Pages

Monday, October 5, 2009

သီတင်းကျွတ်ညလေးတည ပြန်လည်ကာ သတိရမိပါတယ်


''သီတင်းကျွတ်ညလေးတည ပြန်လည်ကာ သတိရမိပါတယ်''


မနေ့က သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှာ ဘုရားမီးပူဇော်ပြီး တအိမ်လုံး ရေချိုးခန်း၊ မီးဖိုချောင်၊ အိပ်ခန်းတွေကအစ...ဖယောင်းတိုင်မီးခွက်လေးတွေ ထွန်းတယ်။ ပြီးတော့ လျှပ်စစ်မီးတွေပိတ်ပြီး ဖယောင်းတိုင် မီးရောင်လေးတွေနဲ့ နေကြတာ အိမ်လေးက လှလိုက်တာ၊ ကျက်သရည်ခငြောင်းလိုက်တာဆိုတာ...။ ဒီတခါ သီတင်းကျွတ်လပြည့်နေ့က ပိတ်ရက်နဲ့ တိုက်ဆိုင်လို့ ဥပုသ်လေးရသွားတယ်။

ညကဘုန်းကြီးကျောင်းကအပြန်မှာ ညီမလေးက ကိုယ်တို့ ၂ယောက်စလုံးကြိုက်တဲ့ ဒိုးနတ်မျိုးစုံမုံ့ဘူးကြီးနဲ့ သီတင်းကျွတ်ကန်တော့တယ်။ အိမ်ကယောက်ယောက်က ကိုယ်ကလွဲရင် သူ့ကို ဘယ်သူမှ ကန်တော့တာမခံဘူးတော့ ဘာဆုပြန်ပေးရမှန်းမသိဘူးဖြစ်နေတယ်....။ ညီမလေးက အစ်ကိုကြီး နဲ့ မမလတ်ကို ကန်တော့ပါတယ်လည်းပြောရော... ပြုံးပြုံး...ပြုံးပြုံးနဲ့... အေး..နင်ပေးတဲ့ဆုနဲ့ ပြည့်ရပါစေတဲ့...။ ဟာ...မှားနေပြီလေ... ဟိုက ကန်တော့နေတာ..ဆိုတော့မှ အေး..ဟုတ်သားဆိုပြီး ရီပြီး ဘာပြောရမယ်မှန်းမသိ ခေါင်းတွေကုပ်နေတယ်။ ကိုယ်ကတော့ ညီမလေးအတွက် သေချာဆုမွန်ကောင်းလေးပေးလိုက်တယ်။

ကိုယ်တို့မိသားစုမှာ ငယ်ငယ်လေးကတဲက ကြီးစဉ်ငယ်လိုက်ကန်တော့ကြတာ အလေ့အထမို့ ကိုယ်တို့အတွက်တော့ ကန်တော့တာ၊ အကန်တော့ခံရတာ မဆန်းဘူး။ ညတိုင်း ဘုရားရှိခိုးပြီးတာနဲ့ အဖိုး၊ အဖွား၊ အဖေ၊ အမေကို ကန်တော့ပြီးမှ အိပ်ရတယ်။ ပြီးရင် မောင်နှမတွေ ကြီးစဉ်ငယ်လိုက်ကန်တော့ကြတယ်။ ကျောင်းသွားခါနီးတိုင်း၊ အပြင်ထွက်ခါနီးတိုင်း ဘုရားကန်တော့၊ လူကြီးတွေ ကန်တော့ပြီးမှ ထွက်ကြရတယ်။

သီတင်းကျွတ်ဆိုရင် လပြည့်နေ့မှာ တအိမ်လုံးဥပုသ်စောင့်ကြရတယ်။ လပြည့်ကျော်၁ရက်နေ့ကြမှ မုံ့တွေ၊ သစ်သီးတွေကို ဗန်းတွေထဲထည့်ပြီး အင်္ကျိလှလှပပလေးတွေဝတ်လို့ လူကြီးမိဖတွေကို လိုက်ကန်တော့ကြရတယ်။ ပြီးရင် တန်ခိုးကြီး ဘုရားတွေကို သွားရောက်ဖူးမြှော် ဆီမီးပူဇော်ကြတယ်။ အဲသာကတော့ ကိုယ်တို့မိသားစုရဲ့ သီတင်းကျွတ်တေးသံပဲ။

စင်ကာပူကို ထွက်မလာခင် နောက်ဆုံးနှစ်က ယောက်ယောက်နဲ့ ရည်းစားဖြစ်ပြီး ၂လလောက်အကြာ သီတင်းကျွတ်လကိုရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ်လပြည့်နေ့နဲ့ သူ့မွေးနေ့က အဲဒီနှစ်မှာ တိုက်ဆိုင်နေတယ်။ သိတဲ့အတိုင်း မန်းလေးသီတင်းကျွတ်ဆိုတာကလည်းအရမ်းကိုစည်တာ။ အဲဒီနေ့က သူနဲ့ နှစ်ယောက် ဆိုင်ကယ်လေးနဲ့ မန်းလေးက သွားလို့ရနိုင်သမျှ နေရာစုံ ဘုရားသွားဖူးပြီး ဘုရားဝင်းတွေမှာ ဆီမီးပူဇော်ကြတယ်။

တိမ်ကင်းစင်တဲ့ မီးခိုးပြာရောင်ရင့်ရင့် မိုးကောင်းကင်ကြီးပေါ်က ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးက ပြုံးပြီးငုံ့ကြည့်နေသလို...လောကကြီးက အေးချမ်းသာယာလို့။ ဘုရားရိပ် တရားရိပ်ကလည်း ငြိမ်းအေးချမ်းမြေ့လို့...။ ရင်ထဲမှာ အတိုင်းမသိ ကြည်နူးရတာ ခုပြန်တွေးမိလိုက်တိုင်းပဲ။ ဘုရားရှိခိုးဆုတောင်းပြီး ဖယောင်းတိုင်မီးလေးတွေကို ဘုရားရင်ပြင်တော်မှာ ပတ်ပတ်လည် မီးပူဇော်ကြရတာ.. အရမ်းကိုပျော်စရာကောင်းပါတယ်။ တွေးမိတိုင်းလည်း လွမ်းဆွတ်သတိရမိတယ်။

အဲဒီနှစ်က ယောက်ယောက်ကို ပုဆိုး၊ ဖိနပ်တို့နဲ့ ကန်တော့တယ်။ သူက မထင်မှတ်ဘဲ ကန်တော့ခံရလို့ အံ့တွေသြပြီးရှက်နေသေး.. ဆုကလည်းမပေးတတ်တော့... ဘာလုပ်ရမယ်မှန်းမသိ ခေါင်းတွေကုပ်ပြီး... ပြုံးပြုံးပြုံးပြုံးနဲ့.. ကျေးဇူးဘဲတဲ့။ နောက်တော့ သူ့အိမ်ကလူကြီးတွေကြိုက်တတ်တဲ့ စားစရာမုံ့တွေဝယ်ပေးလိုက်ပြီး ကိုယ်စားကန်တော့ခိုင်းလိုက်သေးတယ်။

တကယ်က မြန်မာပြည် သီတင်းကျွတ်ကိုပြန်ချင်တာ အရမ်းပဲ။ တချို့က မြန်မာနှစ်သစ်ကူး သင်္ကြန်ဆိုရင် မြန်မာပြည်ပြန်ချင်ကြတယ်လို့ပြောတယ်။ ကိုယ်ကတော့ နှစ်သစ်ကူးသင်္ကြန်ထက် မြန်မာပြည်သီတင်းကျွတ်၊ တန်ဆောင်တိုင်တွေကို ပိုလွမ်းတယ်။

တွေးလိုက်တိုင်း နောက်နှစ်သီတင်းကျွတ်တော့ ပြန်ဖြစ်အောင် ပြန်မယ်..ပြန်ဖြစ်အောင် ပြန်မယ် လို့ ရည်ရွည်ရင်းနဲ့ပဲ သီတင်းတွေလည်းကျွတ်ပေါင်းများခဲ့ပြီ။ ကိုယ်လည်း မြန်မာပြည် သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဝေးခဲ့တာ ၁၂နှစ်တိုင်ခဲ့ပါပြီ။

******************

9 comments:

  1. ရသစုံ ပေးနိုင်တဲ့ ပိုစ့်လေးတခုပါ...

