Pages

Wednesday, April 22, 2015

အစာလည်းဆေး ဆေးလည်းအစာ နေလဓာတ်ပညာ

မြန်မာ့တိုင်းရင်းဆေးပညာ မိတ်ဆက်

လူသားတိုင်း ကျန်းမာရေးနှင့် ပြည့်စုံလိုကြသည်၊ လှပလိုကြသည်၊ ကြံ့ခိုင်လိုကြသည်၊ အသက်ရှည်လိုကြသည်။ ထိုသို့ လှပ ကျန်းမာ သက်ရှည် ကြံ့ခိုင်စေဖို့အတွက် မိမိတို့နေ့စဉ် မှီဝဲစားသောက်နေကြရသော အစားအစာများကို မိမိနှင့် သင့်မသင့် လျော်မလျော် ချင့်ချိန်ပြီး မှန်မှန်ကန်ကန် မှီဝဲစားသောက်တတ်ဖို့ များစွာလိုအပ်လှပေသည်။

ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့သော မြန်မာ့ရိုးရာ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ ထဲမှ နေလဆေးပညာရပ်သည် ရှေးခေတ်အခါက မြန်မာတို့၏ဆေးကုထုံးများအနက် ဓာတ်နည်းကုထုံး ဟု ခေါ်သော အစားအသောက်တို့ကို သင့်လျော်အောင် ရွေးချယ်ပြီး ဝေဒနာအလျောက် စားသောက်စေခြင်း၊ လိမ်းစေ၊ လူးစေခြင်း စသော နေလ ဓာတ်ပညာနည်း ဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာသော ရုပ်များသည် တည်မြဲနေခြင်းမရှိဘဲ အစဉ်သဖြင့် အပူဓာတ် အအေးဓာတ်တို့ဖြင့် ဖောက်လွဲဖောက်ပြန် ပြုခြင်းကိုခံနေကြရသောကြောင့် ထိုဓာတ်တို့၏ ပြုပြင်ဖန်ဆင်းမှုဖြင့်တည်တံ့နေသော ရုပ်အမျိုးမျိုးကို ခွဲခြားသိသာအောင်စုံစမ်းပြီး ကုသခြင်းလည်း ဖြစ်၏။ တစ်နည်းဆိုရသော် နေလဓာတ်ပညာဆိုသည်မှာ ရောဂါကို အဓိကထားပြီး ကုသခြင်းမဟုတ်၊ အပူကြိုက်သည့်လူ၊ အအေးကြိုက်သည့်လူ၊ အပူနာ၊ အအေးနာ ခွဲခြားပြီး ကုသခြင်း ဖြစ်ပေသည်။  

ပုဂ္ဂလဓာတ်ပညာဟုလည်း ခေါ်ဆိုနိုင်၍ ရှေးဦးစွာ ပညတ်နှင့် ပရမတ်ကို ကွဲပြားထင်ရှားအောင် ပြစွမ်းနိုင်သော အခြေခံပညာမျိုး ဖြစ်သည်။  

ပညတ်ဟု ဆိုရာတွင် လူသားအပေါင်းတို့က မိမိတို့ ဘာသာအလျောက် ခေါ်ဝေါ်နေကြခြင်းကို ပညတ်ဟုဆိုကြသည်။ တနည်းအားဖြင့် အခြေခံ အကြောင်းအချက် လုံလောက်စွာပြ၍ ခေါ်ဝေါ်ခြင်းကို ပညတ်ဟု ဆိုသည်။ ထို့ကြောင့် ပညတ်ဆိုသည်မှာ ဝေါဟာရအားဖြင့် လူတို့ ခေါ်ဝေါ်နေကြသည့် အမည်နာမ၊ အသုံးအနှုန်း စသည်များဖြစ်၏။  

