Pages

Friday, January 29, 2010

လတပို့တွဲ ထမနဲပွဲ

မနေ့ညက အိမ်မှာ ထမနဲထိုးကြလေသည်။ များများစားစားမဟုတ်ပါ။ ကောက်ညှင်းဆန် ၂လုံးသာသာလောက်မျှသာ ဒီကနေ့ တပို့တွဲလပြည့်နေ့ ဘုရားဆွမ်းတော်ကပ်ရန်အမှီ အဓိက ရည်ရွယ်ထိုးကြရခြင်းဖြစ်သည်။ အဲဒီတော့ မြေပဲဆန်နည်းနည်း၊ နှမ်းနည်းနည်း၊ အုန်းသီးနည်းနည်း၊ ဂျင်းနည်းနည်း၊ ပြီးတော့ မြန်မာပြည်က သယ်လာသည့် ပဲဆီ ရွှဲရွဲနှင့် သားအမိ၃ယောက် ထမနဲထိုးကြလေသည်။

မေမေသည် ထို နည်းနည်း၊ နည်းနည်း ပုံထားသည်များကိုကြည့် ခေါင်းခါရင်း အားမလို အားမရ ရေရွတ်သည်။ တို့ရွာမှာဆို တခါထိုးရင် အနည်းဆုံး ၄တင်း (ကောက်ညှင်းဆန် ၂တင်းအိတ် ၂အိတ်) ထိုးကြရတာ။ ရွာမှာ ဆင်းရဲတယ်ဆိုတဲ့သူတောင် အနည်းဆုံးတော့ ဆန်၂ပြည်လောက်ထိုးနိုင်ကြပြီး ဘုန်းကြီးကျောင်းကပ်ကြတာဟု ပြောလေသည်။ လွမ်းဆွေးသွားသည့် မေမေ့ မျက်လုံးများကို ကြည့်ပြီး ကျမတို့က မေမေရယ် မေမေတို့ ငယ်ငယ်က ထမနဲပွဲအကြောင်းပြောပြပါဦးလို့ အလိုက်သတိ မေးကြတော့ မေမေက ယခုလို ခရားရေလွှတ် တတွတ်တွတ် ပြောပြပါလေတော့သည်။

တို့ရွာမှာ ၁၂လရာသီပွဲတိုင်း မစည်ကားတဲ့ ရာသီဆိုတာ မရှိခဲ့ဘူး။ တပို့တွဲလမှာလည်း လပြည့်မတိုင်ခင် ၁၀ရက် လောက်ကစပြီး ပွဲတွေစသွင်းတာ။ ရွာနီးချုပ်စပ်က လှည်းတွေကိုပြည့်လို့။ အဲဒီမှာ တနှစ်က စိန်အောင်မင်း ဇာတ်လာကတော့ ဘိုစိန်ဆိုတဲ့ မင်းသား ပါလာသတဲ့။ အဲဒီမင်းသားက ဗမာအစစ်မဟုတ်ဘူးတဲ့။ ရုပ်ကလည်း ဘိုရုပ်တဲ့။ အမက (မေမေ့ အမေ) အဲဒီမင်းသားကတာကြည့်ပြီး မေမေ့ကိုမွေးတော့ မေမေက အဲဒီမင်းသားလိုပဲ နှာခေါင်းချွန်ချွန် ဖြစ်နေလို့ မေမေရဲ့ ငယ်နံမည်ဟာ ဘိုစိန်လို့ တွင်ခဲ့သေးတာ။

မေမေတို့ ကလေးတွေဆိုတာ ပွဲတွေ စလာပြီဆိုတာနဲ့ ပျော်လိုက်တာဆိုတာ။ အဲဒီမှာ ထမနဲထိုးဖို့အတွက် ဋ္ဌားထားတဲ့ သူတွေနဲ့ အိမ်ကလည်း အရှေ့ အနောက် အပြည့်ပဲ။ ၁၄ရက်နေ့ည လပြည့်မတိုင်ခင် ထမနဲ ထိုးဖို့ ရွာနီးချုပ်စပ်က သူတွေကို ဋ္ဌားကြရတာ။ အထူးသဖြင့် အဖေ့ အသိ ကရင်ကြီးတွေက လာကူညီလေ့ရှိတယ်။ ဆန်ပြာတဲ့သူ။ မြေပဲဆံချွတ်တဲ့သူ၊ ထုတဲ့သူ။ ကရင်ကြီးတွေက အုန်းသီးခူး၊ အုန်းသီးခွာ၊ အုန်းဆံလှီးတာတွေ လုပ်ကြတာ။ ဆောင်းတွင်းအေးပေမဲ့ ကျောပြောင်တွေမှာ ချွေးတွေနစ်လို့။ ခုစဉ်းစား ခုပြန်မြင်ယောင်လာတယ်။ တကယ်။ အိမ်ရှေ့ကွပ်ပျစ်မှာ ချထားတဲ့ လက်သမားသုံး ရေပေါ် ထိုးတာကို ပြောင်းပြန်လှန်ပြီး အုန်းသီးတွေ ခြစ်ကြတာ။

