Sunday, June 12, 2011

ဤသို့...

ဤသို့...
'' ကဲ... ကဲ... ၈နာရီထိုးပြီလေ... ဘာလုပ်နေကြလဲ... တရားထိုင်ကြရအောင်...''

ခပ်တည်တည် မျက်နှာထား လေသံခပ်မာမာဖြင့် ကိုရေချမ်းက ဆော်သြလိုက်သောအခါ မရွှေစုတို့ ညီအစ်မနှစ်ယောက် တီဗွီရှေ့မှ ကုတ်ချောင်းချောင်းနှင့် ထလာကြကာ ခြေလက်ဆေး၊ ပါးစပ်ဆေး အပြေးအလွှားလုပ်ပြီးလျင် ဘုရားစင်ရှိရာသို့ ပြေးရလေသတည်း။ ဟွန်း... ခုမှ ဆရာကြီး ဖြစ်နေပြီ။ မရွှေစုသည် မကြားတကြား မြည်တမ်းလိုက်မိ၏။

***********

ဟိုအရင် မန္တလေးမှာ နေတုန်းက ကိုရေချမ်းနှင့် မရွှေစုတို့ သမီးရည်းစား မြန်မြန် ဖြစ်ကြရတာ မရွှေစုကို ဘုရားလိုက်ပို့မယ့်သူ မရှိလို့လည်း ဖြစ်နိုင်ပေသည်။ နေ့စဉ်နေ့တိုင်း မနက် ရုံးမသွားခင်နှင့် ရုံးဆင်းအပြီး အောင်တော်မူ ဘုရားသို့ သွားရန် မရွှေစုမှာ အဖော်မရှိပေ။ သူငယ်ချင်းများသည် တစ်ခါတစ်ရံသာ အဖော်လိုက်ပေးချင်သော်လည်း နာရီဝက် တစ်နာရီလောက် ပုတီးထိုင်စိတ်နေသည့် မရွှေစုအပေါ် နေ့တိုင်းတော့ စိတ်မရှည်ချင်ကြရှာပေ။ ကိုရေချမ်းနှင့် ရည်းစားဖြစ်ပြီးတော့ မရွှေစု အတော်ပျော်ပါသည်။ ဘုရားလိုက်ပို့ဖို့ သူများ တကာကို မျက်နှာငယ်နှင့် တောင်းပန် ခယနေစရာမလိုတော့။ ကိုရေချမ်းသည် ဘုရားရှိခိုး ပုတီးစိတ်လုပ်နေသော မရွှေစုကို သူ့ဘာသာသူ ၁မိနစ်ခန့် ဘုရား ဦး၃ကြိမ် ချပြီးသည်မှ စ၍ စိတ်ရှည် လက်ရှည် မပျင်းမရိ ငုတ်တုတ် ထိုင်စောင့်လေ့ရှိပါသည်။

ရက်အနည်းငယ်ကြာသော် မရွှေစုက ဘုရားစာ ၅ပါးသီလ ရတယ် မဟုတ်လား။ အဲသာလေးတော့ ဆိုပါလားဟယ်လို့ ပြောလာသဖြင့် ကိုရေချမ်းလည်း ဘုရားမှာ ဦး၃ကြိမ်ချပြီးသည်နှင့် ၅ပါးသီလ ခံယူလေသည်။ ပြီးလျင် ဒီတိုင်းငုတ်တုတ် နေပြန်လေ၏။ ရက် အတန်ကြာလို့ မရွှေစု စပ်စုပြန်လေသော် ကိုရေချမ်းသည် ဘုရားဂုဏ်တော် ၉ပါးကိုလည်း ဆိုတတ်သည် ဟူသတည်း။ ထို့ကြောင့် ၅ပါးသီလ ယူပြီးသော် ဘုရားဂုဏ်တော် ၉ပါး ဆိုချေဟု ပြောသဖြင့် သူက ဆိုရပြန်လေသည်။ ထိုသို့ ပြီးလျင် ငုတ်တုတ် ထိုင်နေလေပြန်၏။ ဒီလိုနှင့် သမီးရည်းစား သက်တမ်း ၃လ ပြည့်သော် မရွှေစု ကိုရေချမ်းတို့ မန္တလေးနှင့် ခွဲခွါရလေသည်။

