Thursday, April 30, 2009

ဝက်တုပ်ကွေး / ငှက်တုပ်ကွေး ဆိုသည်မှာ ...

မြန်မာလို အရှင်းဆုံး အကျဉ်းရုံး ပြောရရင်တော့ဗျာ ...............

လူတွေမှာ တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရပါတယ်။ လူကို တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးကွဲပေါင်း မြောက်များစွာရှိပါတယ်။ ဒါကြောင့်လဲ တခါ တုပ်ကွေးမိဘူးပေမယ့် နောက်ထပ် အကြိမ်ပေါင်းများစွာ ထပ်မိနိုင်တာပါ။ တခါဖြစ်ဖူးယုံနဲ့ တုပ်ကွေးကို ကာကွယ်နိုင်တဲ့ ကာကွယ်အား ( immunity ) မရဘူးပေါ့။

အထူးသဖြင့် ရာသီအကူးအပြောင်းတွေမှာ လူတွေ တုပ်ကွေးမိတတ်ပါတယ်။ ခလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားကျဆင်းနေသော လူတချို့က လွဲရင် ဒါဟာ သိပ်ပြဿနာ မရှိပါဘူး။ ၀င်လာတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို မိမိခန္ဓာကိုယ်က အောင်မြင်စွာ နှိမ်နင်းလိုက်နိုင်ပြီဆို တုပ်ကွေး ပျောက်ပါပြီ။ တုပ်ကွေးအတွက် တိတိကျကျ ကုသဆေး မရှိပါ။ တုပ်ကွေးပျောက်ဆေးလို့ ခေါ်ကြတဲ့ ဆေးပေါင်းမြောက်များစွာဟာ တုပ်ကွေးရဲ့ ရောဂါဒဏ်တွေကို သက်သာစေတာပဲ ရှိပါတယ်။ အဓိက က မိမိခန္ဓာကိုယ်က ရောဂါခုခံစနစ် (Immune System ) ကိုပဲ အားကိုးရပါတယ်။

လူတွေမှာ လူတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ရှိသလို တိရိစ္ဆာန်တွေမှာလဲ သူတို့ကို တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး မျိုးကွဲတွေ ရှိပါတယ်။ သာမာန်အားဖြင့် အဲသည် တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေဟာ လူတွေဆီ မကူးနိုင်ပါဘူး။

ဒါပေမယ့် အခါအားလျော်စွာ လူတုပ်ကွေးဗိုင်းရပ်စ် နဲ့ တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်တို့ မျိုးစပ်မိသွားကြတဲ့အခါ တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်များဟာ လူဆီကို ကူးလာပြီး ရောဂါပေးနိုင်တဲ့ အခြေအနေကို ရောက်ရောက်လာတတ်ပါတယ်။ ( ငှက်တွေမှာဖြစ်နေကျ တုပ်ကွေးပိုး လူတွေဆီ ရောက်လာတော့ ငှက်တုပ်ကွေး-Bird Flu ပေါ့။ ၀က်တွေမှာဖြစ်နေကျ တုပ်ကွေးပိုး လူတွေဆီ ရောက်လာတော့ ၀က်တုပ်ကွေး -Swine Flu ပေါ့ ) ။

ဒီနေရာမှာ တိရိစ္ဆာန်က လူကိုပဲ ကူးတဲ့အဆင့်နဲ့ လူက လူချင်း ကူးနိုင်လာတဲ့ အဆင့်ဆိုပြီး ခွဲနိုင်ပါတယ်။ တိရိစ္ဆာန်ကနေ လူကိုကူးနိုင်ယုံသက်သက် အဆင့်မှာဆိုရင် တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသူများနဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာမချက်ပြုတ်ပဲ စားသုံးသူများ၊ ထိတွေ့ ကိုင်တွယ်သူများမှာ ဒီလိုရောဂါမျိုးကို ဖြစ်ပွားစေပါတယ်။

