ဒီတပတ်လုံး အလုပ်တွေအရမ်းများလွန်းလိုက်တာဆိုတာ ပြီးခဲ့တဲ့အပတ် သောကြာကစပြီး စနေ၊ တနင်္ဂနွေလည်း မနားရပဲ တောက်လျှောက် run ရတာ ခုမှ ခဏနားရတော့တယ်။
စနေနေ့က နောက်ထပ်နာနေတဲ့သွားတချောင်း သွားပြရတယ်။ သွားနာနေတာကို ဂရုမပြုအားပါဘူး...။ သွားဆေးခန်းကနေ ရုံးကို တဆက်ထဲသွား အလုပ်လုပ်ရသေးတယ်။ pain killer လေးသောက်... ပါးတခြမ်းလက်နဲ့အုပ်ရင်း လူသူမရှိတဲ့ ရုံးခန်းမှာ တစ်ယောက်ထဲ အလုပ်လုပ်ရင်း စိတ်ကလည်းတိုခဲ့တယ်။ စနေကည၂နာရီထိ အလုပ်ထိုင်လုပ်တယ်။ တနင်္ဂနွေ မနက်က မျက်စိ၂လုံးပွင့်တာနဲ့ ကွန်ပြူတာရှေ့ရောက်ပြီး လုပ်လက်စ code တွေမှန်မမှန်ပြန်စစ်တယ်။ တနင်္ဂနွေကတော့ ရုံးကိုမသွားဘူး။ စနေနေ့က run ရမဲ့ tester တွေအားလုံး setup လုပ်ခဲ့ပြီးတော့ အိမ်ကနေ remote access နဲ့ ၀င်ပြီးလုပ်တယ်။ ညီမလေးက ဘေးနားကနေ စားဖို့ တခုပြီးတခုပြီးတခုလာချပေးတာကို စားရင်း မထတမ်းအလုပ်လုပ်တာ ညနေ၄နာရီထိ။ အဲသာလည်း code ကအဆင်မပြေဘူး။ စိတ်ပန်းလူပန်းကဖြစ်နေပြီ။ ခဏနား၊ ရေချိုး... ညစာစားပြီး ပြန်ထိုင်တာ ည၁၀နာရီထိ။
တနင်္လာနေ့ မနက်မှာ စိတ်ညစ်ပြီး အိပ်ရာကစောစောမထနိုင်ဘူး။ ဘော့စ်ကို ဖုံးဆက်ပြီးနောက်ကျမှ ရောက်မယ်လို့ ပြောထားလိုက်တယ်။ ရုံးရောက်တော့ testing ကလူတွေက ကိုယ့် code ကို run ဖို့ စောင့်နေကြတယ်။ အဆင်မပြေသေးဘူး... တခြား solution တခုခုကို သုံးဖို့ စဉ်းစားထားကြလို့ သူတို့ကို ပြောလိုက်တယ်။ တကယ်တမ်းက သူတို့အတွက် plan B ဆိုတာ ကိုယ်ကပေးပြီးသား။ ဘော့စ်ကိုတော့ စနေရော တနင်္ဂနွေရော ကိုယ်မနားရသေးဘူး... မပြီးတာတော့ မတတ်နိုင်ဘူးလို့... အသိပေးထားလိုက်တယ်။ ။
တနင်္လာနေ့ညမှာတော့ program run လိုက်တိုင်း PC က hung သွားတယ်။ ဘယ်လိုဖြစ်တာလဲ...။ အိပ်ရေးပျက်တာ ၃ညရှိပြီမို့ စိတ်တိုတဲ့အဆင့်ကနေ ဒေါသနဲ့ ပေါက်ကွဲတဲ့ဆီရောက်လာပြီ။ hardware ကောင်လေးက ခွင့်ယူထားလို့ ရုံးမလာဘူး။ ဒါနဲ့ ကိုယ့်စက်က ဖြုတ်လို့ရတဲ့ hardware အပိုင်းအစတွေဖြုတ်ပြီး အသစ်ပြန်တတ်တယ်။ အဲသာလည်း hung နေတုန်းပဲ...။ ည၈နာရီက ထိုးခါနီးပြီမို့ ဒီတိုင်းပဲ ထားပြီးအိမ်ပြန်ဖို့ ပြင်ရတယ်။
Original code design လုပ်တဲ့ US ကလူတွေဆီက Mail က အင်္ဂါနေ့ကျမှ ရောက်လာတယ်။ သူတို့က product new generations အနေနဲ့ changes တွေ အများကြီးလုပ်ထားတာမို့... ကိုယ့်ကို အချိန်ယူပြီး ပြင်ရမှာလို့ ပြောကြတယ်။ ထင်ပါတယ်... ဘယ်လိုမှမှ run လို့ မရတာ... ကိုယ်သိတာပေါ့...။ သာပေမဲ့ ရာကျော်၊ ထောင်ကျော်ရှိတဲ့ code တွေမှာ ဘာက ပြသနာ ဖြစ်နေလဲ ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာကမှ လွယ်ဦးမယ်...။ ဘယ်လိုလုပ်ပြီး ချက်ချင်းသိမလဲ...Debugging ကိုလုပ်ယူရဦးမှာ...။ အရေးထဲ PC hung ပြသနာ ဖြစ်နေတော့ hardware ကောင်လေးကို ကြည့်ခိုင်းတာ သူက tester က pin ၂ချောင်းကို setup လုပ်တုန်းက ဖြုတ်လိုက်ဖို့ မေ့သွားလို့တဲ့...။ ကိုယ်လည်း အတော်စိတ်တိုပေမဲ့ ဘာမှပြောချင်စိတ်မရှိကုန်ခန်းနေတယ်။
