Thursday, April 16, 2009

သင်္ကြန်အလွမ်း - ၁


ပန်းချီ - ဆရာရွှေစိုးဟန်

အော်... ဘာလိုလိုနဲ့ သင်္ကြန်အတက်နေ့တောင် ရောက်လာပြီနော်။ နက်ဖြန်ဆို နှစ်ဆန်း၁ရက်နေ့... မြန်မာနှစ်သစ်ကူးတော့မယ်။

မြန်မာလူမျိုးများအနေနဲ့ သင်္ကြန်ရောက်ပြီဆို လူငယ်၊ လူရွယ် ဘယ်သူပဲဖြစ်ဖြစ် နည်းနည်းလေးတော့ ရင်ခုန်ကြမှာပဲနော့။ ဧပြီလဆန်းကိုရောက်လာတာနဲ့ တိုက်ခတ်လာတဲ့ လေအေးအေးနွေးနွေးလေးကို ရူရတာတောင် အခါတိုင်းထက် ပိုအရသာရှိသလို၊ ပိုပြီး ကြည်နူးမိသလို၊ လန်းဆန်းလာသလို ခံစားရတယ်။ ပိတောက်ဖူးလေးတွေကို တမော့မော့ကြည့်ပြီး သင်္ကြန်ကျမှ ပွင့်ပါ၊ ကြိုမပွင့်ပါနဲ့လို့ ဆုတောင်းရတာလဲ အမော...။

ကိုယ်တို့ကတော့ ဟိုးငယ်ငယ်လေးကတဲက သင်္ကြန်ဆို ဖေဖေ့နောက်ကလိုက်ရင်း မဏ္ဍတ်တကာကို လျှောက်လည်ဘူးတယ်။ အထူးသဖြင့် မြို့တော်ခန်းမ၊ မီးရထား၊ ယဉ်ကျေးမှု၊ ပညာရေး မဏ္ဍတ်တွေမှာ ရေပက်တယ်၊ အကတွေ၊ အဆိုတွေ ထိုင်ကြည့်ကြတယ်။ ရေပက်ခံတော့ တခါမှ မထွက်ဘူးဘူး။ နည်းနည်းကြီးလာတော့ တခါတခါမှာ တရားစခန်းဝင်ကြရတယ်။ တခါတခါမှာ ရပ်ကွက်ထဲမှာပဲ အုန်းလက် မဏ္ဍတ်လေးလုပ်ပြီး ရေပက်ကြတယ်။ မုံ့လုံးရေပေါ် ၊ မုံ့ကြာစေ့၊ မုံ့လက်ဆောင်း၊ သာကူ၊ စသဖြင့် မျိုးစုံ လုပ်စားကြတယ်။ တနှစ်မှာတော့ တက္ကသိုလ်ပေါင်းစုံ သင်္ကြန်ကပွဲမှာ RIT ကနေ ၀င်ကဘူးသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဆန်း၁ရက်ရောက်ရင်တော့ တအိမ်လုံး ဥပုသ်စောင့်ကြရတယ်။ နက်ဖြန် နှစ်သစ်မှာ မင်္ဂလာရှိစေဖို့ အတွက် အတက်နေ့ညဆို တအိမ်လုံး ရှင်းကြ လင်းကြ၊ ဆေးကြောသန့်ရှင်းကြရတယ်။ နှစ်ဆန်း၁ရက်နေ့ကတော့ အလုပ်အရှုပ်ဆုံးနေ့ပေါ့။ နံနက် ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်ကတဲက အာရုဏ်ဆွမ်းချက်ရ၊ ဘုန်းကြီးကျောင်း နေ့ဆွမ်းချိုင့်အတွက်နဲ့ သီလယူအမှီသွားဖို့ ပြင်ရဆင်ရ၊ လမ်းထဲက ဥပုသ်သည်တွေကို နေ့လည် အချိုပွဲ ကျွေးဖို့အတွက်လည်း မုံ့လုပ်ရပေါ့။