သို့ပေမယ့် ဗိုင်းရပ်စ်ဟာ အဲသည်ထက်ကို ဗီဇထူးချွန်လာပြီး လူကနေ လူချင်း ကူးစက်တဲ့အဆင့်ကို ရောက်လာပြီဆိုရင်ဖြင့် ပိုကြောက်စရာ ကောင်းလာပါတယ်။ တိရိစ္ဆာန်နဲ့ ထိတွေ့မှ စားသောက်ကိုင်တွယ်မှ မဟုတ်တော့ပဲ လူကနေ လူအချင်းချင်း လူတုပ်ကွေးကူးသလို ကူးနိုင်လာတော့ ပြန့်ပွားမှုအန္တရာယ်က အထူး ကြီးမားလာပါမယ်။

ပထမတော့ နှာရည်တို့ သလိပ်တို့လို အညစ်အကြေးတွေကနေ ကူးနေမယ်။ အဲသည်ထက်ကိုမှ ပိုဆိုးလာပြီး လေထဲလွင့်နေတဲ့ မမြင်ရတဲ့ အမှုံလေးတွေကနေပါ ကူးနိုင်လာပြီဆိုရင် ( Virus က Air Borne ဖြစ်လာပြီဆိုရင်တော့ ) အန္တရာယ်အမြင့်ဆုံးအဆင့်ကို ရောက်ပါပြီ။

လူဟာ လူတုပ်ကွေးကို သာမာန်အားဖြင့် ခံနိုင်ရည်ရှိပေမယ့် တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်များကိုတော့ ခန္ဓာကိုယ်စနစ်က အသစ်အဆန်းဖြစ်နေတဲ့အတွက် ချက်ခြင်းမတိုက်ဖျက်နိုင်ပါ။ အဲသည်လို ကြန့်ကြာနေချိန်မှာပဲ ဗိုင်းရပ်စ်က လူကို ပြင်းပြင်းထန်ထန် ဝေဒနာခံရစေပြီး သိပ်ဆိုးရင် အသက်ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လဲ ဒီ ငှက်တုပ်ကွေး/ ၀က်တုပ်ကွေး တွေဟာ သာမာန်တုပ်ကွေးနဲ့ မတူပဲ ပိုပြီး အန္တရာယ်ကြီးတာပါ။

အမှန်ကတော့ သူတို့မှ မဟုတ်ပဲ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ဘယ် “ဗိုင်းရပ်စ်” ရောဂါမဆို ဆေးနဲ့မကုနိုင်ပဲ ခန္ဓာကိုယ်စနစ် ( Immune System ) ကိုပဲ အားကိုးကြရတာပါ။ Immune System ကို အငိုက်မိစေခြင်းကသာ ဒီရောဂါတွေရဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကို နားလည်မယ်ဆိုရင် “ ဒီရောဂါတွေဟာ ကုစရာ ဆေးမရှိဘူးတဲ့ ”... ဆိုပြီး ကြောက်လန့်တကြား ဖြစ်ကြရတာတွေကို နားလည်ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

ဗိုင်းရပ်စ်ပိုးတွေကို တိုက်ရိုက်တိုက်ခိုက် သတ်ဖြတ်တဲ့ဆေး Antiviral Medicines တွေ ရှိပေမယ့် သူ့ဗိုင်းရပ်စ်နဲ့ သူ့ဆေး တိတိကျကျမရှိလှတာရယ်၊ ဆေးတွေ ဈေးက အတော်ကြီးတာမို့ သိပ်ပြီး လက်လှမ်းမမှီနိုင်ကြတာတွေရယ်ကြောင့် သူတို့ကို သိပ်အားကိုးလို့ မရပါ။ ကာကွယ်ဆေးထုတ်နိုင်ဘို့ဆိုတာကလဲ အချိန်အတိုင်းအတာ တခု ယူရမှာဖြစ်သလို ထုတ်လိုက်တဲ့ ကာကွယ်ဆေးကလဲ ဒီတကြိမ်ပေါ်လာတဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲတခုအတွက်ပဲ စွမ်းပါလိမ့်မယ်။ သူ့ကိုပဲ အမြဲအားကိုးနေလို့လဲ မရနိုင်ပြန်ပါဘူး။