နောင် ၅နှစ်ခန့် အကြာ သူတို့ နှစ်ဦး အိမ်ထောင်ကျသော် ကိုရေချမ်းသည် အလုပ်မသွားခင် နံနက်တိုင်း သောက်တော်ရေချမ်းကပ်ကာ ဘုရားမှန်မှန် ရှိခိုးသည်ကို တွေ့ရ၏။ သူရှိခိုးသည်မှာ လွန်ခဲ့သော ၅နှစ် က အတိုင်း ၅ပါးသီလနှင့် ဂုဏ်တော် ၉ပါးသာလျင် ဖြစ်လေသည်။ တခါတခါလည်း သမ္ဗုဒ္ဓေ ရွတ်ပါသည်ဟု ပြောသည်။ တခြားဘုရားရှိခိုးစာလေး ရွတ်ပါဦး၊ တခါတလေ တရားလေး ဘာလေး ထိုင်ပါဦး၊ ပုတီးလေး ဘာလေး စိတ်ပါဦး စသဖြင့် မရွှေစုက ပြောလာသော် မကြားချင်ယောင်ဆောင်ကာ တိတ်တဆိတ် နေနေလေ၏။ တခါတရံ စနေနေ့ည တိုပါးရိုး ဘုန်းကြီးကျောင်းမှ စုပေါင်းဓမ္မစကြာ ရွတ်ကြရာတွင် ကိုရေချမ်းသည် ပါဋ္ဌိစာသားများ ၀ါးချကာဆိုတတ်လေသည်။

ဒီလိုနှင့် တနေ့သော် စင်ကာပူမှာ အလည် လာနေရတာ ပျင်းနေသော မရွှေစု အဖေနှင့် အမေသည် တခြား စကားပြောစရာမရှိသဖြင့် ကိုရေချမ်းကို အင်တာဗျူး လုပ်ကြလေသည်။

'' မင်း... ပရိတ်ကြီး ၁၁သုတ် ရလားကွ ''
'' မရဘူး ခင်ဗျ... ''

'' ဓမ္မစကြာကော ဆိုတတ်လား... ''
'' စာအုပ်တော့ ကြည့်ပြီး ဆိုတာပဲ... ''

'' ကဲ... ဒါဖြင့်ရင် ပရိတ်ကြီး ၁၁သုတ်ထဲက မေတ္တာသုတ် ရအောင်ကျက်စမ်းကွာ... မင်း အခု အလုပ် အသစ်ရှာနေတာ ထူးခြားစေရမယ်။ ''

မရွှေစု အဖေနှင့် အမေသည် ကိုရေချမ်းကို အလယ်မှာ ထားကာ မေတ္တာသုတ် တက်ပေးကြလေသည်။ ဗလာစာအုပ်ထဲတွင် ပါဋ္ဌိလို မြန်မာလို အသံထွက် ဘာသာပြန် အနက် စသည်ဖြင့် ဖေဖေ က ကိုယ်တိုင် လက်ရေးနှင့် ရေးပေးလေသည်။ မရွှေစု ပြောလျင် မထုံထက်တေး လုပ်လေ့ရှိတတ်သော ကိုရေချမ်းသည် ဖေဖေ ရေးပေးသော စာအုပ်ကိုကြည့်ကာ မနက်တိုင်း မေတ္တာသုတ် ၃ခေါက်ရွတ်ဖတ်ပူဇော်လေ၏။ တစ်ပတ်ကြာသော် သူရှာနေသော အလုပ် ရသွားလေသည်။ ဖေဖေ က ဒါ မေတ္တာ တန်ခိုးဟု ပြော၏။ ထို့နောက် မင်္ဂလသုတ်အကြောင်းကို ရှင်းပြကာ မင်္ဂလသုတ်ကိုပါ နေ့စဉ် မနက်တိုင်း ရွတ်စေလေ၏။ ဂုဏ်တော်၉ပါးကို ပုတီး တစ်ပတ်စိတ်စေလေ၏။

တစ်ခါသော် မရွှေစု မေမေသည် ဖေဖေ မပါပဲ စင်ကာပူကို ပေါက်ချလာပြန်လေ၏။ သူသည် တနေ့ တနေ့ ပျင်းသဖြင့် သမက် နှင့် သမီး လှုပ်ရှားမှုကို အသေးစိတ် ကြည့်နေလေ့ရှိသည်။ တစ်နေ့သော် မေမေက မရွှေစုကို မာန်မဲလေသည်။