မေမေတို့ ကလေးတွေကတော့ အိမ်ရှေ့ဒုန်းစိုင်းပြေးလိုက်၊ နောက်ဖေးဒုန်းစိုင်းပြေးလိုက်နဲ့ အလကားနေရင်းပျော်နေကြတာ။ လေထဲကို စွေ့ခနဲ၊ လွှားခနဲ ဖြာလွင့်သွားတဲ့ ဆန်လေးတွေ တစိကလေးမှ အောက်ကို မကျအောင် ဆန်ပြာနိုင်တဲ့ မိန်းမတွေနား တအံ့တသြ သွားကြည့်လိုက်ကြ။ မြေပဲဆံနွှာနေတဲ့သူတွေနားသွားပြီး မြေပဲတွေ ကောက်ဝါးလိုက်ကြ၊ ကရင်ကြီးတွေ အုန်းသီးခွာနေတာ၊ ခြစ်နေတာ တွေ ငုတ်တုတ်ထိုင်ကြည့်ရင်း အုန်းသီး ပါးစပ်ထဲကောက်ထည့်လိုက်ကြပေါ့။ ပြီးရင် ကရင်ကြီးတွေက မြစ်ဆိပ်ကရေတွေခပ် ကောက်ညှင်းဆန်တွေ နိုင်နိုင်ဆေးကြရတာ။ မိုးပြဲဒယ်တွေဆေးကြတာ။ ပြီးရင် အိုးအခြေခိုင်ဖို့ တွင်းတူးပြီး မီးဖိုလုပ်ကြရတာ။

ထမနဲစထိုးပြီဆို တဒယ်မှာက ပဲဆီတွေနဲ့ ဂျင်းကိုကြော်၊ ဂျင်းမွှေးလာပြီဆိုရင် ဆန်တွေကိုထည့်ကျော်၊ ပြီးတော့ ဟိုဖက် တဒယ်က ရေနွေးပွက်ပွက်ဆူဆူကို လောင်းထည့်၊ ရေနည်းနည်းခမ်းသွားပြီဆိုတော့မှ ငှက်ပျော်ဖက်နဲ့ အုပ်ပြီးနှပ်ထား၊ အဲသလို လုပ်ရတာ။ အဲ ဆန်နပ်သွားပြီဆိုရင် မီးဖိုကချ ခုနက ဒယ်အိုးဖင်ငြိမ်အောင်တူးထားတဲ့ တွင်းလေးပေါ်တင်ပြီး သန်မာတဲ့ ယောက်ျား၎ယောက်လောက်က နှဲကြရတော့တာ။ လှေလှော်တက်မပုံစံ ယောက်မပြား ၂ချောင်းကို အပေါ်က မတ်တတ်ရပ်နေတဲ့ ယောက်ျား၂ယောက်ကကိုင်ပြီးမွှေ၊ အောက်က ယောက်ျား၂ယောက်က ဆောင့်ကြောင့်ထိုင်ပြီး ယောက်မအရင်းကနေ ကိုင်ပြီး ကျိတ်ချေပေး။ အပေါ်ကနေ မြေပဲတွေ၊ အုန်းသီးဖတ်တွေကို မိန်းမတွေကလောင်းထည့်၊ ပြီးခါနီးကျတော့ နှမ်းကို နှံ့စပ်အောင်ဖြူးကြ။ ဒီလိုနဲ့ တဒယ်ပြီး တဒယ် ဆက်ပြီးနှဲကြရတာလေ။ အနည်းဆုံး ယောက်ျားမိန်းမ ၁၀ယောက်ထက်မက ၀ိုင်းလုပ်ကြရတာ။