ညနေ၃နာရီလောက်မှာတော့ လမ်းထဲမှာ ဆွမ်း၊ ဆေး၊ ပစ္စည်းလိုက်အလှူခံပြီး လမ်းထောင့်မှာ ကမ္မ၀ါဖတ်ဖို့ အတွက် တာအိုးတွေ တင်ဖို့ ခုံတန်းတွေ၊ ဘုန်းဘုန်းတွေထိုင်ဖို့ ကုလားထိုင်တွေ ပြင်ဆင်ကြရတယ်။ ညနေ၄နာရီလောက်မှာ ကမ္မ၀ါဖတ်ပြီးသွားတာနဲ့ ပစ္စည်းတွေသိမ်းဆည်းပြီး ညနေစောင်း ၆နာရီ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းတွေ ပေါင်းပြီး ဆွမ်းဆန်စိမ်း အလှူခံပွဲကြီးအတွက် အအေး၊ ကွမ်း စတာတွေကို လည်းကြိုတင်စီစဉ်ထားကြရသေးတယ်။ တချို့နှစ်တွေမှာတော့ သက်ကြီးပူဇော်ပွဲတွေ နဲ့ ငါးလွှတ်ပွဲတွေ လုပ်လေ့၊ လုပ်ထရှိကြတယ်။ အဲဒီအခါမှာတော့ ဂျင်ဂျင်လည်အောင် အလုပ်များတဲ့နှစ်ပေါ့။ ကိုယ်တို့အတွက်က အိမ်မှာ အဖိုး၊ အဖွားရှိနေတော့ အတက်နေ့မှာ ခြေသည်း၊ လက်သည်းညှပ်ပေး၊ ခေါင်းလျှော်တာတွေ အထူးပြု လုပ်ပေးလေ့ရှိတယ်။ အထူးပြုလို့ ပြောရတာက ပုံမှန်နေ့တွေမှာ လည်း လုပ်ရိုးလုပ်စဉ် ဖြစ်နေလို့ အဲဒီနေ့မှာ လုပ်တာက အမွှေးနံ့သာတွေနဲ့ အထူးပြုပြင်ထားတဲ့ ခေါင်းလျှော်ရည်၊ အ၀တ်အစားအသစ် စတာတွေ ကြောင့်ပေါ့။

ဒီနှစ် သင်္ကြန်အတက်နေ့က ကြာသာပတေးနေ့ဖြစ်လို့ ကြာသာသတေးသားသမီးတွေ တာစားတယ်လို့ ပြောရမယ်။ ဒီနေ့မှာ ကြာသာပတေးသားသမီးတွေဆိုရင် ခေါင်းဆေးမင်္ဂလာပြုလုပ်ရတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကို ကြာသာပတေးနေ့နံနဲ့ လုပ်ထားတဲ့ တာအိုးပို့ရတယ်။ တာအိုးအတွက်ကို အိမ်ကခြံထဲမှာ အသီးအပင်အစုံရှိတော့ (ဇီးပင်၊ ဒူးရင်းပင်က အစရှိတယ်။) လမ်းထဲကသူတွေတော်တော်များများက သူတို့တာအိုးအတွက် ဘာမှ ပူစရာမလိုပဲ၊ ခြံထဲက အဖူး၊ အပွင့်၊ အရွက်လေးတွေနဲ့ အလုပ်ဖြစ်သွားကြတာ များတယ်။

ခုတော့ မြန်မာသင်္ကြန်ကို မဆင်နွဲရတာ ၁၃နှစ်တောင်ရှိခဲ့ပါပြီ။ ရေမြေဘယ်လောက်ခြားခြား၊ အချိန်ကာလတွေ ဘယ်လောက်ပင်ကြာငြောင်းသော်လည်း ကိုယ့်အသည်းထဲက ရိုးရာသင်္ကြန်ရနံ့နဲ့ ရင်ခုန်သံကတော့ အမြဲပဲစွဲထင်ကျန်နေရစ်ဦးမှာပါ။

No comments: