီး သေဆုံးသွားတယ်။ ဟောင်းဝပ်ဟူးစ်လည်း သူ့အသက် ၁၈နှစ် ပညာမစုံသေးခင်မှာပဲ မိဖ၂ပါးလုံး ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားလို ထင်သလို ပျော်ပါးသောက်စားသက်သက်နဲ့ ဘဝကို ရေစုန်မျှောမပစ်ပဲ စီးပွားရေးလုပ်ငန်းပေါင်းစုံ တည်ထောင်ပြီး ဒီထက်မက ချမ်းသာကြွယ်ဝအောင် စွမ်းဆောင် ကြိုးစားလို့ သူ့ကိုယ်ပိုင် အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ ရိုဘင်ရဲ့ဇာတ်ကောင် ဂျိုနပ်စ်ကော့ဟာလည်း သူ့ အသက် ၁၈နှစ်မှာ မိဖတွေ ဆုံးပါးပြီး တစ်ကောင်ကြွက်ဖြစ်ခဲ့ပေတဲ့ တစ်ပါးသူရဲ့ ချုပ်ကိုင်မှုကို မခံ၊ မြှောက်ပင့်မှုတွေကို အရေးမထား၊ ဘဝကို အရှုံးမပေးပဲ ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် အံတုခဲ့တာတွေ၊ ငွေရဖို့အတွက်ဆို ဘယ်သူ့ကိုမှမညှာနိုင် ဘီလူးစီး စီးသလို အချင်းချင်းလည်လှီးခုတ်ထစ်ပြီး လောဘဇောတိုက်နေကြတဲ့ အမေရိကန်စီးပွားရေးလောကကို ခိုင်မာတဲ့စိတ်ဓါတ်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုအံတုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာတွေ အားကျအတုယူဖွယ်ရာ ဇာတ်လမ်းဖွဲ့ရေးသားထားပါတယ်။

ဂျိုနပ်စ်ကော့အပြင် စာဖတ်သူတွေကို ဆွဲဆောင်သွားတဲ့ တခြားအဓိကဇာတ်ကောင်တွေကတော့ သူငယ်စဉ်ကတည်းက သူ့ကိုသားအရင်းလို ချစ်မြတ်နိုး ပြုစုစောင့်ရှောက်ခဲ့တဲ့ နီဗားဒါးစမစ်၊ ဂျိုနပ်စ်ဘဝမှာ တစ်သက်တာလုံး အတွက် ချစ်မြတ်နိုးခဲ့ရတဲ့ ချစ်ဦးသူ ဒါပေမဲ့ သူ့မိထွေးဖြစ်သွားတဲ့ ရီနာမာလိုး၊ ရိုးသားကြိုးစားတဲ့ ဂျူးလူမျိုး ဒေးဗစ်ဝုဖ်နဲ့ အတ္တကြီးမားလွန်းတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူ့ဦးလေးနော်မန်၊ ဘဝအမှောင်ထဲ မမျှော်လင့်ပဲရောက်ရာက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဖြစ် အဲဒီကနေ ဘဝဟောင်းရဲ့အရိပ်မဲကြောင့် အေးချမ်းတဲ့ သာသနာပြု သီလရှင်ဘဝကို ကူးပြောင်းသွားတဲ့ သနားစရာကောင်းလှတဲ့ ဂျင်နီဒင်တန်။