ကောင်းပါပြီ။
ဒါဆို ကျနော်တို့တွေ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ။ ပထမဆုံးအနေနဲ့တော့ ဒါမျိုး ဖြစ်လာပြီဆိုတိုင်း သူ စတင်ဖြစ်ပေါ်လာရာ ဒေသမှာပဲ ဒီပြဿနာရှိနေစေပြီး တခြားဒေသ တွေကို ပြန့်ထွက်မလာအောင် တားနိုင်ဘို့ ကျနော်တို့တွေ ကြိုးပမ်းရပါတယ်။ လူတွေကြားမှာ ဒီဗိုင်းရပ်စ်မျိုးသစ်ကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအား လုံလုံလောက်လောက်ရှိသွားပြီဆို ဒီပြဿနာ ပြေလည်ပါပြီ။

သို့ပေမယ့် ဒီတကြိမ် မက္ကဆီကို မှာ အစပျိုးလိုက်သော ဒီ ၀က်တုပ်ကွေးကတော့ စပြီး သတိထားမိချိန်မှာကို ( လူကလူချင်း ကူးတဲ့ အဆင့် ) ကို ရောက်နေတာကြောင့် ပြင်ပကို ပြန့်မထွက်ဖို့ကြိုးစားတာ မအောင်မြင်လိုက်ပါဘူး။ ဒီနေ့ ( ဧပြီ ၂၉ ) သတင်းတွေအရ ခုဆို အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ တောင်အမေရိက သာမက နယူးဇီလန် နဲ့ အစ္စရေးမှာပါ ဒီရောဂါလို့ အတည်ပြုနိုင်တဲ့ လူနာတွေ တွေ့နေရပါပြီ။ ကမ္ဘာကြီးကလဲ ဟိုအရင်လိုမဟုတ်ပဲ လေယာဉ်တွေနဲ့ နာရီပိုင်းအတွင်းမှာကို လူတွေဟာ တိုက်ကြီးတွေ တခုကနေ နောက်တခုကို အချိန်မလပ် ကူးနေကြတာကိုး။

ဒါကြောင့်လဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ( Too late to contain ) လို့ မှတ်ချက်ချလိုက်ရတာပါ။ တခု တော်သေးတာက မက္ကဆီကိုက လွဲလို့ ကျန်တဲ့ဒေသတွေမှာ လူ အသေအပျောက်ဖြစ်လောက်အောင်တော့ ရောဂါပြင်းထန်တာ မတွေ့ရသေးတာပါပဲ။

ဒါပေမယ့် ဒါကို ပေါ့နေလို့တော့ မဖြစ်ပါ။ ခုဆို နိုင်ငံအတော်များများမှာ လေဆိပ်က ၀င်လာသူတွေကို ကိုယ်အပူချိန် screen လုပ်တဲ့ scanner တွေ တပ်ဆင်ပြီး စစ်ဆေးနေကြရပါပြီ။ ဖျားနေတဲ့သူ ပါလာရင် သေသေချာချာ စစ်ဆေးပြီး လိုအပ်ရင် အချိန်အပိုင်းအခြားတခုအထိ သီးသန့်ခွဲထားခြင်း Quarantine လုပ်ရအောင်လို့ပါ။ ဒါမှသာ ဒီရောဂါပိုး တနေရာက တနေရာကို အထိန်းအကွပ်မဲ့ ပြန့်ပွားတာကနေ ထိန်းချုပ်နိုင်ပါမယ်။

ငှက်တုပ်ကွေးလို ပြဿနာတုန်းကတော့ ငှက်ဆိုတာမျိုးက တနေရာက တနေရာ ကူးသန်းပျံသန်းနေကြတာမို့ လူတွေအချင်းချင်းဆီက မပြန့်လဲ ငှက်တွေဆီက ပြန့်သွားနိုင်ပါတယ်၊ မြန်ပါတယ်။ ၀က်တုပ်ကွေးကျတော့ ၀က်ဆိုတာက ငှက်လို ပျံပြီး လျှောက်သွားနေတာမဟုတ်တော့ တော်ပါသေးတယ်။ ဒါကြောင့်လဲ ကမ္ဘာပေါ်မှာ အခါအားလျော်စွာ ၀က်တုပ်ကွေးတွေ ပေါ်ဖူးပေမယ့် သိပ်ပြီး လူသိတဲ့အဆင့်တောင် မရောက်လိုက်ကြရတာပေါ့။