အဲသလိုပဲ ကိုယ့်ဘက်အိမ်က လုပ်နေသလို ဟိုဘက်အိမ်ဝိုင်းကလည်း အပြိုင်အဆိုင် နှဲနေကြတာပဲ။ ထမနဲတွေကို ညတွင်းခြင်းပဲ ရွာဦးဘုရားမှာ မနက်ဖြန် လပြည့်အမှီ ပြေးကပ်ကြတာ။ သူ့အိမ်က ထမနဲ၊ ကိုယ့်အိမ်က ထမနဲနဲ့ အို... ဘုရားပေါ်မှာ ထမနဲတွေအပြည့်။ ရွာနီးချုပ်စပ်က လူတွေကိုလည်း ညတွင်းခြင်းပဲ ဝေကြတာ။ ပွဲကလည်းရှိ၊ ပွဲဈေးကလည်းရှိ၊ ထမနဲထိုးပွဲတွေလည်းရှိပြီး ထမနဲတွေလည်းဝေကြတော့ တညလုံး မီးရောင်တွေ ထိန်ထိန်လင်းလို့ တရွာလုံး စည်ကားလိုက်တာဆိုတာ....။

မေမေ့ မျက်လုံးတွေမှာ အတိတ်က ပျော်ရွင်ဖွယ်ရာကောင်းသော အရိပ်ကြောင့် ရွှန်းလဲ့တောက်ပနေကြလေသည်။ ဘုရားဆွမ်းတော် ဦးချပြီး ထမနဲပန်းကန်လေးရှေ့ချထားကာ စကားဝိုင်းဖွဲ့နေကြသော ကျမတို့ သားအမိ၃ယောက်စလုံး မေမေတို့ရွာမှ ထမနဲပွဲကို စိတ်ကူးဖြင့် အရောက်လှမ်းနေမိကြပေတော့လေသတည်း။ ။

*********************

Wednesday, January 27, 2010

ဦးဇာဂနာသို့ မွေးနေ့ဆုမွန်

ဦးဇာဂနာသို့ မွေးနေ့ဆုမွန်

၂၇-၀၁-၂၀၁၀



သူ့ကိုစသိကာစကတော့ ခပ်ရေးရေးပဲ။ အသံတုတွေ လုပ်တာတော့ မှတ်မိတယ်။ သူက ဖေဖေ လေးစားရတဲ့ ဖေဖေ့ မိတ်ဆွေ ဘဘဦးနန်းညွန့်ဆွေရဲ့ သားတဲ့။ ကိုယ်တို့မြို့နယ်ကပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ ဘဘက စာပေဟောပြောတယ်။ အဲဒီတုန်းက ခပ်ငယ်ငယ် ကိုသူရက အသံတုလုပ်ပြီး ပရိတ်သတ်တွေကို ဖျော်ဖြေတယ်။ အဲဒီကတဲက ကိုသူရငယ်ငယ်ကို အရမ်းသဘောကျတယ်။ နောက်တော့ လေးစားလာရတယ်။


၁၉၈၀ကျော်ပတ်ဝန်းကျင် သင်္ကြန်တွေမှာ တက္ကသိုလ်ပေါင်းစုံအနုပညာအသင်း၊ မြို့တော်ခန်းမ ဖျော်ဖြေပွဲတွေကနေ သူ့ကို အပြင်မှာ ပြန်မြင်ရတယ်။ သူ့မျက်နှာက အပြင်မှာဆို ခပ်တည်တည်လိုနဲ့ ပြက်လုံးပြက်တော့မယ်ဆိုမှ မျက်နှာထားက ရီရတော့တာ။ သူ့ပြက်လုံးတွေက ပညာပါတော့ ငယ်တုန်းက အဓိပ္ပါယ်ကိုသေချာနားမလည်။ တဖြည်းဖြည်းနဲ့မှ သူ့ကို တအားသဘောကျခဲ့ရတယ်။

သူ့ရဲ့ ရိသဲ့သဲ့လေသံကြီးနဲ့ပြောတတ်တဲ့ နေကောင်းသွားမှာပါ၊ အားလည်းနာတယ်၊ ခင်လည်းခင်တယ်၊ သနားတယ်၊ သိနေတယ်လေ၊ သိနေတယ် စတဲ့ စကားလုံးတွေက ရပ်ကွက်ထဲမှာရော ကျောင်းက သူငယ်ချင်းတွေကြားမှာ အလွန်ရေပန်းစားခဲ့တာပေါ့။