ဒီစာအုပ်မှာ အနောက်တိုင်းက နာမည်ကျော် ဇာတ်လမ်းတွေရဲ့ သဘောသဘာဝအရ မိန်းမကိစ္စ အညှီအဟောက်တွေနဲ့ ရက်စက်တဲ့လက်စားချေမှုတွေ စသဖြင့် ကိုယ့်မြန်မာ့ယဉ်ကျေးမှုမျက်စိနဲ့ မကိုက်ညီတဲ့ ဇာတ်ကွက်တွေတော့ တွေ့ရမှာပဲ၊ ဒါပေတဲ့ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်စရိုက် ပီပီပြင်ပြင် နိုင်နိုင်နင်းနင်းရေးသားနိုင်မှု အတတ်ပညာကို စာရေးချင်တဲ့သူတွေ လေ့လာနိုင်သလို၊ လူငယ်တွေအတွက်တော့ စီးပွားရေးမှာ ကိုယ့်အားကိုယ်ကိုးပြီး စွမ်းစွမ်းတမံ ဘယ်လိုမျိုး ကြိုးစားအားထုတ်မှုတွေ လုပ်ရမယ်ဆိုတာတွေ အတုယူအားကျစေနိုင်ပါတယ်။ ကိုယ့်စီးပွား ငွေတစ်မျက်နှာအတွက် ကိုယ့်သွေးရင်းသားရင်းကိုမှ မညှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ချင်တာတွေ၊ မိမိ အာဏာတည်မြဲရေးအတွက် တခြားသူတွေရဲ့ဘဝကို နင်းခြေသွားရက်တာတွေ... စတဲ့ လောဘ ဒေါသ မောဟတွေရဲ့ ဆိုးယုတ်မှုတွေကိုလည်း ကြည့်တတ်ရင် တွေ့နိုင်ပါသေးတယ်။ ဆရာမြဟောပြောဖူးတဲ့ ရပ်စကင်းရဲ့စကားလိုပဲ စာတစ်အုပ်မှာ ပါနေတာ ရွှေတွေချည်းပဲလည်း မဟုတ်ဘူး၊ ကျောက်ဖြုန်းတွေချည်းပဲလဲ မဟုတ်ဘူး၊ ဒီတော့ စာတစ်အုပ်ဖတ်တဲ့အခါ အဲ့ဒီထဲက မလိုတဲ့ ကျောက်ဖြုန်းတွေကိုဖယ် ကိုယ့်အတွက် အကျိုးရှိစေနိုင်တဲ့ အဖိုးထိုက်တန်တဲ့ ရွှေကိုသာမြင်ပြီး ယူတတ်ရမယ်။

ကျွန်မ အသက်၁၈နှစ်လောက်က ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်ခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ နောက်တစ်ခေါက်ပြန်ဖတ်တော့ အံ့သြစရာ ကျွန်မ မမေ့မလျော့ မှတ်မိနေတဲ့ ဇာတ်ကောင်ဟာ အဓိက ဇာတ်ကောင် ဂျိုနပ်စ် မဟုတ်ပဲ နီဗားဒါးစမစ်၊ ဒေးဗစ်ဝုဖ်နဲ့ ဂျင်နီဒင်တန် တို့ပဲ ဖြစ်တယ်။ ရီနာကိုလည်း သနားစရာကောင်းတဲ့ ဇာတ်ရုပ်အဖြစ်ကလွဲလို့ သူ့အကြောင်းက ခေါင်းထဲ အမှတ်ထင်ထင် မကျန်ရစ်ဘူး။