    အစပိုင်းကို ဖတ်လိုက်တော့ သူ့ရဲ့ ပုံကို မြင်ယောင်ပြီး ရယ်မိတယ်... (တလွဲ..)

    အလယ်လောက်ကျတော့ မြန်မာ့ဓလေ့လေးကို ဖတ်ရတော့ လွမ်းရင်း ကြည်နူးမိတယ်...

    အဆုံးသတ်မှာတော့ သီတင်းတွေလည်း ကျွတ်ပေါင်းများခဲ့ပြီ လို့ အတူတူခံစားမိရင်း ဝမ်းနည်းသွားပါတယ်... ဝေးနေခဲ့တာ ကြာပြီပဲနော်...

    ReplyDelete
  2. အစ်မ သယ်ချင်းအကြောင်း အစ်မ အသိဆုံးပဲလေ.. အိတ်လိုတလွဲ...အဟီး...
း-)

    ReplyDelete
  3. သီတင်းကျွတ်လမွေးတဲ့သူတွေ.. သောကြာနေ့ မွေးတဲ့သူတွေ.. သဘောကောင်းကြောင်း ပြောရတာလည်း အပ်ကြောင်းတွေတောင် ထပ်ကုန်ပြီလားမသိး)

    ReplyDelete
  4. ဟုတ်တယ်မမရေ၊ လွမ်းစရာကြီးနော်။ ဒီမှာတော့ ခြောက်ကပ်ကပ် ကြီးနဲ့ mood မလာပါဘူး။

    ReplyDelete
  5. ဟိုတခေါက် စလုံးရောက်တော့ စုချစ်ညီမလေးက စုချစ်ကို ညအိပ်ယာဝင်ခါနီး ကန်တော့တာ တွေ့ရတယ်၊ ကြည်နူးမိသလို အံ့လဲ အံ့သြမိတယ်၊ ဒီလိုခေတ်ကြီးထဲမှာ မိရိုးဖလာကို ထိန်းသိမ်းထားလို့ပေါ့၊

    ReplyDelete
  6. ကြည်နူးစရာကောင်းလိုက်တာ မစုရယ်။
    ကြီးစဉ်ငယ်လိုက် ကန်တော့ကြတာရယ်၊ ဘုရားမီးနဲ့ တအိမ်လုံး မီးထွန်းကြတာရယ် ... ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ။ ဒီမှာတော့ မီးထွန်းလို့ မရဘူး။ ဖိုင်းယားအလမ်း ထမြည်မှာစိုးလို့လေ။
    သီတင်းကျွတ်တေးသံလေးကလည်း လွမ်းမောစရာ ... ။
    ဥပုသ်စောင့်ဖြစ်တဲ့အတွက်လည်း (သာဓု) ၃ ကြိမ် ခေါ်လိုက်ပါတယ်။

    ReplyDelete
  7. happy to read that write bac the new post.....

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ဗန်းမော်သားမို့ဗန်းမော်ဆရာတော်အကြောင်းနဲ့..ခံစားတတ်သူမို့ သီတင်းကျွတ်ည...အကြောင်းလေးရုံးမှာ အားတုန်းခိုးဖတ်ခဲ့ပါတယ်...
    ချစ်သူမရှိတဲ့ကျွန်တော် အစ်မတို့လိုအမှတ်တရမွေးနေ့ဆိုတာဆင်းရဲခဲ့ရပါတယ်......

    ဗန်းမော်သား..
    ဖန်နေ၀န်း

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။