ပုဂ္ဂလပညတ် - Concepts of Individuals နယ်ပယ်ကို အကျဉ်းချုပ်လိုက်သောအခါ အက္ခရာပညတ်၊ သင်္ချာပညတ်၊ နေ့ပညတ်ဟူ၍ ပညတ် ၃မျိုး ထွက်လာသည်။ ထို့အပြင် ရေ၊ မြေ၊ လေ၊ မီး ဟူသော ဓာတ်ကြီး၎ပါးသည် နိယာမ အစဉ်မပျက် ကမ္ဘာအဆက်ဆက် တည်ကြကုန်သည်။ ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီး၎ပါးကို အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသ ချ၍ ဓာတ်ခွဲလိုက်သောအခါ ၈မျိုးကွဲကာ အဖိုအမဓာတ်များ တွဲပေါ်လာသည်။  

ထိုသို့ဖြင့် ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ပညတ်တို့ဖြင့် ယှဉ်တွဲလျက် လူနာနှင့် တည့်သည့်ဓာတ် မတည့်သည့်ဓာတ်တို့ကို ဧကန်မလွဲ သိနိုင်အောင် လေ့လာသင်ယူပြီး ကုသပေးသောနည်း ဖြစ်လေသည်။

မာပြရသော် လောက၌ ရှိရှိသမျှသော အရာဝတ္ထု သက်ရှိသက်မဲ့များအားလုံးကို အက္ခရာအားဖြင့်သာလျှင် အမည်ပညတ် သတ်မှတ်ကြရသည်။ အက္ခရာများကို ရှောင်၍မရနိုင်ချေ။ အစားအစာ မှန်သမျှ ဆေးပင်မှန်သမျှတို့ကိုလည်း အမည်ပညတ်များဖြင့် သတ်မှတ်ထားရလေရာ ဗျည်းများ၊ သရများနှင့် လွတ်ကင်း၍ မရနိုင်ချေ။ ထိုပညတ်များနှင့်ယှဉ်တွဲပြီး သင့်မသင့်၊ လျော်မလျော် ချင့်ချိန် စားသောက်ရန် နေဂိုဏ်း လဂိုဏ်းများ ခွဲပေးလျက် လူနာနှင့် တည့်သော မတည့်သော အစာများ ခွဲခြားသတ်မှတ်ပေးခြင်း၊ ရုပ်ဆေး(လူးဆေး)၊ နာမ်ဆေး(သောက်ဆေး) များဖြင့် ကုသခြင်းလည်းဖြစ်ပါသည်။  

ထိုသို့ လူတစ်ဦးစီမှာ ရှိနိုင်သည့် တည့်သည့်ဓာတ် မတည့်သည့်ဓာတ်များအရ ချင့်ချိန်စားသောက်နေထိုင်ပြီး ကုသရသော မြန်မာ့တိုင်းရင်းဆေးပညာ တစ်ရပ်ဖြစ်သည့် ပုဂ္ဂလပညတ် နေလဓာတ်ပညာသည်ကား လူနာကို ကံသေကံမ ရောဂါပျောက်မပျောက် (ဝဋ်နာကံနာများကို ခြွင်းချက်ပြုနိုင်ရန်) တာဝန်မခံနိုင်သော်လည်း အကြံပြုထားသော အစားအစာ၊ ပေးလိုက်သော ဆေးများနှင့် လူနာ တည့်မတည့်ကိုကား အာမခံနိုင်ပေလိမ့်မည် ဟု ယုံကြည်မိပေသည်။

အောက်တွင် အမည်ပညတ်ကိုလိုက်၍ နေ လ ခွဲနည်းကို ရှင်းပြထားပြီး နေ လ တို့ နှင့် သင့်တော်သည့် အစားအစာများကိုလည်း တွဲဖက်ဖေါ်ပြထားပါသည်။