သို့ပေမယ့် ဒီတခေါက် ပြဿနာကျတော့ တမျိုးဖြစ်လာပါတယ်။ ဒီရောဂါကို စပြီး ဒီတခါ သတိထားလိုက်မိကြချိန်မှာ ( လူက လူကို ကူးတဲ့အဆင့် ) ကို တန်းပြီး ရောက်နေနှင့်ပြီး ဖြစ်နေပါတယ်။ ဒါကြောင့်လဲ ဒီလောက် မြန်မြန်ဆန်ဆန် ပြန့်ထွက်သွားတာပါ။ ခုချိန်ထိ ဘယ်နေရာက ဘယ်လိုဝက်ခြံတွေကနေ ဒီရောဂါ အစပျိုးလိုက်မှန်းကို နောက်ယောင်ခံ မရသေးပါဘူး။ လူတွေအချင်းချင်းကနေ ကောင်းကောင်းကူးနေပါပြီ။ အထူးသဖြင့် မူလ စတင်ခဲ့ရာ မက္ကဆီကိုမှာ အသေအပျောက်နှုန်းက အတော်မြင့်နေပါတယ်။ ပြီးတော့ သာမာန်လို ခလေးတွေ သက်ကြီးရွယ်အိုတွေမှာမဟုတ်ပဲ ကိုယ်ခံအားကောင်းလေ့ရှိတဲ့ သက်လတ်ပိုင်း သာမာန်လူတွေ အများကြီး ဖိတ်စဉ်နေရတာကိုက ကြောက်စရာ ဖြစ်နေရတာပါ။

ဒီထက်ပို ပြန့်ထွက်မလာအောင် နိုင်နိုင်နင်းနင်း ထိန်းထားလိုက်နိုင်မယ်ဆိုရင် အချိန်အတိုင်းအတာတခု အကြာမှာ လူတွေကြားမှာ ဒီ ဗိုင်းရပ်စ်မျိုးကွဲအသစ်အတွက် ခုခံအား ရသွားပြီဆို ဒီပြဿနာ ပြေလည်သွားမှာပဲ ဖြစ်ပါတယ်။

ဒီပြဿနာမျိုးဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလဲ ဖြစ်မှာမဟုတ်ပါ။ အခါအားလျော်စွာ ဒါမျိုးတွေကို ကျနော်တို့ လူသားတွေ ရင်ဆိုင်နေရဦးမှာပါပဲ။ လိုအပ်တဲ့ အသိပညာ ဗဟုသုတနဲ့ ပြည့်စုံပြီး အချိန်မှီ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရင် အနာဂါတ်အတွက်လဲ တွေးကြောက်နေစရာ မလိုပါ။ မဟုတ်ရင်တော့ ကြောက်စရာပါ။

အဲ .. လူတဦးချင်းအနေနဲ့ကကော ဘာတွေလုပ်သင့်ပါသလဲ။ အကျယ်အကျယ်ပြောနေရင် နားထွေးကုန်ယုံပဲ ရှိမှာမို့ ကျနော် အကျဉ်းချုပ်ပြောချင်ပါတယ်။ အအေးမိ .. နှာစေး .. တုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်ရမယ်ဆိုတာ လူတိုင်းနီးပါး သိပါတယ်။ အဲသည်အတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြယုံပါပဲ။