'' မောင်ရေချမ်း တရားထိုင်ဖူးသလား။ ''
'' မထိုင်ဖူး ဘူး ထင်တယ် မေမေ... ''

'' ညည်း မပြောဘူးလား... ''

'' အာ... မေမေ ကလည်း ပြောမှ မရတာ... ဘယ်လို ပြောမလဲ... သူလုပ်ချင်မှ ဖြစ်တာ...''
'' ဟဲ့...နင်တို့ အသက် ၄၀ဆိုတာ နည်းတဲ့ အသက်တွေ မှုတ်တော့ဘူး။ ကိုယ့်ယောက်ျားကို ကုသိုလ်ကောင်းမှုတွေလုပ်လာအောင် ချော့မော့ပြောရမယ့် တာဝန် က တို့ မိန်းမတွေမှာ ရှိတယ်။ မောင်ရေချမ်း ဘုရား တရား ကောင်းကောင်းမလုပ်တာ ညည်း အပြစ်တွေပဲ... ''
'' ဟန်... ''

မရွှေစုသည် မေမေ့ကို အထွန့်မတက်ရဲ သဖြင့် စိတ်ထဲမှသာ ဘာဆိုင်လို့ တုန်း ဘာညာဟု တီးတိုး ရေရွတ် နေမိ၏။ ထိုနေ့ည ညစာ ထမင်းစားပြီးသော် မေမေ သည် သူ့ သားမက်နားထိုင်ကာ တိုးတိုး တိုးတိုးနှင့် စကားပြောနေလေသည်။ ခဏကြာသော် ကြေငြာစာတမ်း တစ်ခုကို အောက်ပါအတိုင်း မိန့်မိန့်ကြီး ထုတ်ပြန်လိုက်လေတော့သည်။

'' ကဲကဲ... အိမ်ရှိ လူကုန် ညတိုင်း ၉နာရီထိုးတာနဲ့ တီဗွီပိတ် မီးမှိတ် ခြေလက် ရေဆေးပြီး ဘုရားစင်ရှေ့ကို အရောက်လာရမယ်။ တအိမ်လုံး ရှိသမျှ လူကုန် ဘုရား ရှိခိုး နာရီဝက် တရား အတူ ထိုင်ကြရမယ်... ''

မရွှေစုက ကိုရေချမ်းကို လှမ်းကြည့်သော် ဘာလုပ်ရမှန်းမသိ အူကြောင်ကြောင်နှင့် ခေါင်းကုပ်နေသည်ကိုသာ မြင်ရလေသည်။ ကိုရေချမ်း အနား မသိမသာ ကပ်ကာ ဘယ့်နှယ် ကိုယ့်လူ... တရားထိုင်တတ်လို့လားဟု တိုးတိုးလှမ်းမေးလေသော် အန်တီက အသက်ရှုတယ် ထုတ်တယ် မှတ်လို့ သင်ပေးထားတယ်ဟု ပြောလေ၏။

ထိုနေ့မှ စ၍ ညတိုင် ၉နာရီထိုးသော် မရွှေစုတို့ မိသားစု နာရီဝက်ခန့် တရားထိုင်ကြရလေသည်။ နာရီဝက် အပြည့်ကို တိုင်ကပ်နာရီမှ ဒင်ကနဲ မြည်သံဖြင့် အမှတ်အသား ပြုရသော်လည်းပဲ ရှေ့ဆုံးမှာ ထိုင်နေသော မရွှေစု မေမေက တရားမဖြုတ်မပေးမချင်း အနောက်က မရွှေစုတို့တတွေ မလှုပ်မယှက် ဆက်လက်နေကြရလေသည်။ မေမေ တရားဖြုတ်ပုံမှာ ''ဤသို့...'' ဖြင့် အစချီလေသည်။