နီဗားဒါး စမစ်က လူဖြူအဖေ ရက်အင်ဒီယန်းအမေ တို့က မွေးဖွားလာသူ  ဇွဲသတ္တိ ခွန်အား အပြည့်နဲ့ ရဲရင့်တဲ့ လူငယ် တစ်ယောက်ဖြစ်တယ်၊ တစ်နေ့ သူ့အဖေနဲ့ အမေကို သတ်မဲ့လူဆိုးတွေကို လူဆိုးတွေမှန်း မသိပဲ သူကိုယ်တိုင် သူ့အိမ်သွားတဲ့လမ်း ပြမိလိုက်တယ်။ အဲ့ဒီလူဆိုးတွေကို သူ့လက်နဲ့ ပြန်လက်စားချေခဲ့ပြီးနောက် ဝရန်းပြေးဖြစ်တဲ့အခါ သူ့ နောက်ကြောင်းကို ဖျောက်ဖျက်လိုက်ပြီး ဂျိုနပ်စ် အဖေဆီမှာ အလုပ်ဝင်လုပ်ရင်း ဂျိုနပ်စ်ကို သားအရင်းလို ပြုစု စောင့်ရှောက်ခဲ့သူဖြစ်တယ်။ နီဗားဒါးစမစ်က လူဆိုးတွေကို ပြန်သတ်တဲ့ အခန်းမှာ
ကျွန်မဟာ လူငယ်ပီပီ လူငယ်တို့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့  လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ဖူးတာ မှတ်မိနေပါတယ်။ ခုချိန်ထိ မမေ့မလျော့ ရှိနေတဲ့ စကားတစ်ခွန်းက နီဗားဒါးစမစ်ရဲ့အမေကို လူဆိုးတွေက အင်ဒီယန်း အရေဆုတ်ဖို့ အရှင်လတ်လတ် ကိုယ်ကို ဓါးနဲ့ခွဲတော့ မိန်းမပေမဲ့ လူဆိုးတွေကို ဘာမှတောင်းပန်ငိုယိုနေတာတွေ မလုပ်ပဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြောလိုက်တဲ့ စကားတစ်ခွန်းပါပဲ၊ အဲဒါကတော့ ... " ကျွန်မ မကြောက်ပါဘူး၊ သူတို့ အကုသိုလ်နဲ့ သူတို့ သွားကြမှာပါ " ။ ကျွန်မဟာ သတ္တိရှိတဲ့ မိန်းမတွေကို အစဉ်အမြဲ လေးစားတယ်။

ဒုတိယ ကျွန်မမှတ်မိနေတဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ ဒေးဗစ်ဝုဖ်ပဲဖြစ်တယ်၊ ဒေးဗစ်ဝုဖ်က ဂျူးလူမျိုး၊ သူ့ အဖေနဲ့ အမေ ဂျာမဏီကထွက်ပြေးလာပြီး အမေရိကန်ရောက်မှ သူ့ကိုမွေးခဲ့တယ်၊ သူ့အဖေဟာ အဝတ်ဟောင်းရောင်းသူ အဖြစ် ခက်ခက်ခဲခဲ အသက်မွေးရတယ်၊ အဲ့ဒီအချိန် သူ့အမေရဲ့ အစ်ကို ဖြစ်သူ ဦးလေး နော်မန်က ဂျာမဏီကနေ အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ အမေရိကန်ရုပ်ရှင်လုပ်ငန်းမှာ သန်းကြွယ်သူဌေးဖြစ်နေပြီ။ သူဌေးမဖြစ်ခင်ကတော့ သူ့အဖေရဲ့ မရှိမဲ့ရှိမဲ့ အဝတ်ဟောင်းရောင်းရတဲ့ ငွေထဲက ဦးလေးနော်မန်ကို ထောက်ပံ့ခဲ့ဖူးပေတဲ့ သူ သူဌေးဖြစ်တဲ့အခါ ဒေးဗစ်အလုပ်တောင်းတာတောင် မပေးချင်ပဲ နောက်ဆုံး မတတ်သာတော့မှ ဘယ်သူမှ မသွားချင်တဲ့ ကုန်လှောင်ရုံတစ်ခုမှာ ခွေးစားစား နွားစားစားဆိုပြီး အလုပ်ပေးခဲ့တယ်။ ဒေးဗစ်က ဉာဏ်ကောင်းတယ်၊ လာဘ်မြင်တယ်၊ စီးပွားရေးအမြင်ရှိတယ်၊ သတ္တိရှိတယ်၊ ကျွန်မသဘောအကျဆုံး မမေ့နိုင်တဲ့ ရင်တထိတ်ထိတ်နဲ့ ဖတ်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ခုကတော့ သူ့ဦးလေးရဲ့ ကုန်တိုက်ကို ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ လောဘကြီးတဲ့ ပလက်ဖောင်းလူကြီးရယ်၊ ထင်သလို ချယ်လှယ်နေတဲ့ ဖိုမင်ရယ် အလုပ်သမားတွေနဲ့ရယ်ကို သူရင်ဆိုင်ဖြေရှင်းခဲ့တာတွေကိုပဲ။