အဲဒီနောက် သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသတွေကြောင့် ခဏခဏ ခေါ်ယူစစ်ဆေးခံရတယ်လို့ ကြားတယ်။ ဒီနိုင်ငံမှာ နေပြည်တော်လည်း မကောင်းဘူး။ သမတလည်းမကောင်းဘူး၊ ပပ၀င်းပဲ ကောင်းတယ်ဆိုတဲ့ မထိတထိ ပြက်လုံး၊ ဟိုကောင်စီလည်း မကောင်းဘူး၊ ဒီကောင်စီလည်း မကောင်းဘူး။ မင်းတို့ အုတ်စီနေတာ တယ်ခက်တာပဲ ဆိုတဲ့ ခပ်တည်တည်လေသံ၊ လွှတ်တော် အစည်းအဝေးတွေ ကျင်းပနေချိန် ကောင်မလေးကို ဖက်ထားပြီး ကောင်မလေးက လွှတ်တော်၊ လွှတ်တော် မကောင်းဘူးဆိုတဲ့ ရိသဲ့သဲ့ ထေ့လုံး၊ ဂျိုကုတ်ဒူးကြီးကျောပြောင်ဆိုတဲ့ ကြံကြံဖန်ဖန် လှောင်ပြောင်ဟန်၊ သူက ဘာကိုမဆို ဟာသဉာဏ်နဲ့ အကုန်ကြည့်တတ်တဲ့သူကိုး။ ဒီလို ဟာသတွေလုပ်လို့ သူ့ကိုဖမ်းမှာကိုလည်း သူက ကြောက်ရွံ့နေတတ်တဲ့သူမဟုတ်ပါဘူး။

၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့က နောက်ဆုံး အဖမ်းခံရတဲ့အချိန် အင်တာနက်နဲ့အစိုးရကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုတဲ့ အီလက်ထရောနစ် အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်တဲ့ လှုံ့ဆော်မှုနဲ့ ဗီဒီယိုအက်ဥပဒေ စတာတွေနဲ့ စွတ်စွဲခံရပြီး ထောင်ဒဏ် ၅၉နှစ် စီရင်ချက်ချခံရတာတောင်မှ သူက ဘယ်သူ့ကိုမှ မကြောက်မရွံ့ သတ္တိရှိရှိ ဟာသညာဏ်ပါပါနဲ့ ကမ္ဘာမှာ စီးပွားရေးတွေ ဆက်တိုက်လို ကျဆင်းနေပေမဲ့ မြန်မာနိုင်ငံက တက်နေတယ်ဗျို့၊ ထောင်ဒဏ်တွေလို့ ခပ်ထေ့ထေ့လေး သရော်ခဲ့ပါသေးတယ်။

မြန်မာတို့ရဲ့ အချစ်တော် လူရွှင်တော်ဇာဂနာရဲ့ ၂၇ရက် ဇန်န၀ါရီလ ၂၀၁၀ခုနှစ်မှာ ကျရောက်တဲ့ ၄၉နှစ်မြောက်မွေးနေ့မှာ မတရားဖမ်းဆီးခံနေရမှုမှ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ဦးဇာဂနာမြတ်နိုးတဲ့ အနုပညာကို သက်ဆုံးတိုင် လွတ်လပ်ပျော်ရွှင်စွာ ပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

******************************

Friday, January 22, 2010

၂၀၁၀ အင်္ဂလိပ် မြန်မာပြက္ခဒိန် - ကျေးလက်ကဗျာများ

ချစ်သူငယ်ချင်း၊ မိတ်ဆွေများ အားလုံး ၂၀၁၀ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်....။

၂၀၁၀ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် ကို ရယူနိုင်ပါပြီ။ အရင်နှစ်ကလိုပဲ ပုံတွေအားလုံး Resolution ကောင်းကောင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပေးထားပါတယ်။ PDF file များတွင် မည်သည့် security settings ကိုမှ ထည့်သွင်း အသုံးပြုထားခြင်းများမရှိပါ။ တခြား blog များ၊ web site များတွင် အသုံးပြုမည် ဆိုပါက ဤ blog မှ ရရှိပါကြောင်း ဖေါ်ပြရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

၁) ၂၀၁၀ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် - The Lady ( ကျေးလက် ကဗျာများ)

ပုံတွေပေါ်မှာ ကလစ်ခေါက်ပြီး PDF Files ကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။