ဒီ ရောဂါလက္ခဏာတွေကကော .. ဘယ်လိုလဲ။ ဟုတ်ကဲ့ ... တုပ်ကွေး လူတိုင်းနီးပါး ဖြစ်ဖူးပါတယ်။ အဲဒါတွေပါပဲ။ သူက လူမှာဖြစ်နေကျ ပိုးမဟုတ်လို့ ခန္ဓာကိုယ်က အသစ်အဆန်းဖြစ်နေပြီး မတိုက်ဖျက်နိုင်ပဲ ရောဂါလက္ခဏာတွေ ပိုပြင်းထန်တာပဲ ကွာခြားပါတယ်။ ဒီတော့ ဒါအတွက် အထူးအဆန်းဖြစ်ပြီး ရောဂါလက္ခဏာက ဘာတွေလဲ .. ငါ့မှာများ ဒီရောဂါဖြစ်နေပြီလား .. အရမ်းတွေးပူမနေကြပါနဲ့ ။ ခုလိုရာသီအကူးအပြောင်းမှာ တုပ်ကွေး ဆိုတာက ဖြစ်နေကြမို့ ရိုးရိုး လူတုပ်ကွေးလဲ အချိန်မရွေး ကိုယ့်ဆီ ရောက်လာနိုင်တာပါပဲ။ ဖျားပြီဆိုတိုင်းလဲ အကြောက်မလွန်နေကြပါနဲ့ ... ။

ဝက်သားနဲ့ ဆက်စပ်ပစ္စ္စည်းတွေကနေ ဒီတခေါက် ဒီရောဂါ ပြန့်နေတာမဟုတ်လို့ ဒါတွေကို အတင်းကြီးတော့ ရှောင်နေဖို့ မတိုက်တွန်းပါ။ ဒါပေမယ့် လိုလိုမယ်မယ် ကင်းကင်းနေနိုင်ရင်တော့ ပိုကောင်းပါတယ်။ ကိုင်မယ်ဆိုရင်လဲ ကိုင်ပြီးတာနဲ့ လက်ကို ဆပ်ပြာနဲ့ သေချာဆေး၊ ချက်မယ်ဆို သေချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားကြမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ဆိုတာလေး တင်ပြလိုက်ပါတယ်ခင်ဗျား ။

တတ်နိုင်သမျှ ဆေးပညာဝေါဟာရတွေမသုံးပဲ အရိုးဆုံး အရှင်းဆုံး တင်ပြထားပါတယ်။
အားလုံး ဘေးကင်းကြပါစေ ...................... ။

ရွာစားကြီး (မြန်မာကျူးပစ်)
yzg (www.myanmarcupid.net)

**************************
မှတ်ချက်။။ မြန်မာကျူးပစ်မှဆရာဝန်ကိုရွာစားကြီး၏ ၀က်တုတ်ကွေးနှင့်ပါတ်သက်သော ဆောင်းပါးအား အစ်ကိုကြီး ကိုရွာစားကြီး၏ခွင့်ပြုချက်ဖြင့် ဘလော့ဖတ်သူများ အကျိုးဌာ စုချစ်သူဘလော့တွင် ပြန်လည် တင်ပြပါသည်။ အစ်ကိုကြီးကိုရွာစားအား အထူးကျေးဇူးတင်ရှိပါသည်။

Thursday, April 16, 2009

သင်္ကြန်အလွမ်း - ၂

ဟောတော့...

သင်္ကြန်အလွမ်း ၂ အနေနဲ့ RIT သင်္ကြန်မှာ ကခဲ့တဲ့ ဟောတော့ သီချင်းလေးကို အလွမ်းပြေ တင်လိုက်ပါတယ်။ ဒီနှစ် သင်္ကြန်မှာ နေမကောင်းဖြစ်နေတော့ အိပ်ရာထဲမှာတခွေခွေ လုပ်နေလို့ အတူလာနေတဲ့ ညီမလေးက အတင်းဆွဲထူပြီး မမ RIT မှာ ကခဲ့တဲ့ သင်္ကြန်သီချင်း ပြန်ဆိုပြစမ်းပါလို့ အတင်းဆိုခိုင်းတဲ့ ချစ်ညီမလေးအတွက်၊ နေကောင်းသွားအောင် နံရံတွေ ပေါက်အောင် အော်ပစ်ဆိုတဲ့ ဘီဘီအတွက်၊ ကလောနဲ့ တောင်ကြီးမှာ ပျော်နေမဲ့ ချစ်သူငယ်ချင်း မလေဒီအတွက်နဲ့ အားလုံးသော မောင်နှမများအတွက်.........

နှစ်သစ်မှာ မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...