ရင်နာနာနဲ့ မှတ်မိနေတဲ့ နောက်ဇာတ်ကောင်တစ်ယောက်အကြောင်းကတော့ သနားဂရုဏာသက်စရာကောင်းလှတဲ့ ဂျင်နီဒင်တန်နဲ့သူ့အဖေတို့ရဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။ ဆင်းရဲလှတဲ့ မျက်နှာမွဲ သားအဖတတွေ ဒုက္ခရောက်ပြီး ကူသူမဲ့ဖြစ်ခဲ့ပုံတွေ၊ ဂျင်နီ မတရားစော်ကားခံရမှန်းသိသိကြီးနဲ့ အကျင့်စာရိတ္တကောင်းမွန်တယ်ဆိုတာလည်း ယုံကြည်ပါလျက်ကနဲ့ သူ့ရဲ့ဆရာတွေဖြစ်တဲ့သီလရှင်တွေကအစ၊ သူတို့တွေ ယုံကြည်လေးစားစွာ ကိုးကွယ်ခဲ့တဲ့ဘုန်းတော်ကြီးပါမကျန် ဘယ်သူကမှ သူတို့ဘက်မှာ ရှိမနေခဲ့ဘူး။ သာသနာပြု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့သူပဲ ဖြစ်ဖြစ်၊ လူသားတွေရဲ့စိတ်ထားမြင့်မြတ်လာအောင် တရားဟောနေပါဆိုတဲ့ဘုန်းတော်ကြီးပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ လူဆိုတာ ငွေရှိသူ အာဏာရှိသူ မျက်နှာဖက်ကိုသာ လိုက်ပါချင်တတ်တဲ့ အကျင့်ရှိသူတွေပါလားဆိုတာ နားလည်မိတော့တယ်။

ဒီဇာတ်ကောင်တွေကို မမေ့မလျော့ ထူးထူးခြားခြား ကျွန်မ မှတ်မိနေတာ အကြောင်း တစ်ခုထဲကြောင့်ပါပဲ။ ကျွန်မက မကြောက်တတ်တဲ့သူတွေ (no fear) ကို သဘောကျလေ့ရှိတယ်၊ လောကမှာ မကြောက်တတ်ဖို့ဆိုတာ မှန်မှန်ကန်ကန်ရပ်တည်တဲ့လူ (upright) ဖြစ်ဖို့လိုပါတယ်။



First edition cover

စာ အညွှန်းလဲ ရှည်နေပြီဆိုတော့ စာအုပ်နာမည်လေး အကြောင်း ခံစားမိသလို ပြောပြီး နိဂုံးချုပ်ပါမယ်နော်။ ဟာရိုးရော်ဘင် (Harold Robbins) က သူ့စာအုပ်ကို ပေးထားတဲ့ နာမည် Carpetbaggers ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ့်နယ်မဟုတ်တဲ့ စီးပွားရေးနယ်ပယ်သစ်ကို ချဲ့ထွင်သူ ဒါမှမဟုတ် စီးပွားရေးကို အောင်မြင်အောင် မျိုးစုံလုပ်သူ လို့ ခပ်တိုတိုပြောရမယ်နဲ့ တူတယ်။

ဆရာအထောက်တော်လှအောင်ရဲ့ စာအုပ်နာမည်လေးကို ပိုသဘောကျမိပါတယ်၊ ရှစ်စပ်က ဂျင်ချေလည်သူ တဲ့...။ တောင်သူဦးကြီးတွေ လယ်ထွန်တဲ့အခါ ထွန်တုံးမှာတတ်ထားတဲ့ ထွန်သွားနဲ့ အရပ်ရှစ်မျက်နှာ အသွားအပြန် လွန်းထိုးပြီး ထွန်ရေးညက်တဲ့အထိ နှံ့စပ်အောင် ထွန်ရပါတယ်။ အဲ့ဒီ ထွန်သွားက မြေကြီးကို ယက်တဲ့အခါ ဂျင်လည်သလိုမျိုး လည်နေတာပေါ့၊ မွမွညက်ညက်ဖြစ်တဲ့ လယ်ကို ရနိုင်ဖို့ အဲ့ဒီဂျင်လေးက လယ်အစပ် ရှစ်စပ်ကို နှံ့အောင်ရောက်နေသလို အရာရာနှံ့စပ်တဲ့သူ ကျွမ်းကျင်လည်ပတ်တဲ့သူကို ရှစ်စပ်ကဂျင်ခြေလည်သူလို့ မြန်မာတွေက ခိုင်းနှိုင်းပြီးပြောကြပါတယ်။ နောက်တစ်ခုက အလုပ်အလွန်များတာကို ဂျင်ချေလည် လို့ မြန်မာအဘိဓါန်က ဖွင့်ဆိုပါတယ်။