အရင်နှစ်များကလိုပဲ၊ မြန်မာနိုင်ငံမှ သမိုင်းဝင်နေ့များ၊ ဘာသာရေး နေ့ထူးနေ့မြတ်များကို တတ်နိုင်သမျှ စုံလင်အောင်ထည့်ထားပေးတဲ့အပြင် လေးစားဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်ကြီးများရဲ့ အမှတ်တရနေ့များကိုပါ ထည့်သွင်းထားပါတယ်။ နိုင်ငံခြားရောက်မြန်မာများမှ မြန်မာနေ့ကြီး၊ ရက်ကြီးများ သတိထားမိစေရန်နှင့်၊ မျိုးဆက်သစ်လူငယ်များမှ ကိုယ့်နိုင်ငံမှ လေးစား အားကျ ဂုဏ်ယူဖွယ်ရာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စာပေအနုပညာရှင်များကို သိရှိလာစေရန် ရည်ရွယ်ပါတယ်။

၂၀၁၀နှစ်ဆန်း အမှီ မပေးနိုင်လိုက်တာကို ခွင့်လွှတ်ကြစေလိုပါတယ်နော်။ ပြီးပြီးသား ဒီဇိုင်းကိုလည်း စိတ်တိုင်းမကျ၊ ပန်းချီပုံများ၊ ကဗျာများကိုလည်း အတတ်နိုင်ဆုံးလိုက်ဖက်မှုရှိစေရန် ပြန်စီနဲ့ အချိန် အနည်းငယ်နောက်ကျပြီးမှပဲ ဖြန့်နိုင်ပါတော့တယ်။ ပိတ်ရက်များမှာ လူမှုရေးရာများနှင့် မအားလပ်၊ ဒီတပတ်ထဲမှာ အမှီပေးလိုသဖြင့် ရုံးဖွင့်ရက် အိမ်ပြန်အရောက် ဘုရားရှိခိုး၊ တရားထိုင်ပြီး ည၉နာရီခွဲမှ ညဥ့်နက်တိုင်အောင် တပတ်ဆက်တိုက် ကြိုးစားလုပ်ဆောင်ချက်မှာ မိတ်ဆွေသူငယ်ချင်းများ ၊ ပြက္ခဒိန်ကို မျှော်နေသူများ အားလုံး ကျေနပ်နှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။


မေတ္တာဖြင့်....
စုချစ်

*********

ဗုဒ္ဓ၀င် သီးသန့်ပြက္ခဒိန် နှင့် စင်ကာပူ အားလပ်ရက်များပါဝင်သော ကျေးလက်ကဗျာများ ပြက္ခဒိန် - မကြာမှီ လာမည်... မျှော်

Tuesday, January 12, 2010

ဆောင်းအမှီ

၂၀၁၀ပြက္ခဒိန်လေးပြီးခါနီးပါပြီ။ ပန်းချီပုံလေးတွေနဲ့ ကဗျာတွေ ထည့်ဖို့ကို နည်းနည်း စဉ်းစားရခက်နေလို့ ဒီဆောင်းအမှီလေး ပေးနိုင်အောင် ကြိုးစားနေပါတယ်ရှင်...။

လောလောဆယ်တော့ ပြက္ခဒိန်ပြီးပြီလားလို့ ဘလော့လေးကို လာချောင်းတဲ့သူတွေအတွက် ဘာကြည့်စရာမှမရှိ၊ ပလာကြီးပဲ ဖြစ်မနေရအောင် ဆောင်းအမှီသီချင်းလေး သီဆိုထားတာ နားသောတဆင်ကြည့်ကြဖို့ တင်ပေးလိုက်ပါတယ်နော်...။

တော်ပါပြီ... နောက်မဆိုပါနဲ့တော့ဗျို့... ၂၀၁၀ပြက္ခဒိန်ပြီးပလား နောင်ကိုမမေးတော့ပါဘူးလို့ မပြောကြတန်ကောင်းပါရဲ့...
း-)

တခုသော ဆောင်းအခါ သမာယ နှင်းတွေသိပ်သည်းစွာကျနေတဲ့အချိန် ကမ္ဘာပေါ်မှာအလှဆုံးရေတံခွန်လို့ ဆိုကြတဲ့ နိုင်ဂါရာ ရေတံခွန်ဆီကို ရောက်ခဲ့စဉ်အခါက ရိုက်ခဲ့သော ဓါတ်ပုံများနဲ့အတူ အမေဒေါ်မေလှမြိုင်မှစ အဆိုတော်များစွာသီဆိုခဲ့ဘူးသော ဆောင်းအမှီသီချင်းလေးကို အားလုံးသော ချစ်မိတ်ဆွေ၊ မောင်နှမများ အပျင်းပြေ နားသောတဆင်ကြည့်ရှုနိုင်ရန် ....



ကျေးဇူး အထူး.................