'' ဤသို့... ရှိခိုးပူဇော် ဖူးမျှော်မန်လျှော့ ကန်တော့ ရသော အကျိုးအားကြောင့်၊ တရားအားထုတ်ရသော အကျိုးအားကြောင့် ...စသဖြင့်... '' အစချီကာ သတ္တ၀ါအားလုံးကို မေတ္တာပို့ကြရလေသည်။ တခါတရံ မေမေက နာရီသံ ဒေါင်ကနဲ မြည်ပြီး အတော်ကြာသည်အထိ ဘာသံမှ ထွက်မလာသော်... ကိုရေချမ်းသည် အနောက်မှ နေ၍ ... အန်တီ... ဤသို့... လေ... ဤသို့.. လုပ်လေ ဟုဆိုကာ မကြားတကြား ခပ်တိုးတိုး သတိပေးတတ်၏။ ထိုအခါ တရားထိုင်နေသော မေမေသည် သူ့ သားမက်လုပ်နေပုံကို တခစ်ခစ် ရယ်၍ တရားဖြုတ်ပေးတတ်၏။

ခဏကြာလို့ မေမေ မြန်မာပြည်ပြန်သွားသော် အိမ်မှာ အသက်ကြီးဆုံးဖြစ်သော ကိုရေချမ်းသည် ရှေ့ဆုံး မေမေ့ နေရာမှာ ထိုင်၍ တရားထိုင်သောအဖွဲ့တွင် သူကြီး လုပ်ရလေတော့သည်။ ညတိုင်း တရားထိုင်လို့ နာရီဝက်ပြည့်သော် သူသည် ဒေါင်ကနဲ နာရီ မြည်သံ သဲ့ခနဲ့ ကြားလိုက်သည်တွင်ပင် စကန့်မျှ မခြားစေရ... ဤသို့... ဟု အစချီကာ တရားဖြုတ်နှင့်နေလေပြီ။ မရွှေစုတို့ ညီအစ်မသည်လည်း အနောက်မှလိုက် ပျော်ပျော်ကြီး တရားဖြုတ်ကြလေသည်။ ရှေ့ဆုံးက ခေါင်းဆောင် လုပ်တဲ့အတိုင်း လိုက်လုပ်ရတာပဲနော့။ သို့ဖြင့် မရွှေစုတို့ ညီအစ်မ နှစ်ယောက်သည် ကိုရေချမ်း နောက်ကွယ်တွင် ဤသို့... တရားဆရာကြီး ဟု နာမည်ဝှက်ပေးကာ အတင်းတုတ် တခိခိ ရယ်ကြလေသည်။

တလောကတော့ ကျူးပစ်မှ မောင်လေးကိုဇေကြီးသည် အစ်ကို့အတွက်ဟု ဆိုကာ တရားစာအုပ်များ လက်ဆောင်ပေးလာလေသည်။ ညမအိပ်ခင် ၅မျက်နှာ နေ့တိုင်း ပြီးအောင်ဖတ် အစ်ကို ဟုပြောသွားတော့ မရွှေစု ဖတ်ခိုင်းသော တရား စာအုပ်များကို လှည့်တောင် ကြည့်ဖော်မရဖူးသော ကိုရေချမ်းက ကိုဇေကြီး စေတနာ အသိအမှတ်ပြုရမယ် သူ့ဘာသာ ပြောကာ တစ်နေ့ ၅မျက်နှာမျှ ကြိုးစားပမ်းစား ဖတ်သတတ်။ သို့ရာတွင် နားမလည်ဘူးဟု ညည်းသတတ်။ မရွှေစုသည် ဆရာကြီး လုပ်ကာ ပြီးလျှင် ရှင်းပြမယ် ဖတ်သာဖတ်ဟု အားပေးသတတ်။