စာကောင်းပေမွန်များ ဖတ်ခြင်းဖြင့်
ဖြောင့်မတ်မှန်ကန်သော စိတ်ဓါတ်ခွန်အားများ တိုးပွားကြပါစေ။ 

ကိုးကား။
ရှစ်စပ်က ဂျင်ခြေလည်သူ (အထောက်တော်လှအောင်)
http://www.biography.com/people/howard-hughes-9346282
http://en.wikipedia.org/wiki/Howard_Hughes
http://en.wikipedia.org/wiki/Harold_Robbins
http://en.wikipedia.org/wiki/The_Carpetbaggers


မေတ္တာဖြင့်... မရွှေစု

 ++++

Tuesday, December 10, 2013

ဖေဖေ

(ဖေဖေတို့ လူပျိုဘဝ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က ကင်မရာကို နောက်ကျောပေးပြီး ဓါတ်ပုံရိုက်ရှိုးထုတ်တာတွေ ခေတ်စားခဲ့ဖူးတယ်...)

ငယ်ငယ်လေးကတည်းက မေမေရော မေမေ့ဘက်ကဆွေမျိုးတွေကပါ ၀ိုင်းပြီးပြောကြတယ်၊ ညည်းဟာ အဖေ့သမီးမှ အဖေ့သမီး အစစ်ပဲတဲ့၊ ဒီတော့ ကိုယ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စဉ်းစားမိတယ်၊ ဒီအဖေက မွေးတာ ဒီအဖေ့သမီးအစစ်မဟုတ်လို့ ဘယ်သူ့သမီး ဖြစ်ရအုံးမလဲပေါ့၊ တော်တော်ခက်တဲ့ လူကြီးတွေပဲလို့ စိတ်ထဲ မကြေမလည် ဖြစ်ခဲ့မိတယ်။ တော်တော်လေး နားလည်လာတတ်တော့မှ အဖေ့သမီးဆိုတာ အဖေနဲ့ စိတ်ချင်းတူ ရုပ်ချင်းတူ အဖေကိုချစ် အဖေကိုမျက်စိအောက်ကအပျောက်မခံ အဖေနဲ့ ဘယ်သူပဲ စကားများများ အဖေ့ဘက်ကပဲလိုက် အဖေပြောသမျှအမှန် အဖေ့ကိုနည်းနည်းမှ အထိမခံ ... ဒါကြောင့်မို့ အဖေ့သမီးလို့ ပြောကြတာကိုးလို့...။