သီးခံပြီး နားဆင်ပေးကြပါနော်...



အထက်ပါ movie click မှ ပိတောက်ပန်းပုံများနှင့် သင်္ကြန်ဓါတ်ပုံများ အာလုံးကို various websites များမှ ကူးယူရရှိပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။

သင်္ကြန်အလွမ်း - ၁


ပန်းချီ - ဆရာရွှေစိုးဟန်

အော်... ဘာလိုလိုနဲ့ သင်္ကြန်အတက်နေ့တောင် ရောက်လာပြီနော်။ နက်ဖြန်ဆို နှစ်ဆန်း၁ရက်နေ့... မြန်မာနှစ်သစ်ကူးတော့မယ်။

မြန်မာလူမျိုးများအနေနဲ့ သင်္ကြန်ရောက်ပြီဆို လူငယ်၊ လူရွယ် ဘယ်သူပဲဖြစ်ဖြစ် နည်းနည်းလေးတော့ ရင်ခုန်ကြမှာပဲနော့။ ဧပြီလဆန်းကိုရောက်လာတာနဲ့ တိုက်ခတ်လာတဲ့ လေအေးအေးနွေးနွေးလေးကို ရူရတာတောင် အခါတိုင်းထက် ပိုအရသာရှိသလို၊ ပိုပြီး ကြည်နူးမိသလို၊ လန်းဆန်းလာသလို ခံစားရတယ်။ ပိတောက်ဖူးလေးတွေကို တမော့မော့ကြည့်ပြီး သင်္ကြန်ကျမှ ပွင့်ပါ၊ ကြိုမပွင့်ပါနဲ့လို့ ဆုတောင်းရတာလဲ အမော...။

ကိုယ်တို့ကတော့ ဟိုးငယ်ငယ်လေးကတဲက သင်္ကြန်ဆို ဖေဖေ့နောက်ကလိုက်ရင်း မဏ္ဍတ်တကာကို လျှောက်လည်ဘူးတယ်။ အထူးသဖြင့် မြို့တော်ခန်းမ၊ မီးရထား၊ ယဉ်ကျေးမှု၊ ပညာရေး မဏ္ဍတ်တွေမှာ ရေပက်တယ်၊ အကတွေ၊ အဆိုတွေ ထိုင်ကြည့်ကြတယ်။ ရေပက်ခံတော့ တခါမှ မထွက်ဘူးဘူး။ နည်းနည်းကြီးလာတော့ တခါတခါမှာ တရားစခန်းဝင်ကြရတယ်။ တခါတခါမှာ ရပ်ကွက်ထဲမှာပဲ အုန်းလက် မဏ္ဍတ်လေးလုပ်ပြီး ရေပက်ကြတယ်။ မုံ့လုံးရေပေါ် ၊ မုံ့ကြာစေ့၊ မုံ့လက်ဆောင်း၊ သာကူ၊ စသဖြင့် မျိုးစုံ လုပ်စားကြတယ်။ တနှစ်မှာတော့ တက္ကသိုလ်ပေါင်းစုံ သင်္ကြန်ကပွဲမှာ RIT ကနေ ၀င်ကဘူးသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဆန်း၁ရက်ရောက်ရင်တော့ တအိမ်လုံး ဥပုသ်စောင့်ကြရတယ်။ နက်ဖြန် နှစ်သစ်မှာ မင်္ဂလာရှိစေဖို့ အတွက် အတက်နေ့ညဆို တအိမ်လုံး ရှင်းကြ လင်းကြ၊ ဆေးကြောသန့်ရှင်းကြရတယ်။ နှစ်ဆန်း၁ရက်နေ့ကတော့ အလုပ်အရှုပ်ဆုံးနေ့ပေါ့။ နံနက် ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်ကတဲက အာရုဏ်ဆွမ်းချက်ရ၊ ဘုန်းကြီးကျောင်း နေ့ဆွမ်းချိုင့်အတွက်နဲ့ သီလယူအမှီသွားဖို့ ပြင်ရဆင်ရ၊ လမ်းထဲက ဥပုသ်သည်တွေကို နေ့လည် အချိုပွဲ ကျွေးဖို့အတွက်လည်း မုံ့လုပ်ရပေါ့။