အင်္ဂါနေ့ ညနေ ၆နာရီလောက်မှာ ၉၀% ပြသနာက ဖြေရှင်းသွားတယ်။ အဲဒါကို လောဘကြီးတဲ့ ဘော့စ်က နောက်၁၀% ကို ဒီနေ့အပြီးလုပ်နိုင်ရင် လုပ်ပေးပါဦးလို့ request လုပ်တယ်။ Testing ကလူတွေက သူတို့မပြန်ဘူး...။ ကိုယ်ပြီးတဲ့ထိ စောင့်ပြီး code ကို run မယ်တဲ့။ ကိုယ်လုပ်နေတာကို တစ်ယောက်ယောက်က စောင့်နေတာဆိုရင် လုပ်ရတာစိတ်ကမဖြောင့်ဘူး။ မစောင့်နဲ့ အိမ်ပြန်ကြ.... ကိုယ်ပြီးရင် ခေါ်လိုက်မယ်ဆိုပြီး သူတို့ကို အရင် အိမ်ပြန်ခိုင်းလိုက်ရတယ်။ တကယ်တန်းကျတော့ လူကဒေါင်းနေပြီ...ခေါင်းကထူပူနေတယ်....။ လုပ်လို့မရဘူး။ စိတ်ကလည်း အချဉ်ပေါက်လာတယ်။ ဆက်မလုပ်တော့ဘူး... အိမ်ပြန်တယ်။
အင်္ဂါညက အိပ်မပျော်ဘူး။ လူက သွားကလည်းနာနေ၊ အစကတဲက အစာအိမ်ရောဂါရှိတာ pain killer တွေသောက်ရတာနဲ့၊ အလုပ်က stress နဲ့ ဗိုက်ကလည်း ပြန်အောင့်ဆိုတော့ ကိုယ်ဟာတော်တော် ပင်ပန်းဇာတာ ပါပါလားလို့ တွေးပြီး စိတ်ဓါတ်ကကျချင်သလိုလိုဖြစ်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တာက စာလေးဖတ်လိုက်၊ စာလေးရေးလိုက်၊ ပန်းချီလေးဆွဲလိုက်နေချင်တာ... ခုတော့ လုပ်နေရတာတွေက...လို့ စဉ်းစားပြီးဘယ်အချိန်များမှ ကိုယ်နေချင်သလို နေရပါမလဲလို့ တွေးမိတယ်။
ဗုဒ္ဓဟူးနေ့မှာ ကြိုးစားပမ်းစားဆက်လုပ်လိုက်တာ အောင်မြင်စွာနဲ့ ကိုယ်ရဲ့ coding အပိုင်းကို အပြီးသတ်နိုင်ခဲ့တယ်။ အချောသတ်စရာရှိတာတွေကို မနေ့ကနဲ့ ဒီနေ့မနက် အချောသတ်ပြီး testing ကို ဒီနေ့နေ့လည် released လုပ်ဖို့ပြင်နေပြီ။ အမြန်မရလို့လဲမဖြစ်ဘူး။ ကိုယ့်မှာ code တခုက ပြသနာဖြစ်တယ်ဆို အိပ်မက်ထဲထိ ထည့်မက်ပြီး အလုပ်တွေလုပ်နေတုန်း။ တခါကတော့ တရေးနိုးတော့မှ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားမိပြီး ပြင်လိုက်တာ အဆင်ပြေသွားခဲ့တာမျိုးလည်းရှိတယ်။
ဒီနေ့... သောကြာနေ့မှာတော့ လူက စစ်မြေပြင်တခုက အိပ်ရေးပျက်ပြီး ပြန်လာခဲ့တဲ့လူလို ညီးစီစီ၊ ကြောင်တောင်တောင်၊ ညှောင်နာနာ ဖြစ်နေတယ်။ ဟိုးအရင် ငယ်တုန်းကလို တခုခုလုပ်လိုက်လို့ အောင်မြင်သွားရင် ပျော်တာမျိုးလည်း ခုကြီးလာတော့ သိပ်မဖြစ်တော့ဘူး။ အော်.. ပြီးတော့လည်းပြီးတာပဲလို့ စိတ်ထဲထားရင်း နောက်အလုပ်တခု စဖို့ ပြင်ရတယ်။ ဒါတခုပြီးပေမဲ့ နောက်တခုက စောင့်နေသေးတာကိုး....။
အသက်၅၀ပြည့်ရင်တော့ retired ယူပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖို့ စဉ်းစားကြံစည်ထားပါရဲ့..။ ဒါနဲ့ တဆက်ထဲ နှစ်ပေါင်း ၄၀ကျော် အသက်၆၀ကျော်ထိ မိသားစုကို အငြီးမငြူလုပ်ကျွေးခဲ့တဲ့ ဖေဖေ့ကို သတိရအောင့်မေ့ တမ်းတမိသေးတော့...။