ကိုယ်ငယ်ငယ်တုန်းက အဖေနဲ့ အမေနှစ်ယောက်ကြားမှာ အိပ်လေ့ရှိတယ်၊ တစ်နေ့တော့ ညအိပ်ခါနီး အိပ်ရာထဲ သားအမိ သားအဖတတွေ ဆော့နေရင်း စရင်းနောက်ရင်းနဲ့ အဖေက ကိုယ့်ကျောကိုပုတ်လိုက်တာ မတော်တဆ လက်ဆပြင်းပြီး နာသွားလို့ ကိုယ်လည်း အော်ငိုမိတယ်၊ ကျောကိုလှန်ကြည့်တော့ နဲနဲလေး နီနေလို့ မေမေက သူ့သမီးကို နာအောင် လုပ်ရပါ့မလားဆိုပြီး ဖေဖေ့ကို ရန်တွေ့ရာက အဖေနဲ့ အမေ ၂ယောက်သား ရန်ဖြစ်ကြပါလေရော၊ တော်ကြာတော့ ဖေဖေက အိပ်ရာပေါ်ကနေ ဆင်းသွားပြီး အိမ်ရှေ့ဧည့်ခန်းမှာ သွားအိပ်တယ်၊ ကိုယ်လား... အမေ့ကို တစ်ချက်စွေကြည့်ပြီးတော့ ဖေဖေ့နောက်ကိုဆင်းလိုက်သွားတာပါပဲ၊ ပြီး ဖေဖေနဲ့အတူဧည့်ခန်းမှာ နေပေးတယ်။ မေမေက ဒီအကြောင်းကို အခုထက်ထိ ပြောမဆုံးဘူး၊ သူ့ဘက်ကလိုက်ပြောပေးရတဲ့ အမေနားမနေခဲ့ပဲ သူ့ကိုရိုက်တဲ့အဖေ့ဘက်ကို ပါတဲ့သူတဲ့။ ငယ်ငယ်က ညဆို ဖေဖေ့နောက်ကျောကို ခပ်တင်းတင်း ဖက်အိပ်ရင်း ဖေဖေသေသွားရင် ငါဘယ်သူနဲ့ နေရပါ့မလဲလို့ စိတ်ပူထိတ်လန့်မိခဲ့ဖူးတဲ့ရက်တွေရှိတယ်။ အဖေက သမီး ဘယ်အရွယ်ထိ ဖေဖေနဲ့ အတူအိပ်မလဲဆို အိုတဲ့အထိ ... အိုတဲ့အထိလို့ ပြောခဲ့တာ မှတ်မိနေသေးတယ်။ ညအိပ်ကြရင် တစ်ယောက်တစ်လှည့်စီ ကိုယ့်ဘက်သူ့ဘက်လှည့်အိပ်ကြေးလုပ်ထားပြီး ဒီနေ့ အဖေက သမီးဘက်ကို လှည့်အိပ်ရမဲ့နေ့၊ နောက်နေ့ သမီးက အဖေ့ဘက်ကို လှည့်အိပ်ရမဲ့နေ့နဲ့ သားအဖနှစ်ယောက် ခဏခဏ ငြင်းကြလွန်းလို့ ငယ်ကတည်းက စနစ်တကျနဲ့ မတိကျကြီး လုပ်ချင်တတ်တဲ့ကိုယ်က တစ်ယောက်ဘက်တစ်ယောက် လှည့်အိပ်ရမဲ့ရက်တွေကို ပြက္ခဒိန်မှာ အသေအချာ မှတ်သားထားခဲ့ဖူးတာတွေကိုလဲ သတိရနေမိတယ်။

အဖေက သူ့သမီး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတယ် ဆိုတာ သတိထားမိပုံလည်း မရဘူး၊ အထက်တန်းကျောင်းသူကြီး ဖြစ်တဲ့အထိ လွယ်အိတ်ကြီးလွယ်ပေးပြီး ကျောင်းကို လိုက်ပို့တုန်း၊ ကျူရှင်ကို လာကြိုတုန်း၊ မြို့ထဲလမ်းလျှောက်ရင် အဖေနဲ့ သမီး လက်ချင်းချိတ်ပြီး လျှောက်ကြတုန်း၊ အဖေက ချောလဲချော အရွယ်တင် နုပျိုနေတော့ မသိတဲ့သူတွေက ဒီကောင်မလေး အတွဲရနေသလားလို့ အထင်မှားကြမတတ်၊ ဒါပေတဲ့ အဖေကတော့ ကိုယ့်ကို ကလေးလို့ ထင်မှတ်တုန်း။ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဘဝမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ လမ်းမှာတွေ့တော့ နှုတ်ဆက်ကြတာ၊ ဒါ... ကျနော့်သမီးလေ... အီလက်ထရွန်နစ် နောက်ဆုံးနှစ် ကျောင်းသူကြီးပေါ့...အင်ဂျင်နီယာမကြီးဖြစ်တော့မယ်... ဒါပေတဲ့ အခုမှ အသက်က ၂၀ပဲရှိသေးတာ... ငယ်ငယ်ကလေး... တဲ့၊ တစ်ဘက်လူကတော့ ကိုယ့်ကို အသက်လိမ်ပြီးကျောင်းနေခဲ့သူလားလို့ ဇဝေဇဝါဖြစ်နေတော့မှာပဲ၊ တကယ်ဆို အဲ့ဒီအချိန် ကိုယ့်အသက် ၂၄နှစ်ထဲမှာ။

ဒီလိုနဲ့ သမီးရော အဖေပါ တဖြည်းဖြည်း အသက်ကြီးလာကြပြီ။ တကယ်ဆို အဖေက အင်မတန်မှ ကျန်းမာရေးကောင်းတယ်၊ တစ်သက်လုံးမှာ ဖျားတယ် နာတယ်ရယ်လို့ ထူးထူးခြားခြားမရှိခဲ့စဖူး၊ ပင်စင်ယူပြီးတာတောင်မှ ရုံးက အကြံပေးပြန်ခန့်တော့ အသက်၆၄နှစ်လောက်ထိ ရှေးဟောင်းနယ်မြေတွေ လျှောက်သွားပြီး တတ်နိုင်သလောက် သုတေသန အလုပ်တွေ လုပ်ပေးခဲ့သေးတယ်။ အဖေ့ လက်မောင်းတွေကိုင်ကြည့်ရင် ကြွက်သားတွေ နဲ့ တင်းတင်းရင်းရင်းရှိတုန်း၊ မနက်ဆို ဈေးကို ကိုယ်တိုင် လမ်းလျှောက်သွားတုန်း၊ စင်ကာပူနဲ့ ရန်ကုန်ကို သွားလိုက် ပြန်လိုက် လုပ်လို့ကောင်းတုန်း၊ ညဘက် မိုးချုပ်တာတောင် တစ်ယောက်တည်း ကားမောင်းပြီး စာအုပ်ဆိုင်တွေ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအိမ်တွေ ဟိုဟိုသည်သည် လျှောက်လည်လို့ကောင်းတုန်း၊ စိတ်ရင်းကောင်းပေမယ့် စိတ်တိုတတ်လေ့ရှိတဲ့သူတွေရဲ့ ထုံးစံအတိုင်း စိတ်ကလေးလက်တစ်ဆစ်နဲ့ သမီးတွေကို အလိုမကျရင် အော်ကျယ်ဟစ်ကျယ် ဆူပွက်လို့ကောင်းတုန်း၊ ဒါပေမဲ့ ဟိုတုန်းကလိုပဲ ဇနီးနဲ့ သမီးတွေ လိုတာမှန်သမျှ သူတတ်နိုင်တာထက် ပိုပြီး ဖြည့်ဆည်းပေးချင်တုန်း။ ဟိုးအရင်တုန်းက အဖေက ကိုယ့်ကို အသက်ငယ်သေးတယ်လို့ မှားထင်ခဲ့မိသလို ကိုယ်တို့တွေကလည်း အဖေ့ကို ခုချိန်ထိ လူငယ်လေးလို့ ထင်ကောင်းတုန်း၊ တကယ်ဆို အဖေ့အသက်က ၇၀ကျော်လာပြီကိုး။