----။----

ရှးမြန်မာမင်းများလက်ထက်မှစ၍ ယခုခေတ်တိုင်အောင် ခေတ်အဆက်ဆက် ပုဂ္ဂလဓာတ်ကျမ်းကို ဖော်ထုတ်ခဲ့သူများ နှင့် ထင်ရှားသူတချို့မှာ စလေဆရာဦးပုည၊ ဆရာပို၊ အောက်ပြည်အောက်ရွာသို့ ဓာတ်ပညာများ အဆင့်ဆင့်ဖြန့်ဖြူးပေးခဲ့ကြသော ဆရာဆောင်၊ ဒွါရသာသနာပိုင် အုတ်ဖိုဆရာတော်တို့အပြင် ဆရာမှဲ့ကြီး၊ ဆရာဦးသာဒွန်းအောင်၊ ပုဂ္ဂလဓာတ်ကျမ်းရေးသူ ဓာတ်ဆရာကြီးဆရာသန့်၊ ဆရာသန့်အတွက် ပေစာများ ကူးယူပေးခဲ့သူ ဆရာကြီးပီမိုးနင်း၏ဖခင် ဆရာဖြိုး၊ ဆရာတော်ခင်ကြီးဖျော်အနွယ်ဝင် အိုင်ကလောင်ဓာတ်ဆရာကြီးဆရာလှိုင်၊ ဆရာကျန်၊ ဆရာခိုင်၊ ဓာတ်ဆရာကြီးဆရာလှိုင်၏ တပည့်သားသမီးများဖြစ်ကြသော ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းရေးသူ (သတင်းစာ နှင့် စာရေးဆရာ အထောက်တော်လှအောင်၏ဖခင်) တိုင်းရင်းဆေးဆရာကြီး ဦးသာတင့်၊ သတင်းစာနှင့် စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၊ အိုင်ကလောင်ဓာတ်ဆရာကြီးဆရာလှိုင်၏သမီး ဒေါ်သန်းခင်၊ နေလဝိဇ္ဇာဆရာခိုင်၏မျိုးဆက် ဆရာကြီးဦးဝင်းကြည်၊ ဆရာမကြီးဒေါ်သင်းကြည် နှင့် ဓာတ်လက္ခဏာကျမ်းများ ရေးသားထုတ်ဝေလျှက်ရှိသော ဆရာဦးကျော်လင်း (နေလဝိဇ္ဇာ) တို့ ဖြစ်ကြပါသည်။ 

ယခုအခါ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်များမှအစ ဤပညာကို လေ့လာဖေါ်ထုတ်ပေးလျှက်ရှိပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းဆေးတက္ကသိုလ်များတွင်လည်း တိုင်းရင်းဆေးဆရာကြီးများနှင့် ပူးတွဲကာ ပုဂ္ဂလဓာတ်ပညာကို သင်ကြားပြသပေးလျက် ရှိပါသည်။  

ကိုးကား။
ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်း - ဆရာကြီးဦးသာတင့်  
ခန္ဓာဗေဒဓာတ်လက္ခဏာကျမ်း - ဓာတ်ဆရာဦးကျော်လင်း
ဆေးပညာဆောင်းပါးပေါင်းချုပ် - ဂျာနယ်ကျော်မမလေး
နေ၊ လ ဓာတ်စာ စာရင်း - KoHappyValley (mmcp) မှ ကူညီပါသည်။

မေတ္တာဖြင့်... မရွှေစု

+++
မြန်မာကျူးပစ်ဂျာနယ် အမှတ်စဉ်(၁၀) - ၂၀၁၃ ဧပြီလထုတ်တွင် ဖေါ်ပြပြီး။ ။
+++

မှတ်ချက်။ ။ 
ဤဆောင်းပါးသည် ရှေးမြန်မာ့တိုင်းရင်းဆေးပညာဖြစ်သော နေလဓာတ်ပညာအကြောင်း မိတ်ဆက် ဖြစ်ပါသည်။ ဆောင်းပါးရေးသူမှာ မြန်မာ့ဆေးပညာကို စိတ်ဝင်စားသူသက်သက်မျှသာဖြစ်ပြီး တိုင်းရင်းဆေးပညာရှင်မဟုတ်ပါ။ နေလ ဆေးပညာနှင့်ပါတ်သက်ပြီး ကျွမ်းကျင်သောဆရာများထံ၌သာ အကြံဉာဏ်ယူကြပါရန်။ ။ 

လေးစားစွာဖြင့်... မရွှေစု 

No comments:

Post a Comment

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။