ယခုနှစ် ရန်ကုန်ပြန်သော် တရားစာ ဘုရားစာ အနည်းငယ် ဖတ်လာစပြုနေပြီဖြစ်သော ကိုရေချမ်းသည် ဘုန်းကြီးဝတ် တရားဝင်ပါမည်ဟု အာမဘန္တေ ခံထားလေသည်။ သူသည် ချမ်းမြေ့ရိပ်သာ မှော်ဘီ တရားစခန်းတွင် ၁၀ရက် တိတိ တရားစခန်း ၀င်ခဲ့၏။ တရားစခန်းမှ ထွက် စင်ကာပူပြန်ရောက်လာသော ဦးဇင်းလူထွက်ကို ကြည့်ရသည်မှာ အင်မတန် တည်ကြည်နေ၏။ ခန့်ခန့်ထည်ထည်ကြီး လုပ်နေတတ်၏။ တခါတရံ မရွှေစုကို ဒကာမကြီးဟုပင် ခေါ် နေပြန်၏။ မရွှေစုလည်း ယောင်တောင်ပေါင်တောင်နှင့် ဘုရား ဟု ထူးကာ ဦးချရတော့မလို ဘာလိုလို ဖြစ်နေတော့၏။ မရွှေစုသည် ဂတုံးနှင့် လူသားကိုကြည့်ကာ မရွံ့မရဲ ဖြစ်နေဆဲ ဖြစ်၏။ ဟိုတုန်းကလို ပြောင်ရ လှောင်ရမှာ ငရဲများ ကြီးသွားတော့မလား အူကြောင်ကြောင်တွေးမိတော့မတတ် ဖြစ်နေ၏။ တရားစခန်းမှာ နေရတာ အင်မတန် အေးချမ်းတယ်။ တော်တော် စိတ်ချမ်းသာဖို့ ကောင်းတဲ့နေရာပဲဟု ခဏခဏ ပြောနေသော လူပြန်တော်ကို ကြည့်ကာ ဆူချင်ပွချင်သောစိတ်များ အင်မတန်ကို ထိန်းထားရ၏။ ဒါဆိုလည်း ပြန်သွားပါလားဟု တိုးတိုးကလေး ပြန်ပက်သေးသည်။

ညတိုင်ကျသော် ဘယ်လိုတုန်း တရားထိုင်ဖို့ ၀တ်ပျက်နေသလား။ ၈နာရီ ထိုးတာနဲ့ အားလုံး တရားထိုင်ကြရမယ်ဟု ကိုရေချမ်းက ရာဇသံပေး၏။ ရန်ကုန်က ပြန်ရောက်ကတဲက နေမကောင်းတာကို အကြောင်းပြပြီး ဘုရား တရား ၀တ်ပျက်နေသော မရွှေစုသည် ယခုသော် ကိုရေချမ်းကြောင့် ပုံမှန် တရား ပြန်ထိုင်ဖြစ်နေပြီ ဖြစ်လေသည်။ နာရီဝက်ပြည့်သော် ရှေ့ဆုံးမှ ဆရာကြီးသည် အရင်ကလို ဤသို့... ဟု မြန်မြန် တရားမဖြုတ်တော့ချေ။ မရွှေစုတို့မှာ ဆရာကြီး တရားဖြုတ်မည့်အသံကို မျှော်ကြရလေသည်။ နာရီဝက်ပြည့်သော်လည်း တရားဖြုတ်နိုင်ခဲလွန်းလှသဖြင့် ဤသို့... လုပ်တော့လေဟာဟု ပြောမိတော့မတတ် တလှုပ်လှုပ် တရွရွ မျှော်ကြရလေသည်။

ဤသို့ဖြင့် ဦးဇင်း လူပြန်တော် ဤသို့... တရားဆရာကြီးသည် တရားကို ခင်တွယ်စ ပြုနေသူ ဖြစ်ပြီဟု ခန့်မှန်းမိလေတော့သတည်း။ ။

****************


13 comments:

မီးငယ် said...

ကြီးစုတို့ အတွဲကို အားကျလိုက်တာ .. အေးချမ်းလိုက်တာနော် ... ဘ၀တလျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ကြပါစေ ..

စုချစ် said...

ကျေးဇူး...ညီမလေး... ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...
း)

သက်ဝေ said...

ဖတ်ရတာ စိတ်ချမ်းသာ ကြည်နူးလိုက်တာ... ရေးဟန်ကလည်း မပြုံးပဲ မနေနိုင်...း))

စာဖတ်ပြီး တခုတော့ တွေးမိတယ်...
ဒီတိုင်းဆို အဲဒီ ဦးဇင်း လူထွက် ဆံပင်ပြန်ပေါက်လာမှ တွေ့ကြရင် ကောင်းမယ် ထင်တယ်နော်... ဒီကြားထဲဆို စုချစ်ပြောသလို နောက်ရ ပြောင်ရ ခက်နေမယ်... ကိုယ်ကလည်း နောက်တတ် ပြောင်တတ်ပါသဘိနဲ့... ဟီဟိ

စုချစ် said...