ညနေ၃နာရီလောက်မှာတော့ လမ်းထဲမှာ ဆွမ်း၊ ဆေး၊ ပစ္စည်းလိုက်အလှူခံပြီး လမ်းထောင့်မှာ ကမ္မ၀ါဖတ်ဖို့ အတွက် တာအိုးတွေ တင်ဖို့ ခုံတန်းတွေ၊ ဘုန်းဘုန်းတွေထိုင်ဖို့ ကုလားထိုင်တွေ ပြင်ဆင်ကြရတယ်။ ညနေ၄နာရီလောက်မှာ ကမ္မ၀ါဖတ်ပြီးသွားတာနဲ့ ပစ္စည်းတွေသိမ်းဆည်းပြီး ညနေစောင်း ၆နာရီ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းတွေ ပေါင်းပြီး ဆွမ်းဆန်စိမ်း အလှူခံပွဲကြီးအတွက် အအေး၊ ကွမ်း စတာတွေကို လည်းကြိုတင်စီစဉ်ထားကြရသေးတယ်။ တချို့နှစ်တွေမှာတော့ သက်ကြီးပူဇော်ပွဲတွေ နဲ့ ငါးလွှတ်ပွဲတွေ လုပ်လေ့၊ လုပ်ထရှိကြတယ်။ အဲဒီအခါမှာတော့ ဂျင်ဂျင်လည်အောင် အလုပ်များတဲ့နှစ်ပေါ့။ ကိုယ်တို့အတွက်က အိမ်မှာ အဖိုး၊ အဖွားရှိနေတော့ အတက်နေ့မှာ ခြေသည်း၊ လက်သည်းညှပ်ပေး၊ ခေါင်းလျှော်တာတွေ အထူးပြု လုပ်ပေးလေ့ရှိတယ်။ အထူးပြုလို့ ပြောရတာက ပုံမှန်နေ့တွေမှာ လည်း လုပ်ရိုးလုပ်စဉ် ဖြစ်နေလို့ အဲဒီနေ့မှာ လုပ်တာက အမွှေးနံ့သာတွေနဲ့ အထူးပြုပြင်ထားတဲ့ ခေါင်းလျှော်ရည်၊ အ၀တ်အစားအသစ် စတာတွေ ကြောင့်ပေါ့။

ဒီနှစ် သင်္ကြန်အတက်နေ့က ကြာသာပတေးနေ့ဖြစ်လို့ ကြာသာသတေးသားသမီးတွေ တာစားတယ်လို့ ပြောရမယ်။ ဒီနေ့မှာ ကြာသာပတေးသားသမီးတွေဆိုရင် ခေါင်းဆေးမင်္ဂလာပြုလုပ်ရတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကို ကြာသာပတေးနေ့နံနဲ့ လုပ်ထားတဲ့ တာအိုးပို့ရတယ်။ တာအိုးအတွက်ကို အိမ်ကခြံထဲမှာ အသီးအပင်အစုံရှိတော့ (ဇီးပင်၊ ဒူးရင်းပင်က အစရှိတယ်။) လမ်းထဲကသူတွေတော်တော်များများက သူတို့တာအိုးအတွက် ဘာမှ ပူစရာမလိုပဲ၊ ခြံထဲက အဖူး၊ အပွင့်၊ အရွက်လေးတွေနဲ့ အလုပ်ဖြစ်သွားကြတာ များတယ်။

ခုတော့ မြန်မာသင်္ကြန်ကို မဆင်နွဲရတာ ၁၃နှစ်တောင်ရှိခဲ့ပါပြီ။ ရေမြေဘယ်လောက်ခြားခြား၊ အချိန်ကာလတွေ ဘယ်လောက်ပင်ကြာငြောင်းသော်လည်း ကိုယ့်အသည်းထဲက ရိုးရာသင်္ကြန်ရနံ့နဲ့ ရင်ခုန်သံကတော့ အမြဲပဲစွဲထင်ကျန်နေရစ်ဦးမှာပါ။