အဖေရဲ့ ချစ်စရာကောင်းတဲ့ နောက်တစ်ချက်က သမီး၃ယောက်ရှိတာ ဘယ်သမီးကိုမှ ရွေးပြီး ပစားမပေးခဲ့စဖူး၊ သမီးတွေမှာရှိတဲ့ ချို့ယွင်းချက်လေးတွေကိုလည်း အပြစ်မတင် ခွင့်လွှတ်တတ်စမြဲ၊ ကိုယ်ဟာ သမီးတွေအားလုံးထဲမှာ အဖေ့သမီးဖြစ်တဲ့အတွက် အဖေ့စိတ်ကြိုက် အဖေစီမံသလို အဖေသဘောကျ အရာအားလုံး လိုက်နာခဲ့လို့ ကိုယ့်အတွက် ပိုပြီးဂုဏ်ယူတာမျိုးပဲရှိတယ်၊ အဲ့အတွက်နဲ့ တခြားသမီးတွေထက်ပိုပြီး ကိုယ့်ကိုတစ်ခါမှ မမြှောက်စားခဲ့ပါဘူး၊ အဖေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေလို့ မျက်နှာသာပိုပေးတာမျိုးလည်း လုံးဝမလုပ်ခဲ့ပါဘူး၊ အဲသာကို ကိုယ်ကလည်း အဖေ့စိတ်နဲ့ညီ အဖေ့သဘောအတိုင်း စိတ်ထဲ ကျေနပ်တယ်၊ တကယ့်မျှတတဲ့အဖေဆိုတာ ဒါမျိုးပဲဖြစ်ရမယ်လေ။

ဟိုတစ်နေ့ကတော့ အဖေနဲ့ ကိုယ် ၂ယောက်သား စကားများကြတယ်၊ ဒါကတော့ ဆရာအလုပ်မခံချင်တတ်တဲ့ လူကြီးတွေရဲ့သဘောနဲ့ စိတ်ပူတတ်တဲ့ သားသမီးတွေကြား ဖြစ်တတ်တဲ့ ထုံးစံ သဘာဝအတိုင်းပေါ့။ အဖေ့ကို ကြိုပြီး အမျိုးမျိုး ချော့ထားပါရက်ကနဲ့ စကားနားမထောင်ချင်တဲ့အတွက် စကားများကြတာမှာ... အဖေကလည်း စိတ်တိုပြီး အော်... ကိုယ်ကလည်း အဖေ့သမီးလေ... ဒီတော့ တပြန် စိတ်တိုပြီး ပြန်အော်... ၊ အဖေဟာ သူ့ကို မအော်စဖူး ကိုယ်အော်လိုက်တဲ့အခါ ဘာမှ ဆက်မပြောတော့ပဲ အသံ တိတ်သွားတယ်၊ အဖေ အသံ တိတ်သွားတော့မှ ကိုယ်လည်း အတော့်ကို ဝမ်းနည်းသွားမိတယ်၊ ကိုယ့်အဖေတစ်ယောက်လုံးကို ဒီလို ပြောရသလား မိုက်လိုက်ပုံနှယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသပြန်ထွက်မိတယ်၊ ဒါနဲ့ အဖေ့နား သွားပြီး အဖေ့ကို ကောင်းစေချင်လို့ ပြောမိတာ စိတ်မဆိုးပါနဲ့နော်လို့ အဖေ့ပါးကို အသာနမ်းရင်း သမီးကို ခွင့်လွှတ်ပါနော်လို့ ဒူးထောက်တောင်းပန် ရှိခိုးလိုက်တယ်၊ အဖေ့မျက်နှာက စိတ်ဆိုးမနေတဲ့အပြင် ပြုံးယောင်ယောင်နဲ့၊ အဖေက ကိုယ့်ကို တစ်ချက်မော့ကြည့်ရင်း သူ ပြောလေ့ပြောထမရှိခဲ့တဲ့ စကားတစ်ခွန်းကို တိုးတိုးကလေး ပြန်ပြောတယ်...၊ အဖေ့သမီးတွေထဲမှာ သမီးကို အချစ်ဆုံးပဲ၊ ဘာလို့ စိတ်ဆိုးရမှာလဲတဲ့...။

ကျေးဇူးရှင် ဖေဖေ ဒီကနေ့ မွေးနေ့ကစလို့ ခံစားနေရသော ရောဂါများ ပိန်းကြာဖက် ရေမတင်လျှောကာကျသကဲ့သို့ ပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သူတော်ကောင်း သူမြတ်ကောင်းတရားများကို ပွားများအားထုတ်နိုင်၍ တရားဓမ္မများနှင့် မွေ့ပျော်နိုင်ပါစေ။

၇၆နှစ်မြောက် အဖေ့မွေးနေ့အမှတ်တရ...
မှ... အဖေ့ချစ်သမီးလတ်

++++