အစ်မသက်ဝေရေ... အစ်မ သူငယ်ချင်းက ဂတုံးနဲ့ နေရတာ စိတ်ချမ်းသာတယ်ဆိုပြီး ဂတုံးနဲ့ပဲ နေတော့မယ်လုပ်နေတယ်တော့... ဘီလိုလုပ်ကြမတုံး... ဟီး..း)

khin oo may said...

ခက်လိုက်တာနော်။

သက်ဝေ said...

ဘုရားရေ... ကြားရ ကြားရ နားဝ မသက်သာပါလား... အိမ်က တယောက်ကလည်း ဆံပင်တွေ ရှည်လာလို့ ခဏ ခဏ ညှပ်ရလို့ ကတုံးနဲ့ဆို ကောင်းမယ်လို့ ပြော ပြောနေတာ... ကတုံးနဲ့ဆို ယူနဲ့ အတူတူ လမ်းမသွားဘူးလို့ ခြိမ်းခြောက်ထားရတယ်...ဒီတိုင်းဆို သူတို့နှစ်ယောက်ကို တွေ့ပေးလို့ မဖြစ်ဖူး ညီမရေ...း((

စုချစ် said...

@AhMaKMO, ဟုတ်တယ်နော်... ပြောရခက်ပ...း)

@AhMaThetWai, ဟယ်တော့... ဟုတ်တယ်...ဟုတ်တယ်... ဆံပင်ခဏခဏ သွားညှပ်စရာ မလိုတော့ဘူးလဲ ပြောသေးတယ်.... တူလိုက်တာတော့.... ;P

ကိုအောင်(ပျူနိုင်ငံ) said...

နားငြီးလို့ လူဝတ်ကြောင်များ စွန့်သွားသလား ...

စုချစ် said...

ဟီး... ဟုတ်မယ်... စကားကလည်း များ သီချင်းတွေကလည်း လျှောက် ဆို ဆို နေတာဆိုတော့.... နားတွေ ငြီးနေတာဖြစ်မယ်...
း)
နေကောင်းလား ကိုအောင်... ကိုအောင်ဆီ တိတ်တိတ်ပဲ လာလည်ဖြစ်လို့ နှုတ်မဆက်ဖြစ်တာ ခွင့်လွှတ်ပါနော့...
း)

The Queen said...

ဟားဟား အရမ်းရယ်ရတယ် အမစုချစ်... ညီမ လဲ ဘုရားတရားမေ့နေတာကြာပြီ ဆိုတော့ အမရဲ့ ပို့စ်လေး က alert လုပ်လိုက်သလိုပဲ။

စုချစ် said...

ကျေးဇူး...ညလေးကွင်း... နေကောင်းလား... သမီးလေးပုံလေးတွေ စောင့်စောင့်ကြည့်ဖြစ်ပါတယ်...
း)

မေဓာဝီ said...

ဟီးး မစုရေးတာဖတ်ပြီး ရယ်လိုက်ရတာ။ ဘာသာရေးကို နောက်မှလုပ်တဲ့ ကိုရေချမ်းက မစုတို့ကို ကျော်တက်သွားတာပေါ့။ အမေနဲ့ အဖေလိုပဲ သိလား။ အဖေက အမေနဲ့ရည်းစားဖြစ်ခါစက သမ္ဗုဒ္ဓေတောင် မရဘူး။ အမေအကုန်သင်ပေးရတာတဲ့။ ခုကျတော့ အမေ့ကို ပြန်တရားပြနေရတဲ့ ဆရာဖြစ်သွားပြီ။ မစုလဲ နောက်ကျန်တော့ မခံနဲ့ သူ့ထက်သာအောင် တလလောက် သီလရှင်ဝတ်ပြလိုက်လေ။ ဟဲ မြှောက်ပေးတာ။ ကိုရေချမ်းကို သွားမပြောနဲ့နော် တိုးတိုး ... ။

စုချစ် said...

မမေရေ... တကယ်က ကိုရေချမ်းနဲ့ အတူ သီလရှင် ၀တ် တရားဝင်ဖို့... အခြေအနေ အရ မ၀တ်ဖြစ်တော့တာပဲ ပြောပါရစေတော့.... ဟီး...

မမေရေးတာမြင်မှ သမ္ဗုဒ္ဓေ စာလုံးပေါင်းမှားနေတာ သိတယ်။ ပြင်လိုက်ပြီ သိလား မမေ... ကျေးဇူး...
း)